ချန်ဂင်တို့စခန်း (၇၈)

ကမ္ဘာ့သမိုင်းမှာ စစ်ဘုရင် စစ်မင်း စစ်ကဲတွေ ဦးစီးတဲ့ စစ်တပ်ကြီးတွေ အများအပြား ရှိခဲ့ပါလိမ့်မယ်။ မဟာအလက်ဇန္ဒါးရဲ့စစ်တပ်ကြီး၊ ဂျူးလီးယက်ဆီဇာ ရဲ့ စစ်တပ်ကြီး၊ အာသောကမင်းကြီးရဲ့ စစ်တပ်ကြီး၊ ချင်းရှီဝမ်တီရဲ့ စစ်တပ်ကြီး၊ နောက်ပိတ်ဆုံး ဂျာမဏီ၊ အီတလီ၊ ဂျပန်တို့ရဲ့ စစ်တပ်ကြီးတွေအထိ ဖတ်ဖူးကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့်လည်း မင်းအောင်လှိုင်ရဲ့ ဒီကနေ့ မြန်မာ့တပ်မတော် ဆိုတာကြီးလောက် ကောက်ကျစ်စုတ်ပဲ့၊အောက်တန်းကျ၊ လိမ်လည်လှည့်ဖျားတတ်သော သူခိုးဓါးပြ စစ်တပ်ကြီးမျိုးကတော့ ဘယ်တုန်းကမှ ဘယ်မှာမှ အလားတူ မရှိခဲ့ဖူးပါဘူး။ သူတို့ပြောတဲ့ ရာဇဝင်မှာ စာတင်ထားအပ်သောတို့ ၊ သမိုင်းမော်ကွန်းထိုးအပ်သောတို့၊ ဆိုတာ ဒီပုံဒီနည်းမျိုး ဖြစ်နေတာပေါ့နော်။

ကိုယ့်အချင်းချင်း လူမဆန်အောင် သတ်လွန်းဖြတ်လွန်းလို့ သူများတကာက တော်ပါတော့၊ ရပ်ပါတော့၊ မလုပ်ပါနဲ့တော့၊ အကြိမ်ကြိမ် ဖြောင်းဖျ ပြောဆိုတာတောင် “ဘယ်ကဟုတ်ရမှာလဲ။ ငါတို့က ငါတို့စောင့်ရှောက်တဲ့ ပြည်သူကို ဒါမျိုးလုပ်ပါ့မလား။ စဉ်းစဉ်းစားစား ပြောပါဦး။” လို့ ဗြောင်ငြင်းလွှတ်ပြီး PDF တွေရှို့ပါတယ် လို့ သူခိုးကလူဟစ်တယ်။ တချိန်တည်းမှာပဲ ဆယ်ဇင်းရွာပြင်မှာ ခြံဝင်းနဲ့ထားလို့ မီးထဲပါမသွားတဲ့ warehouse တွေ ဆီခြံတွေကို “အခု မီးရှို့လိုက်ရမလား။ ပိုက်ဆံချက်ချင်း လာပေးမလား။” လို့ ပိုင်ရှင်သူဌေးတွေဆီ ခြိမ်းခြောက် ငွေညှစ်နေတာလည်း စစ်တပ်နဲ့ ရှမ်းနီတွေပါပဲ။ အသံသွင်းယူထားပြီး ဘီဘီစီ ဗီအိုအေဆီပို့ရင်တောင် အဲ့ဒါ သူတို့ပြောတာ မဟုတ်ပါဘူး လို့ ဗြောင်ငြင်းဦးမှာဆိုတော့ မထူးတော့ပါဘူး။ ဘယ်သူ့မှ တိုင် မနေနဲ့။ ဟာမူရာဘီကိုဓ နဲ့ ကိုယ့်ဘာသာ လက်တုန့်ပြန်ကြတာပေါ့။ ဒါကြီးတွေမှ လောင်အောင်ရှို့နိုင်ရင် မီးသတ်မယ့်သူလည်း မရှိပဲနဲ့။ ပြေးစမ်း။ နင်တို့။ ဒီလူတွေက တရားဥပဒေ အဆုံးအမနဲ့တောင် မလုံလောက်တော့ဘူး။ ဘဝဆက်တိုင်း သတ်ပစ်ရမယ့်သူတွေ။

သူတို့ကြောင့် အိုးအိမ်စည်းစိမ် ဆုံးရှုံးထွက်ပြေးလာခဲ့ရတဲ့ စစ်​ဘေးဒုက္ခသည်တွေကို ကူညီကယ်တင်တာတောင်မှပဲ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တားဆီးနေတဲ့ စိတ်ရင်းစေတနာတွေကလည်း မြင်မကောင်း ကြားမကောင်းလောက်အောင်ကို သိသာထင်ရှားနေပါတယ်။ နေ့စဉ် ရသမျှ အလှူငွေတွေကို ကိုယ့်ဘက်က ဘယ်လိုလုပ်ပြီး လူကိုယ်တိုင် လက်ခံ၊ ကိုယ်ထိလက်ရောက် သွားပေး လုပ်နိုင်မှာလဲ။ ကယ်ဆယ်ရေးစခန်းတိုင်းမှာ ကိုယ်တိုင်ဝင်ရောက် လုပ်ကိုင်နေတဲ့ စီမံခန့်ခွဲရေးကော်မီတီတွေ ရှိတယ်။ အဲ့ဒီလူတွေ လက်ထဲ ငွေသားနဲ့ရောက်အောင် ငွေလွှဲဝန်ဆောင်မှုတွေကတဆင့်ပဲ သွားနိုင်ပါတယ်။ အဲ့ဒီ ဝန်ဆောင်မှုလုပ်ငန်းတွေကို သူတို့က ထစ်ပလိုက် ရစ်ပလိုက်တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆင်မပြေတော့ဘူးပေါ့။ အင်တာနက်လိုင်းတွေကလည်း မရတော့ သူတို့ရော ကိုယ်ရော အလွန် ဒုက္ခရောက်ပါတယ်။ တနေကုန် လိုင်းမိရာမှာ ငုတ်တုတ်ကလေးထိုင်ပြီး စာဖတ်စာပြန် ဖုန်းဆက် ငွေပို့လုပ်နေရတာ ကြယ်ခေါင်မှာ ယွမ် နဲ့ ကျပ် လဲပေးတဲ့ တရုတ်မကြီးတွေ ကျနေတာပဲ။

ဒီကြားထဲ ဆေးရုံမှာလည်း ပျားတုပ်ပြန်သေးတယ်။ တပါတ်လောက် နေမကောင်းဖြစ်နေတဲ့ အမေကြီးတစ်ယောက်က ခု မနက်မှာ ဖျားပြီးတော့ အောက်ဆီဂျင်တွေကျလာတယ်။ မောလည်းမောနေတယ်။ တိုင်းကြည့်တော့ ၈၀% ကျော်လေးပဲ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်ကို ထိပ်ဆုံးကတင်ပြီး စဉ်းစားရတော့မယ်။ စမ်းသပ်စစ်ဆေးတွေ့ရှိသမျှကို သမားတော်ဆီပို့ပြီး တိုင်ပင် တော့လည်း ကိုဗစ်အဖြစ် ယူဆပြီးတော့ပဲ ကုရမယ်တဲ့။ until proved otherwise ပေါ့။ ဆွေအစုံမျိုးအစုံ ထော်လာဂျီကြီးနဲ့ တင်ပြီးရောက်လာတာ။ အကုန် နှာခေါင်းနှိုက်ရတော့တာပေါ့။ တော်ပါသေးရဲ့။ မဟုတ်လို့။ ဟုတ်များဟုတ်လို့ကတော့ မိုးကြိုးပစ်ပါပြီ။ တူတာတော့ အမှန်ပဲ။ အကာအကွယ် ယူတာကလွဲလို့ ကိုဗစ်ကုသလိုပဲ ကုနေလိုက်တယ်။

ဟို ထူးဆန်းသော စစ်သားကလေးကတော့ တဖြေးဖြေး သက်သာလာပြီ။ စကားလေးဘာလေး ပြန်ပြောလာပြီ။ ကိုယ့်အတွက်လည်း အတွေ့အကြုံသစ်တစ်ခု တိုးတယ်။ ဒါမျိုးဟာ စစ်သားတွေအတွက် မထူးဆန်းပါဘူးတဲ့။ တိုက်ပွဲကြားမှာ၊ စစ်မြေပြင်မှာ၊ တင်းကြပ်တဲ့ စစ်သင်တန်းကာလမှာ စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားတဲ့ အခြေအနေပါတဲ့။ malingering လို့ ခေါ်ပါသတဲ့။ အိမ်ပြန်ချင်နေတဲ့၊ စော်ပစ်သွားတဲ့၊ မိဘအိမ်ချိတ်ပိတ်ခံရတဲ့ ကိုယ့်ကလေးတွေ အဲ့သလို ဖြစ်မသွားတာ ခိုင်မာတဲ့ ယုံကြည်ချက်ကြောင့်ရယ်၊ ပြည်သူအချင်းချင်း မေတ္တာနဲ့ ဖေးမကြလို့ရယ်၊ ဖြစ်မယ် ထင်ပါတယ်။

