ဘဝ ဟာ အမြဲတမ်းတော့ ပဋာမြေလူး ဇာတ် က နေရတာ မဟုတ်ပါဘူး။ မုန်တိုင်းကြားမှာလည်း လေပြေ ရှိပါတယ်။ ၁၉/၇ မှာ တစ်ခါ၊ ၈/၈ မှာတစ်ခါ၊ ကမ္ဘာပျက်ပြီးတဲ့ ဆယ်ဇင်းရွာဟာ အခုတော့လည်း လူသူစွန့်ခွါပြီး သူခိုးဓါးပြတို့ ဖောက်ထွင်း ယူငင်ရာ အရပ် ဖြစ်ခဲ့ပါပြီ။ ရွာသားတွေက စစ်ရှောင်စခန်းတွေမှာ ရောက်နေကြပြီကိုး။ အများပြည်သူက ဝိုင်းဝန်းပံ့ပိုးကြတာကြောင့် ယာယီအားဖြင့် စားဝတ်နေရေးတော့ အဆင်ပြေနေကြပါတယ်။ ကိုယ်လည်းပဲ တတပ်တအား ကူနေပါရဲ့။ ကိုဗစ်စင်တာမှာ ဗော်လံတီယာလုပ်တဲ့ ကလေးတွေဆီလည်း မုန့်ဖိုးလှမ်းပို့ပေးလိုက်တယ်။ သူတို့လည်း ကိုယ့်ဆွေမျိုးသားချင်း နီးစပ်ရာမှာ တကွဲတပြားစီ ဖြစ်ကုန်ကြပြီ။ မသေမပျောက် မိသားစု စုံစုံလင်လင် ရှိနေရင်ပဲ ကြံဖန် ဝမ်းသာနေရတဲ့ အဖြစ်။
ဆယ်ဇင်းမှာ ရက်တွေကြာလာရင် ဒီကောင်တွေ ရေတောင်သောက်စရာ မရှိလောက်ဘူး။ အိမ်တွေဖောက်ပြီး အဖိုးတန်ပစ္စည်းတွေ ခိုးလည်း ဘယ်သူကမှ ဝယ်မယ့်လူ မရှိဘူး။ အဲ့လို ထင်တာ မှားသွားတယ်။ ဒီကောင်တွေမှာ ဂယ်ပေါက် ရှိနေတာပဲ။ ဝင်တုန်းကလည်း အဲ့ဒီဂယ်ပေါက်ကနေပဲ ဝင်လာတာ။ ဆယ်ဇင်းရွာ ဆိုတာ ဥရုချောင်းနံဘေး၊ စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ် နယ်နိမိတ်မျဉ်းကလေး အပေါ်မှာ ရှိတာပါ။ နမ့်ပုတ်ချောင်းကလေးပဲခြားတယ်။ ဟိုဘက်သည်ဘက် ရွာချင်းဆက်နေတော့ စစ်ကိုင်းဘက်မှာ ဟုမ္မလင်းမြို့နယ် လက်အောက်က ရွှေပြည်မြင့် ရဲစခန်းလေး ရှိပြီး ဆယ်ဇင်းရွာထဲမှာ ဖားကန့်မြို့နယ်အောက်က ဆယ်ဇင်းရဲစခန်း ရှိပါတယ်။ ရွာတစ်ရွာတည်း ရဲစခန်း နှစ်ခု ရှိသလိုဖြစ်ပြီး တစ်ခုနဲ့တစ်ခု ဆယ်မိနစ်လောက် လမ်းလျှောက်ရင် ရောက်တယ်။ ရှမ်းနီ နဲ့ စကစတပ်တွေဟာ ဟုမ္မလင်းဘက်ကနေ ရွှေပြည်မြင့်တံတားကို ဖြတ်ပြီး လာခဲ့သလို အခုလည်း လာရာလမ်းအတိုင်း အသာလေးလှည့်ပြန်နေကြပြီ။ ရှမ်းနီတွေက ပစ္စည်းတွေသယ်ပြီး လစ်ကုန်ပြီ။ အဲ့ဒီဘက်မှာ ရွှေပြည်မြင့် ပြီးရင် မန်စိမ်း၊ သံယောဇဉ်၊ ရွှေတွင်းလမ်းဆုံ၊ ပန်ချယ်၊ ပါဟုတ်ကြီး ရွာစဉ်တွေ ရှိတယ်။ စစ်မီးမခဘူး။ ရှမ်းနီရွာတွေ။ စစ်တပ်ကတော့ ဘုရားငါးဆူဘက်မှာ သူတို့စခန်းတစ်ခု အထိုင်ထားပြီး အပစ်အခတ် ရပ်ကြဖို့ စကားစခေါ်နေပါပြီ။ ဒါဆိုရင်တော့ အဲ့ဒီစောင်ရူးတွေကို ဒီဘက်က မေဘေးတွေက တိုက်ထုတ်ကြဖို့ အချိန်ရောက်ပြီ ထင်ပါရဲ့။ တိုက်တာ မတိုက်တာတော့ သူတို့သဘောပေါ့နော။
