ဆယ်ဇင်းကို ပထမတစ်ကြိမ် ဝင်သိမ်းကတည်းက ကိုယ်တို့အဖွဲ့ ဆေးရုံမှာ မအိပ်တော့ပါဘူး။ သူတို့တွေ လေယာဉ် နဲ့ ဗုံးလာကျဲလိမ့်မယ် လို့ သိပြီးသားလေ။ စခန်းတွေသိမ်းချင်လည်း အိပ်မောကျမယ့်အချိန် မနက် ၂ နာရီ ၃ နာရီလောက် လာသိမ်းတတ်တယ် ဆိုတာ သိပြီးသား။ ဆယ်ဇင်းကို သူတို့ လာသိမ်းကောင်း သိမ်းနိုင်တယ် လို့ အစတည်းက တွေးမိလို့ ဆေးရုံကို ဆယ်ဇင်းမှာ မဆောက်ပဲ သည်ဘက်မှာ လာဆောက်ထားတာပါ။ အခု ဆယ်ဇင်းကို သိမ်းပြီဆိုရင် ကိုယ်တို့စခန်းက နောက် ခြေတစ်လှမ်းစာမှာပဲရှိတာ ဆိုတော့ ကြိုရှောင်ထားမှ ရမယ်လေ။ သိမ်းစရာရှိတာ အကုန်သိမ်းပြီး အလုပ်လုပ်နိုင်ရုံကလေး နဲ့ လုပ်နေတယ်။ ညရေးညတာတော့ လုံခြုံရာမှာ သွားအိပ်တယ်။ မနက်စောစောကျမှ ပြန်လာတာ။ လူနာသည်းရင်တော့ ဆရာမလေး နဲ့ ကလေး တစ်ယောက် နှစ်ယောက်လောက် ဆေးရုံမှာ စောင့်အိပ်ကြတယ်။ ညဘက်ဆိုရင် လူနာမကြည့်တော့ဘူး။ မနက်ကျမှ ပြန်လာခိုင်းတာ။ ဒါတောင် ဟိုတလောက ယောက်ျားနဲ့စိတ်ဆိုးပြီး ငိုယိုကြွက်တက်နေတဲ့ လူနာက အတင်းလိုက်ပြလို့ ကြည့်ပေးပြီး မနက်ကျမှ ခေါ်ဆေးထိုးပေးရတယ်။ မှောင်နဲ့မည်းမည်းထဲမှာ သွားလိုက်ပြန်လိုက် မလုပ်နိုင်ဘူး။
သို့သော်လည်း မနေ့ညကတော့ အဲ့လိုမျိုး တင်းမခံနိုင်တော့ဘူး။ မိုင်းထိတဲ့ လူနာ သုံးယောက်လာမယ်။ တစ်ယောက်က အခြေအနေ မကောင်းဘူး ဆိုလို့ ကိုယ်တို့အားလုံး ခင်းထားတဲ့ အိပ်ယာတွေ ပြန်သိမ်းပြီး ဆေးရုံက ပြန်စောင့်ကြပါတယ်။ ဖြတ်ဖို့တောက်ဖို့ တူတွေ၊ လွှတွေ၊ ကိရိယာ တန်ဆာပလာတွေကလည်း ပိုးသတ်ရဦးမယ် မဟုတ်လား။ လူနာက ၃ ယောက်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် မိုးလင်းသွားမှာပဲ။ လူနာလာမယ့် အရပ်ကဆိုရင် အလွန်ဆုံးကြာ ၂ နာရီပေါ့။