ဒီနေ့အတွက် တိုက်ပွဲအခြေအနေကတော့ ဒီဘက်ပိုင်းမှာ အေးနေပြီး နဘား-ကသာ၊ မော်လူး၊ မော်ဟန် ဘက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်လို့ ကားလမ်းတွေပါ ပိတ်ထားရပါတယ်။ အောက်ဘက်ကနေ ကချင်ပြည်နယ်ကို တက်လာတဲ့လမ်းဖြစ်တယ်ဆိုတာ မြေပုံပေါ်မှာ ကြည့်ရင် သိနိုင်ပါတယ်။ အဝင်လမ်းကြောင်းကို ဒီဘက်က ပိတ်ဆို့ဖြတ်တောက်ဖို့ တိုက်တဲ့ပွဲတွေပေါ့။ မကြာခဏလည်း ဖြစ်နေကျပါ။ လက်နက်ကိုင်အချင်းချင်းဆိုတော့ အရပ်သားရွာတွေ မီးရှို့သတ်ဖြတ်သလောက်တော့ မလွယ်ဘူးလေ။ ယင်းမာပင်ဘက်က ရွာတွေကိုလုပ်သလို ပုစဉ်းနဲ့လာပြီး air strike လုပ်တဲ့အထိတော့ မကြမ်းရဲသေးဘူး။ ပြန်မပစ်နိုင်မယ့်သူသာ သတ်ရဲတာလေ။ ကိုယ့်ဆီကိုလည်း သူတို့ ဒီလိုမျိုးမလာဘူး လို့တော့ ဘယ်ပြောနိုင်မလဲ။ လာရင်လည်းလာပေါ့။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုရင် မခံရဲတာလည်း ဘာမှ မရှိစေနဲ့။ ဟုတ်ပလား။

ရွှေမြေ ပြီးရင် ကျောက်စိမ်းမြေဘက်ကို ခြေဦးလှည့်မယ်ဆိုတာ ကချင်တွေဘက်က မသိပဲမနေပါဘူး။ ဘူဒိုဇာနဲ့ထိုးပြီး မြေသယ်ကားကြီးတွေနဲ့ တိုက်သယ်သွားတဲ့ တရုတ်တွေကို မျက်စောင်းတောင် မထိုးရဲပဲ ကိုယ့်မြန်မာလော်ပန်ကိုမှ ပစ္စည်းယူ လူဖမ်းလုပ်ရဲတဲ့ မြန်မာ့တပ်မတော်ကြီးရဲ့ ဇ ဆိုတာ ပေါက်ဖော်ကြီးတွေက ရယ်ရလွန်းလို့ အူတွေနာနေလောက်ပြီ။ အဲ့ဒါ ယောက်ကျားတဲ့လား။ အဲ့ဒါ စစ်သားတဲ့လား။ မြန်မာပြည်သားတဲ့လား။ ဟုတ်စ။

သူတို့လုပ်ခဲ့သမျှ အကုသိုလ်တွေကို ၈၈ တုန်းကလိုပဲ အစိုးရမီဒီယာတွေက ဝါဒဖြန့်သတင်းတွေနဲ့ ကြောင်ချေးပြာဖုံး ဖုံးနိုင်ရင် အနံ့မထွက်ဘူး လို့ ထင်နေတယ်ပေါ့။ ရှေ့က ဖုံးလို့ မပြီးခင်ကို နောက်က ပေါ်နှင့်ပြီ။ မီဒီယာတွေ သတင်းသမားတွေက စစ်သားတွေထက်အရင် ဆယ်ဇင်းရွာထဲ ရောက်နေနှင့်တာ မသိဘူးလား။ သတင်းသမားတိုင်းကို သထုံတင်ထွန်းတို့ မိုးဟိန်းတို့လို အောက်ဆွဲဘောမ မှတ်နေသလား။ တော်လှန်ရေးလုပ်နေတဲ့သူတိုင်းကရော အဆိုင်လန်လျှောက်ချင်လို့ နေမှာပေါ့ ဆို သားသမီးချင်း စာနာနေတာလား။ နှလုံးသားရင်အုံမှာ အမေစုပုံ တက်တူးထိုးထားတဲ့ကလေးတွေက သူတို့သားသမီးတွေလို ငဆွေးငပွေး ငဆနူတွေလို့ ထင်နေတာလား။ တကယ်တမ်းတော့ ကိုယ်ကိုယ်တိုင်ရော၊ ဆွေမျိုးသားချင်းရော၊ မြန်မာ့တပ်မတော်တစ်ခုလုံးရောကို အသေခံပြီး ဗုံးခွဲသွားတဲ့သူက မင်းအောင်လှိုင် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ သူ့ဇီဝိန်ကျွေသလို အားလုံးလည်း အကြွင်းမကျန် ပျက်သုဉ်းရတော့မှာ။ တော်လှန်သူတွေက သမိုင်းအသစ်ရေးတဲ့အခါ အာဏာရူးတွေ ခွေးဖြစ်ရမှာ ဓမ္မတာပဲ မဟုတ်ဘူးလား။ ဒင်းတို့ လွန်ဆန်လို့ မရနိုင်ပါဘူးလေ။