အခုလို တိုက်ပွဲတွေ ဖြစ်တော့မှပဲ ကိုယ်တို့ငယ်ငယ်က သင်ခဲ့ရတဲ့ ပထဝီမြေပုံကြီးက ဘယ်လောက် အသုံးဝင်မှန်း သိတော့တယ်။ ဧရာဝတီမြစ်ထဲကို ချင်းတွင်းမြစ်ကြီး စီးဝင်တာက ပခုက္ကူအထက်၊ မြင်းခြံအောက်နားလေးလောက်မှာ။ အဲ့ဒီ ချင်းတွင်းမြစ်ကမ်းတလျှောက်မှာ အကြီးဆုံးမြို့က မုံရွာမြို့ပဲ။ စစ်ကိုင်းမှာ သွားသွား နန်းတည်လို့သာ စစ်ကိုင်းတိုင်း အခေါ်ခံရတာ။ တကယ်တမ်းကျ စစ်ကိုင်းဆိုတာ မုံရွာလောက် မကြီးဘူး။ မုံရွာကနေ ချင်းတွင်းမြစ်အတိုင်း ဆန်တက်ရင် နောက်ထပ် ကြီးကြီးမားမားမြို့က ဟုမ္မလင်း၊ သူ့ထက် မြစ်ဖျားမှာ ထမံသီ၊ ခန္တီး။ ဒါပဲ ရှိတော့တယ်။ မြေပြင်ကသာ အကျယ်ကြီးရယ်။ တော်တော်များများက တောကြီးမျက်မည်း အရပ်တွေ။ ဟုမ္မလင်းမှာ ချင်းတွင်းမြစ်ထဲကို ဥရုချောင်းက စီးဝင်တယ်။ အခုတော့ ဥရုမြစ် လို့ ပြောင်းခေါ်ကြပြီ။ ဥရုချောင်းရဲ့ အဖျားဆီမှာ ရှိတာ ဖားကန့်မြို့ပါ။
အဲ့ဒီစစ်ကိုင်းတိုင်းထဲမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ထိုင်ထားပါတယ်။ အာဏာသိမ်းပြီး ၂ နှစ်မပြည့်ခင်မှာ တိုင်းမှူးအထက်က စစ်ဆင်ရေးအထူးအဖွဲ့မှူး နှစ်ဆက် ပြုတ်ထွက်သွားခဲ့တာ ဘယ်သူတွေကို နိုင်အောင်မတိုက်နိုင်လို့လဲဆိုတော့ လက်ထဲမှာ တူးမီးသေနတ်အစုတ်တောင် မရှိတဲ့ ဓါးမတိုတစ်ချောင်း နဲ့ အညာသားတွေကို ရှုံးလို့ပါ။ အသက်လုပြီးပြေးရတာ ဖိနပ်တောင် မပါဘူး ဆိုတာထက် ဆိုးတယ်။ ခေါင်းပေါ်က ဦးထုပ်တောင် သယ်မသွားနိုင်ဘူး။ အဲ့ဒါကြောင့်လည်း ရှုံးမည်းမည်း ရှက်ရမ်းရမ်းပြီး ရွာကုန်အောင် မီးတိုက်ပစ်တာ။
စစ်ကိုင်းမှာ ရှုံးရတာဟာ ကချင်တွေက စစ်ကိုင်းတိုင်းထဲအထိ ဝင်တိုက်ပေးနေတာကြောင့်ပဲ လို့ သဘောပေါက်တဲ့ စကစဟာ ကချင်ပြည်နယ်ရဲ့ နယ်စပ်မျဉ်းတလျှောက် မြို့တွေ ရွာတွေ စခန်းတွေကို ဖိအားသုံး ချေမှုန်းတိုက်ခိုက်နေရာက ကချင်ပြည်နယ်ထဲက သယံဇာတ ဝင်ငွေ အများဆုံးရတဲ့ နယ်မြေတွေကို ဝင်ပြီး