ဒီကလူတွေ အ တာကလည်း တော်တော်ကို အ တယ် လို့ ပြောရပါမယ်။ ဆယ်ဇင်းမှာ စစ်ဖြစ်လို့ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတာပဲ တစ်လပြည့်တော့မယ်။ ဘယ်သူနဲ့ ဘယ်သူ ဘာဖြစ်လို့ စစ်ဖြစ်ကြတယ် ဆိုတာလည်း သိပုံမရ။ သွားလမ်းလာလမ်းတွေ မမေးမမြန်းနဲ့ တောတိုးတဲ့သူက ရှိသေး။ “မသွားရဘူး။ မိုင်းတွေရှိတယ်။” လို့ KIA က အတန်တန် ပြောပြီးသားပါ။ သို့သော်လည်း ဖြစ်လာပြီဆို ကြားနေကျစကားပဲ သူတို့ပြောတယ်။ “နို့ သိမှ သိပဲကိုး။” တဲ့။ အရင်တခါလည်း ဆင်နဲ့ဝင်လို့ ၃ ယောက်။ အခုတခါတော့ တစ်ယောက်တည်း လမ်းလျှောက်ဝင်တာ။ သနားလည်းသနားပါတယ်။ သူ့ခမျာ ပို့မယ့်လူမရှိလို့ လမ်းလျှောက်လာတာ တစ်ရက် ကြာတယ်။ ထုံးစံအတိုင်းပေါ့။ ခြေရောလက်ရော၊ ဝမ်းဗိုက်ရောမို့ မေ့ဆေးတွေ ထုံဆေးတွေ မျိုးစုံကြိုးခုန်ရပြန်တယ်။ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးကြတာပေါ့။ ကိုယ်ကမပြီးခင် လူနာပြန်နိုးလာရင် “အချိန်အကြာကြီး ခွဲမထားနဲ့ အချစ်ရေ။” ဆို သီချင်းတွေ အော်ဆိုနေလိမ့်မယ်။
အရင်ရက်က မဖြတ်ရက်လို့ စောင့်ကြည့်နေတံ့ ဆီးချိုခြေထောက်ကလည်း အထက်ပိုင်းကို ပုပ်လိုက်လာတယ်။ မဖြတ်လို့ မရတော့ဘူး။ ပြဿနာက လူနာစောင့်ဖို့လိုက်လာတဲ့ သူ့ယောက်ကျားအဖိုးကြီးကပါ ဆီးချိုတွေ လိုက်တက်ပြီး စက်ကတောင် ဖတ်မရဘူး။ ဒုကူလ နဲ့ ပါရိကာ ခမျာ ပြုစုစောင့်ရှောက်မယ့်လူကမပါ။ ခြေထောက်ကလည်း ဒူးအထက် တက်ဖြတ်ရတယ်။ နှစ်ယောက်လုံးက အင်ဆူလင်တွေ ထိုးနေရပြီ။ ဒီကပြန်တာနဲ့ ရှမ်းဆေး ပြန်သောက်မယ့်သူတွေပါလေ။ ကိုယ်ကလည်း ဘဝတသက်တာ ဆေးပဒေသာပင်ကြီးမှ စိုက်မပေးနိုင်ပဲကိုး။
ဆေးတွေပြတ်ပါပြီဆိုမှ။ ချန်ဂင်ကလေးရဲ့ စေတနာကို သိကြားမင်းကြီးက သီလ လာစမ်းသလား အောင့်မေ့ရ။ မိုးလင်းတာနဲ့ မိန်းမတစ်ယောက် ငုတ်တုတ်လာစောင့်နေတယ်။ သူ့အမေ ရင်ကြပ်နေလို့ အာဖျန်းဆေးလေး လာတောင်းတာတဲ့။ “အမေက ဘယ်မတုန်း။”ဆိုတော့ “နမ့်နှစ် မှာ။ အသက်ကြီးပြီ။ လိုက်မလာနိုင်ဘူး။” တဲ့။ လူနာတောင် မကြည့်ရပဲ ဒီက ဆေး ဘယ်လိုလုပ်ပေးမလဲ။ ဆေးရောင်းနေတဲ့ ကွမ်းယာဆိုင်လည်း မဟုတ်။ “အသက် ၈၀ ကျော် အဖွားကြီးက ဒီ ဘယ်လိုလုပ် လာနိုင်မတုန်း။” တဲ့။ အဲ့ဒါတော့ မတတ်နိုင်ဘူးလေ။ ပေးဖို့လိုသလား မလိုသလား။ လူနာတောင် မမြင်ရပဲ ပေးလိုက်ရင် ဒီအထိအောင် လာကုနေတဲ့ လူနာတွေအတွက် ပေးစရာ မရှိတော့ ဘယ့်နှယ်လုပ်မလဲ။ တနေ့တနေ့ ဒီလို လူကြုံနဲ့ ဆေးတောင်းတဲ့သူတွေ ပြတ်တယ်ကိုမရှိ။ ဘတ်စကားပေါ်မှာ ဆေးရောင်းတဲ့သူတောင် လက်ဝါးပြမှ လျက်ဆားရတယ်။ ဆေးလိုချင် လာပြလှည့်။ ဖင်လှန်ပြရင် ဂျင်တန်ရမယ်။ စေတနာဆရာဝန်ပေမယ့် ပါးစပ်ထဲမှာ သေနတ်ပါတယ်။ သိလား။
ဒီလဟာ စစ်ပွဲဖြစ်တဲ့လမို့လို့ အထိုင်မချပဲ ဆုတ်ခွါရန်အသင့် အနေအထားနဲ့ ခွဲခန်းကလေးပဲ မှေးကုတာတောင်မှ ဆေးရုံတက်လူနာ၊ ခွဲလူနာ အရေအတွက်က လျော့မသွားပဲ တက်လာပါတယ်။ war injuries ချည့်ပဲ ၇ ယောက်လာတယ်။ လူနာ ၂၃ ယောက် ခွဲခန်းဝင်ဖြစ်တယ်။ “ထားခဲ့လိုက်တော့။ ရှောင်လိုက်တော့။” လို့ အတန်တန် သတိပေးတဲ့ကြားထဲက ခေါင်းမာမာနဲ့ ဆက်ကုတာ အဲ့သလောက် အလုပ်ပြီးသွားတယ်။ မဆိုးပါဘူး။ တန်ပါတယ်။ တကယ်ဆို ဆယ်ဇင်းကို စစ်တပ်ဝင်လာတဲ့ ၁၉ ဇူလိုင်ကတည်းက ဒီကနေ လစ်သင့်တယ် မဟုတ်လား။
စစ်ကောင်စီကတော့ ဆယ်ဇင်းရွာထဲမှာ တပ်စခန်းအထိုင်ချမယ့်ပုံပါပဲ။ ရဲစခန်းဘေးမှာ မီးမလောင်ပဲကျန်ခဲ့တဲ့ တိုက်အိမ်အကြီးကြီးတွေကိုပါ ဘူဒိုဇာနဲ့ဖြိုချပြီး ကွင်းပြောင်ပြောင်ဖြစ်အောင် ရှင်းနေတယ်။ ခုချိန်ထိအောင် KIA က ပြန်လာမတိုက်တော့ တခါတည်း အပြီး တပ်စွဲထားလိုက်တော့မှာပေါ့။ အေးလေ။ ကိုယ်တို့လည်း ဒီအတိုင်းပဲ စဉ်းစားရတော့မှာပဲ။ စစ်ပွဲတွေ ဒီဘက်ကို မလာတော့ဘူး ဆိုရင် သိမ်းထားတဲ့ ဆေးတွေ ဆေးပစ္စည်းတွေ ပြန်ထုတ်ရဦးမယ်။ ပိုးကိုက်ခြကိုက်နဲ့ အလေအလွင့် အပျက်အစီး ခံလို့ မဖြစ်ဘူး။ လူနာတွေက စစ်ပွဲကြီးတန်းလန်းနဲ့တောင် လာတုန်းခွဲတုန်း ဆိုတော့ မထူးတော့ဘူးလေ။ ဒီခေတ်ကြီးမှာ ဆရာတော်ဘုရားရော ဗယာကြော်ကယ်လားရော နောင်ခါလာ နောင်ခါဈေး ဖြစ်နေမှပဲဟာ။
ဒီလကုန်လို့ နောက်လဆန်းရင် မိုးလေကင်းလွတ်လို့ လမ်းတွေပြန်ပွင့်ပြီ။ လူနာတွေ ပိုများလာဖို့ပဲ ရှိတယ်။ အခုတောင် ဆေးလာတောင်းတဲ့သူတွေကို လူနာမပါ ဆေးမပေးဘူး ငြင်းထားရတာ။ လမ်းပွင့်ရင် အဲ့ဒီလူနာတွေ ရောက်လာတော့မယ်။ နောက် ၂ လအတွင်းမှာ စစ်ကောင်စီပြုတ်ကျသွားဖို့ မသေချာပေမယ့်လည်း ဒီကောင်တွေ မသေမချင်း အခုထက်တိုးပြီး ယုတ်မာရိုင်းစိုင်းဖို့ကတော့ သေချာသလောက်ရှိတယိ။ ကိုယ့်ဘက်က လုပ်စရာရှိတဲ့အလုပ်တွေကို အချိန်ဆွဲထားလို့ မဖြစ်ဘူး။
