ကိုဗစ်ဟာ နောက်ဆိုရင် ရာသီတုတ်ကွေး ဖြစ်သွားမှာ ဆိုတဲ့စကားဟာ သွေးထွက်အောင် မှန်ပါတယ်။ ရန်ကုန်မှာ ခုထက်ထိ ဖြစ်နေကြတုန်းပဲတဲ့။ နိုင်ငံခြားကလူတွေလည်း ကိုယ့်ဘာသာ စစ်ထားတဲ့ နှစ်ကြောင်းပေါ်ကလေးတွေ ဓါတ်ပုံရိုက်ပြီး တင်နေတာ တွေ့ရပါတယ်။ ကိုယ်တို့ဝန်ကြီးဌာနမှာ အဂတိနဲ့ တိုင်လို့တောင် ပြုတ်မသွားဘူး ဆိုတဲ့ ဗိုလ်ကတော် ညွှန်ချုပ်မမကြီးလည်း အပေါင်းအပါများနှင့်တကွ p တော်မူလေတယ် လို့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။ ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး ကိုယ်တို့ရလိုက်တဲ့ immunity က အာကာသဝတ်စုံလို PPE အပြည့်အစုံ ဝတ်ဆင်ကုသတာ တစ်ခုပဲ ဖြေလျှော့သွားခဲ့ပြီး လူနာမှာဖြစ်ပေါ်လာတဲ့ ရောဂါရဲ့သဘောသဘာဝကတော့ ပြောင်းလဲမသွားပါဘူး။ စင်္ကာပူမှာဆို mask တောင် တပ်စရာ မလိုတော့ဘူး လို့ ပြောကြတာပဲ။
ကိုဗစ် နဲ့ ရာသီတုတ်ကွေး ရဲ့ ခြားနားချက်ကတော့ အောက်ဆီဂျင် ကျတတ်တယ်။ သွေးကြောပိတ်တတ်တယ်။ သေတတ်တယ်။ အဲ့ဒါတွေတော့ မပြောင်းလဲဘူး။ အခုနောက်ပိုင်း ကိုဗစ်တွေရဲ့ ထူးခြားချက်က အစပိုင်းတုန်းကလို အရပ်တပါးက ဝင်ရောက်လာတာ မဟုတ်တော့ပဲ ကိုယ့်ချင်းကိုယ့်ချင်းထဲက ထထဖြစ်သလို ဇစ်မြစ်ကို ရှာရခက်လာပါတယ်။ မျိုးဗီဇကွဲတွေကလည်း တစ်မျိုးပြီးတစ်မျိုး ဆန်းလာတာ ဆိုတော့ အခုဖြစ်နေတာ ဘယ်ဗီဇနဲ့အကောင်မှန်း မသိနိုင်တော့ပါဘူး။ (ကိုယ့်ဆီမှာလည်း အဲ့ဒါတွေ စစ်မရဘူးလေ။) ကူးစက်တာမြန်တယ်။ ဝေဒနာပြင်းထန်တယ်။ အဆုတ်ကို ထိခိုက်တယ်။ ဒီအချက် ၃ ချက်နဲ့ ကိုက်ညီရင် ကိုဗစ်အမှတ်နဲ့သာ သတိထားကုသရမယ် ဆိုတဲ့သဘော ဖြစ်လာပါတယ်။ ငှက်ဖျား ကို clinical malaria ခေါင်းစဉ်တပ် ကုသလိုပဲ clinically COVID လို့ မှန်းဆကုနေရတဲ့ အဖြစ်ရောက်လာပြီ။ အထူးသဖြင့်တော့ ကိုယ်တို့လို တောကြိုအုံကြား အရပ်ဒေသတွေမှာပေါ့။
ကိုယ့်ဆီရောက်လာတဲ့ လူနာအမေကြီးကလည်း အဲ့ဒီအမျိုးအစားထဲကပါပဲ။ စစ်ပွဲကာလကြီးထဲ ရောက်လာတော့ outbreak များ ဖြစ်ရင် ဒုက္ခပါပဲ ဆို ဘုရားတ နေရာက လူနာရော၊ လူနာလာပို့တဲ့ ဆွေမျိုးတွေရော အကုန် နှာခေါင်းနှိုက်လိုက်တာ ပိုးမတွေ့ လို့ အရမ်းကို ဝမ်းသာသွားခဲ့တာ။ ဒါပေသိ လူနာကြည့်ရတာတော့ ကိုဗစ် မှ ကိုဗစ်ပါပဲ။ သမားတော်နဲ့ တိုင်ပင်ကြည့်တော့လည်း ကိုဗစ်ကုသလိုပဲ ကုခိုင်းတယ်။ လူနာကလည်း အဲ့ဒီကုထုံးနဲ့ သက်သာလာတယ်။ တစ်ပါတ်လောက်နေတော့ သောက်ဆေးပြောင်း၊ dexamethasone တွေ မျှင်းဖြတ်ပြီး အိမ်ပေးပြန်လိုက်တယ်။ သို့သော်လည်း သောက်နေတဲ့ dexa ကုန်တာနဲ့ အမောပြန်ဖောက်ပြီး အောက်ဆီဂျင်ကျလာတယ်။ ပြန်စကြတာပေါ့လေ။
ဒါပေမယ့် ကိုယ်က လော်ဂျစ်စတစ် လုပ်နေကျဆိုတော့ အရင်တခါ ရှူတာရော၊ အခုတခါ ထပ်ရှူရမှာရော ဆို အောက်ဆီဂျင် မလောက်နိုင်တော့မှန်း သိလို့ အိုးတွေ အကုန် လိုက်စစ်တဲ့အခါ ၇ လုံးက အလွတ်ဖြစ်နေပြီ။ ဒါတောင် တစ်မိုးစာ ကြိုစုထားပေလို့။ “ရွာထဲက မဟုတ်လား။ အမျိုးထဲက ယောက်ကျားသား ကြီးကြီးမားမားတွေ ခေါ်ခဲ့ပါ” လို့ မှာလိုက်တယ်။ လူစုံတော့ အိုးတွေကို ပုတ်ပြပြီး “ဒါကြီးတွေကို ဖြည့်တဲ့ဆီပို့ပေးပါ။ ဒီမှာတော့ ဆိုင်ကယ်ရော ကားရော လာမရလို့ ကျွန်တော် ပို့ပေးလို့ မရပါဘူး။ လူနာက ဒါမပါပဲ ရှူမရတဲ့ အခြေအနေပါ” လို့ ရှင်းပြလိုက်တယ်။ သူတို့လည်း ခနတော့ ခေါင်းချင်းရိုက်ပြီး “နွားလှည်းတစ်စီး ငှါးပေးမယ်။ လှည်းနဲ့တိုက်သွား၊ ဟိုမှာ တစ်ညအိပ်စောင့်ပြီး နောက်တစ်နေ့ ဖြည့်ပြီးသား ပြန်သယ်လာ။ အဲ့လို အဆင်ပြေမလား” တဲ့။ ပြေတယ် ပြေတယ်။ ဟိုဘက် ကားလမ်းပေါ်ရောက်ရင် ကားနဲ့လာသယ်၊ ဖြည့်ပြီးပြန်ပို့ပေးမယ့်ဆီကို မိအောင်ချိတ်ရတာပေါ့။ သို့သော်လည်း လှည်းသမားက “တစ်ခေါက်ကို ဆလင်ဒါနှစ်လုံးထက် ပိုမတင်နိုင်ဘူး” တဲ့။ အဲ့လိုတော့ မဖြစ်သေးဘူးဗျ။ လှည်းခ အသွားအပြန် ၆ သောင်းကိုမှ တခေါက် ၂ လုံးပဲ တင်နိုင်ရင် ဟိုဘက်မှာ ဖြည့်ခတွေ ကားခတွေနဲ့ဆို အောက်ဆီဂျင်တစ်အိုး ၅ သောင်းကျော် ပေးရှူနေရမှာပေါ့။ တံပိုးထက် လက်ခကြီးတယ်။ မတန်ဘူး။ ကိုယ့်ဘာသာ ရွာထဲသွားပြီး ကာလသားတွေဆီ လှည်းဆင့်ကြည့်တယ်။ “၄ အိုးသယ်ပေးမယ်။ ဆရာ့အတွက်ဆို တစ်ကြောင်း ၅ သောင်းပဲ ပေး။” ဆိုတော့မှ “ကျုပ် မောင်ကြီးတော့။” ဆို အလုံးကြီး ကျသွားတယ်။ “ဒီလိုဆိုရင် အဖော်ရအောင် လှည်းနှစ်စီးသွား။ လူနာက တစ်စီးဖိုးခံ၊ ဆရာက တစ်စီးဖိုးခံမယ်။” ဆို မျှလိုက်တော့မှ ဘဝင်ကျသွားပါတယ်။ လမ်းမှာ အစစ်အဆေး အမေးအမြန်းရှိရင်တော့ “ရွာမှာ ကိုဗစ်တွေဖြစ်နေလို့ ဒီဟာမပါရင် သေရပါလိမ့်မယ်လို့ ပြော။” ဆို ငိုချင်းကလေးပါ သင်လွှတ်လိုက်ပါတယ်။ သူတို့ရှေ့မှာ နှာလေးချေလိုက်၊ နှပ်လေးညှစ်လိုက်၊ လက်ကလေးဆွဲဆွဲပြီးတော့ ငိုလိုက် လုပ်ပါ လို့။
အောက်ဆီဂျင်တင် အဲ့သလောက် စာဖွဲ့နေရတာ ဆေးတွေဝါးတွေဆို ဘာပြောကောင်းမလဲနော်။ ဒါပေသိ ပြည့်စုံပါတယ်ဗျ။ နဂိုကတည်းက လှူတန်းပေးထားတာတွေ အဆင်သင့် ရှိပါတယ်။ PPE တွေဆို ဂိုထောင်နဲ့အပြည့်။ ခွဲခန်းဝင်မယ့်လူနာရော ခွဲခန်းထဲက တစ်ဖွဲ့လုံးရော ဝတ်ပြီးလွှင့်ပစ်လို့ ရတယ်။ ရှေ့တန်းတောစခန်းပေမယ့်လည်း ပစ္စည်းကိရိယာပိုင်းမှာ လိုလေသေးမရှိ ပြည့်စုံပါတယ်။ လျော့သွားသမျှလည်း မပြတ်အောင် ပြန်ဖြည့်နေတာပါ။ ဒါကြောင့်လည်း လူနာသာ ရောက်အောင်ပို့ကြပါ လို့ လောဘတကြီး တောင်းဆိုနေတာ။
ကိုဗစ်ကတော့ ကိုယ်တို့အတွက် “နောက်ထပ် လာချင်လာပါ။ မထူးဆန်းတော့ပါ။” ဆိုပြီး new normal ထဲ ထည့်လိုက်ပြီ။ အခုတခေါက်လာတာ ဒါနောက်ဆုံး ရယ်လို့ ဘယ်တုန်းကမှ နှုတ်ဆက်မထားလိုက်ဘူး။ လာချင်တဲ့အချိန်လာ။ ကိုယ်တို့မှာ လုပ်စရာရှိတာ လုပ်ရုံပဲ။ ၂၀၁၉ ကတည်းက ကုလာတာ။ ၂၀၂၂ တောင် ရောက်နေပြီ။ ဆာဂျင်ပေမယ့်လည်း COVID Master စာမေးပွဲစစ်မယ်ဆိုရင် ဝင်ဖြေရဲတယ်။ စင်တာတောင် ထောင်လာခဲ့သေးတာ။
သူ့လိုပဲ new normal ဖြစ်လာပြီး နှစ်ရှည်လများ အလုပ်ရှုပ်နိုင်မယ့် ကိစ္စတစ်ခုကိုလည်း ထပ်မြင်မိပါတယ်။ အဲ့ဒါကတော့ ကိုစစ် လို့ ပြောရမလား မသိပါဘူး။ လူအချင်းချင်း သတ်ဖြတ်နှိပ်စက်၍ ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေပါ။ အနာဘေး၊ ဘယာဘေး၊ အငတ်ဘေး။ ဘေးရန် ၃ ပါးစလုံးဟာ မြန်မာပြည်မှာ အနေကြာမယ့် သဘောရှိတယ်ဗျ။ ငါတို့တော်လှန်ရေးကြီးတော့ အဓွန့်ရှည်ဦးတော့မှာပဲ လို့ စိတ်ပျက်မသွားနဲ့ဦးနော်။ တော်လှန်ရေးကြီး ပြီးသွားလည်း ဒီရန်ဘေး ၃ ပါးကတော့ ဆက်ရှိနေဦးမှာ လို့ မြင်ပါတယ်။ ရှိပစေလေ။ အခု ကိုဗစ် လိုပေါ့။ ထွက်ပြေးလို့မှ မရတာ။ ရင်ဆိုင်လိုက်ရုံပဲ။ မတုန်လှုပ်တော့ဘူး။