လုယက်သိမ်းဆည်း လိုပုံပါ။ လုပ်ချင်နေတာတော့ ကြာပြီပေါ့။ လုပ်နိုင်မလုပ်နိုင် ချင့်ချိန်နေရင်းက လုပ်နိုင်လောက်တဲ့ အားကိုးတစ်ခု ရပြီ ဆိုပြီး ထလုပ်တာ။ အခုတော့ ရွာထဲက ခိုးဝှက်လုယက် ဓါးပြတိုက်လို့ ရသမျှနဲ့ စစ်စားရိတ်ကျေပြီ အမှတ်နဲ့ ပျော်နေကြတာ။ မသာစားရိတ် ဖြစ်တော့မှာမှန်း မသိဘူး။
ဆယ်ဇင်းဟာ ဟုမ္မလင်းနယ်စပ်မှာ ရှိတယ် ဆိုပေမယ့် ဟုမ္မလင်းကနေ ဆယ်ဇင်းကို ရောက်အောင်လာရင် တစ်နေ့နဲ့တစ်ည ကြာပါတယ်။ ဒါတောင် ရေလမ်းပွင့်တဲ့အချိန်မှ သွားနိုင်တာ။ ကားလမ်း မရှိပါဘူး။ တောလမ်းကလည်း တောအရမ်းနက်ပါတယ်။ ရေလမ်းအတိုင်းလာရင် နမ့်တောတို့ ရေပေါ်မီးတို့မှာ စစ်ကောင်စီ ဂိတ်စခန်းတွေ ရှိပါတယ်။ တောလမ်းက လာရင်လည်း အဲ့ဒီဘက်မှာ ဟုမ္မလင်း PDF တွေ ရှိတယ်။ စကစဟာ SNA တွေနဲ့အတူ အဲ့ဒီဘက်က ဝင်လာပြီး အခု အဲ့ဒီဘက်ကို ပြန်ဆုတ်မယ့် သဘောပေါ့။ ပန်ချယ်မှာ တပ်စခန်းဟောင်းတစ်ခုရှိပြီး ရေပေါ်မီး၊ သဲစလောက် အဝင်မှာ စစ်တပ်ဂိတ်တစ်ခု ရှိတယ်။ အဲ့ဒီဘက်ကို သွားမယ့် ပုံရှိတယ်။ မန်စိမ်းကနေ နမ့်နှစ်၊ ကုန်းမနဘက်ကို ထွက်ပြီး အင်းတော်ကြီးဘက် ထွက်ပေါက်ရှာပေမယ့် မရခဲ့ဘူး။ မိုင်းနင်းလို့ ဆင်သေတာ အဲ့ဒီဘက်မှာလေ။ တာမခန်၊ ဟောင်ပါးဘက်ကနေ ဖားကန့်အထိ ဆက်မတက်ရဲတော့ဘူး ထင်ပါရဲ့။
စစ်တိုက်စရာ စစ်သားအလုံအလောက် မရှိတဲ့ စကစဟာ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ရပ်တည်စရာ လက်နက် နဲ့ ပိုက်ဆံ အလုံအလောက် မရှိတဲ့ SNA နဲ့ အပေးအယူ လုပ်ကြတဲ့ ပွဲပေါ့။ “အဆီအနှစ် ကို နောင်တော်ယူပါ။ မြို့ချည့်အခွံ ကျွနုပ်အား ပေးသနားပါ။” ဆိုတဲ့ အပေးအယူမျိုး။ မင်းအောင်လှိုင်ဟာ မြန်မာစစ်တပ်ရဲ့ ကာချုပ်ဖြစ်နေပေမယ့် သူ့အဆင့်အတန်းဟာ ဗိုလ်ချုပ်ဂွမ်မော်တို့ ထွန်းမြတ်နိုင်တို့လို အဆင့်နဲ့တောင် တန်းတူစကားပြောဖို့ ယုံကြည်လောက်တဲ့ အဆင့်အတန်း မရှိပါဘူး။ ခွန်ဆာရဲ့တပည့်၊ သံချောင်းရဲ့တပည့်တွေနဲ့ သူခိုးဓါးပြလုပ်ဖို့ လူဆိုးတွေနဲ့ မောင်တိုင်ပင်နေရတာ။