စစ်ပွဲတွေဖြစ်၊ လမ်းတွေပိတ်၊ လောင်စာဆီကပြတ်၊ အလုပ်တွေအားလုံးရပ်သွားရတော့မယ့် အခြေအနေပေမယ့်လည်း လူနာတွေကတော့ ဒီပဲလာစရာရှိတာဆိုတော့ ဖြစ်တဲ့နည်းနဲ့ ရုန်းကန်ရပါတယ်။ အောက်ဆီဂျင် ဆလင်ဒါတွေ ကုန်တော့မယ်။ ကိုဗစ်သံသယလူနာတွေ၊ သက်ကြီးပန်းနာ လူမမာတွေက အောက်ဆီဂျင် ဖြုတ်လို့ မရဘူး ဖြစ်နေတယ်။ လူနာဆွေမျိုးတွေ အကုန်ခေါ်ပြီး ဆလင်ဒါအလွတ်တွေ ပြလိုက်တာပေါ့။ ဒါကုန်ရင် ပေးစရာ မရှိတော့ဘူး။ ဒါကြီးက ဆိုင်ကယ်နဲ့လည်း တင်မရ။ ကားကလည်း ဘာကားမှ မလာတော့ဘူး။ ဒါမရှိရင် ကျွန်တော်တို့ လူနာကို မီးပြောင်းနဲ့ ဝိုင်းမှုတ်နေရမယ် လို့ ပြော လိုက်မှ မနက်ဖြန်ကျ နွားလှည်းနဲ့တင်ပြီး သွားဖြည့်ပေးပါ့မယ်တဲ့။ ဒါတောင် အသွားတစ်ရက် အပြန်တစ်ရက်၊ ၂ ရက်ကြာမှာနော်။ မကုန်ခင်လေး ပြောလိုက်မိပေလို့။
ဆယ်ဇင်းစစ်ရှောင်စခန်းတွေနဲ့ ပါတ်သက်လို့ ပြေးပြေးချင်း ညကတည်းက ပြေးနေတဲ့သူတွေနဲ့ ဆက်သွယ်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ အလှူငွေတော်တော်များများ ရှာပေးခဲ့ပြီး သူတို့ဆီကိုပဲ တခါတည်း တန်းလွှဲခိုင်းလိုက်တယ်။ အဆင့်တွေများရင် လွှဲခပွန်းတာကြောင့်ရော၊ တဆင့်ဆင့်မှာ ပိတ်ပစ်လိုက်မှာစိုးတာကြောင့်ရောပါ။ ငွေလွှဲ အဝင်အထွက်တွေကို သူတို့ပဲ စောင့်ကြည့်နေတာမှလား။ ရလာတဲ့အလှူငွေတွေကိုလည်း လက်ထဲမှာ ပူအောင်ကိုင်မထားပါဘူး။ နေ့စဉ်နဲ့အမျှ တန်ဖိုးကျနေမှန်း သိလို့။ အဲ့ဒါတောင်မှပဲ နောက်က လိုက်ဖမ်းနေသေးတာဗျား။ စကတည်းက ဝဋ်တွေ ငရဲတွေ ယုံကြည်မှဖြင့် ဒီချိန်ကြီး စစ်သားဖြစ်နေစရာ အကြောင်းကိုမရှိဘူး။ ဆိုးတာကတော့ သူများလှူတဲ့ပိုက်ဆံတောင် လိုက်သိမ်းလိုက်ဖမ်းလုပ်နေတဲ့ စစ်တပ်လက်ထဲကနေ UNHCR က ကယ်ဆယ်ထောက်ပံ့ရေးတွေ လုပ်ချင်ပါတယ် ဆိုတော့ အဲ့ဒီလူတွေ ထမင်းမစားပဲ ဂျုံစားနေလို့ နားမလည်တာလား။ ဦးကျော်မိုးထွန်းကို လက်ခံထားပြီးမှ သက်သက်ခိုင် နဲ့ လက်မှတ်ထိုးရတယ်လို့ပဲ။ ဒါကြောင့်လည်း ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဘယ်နေရာမှ သုံးစားမရသော အဖွဲ့အစည်းကြီး ဖြစ်နေတာ။