အခုချိန်မှာ စစ်တပ်က အရပ်သားတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်တယ်။ လူထုက မခံမရပ်နိုင်လို့ ရရာလက်နက် စွဲကိုင်တော်လှန်တယ်။ စစ်တပ်က သူ့ကိုယ်သူကာကွယ်ဖို့ စစ်သားမလုံလောက်တဲ့အခါ မဘသတွေ ဒလန်တွေမွေး၊ လက်နက်တွေပေးပြီး လူထုကို ပြန်သတ်ခိုင်းတယ်။ ဒီအခါမှာ လူထုထဲမှာ ဒလန်ရှင်းပွဲတွေ ထပ်သတ်ကြပြန်တယ်။ စီးပွါးပျက်ကပ်ကြောင့် အငတ်ဘေး ကြုံရတဲ့အခါ လူထုထဲမှာလည်း လုယက်သတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေ တိုးပွါးလာတယ်။ သို့သော်လည်း ရဲ နဲ့ တရားရေးက ရာဇဝတ်မှုတွေကို လှစ်လျူရှုပြီး စစ်တပ်ကဖမ်းခိုင်းတဲ့သူတွေကို ဖမ်းဖို့ ထောင်ချဖို့ပဲ လုပ်တော့တယ်။ သူတို့ကိုယ်တိုင်က လုယက်သတ်ဖြတ်တဲ့ အလုပ်ကိုလည်း အခွင့်အရေးပေးရင် ပေးသလို လုပ်ကြတယ်။ ဒီအခါမှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ကိုယ့်လက်နက်နဲ့ ကိုယ်တိုင်ကာကွယ်မှပဲ ရတော့မယ်။ ရှေ့အလားအလာမှာ စစ်တပ်က ပြိုဆင်းလာလေလေ၊ တရားဥပဒေမစိုးမိုးပဲ လက်နက်နဲ့သတ်ဖြတ်ဖြေရှင်းရမယ့်ကိစ္စတွေ တိုးပွါးလာလေလေ။ လူထုကြားထဲမှာ ပြန့်နှံ့လာတဲ့ လက်နက်တွေနဲ့ အပြန်အလှန် သတ်ကြဖြတ်ကြ နဲ့ တောတွင်းဥပဒေက အသက်ဝင်လာလေ ဖြစ်မှာပဲ။ “တဒိုင်းဒိုင်း ကောင်းဘွိုင်လိုပဲ။ သေနတ်နဲ့ပစ်မယ် ချစ်သူရေ။” ဆိုတာမျိုး ဖြစ်လာမယ်။ “ဒိုင်းနမိုက်။ ရည်းစားလေးထားတဲ့အရသာ ဒိုင်းနမိုက်။” ဆိုပြီး လက်နက်တွေနဲ့ ယဉ်ပါးလာမယ်။ ဒါလည်း ကိုယ်တို့အတွက် new normal မဟုတ်ဘူးလား။ တစ်သက်လုံး မြို့ပေါ်မှာ ရောဂါလေးတွေ ခွဲလာတဲ့ ကိုယ်တောင်မှပဲ အခုဆို အတိုနဲ့မှန်ရင် ဘယ်လို။ အရှည်နဲ့မှန်ရင် ဘယ်လို။ လက်ထဲမှာ မိုင်းကွဲတော့ ဘယ်လိုပုံစံ။ ခြေထောက်နဲ့ နင်းတဲ့အခါ ဘယ်လိုမျိုးလေး။ လက်နက်ကြီးစင်တော့ ဘယ်ဥစ္စာတွေ ထိတတ်သလဲ။ တော်တော်လေး တီးမိခေါက်မိ ရှိလာပြီဗျ။
စစ်တပ်ဟာ သူ့ကိုယ်သူတောင် မကာကွယ်နိုင်လို့ လူမိုက်တွေ လက်နက်ပေးပြီး တပ်တွင်းပုန်း လုပ်နေရတဲ့ကာလမှာ အရင်တုန်းက လက်နက်မဲ့မို့ အံကြိတ်ပြီး ငုံ့ခံခဲ့ရတဲ့ ပြည်သူလူထုရဲ့ ဒေါသရန်ငြိုးတွေဟာ သူတို့လက်ထဲကို လက်နက်ရောက်လာတာနဲ့ တပြိုင်နက် စစ်တပ်ရဲ့လက်ကိုင်တုတ်တွေကို အရင်ဆုံး ခုတ်ချတော့မှာ။ စစ်တပ်က သောင်းချီသတ်တာတောင် ငုတ်တုတ်ထိုင်ကြည့်နေတဲ့ နိုင်ငံတကာဆိုတဲ့လူတွေကလည်း စစ်တပ်ကို သတ်ခါမှ “မလုပ်ပါနဲ့။” လာဆွဲစရာ အကြောင်း မရှိဘူး။ စစ်တပ်ကလည်း သူ့ပြန်မသတ်ခင် သူ့ရှေ့မှာ ဒလန်တွေကို လူသားဒိုင်းကာ လုပ်ထားပြီးသား။ အဲ့ဒါကြောင့်မို့လို့ လက်ရှိဖြစ်သမျှ ပျက်သမျှတွေကို သိပ်ပြီး အံ့ဩတုန်လှုပ် မနေပါနဲ့တော့။ ကိုဗစ်လိုပဲ new normal ဖြစ်နေအောင်သာ အကျင့်လုပ်ပြီး အသင့်ပြင်ထား လို့ ပြောချင်တာ။ လာဦးမှာ။ နောက်ထပ်။ ဒီချိန်ကျမှ စောင်ရူးထပြီး စောင်တပ်နဲ့ပလူးတဲ့ အကောင်တွေ ကောင်မတွေ အရင်ဆုံး ဆော်ခံထိလိမ့်မယ်။ အထူအပါးလေး နားလည်ရင် ဝေးဝေးနေ။
နောက်ပြန်လှည့်လို့ မရသလို ထွက်ပေါက်ရှာပြီး လစ်ပြေးမယ့်သူလည်း မဟုတ်တာမို့ ကိုဗစ်ပဲဖြစ်ဖြစ်၊ ကိုစစ်ပဲဖြစ်ဖြစ်၊ လာချင်တာလာ။ ကိုယ့်ဘက်မှာတော့ လိုအပ်တာမှန်သမျှ ပြင်ဆင်စုဆောင်းပြီး အကောင်းဆုံး ရင်ဆိုင်သွားဖို့ အသင့်ပါပဲ။ ဆေးခန်းမှာ အလုပ်လာကူချင်တဲ့သူတွေကိုတော့ မိုးကုန်လို့ လမ်းပြန်ပွင့်တဲ့အချိန်၊ လူနာတွေများပြီး မနိုင်မနင်း ဖြစ်တဲ့အချိန်ကျရင် နေရာထိုင်ခင်း တိုးချဲ့စီစဉ်ပြီး ခေါ်ပါ့မယ်။ အခုလောလောဆယ်က ကိုယ်တွေတောင် အထိုင်မချပဲ ကူးသန်းနေတာမို့ပါ။ အခုပြောနေတဲ့ new normal တွေဟာ ကိုယ်တစ်ယောက်တည်း ကြုံရမှာ မဟုတ်ပါဘူး။ ဘယ်သူမှ မလွတ်တမ်း ကြုံရမှာပါ။ စစ်တပ်ဘက်ကလူတွေလည်း လူ သန်း ၄၀ ရဲ့အမုန်းကို နေ့စဉ်ရင်ဆိုင်ရမယ့် ကိစ္စတွေ ရှိလိမ့်မယ်။ ဆယ်သန်းလောက်က သူတို့ ပယောဂ နဲ့ သေကုန်မှာကိုး။ မသေတောင် နိုင်ငံခြားထွက်ကုန်မှာ။ ဘောမတွေ ဒလန်တွေလည်း လစ်တာနဲ့ အသတ်ခံရမယ့် new normal ။ Non C ဆရာဝန်တွေလည်း casualties တွေ ပိုကုရဦးမှာပါပဲ။ ဆယ်ဇင်းမှာ ကိုယ့်ဆီပို့လို့မရတဲ့ ခြေထောက်ဒဏ်ရာနဲ့ အမျိုးသမီးတောင် မြစ်ကြီးနားဆေးရုံရောက်သွားပြီး ခြေထောက်နှစ်ဘက်စလုံး ဒူးအထက်က ဖြတ်လိုက်ရသတဲ့။ မလွတ်ပါဘူး။ စစ်ဆေးရုံတွေမှာလည်း ဒီအတိုင်းပဲ နေမှာပေါ့။ အဲ့ဒီ new normal တွေကို အထာကျကျ ရင်ဆိုင်ကျော်ဘွှားနိုင်သူတွေသာ အထိအခိုက် အဆုံးအရှုံး နည်းနည်းနဲ့ ရှင်သန်ကျန်ရစ်နိုင်မှာ မဟုတ်ပါလား။