စိတ်နေစိတ်ထား နဲ့ အမူအကျင့်အရဆိုရင်တော့ သူ့မှာ စစ်သားတစ်ယောက်ရဲ့ ဖြစ်တည်ခွင့်၊ ယောက်ကျားတစ်ယောက်ရဲ့ ဖြစ်တည်ခွင့်နဲ့တောင် ထိုက်တန်တဲ့ ဂုဏ်သရေ မရှိတော့ပါဘူး။ သူ့လွတ်လမ်းအတွက် အမြဲ ဓါးစာခံရှာပြီး အကာအကွယ် ယူနေကျ။ ပြေတီဦး နဲ့ ဣန္ဒြာကျော်ဇင် လာအဖမ်းခံဖို့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ခေါ်ယူဖမ်းဆီးပြီး အကြပ်ကိုင်ခဲ့တယ်။ SSPP က သူနဲ့ လာတွေ့ဖို့ သဉ္ဇာဝင့်ကျော် ကို ဖမ်းပြီး အကြပ်ကိုင်ရတယ်။ အင်္ဂလန်က သူ့သားသမီး စီးပွါးရေးကို ပိတ်ဆို့တော့ ဗစ်ကီဘိုမန်တို့ လင်မယား ကို ဖမ်းပြန်တယ်။ ICC / ICJ သွားရင်တော့ တို့မေကြီးကို နားထင် သေနတ်နဲ့ထောက်ပြီး ခေါ်သွားဦးမလား မသိပါဘူး။
သူ့လိုအဆင့်အတန်းမျိုးနဲ့ သူ့အောက်က အသိဉာဏ်မဲ့ နောက်လိုက်စစ်ခွေးတွေနဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ လက်ရည်တူ ယှဉ်တိုက်နိုင်စရာ အကြောင်း မရှိတော့ဘူး။ အခုတောင် ပျူတွေ စမုန်တုံးလို့ ရဲတွေကို ချော့ခေါ်ပြီး ရှေ့တန်းလွှတ်နေရပြီ။ ဘာတဲ့။ နေအိမ်၊ မြေကွက်၊ ရာထူးတက် တဲ့။ ဟေး ဟေး။ မသေပဲ ပြန်ရောက်လာရင်ပေါ့နော။ ရဲဆိုတာ ချဲတောင် ထိုးတဲ့အစား မှတ်သလား။ ချဲဒိုင်ဆီက တန်းဝိုက်တာ။ မရေရာတာတွေ မက်လုံးပေးမနေနဲ့။ သေနတ်နဲ့ချိန်ပြီး ရှေ့တန်းလွှတ်ရင်တောင် အကုန် CDM ဖြစ်ကုန်မယ့်ကောင်တွေ။
ဒီတစ်ခါ စောင့်ကြည့်ရမယ့်သူတွေကတော့ စစ်ကောင်စီဘက်ကို မဟုတ်တော့ပါဘူး။ SNA တွေကလည်း လိုချင်တာတွေ ရသလောက်ယူပြီး ဆုတ်နေပြီ။ မင်းအောင်လှိုင်ဘက်ကကောင်တွေကလည်း အပစ်အခတ် ရပ်စဲရေး စကားစလာပြီး “ဒီက ကမ်းလိုက်တဲ့ တို့လက်ကို မင်း စုပ်ချင်စုပ်၊ မှုတ်ချင်မှုတ်။” သဘောထားတောင်းခံနေပြီ။ အရင်လိုပဲ ရဲစခန်းကြီး ဘေးပတ်လည်မှာ အိမ်အသစ် ဆိုင်အသစ်တွေ ပြန်ဆောက်ပြီး ဘာမှမဖြစ်သလို နေနိုင်ပါ့မလား။ အိမ်ရှေ့က မီးလောင်သွားတဲ့ ကာရာအိုကေဆိုင်ကြီးကရော တစ်လုံးတွေ နှစ်လုံးတွေကို အရင်လို ဧည့်ခံနိုင်ပါဦးမလား။ ကြည့်ကြသေးတာပေါ့နော့။ ကဲ ဒီတခေါက် စောင့်မျှော်ကြည့်ရှုရမှာကတော့ ၃ လုံးပဲ ဖြစ်ပါတယ် ခင်ဗျား။ ပရိတ်သတ်ကြီးရေ။ မီးလေး ခဏမှိတ်ပေးစရာ မလိုဘူးဗျ။ ဆီဈေးကြီးလို့ မီးစက်နှိုးမထားဘူး။ ဒီတစ်ခါ ပြန်လာရင်တော့ အောင်ပွဲသတင်းတွေ ရေးရတော့မယ် ထင်ပါရဲ့လေ။