စစ်ရှောင်စခန်းတွေဆိုတာ တသက်လုံးထိုင်နေပြီး အလှူငွေ စောင့်စားလို့မှ မရတာ။ တိုက်ပွဲတွေ မရှိတော့ဘူး ဆိုရင် နေရပ်ကို ပြန်ပို့ဖို့ လုပ်ရပါတယ်။ ဆယ်ဇင်းပတ်ပတ်လည် မျှောကျင်းတွေထဲက ပြေးလာတဲ့ သူတွေကတော့ ကိုယ့်မျှောကိုယ်ပြန်ပြီး အလုပ်လုပ်ချင်ကြပြီပေါ့။ သို့သော် မျှောမောင်းဖို့ နေနေသာသာ အိမ်ပြန်ဖို့တောင် ဆီဝယ်မရပါဘူး။ တစ်ဗူး ၅၀၀၀ များလှပြီထင်နေတာ။ ဒီနေ့ တစ်ဂါလံ ၂၅၀၀၀ ကို နမ့်မွန်းကလှမ်းမှာမှ ရပါမယ်တဲ့။ “ဝယ်သူရောက်မှ ဈေးတက်သွားရင် ဒီဈေးနဲ့ မရဘူးနော်။” လို့ ကြိုပြောထားသေးတာ။ မျှောတစ်ရက်မောင်းရင် ဒီဇယ်တစ်ပီပါ ကုန်တယ်ဆိုတဲ့ မျှောပိုင်တွေ ဘာထိုင်လုပ်ကြမတုန်း။ မလုပ်ပဲ ထိုင်စားရင်တောင် မီးမလောင်ခင်က စားဆီ ၅ ပိဿာတစ်ပုံး ၉၅၀၀၀။ အခု မီးလောင်အပြီးမှာ ၁ သိန်းခွဲ။ မပူမပင် အထုပ်အထည်လေး ထုခွဲစားသောက်နေဦးတော့ ဓါးပြကောင်တွေ လိုက်လာရင် ကုန်မှာ။ ဘာမှကို လုပ်လို့မရတဲ့ ကာလပါ။
ဒီကာလတွေမှာ အလကားကုတဲ့ ဆေးရုံကလေးကို ရပ်မသွားအောင် ထိန်းထားနိုင်တာကိုက ကိုယ်တို့ရဲ့အောင်ပွဲပဲ။ မနေ့ကလည်း ခွဲတယ်။ ဒီနေ့လည်း ခွဲတယ်။ မနက်ဖြန်လည်း ခွဲစရာလူနာ ရှိတယ်။ တော်ရောပေါ့။ အများကြီး မစဉ်းစားပါဘူး။ ဆာဂျင်ပီပီ pre-op ၊ post-op ၊ intra-op ဆို တော်ရောပေါ့။ အဲ့ဒီထဲမှာ ကိုယ်လုပ်ပေးလို့ရတာ လုပ်ပေးလိုက်တယ်။ ဆေးရုံကဆင်းရင် မေ့လိုက်တယ်။ အသစ်တွေ ထပ်မှတ်ရဦးမှာမို့။ နောက်ထပ်ရောက်လာမယ့် လူနာတွေအတွက် အဆင်သင့်ပြင်ထားရဦးမယ်လေ။ ကိုယ် service ပေးနိုင်တဲ့ coverage area ကို ကျယ်နိုင်သမျှ ကျယ်အောင် ချဲ့ယူမယ်။ စစ်မြေပြင်မှာ ရှိတဲ့ combat medics တွေနဲ့ network ချိတ်ပြီး အလုပ်လုပ်နိုင်ဖို့ ကြိုးစားရမယ်။ ကိုယ့်ဆေးခန်းကလေးဆီ အလှူငွေထောက်ပံ့ပေးမယ့်သူထက် လူနာရောက်အောင် ပို့ပေးမယ့်သူကိုပဲ မျှော်နေပါတယ်။ ခုလောက်ဆို တော်တော်များများလည်း သိကြပြီ မဟုတ်လား။ အရေးဆို တွေးမနေနဲ့။ ပြေးသာလာခဲ့လိုက်။ တတ်သမျှမှတ်သမျှတော့ အကုန်လုပ်ပေးမှာပဲ။ ပြင်ဆင်ထားတယ်။ ကြိုးစားထားတယ်။ ခရီးဆုံးမရောက်သေးဘူးလား လို့ တွေဝေငေးမောနေစရာ အကြောင်း မရှိပါဘူး။ ပိုးအိမ်ကလေးထဲမှာ အိပ်နေတဲ့ ဘောက်ဖတ်အဆင့်မှ မဟုတ်တော့တာ။ အတောင်ပံလှလှပပခတ်မယ့် သံမဏိလိပ်ပြာတစ်ကောင် ဖြစ်လာပြီပဲဟာ။ ဟိုဘက်ကမ္ဘာခြမ်းမှာ မုန်တိုင်းတွေ ထန်လာစေရမှာပေါ့။ ဟိုမှာကြည့်။ ယုန်လေးတောင် ခွက်ဆွဲနေရပြီ။ အဘတို့လည်း တောင်းစားရတော့မှာ။ မကြာတော့ဘူး။ သိလား။