သို့သော်လည်း မနက်မိုးလင်းတဲ့ထိ လူနာရောက်မလာပါဘူး။ ဒါဆို ကိုယ်ကလည်း သဘောပေါက်တယ်။ အနာသည်းတဲ့တစ်ယောက်တော့ ကြွသွားပြီ။ အသက်နဲ့ဝေးတဲ့ လူနာတော့ မနက်ကျမှ ပို့လိမ့်မယ်။ သူတို့လည်း မှောင်ကြီးမည်းကြီးထဲ သက်စွန့်ဆံဖျား လာမှာ မဟုတ်။ မနက်စာ စောစောစားပြီး စောင့်နေလိုက်တာ အံကိုက်ကလေး ရောက်လာလို့ ခွဲခန်း တန်းဝင်ကြပါတယ်။ တိုက်ပွဲတွေဖြစ်နေဆဲဆဲ တားမြစ်ထားတဲ့နေရာကို ဆင်နဲ့ဝင်သွားမိတာ။ မိုင်းနင်းမိလို့ ဆင်လည်း ပွဲချင်းပြီးသေ၊ အောက်ကလမ်းလျှောက်လိုက်တဲ့ ဆင်ပိုင်ရှင်လည်းသေ၊ သူ့ညီက အခု ဆေးရုံရောက်၊ ဆင်ပေါ်က ဆင်ဦးစီးကတော့ ဘာမှ မဖြစ်ဘူးတဲ့။
လူနာက သေလောက်တဲ့နေရာ မထိဘူးဆိုပေမယ့် တစ်ကိုယ်လုံးမှာ ၆ နေရာ မိုင်းစမှန်ထားတာ။ တစ်ခုပြီးတစ်ခု အကုန်ဖွင့်ရှာပြီး မိုင်းစထုတ်ရပါတယ်။ ခြေတွေလက်တွေမို့ တော်သေးတာပေါ့။ လည်ပင်းမှာ တစ်ချက်ပါတယ်။ သတ္ထုစလေးတွေ တော်တော်နက်နက် ဝင်သွားတာ။ တွေ့တာလည်းတွေ့တယ်။ မတွေ့တာလည်း မတွေ့။ အရိုးတွေဖောက်သွားလို့ ကျိုးကြေကုန်တာလည်း ရှိတယ်။ ဘာဖြစ်လို့ မမေးမမြန်းနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကြားထဲ အတင်းဝင်သွားလဲ မေးတော့ လမ်းမှားသွားတာ လို့ ဖြေတယ်။
စစ်ပွဲဖြစ်ရာဒေသမှာ ကိုယ်မြင်ခဲ့ကြားခဲ့ရသလောက်တော့ နှစ်ဘက်ပဲ ဖြစ်ဖြစ်၊ သုံးဘက်ပဲ ဖြစ်ဖြစ်၊ ဖြစ်ချင်သလောက်ဖြစ်။ အဲ့ဒီ စစ်သားတွေ သေကြေပျက်စီး ဒဏ်ရာရတယ်ဆိုတာ ဒေသခံ အရပ်သားတွေ အိပ်နေသလောက်တောင် မရှိဘူး ဆိုတာပါပဲ။ “ငါ လူသတ်လာတာ ၂၆ ယောက်ရှိပြီ။” ဆိုတဲ့ မင်းအောင်လှိုင် တပ်က စစ်သားလေးတွေရဲ့ ဗီဒီယိုဖိုင် ကြည့်ဖူးတယ် မဟုတ်လား။ လည်လှီးလည်း သတ်ရဲသတဲ့။ ဒါးနဲ့ထိုးလည်း သတ်ရဲသတဲ့။ မီးရှို့ပြီးတော့လည်း သတ်ရဲသတဲ့။ သို့သော် “ကိုယ့်အသား နာမှာတော့ ကြောက်တယ် မောင်။” လို့ ပြောသွားတယ်လေ။ သူတို့ဟာ ဘာမှ ပြန်မလုပ်နိုင်တဲ့ လက်နက်မဲ့ အရပ်သားတွေအပေါ်မှာတော့ ဘာမဆို လုပ်ရဲတယ်။ လက်နက်ကိုင်အချင်းချင်းကျတော့ ခေါင်းထောင်ကြည့်ပြီးတောင် မပစ်ရဲဘူး။ မျက်စိစုံမှိတ် မိုးပေါ်ထောင်ပစ်နေကြတာ ထင်တယ်။ အင်မတန် ပြင်းထန်ပါတယ်ဆိုတဲ့ ဆယ်ဇင်းပတ်လည် တိုက်ပွဲပေါင်းစုံမှာ အရပ်သား ၄-၅၀ သေပေမယ့် KIA + PDF ထဲက အသေအပျောက် မရှိသလောက်ပဲ။ ဒဏ်ရာရတဲ့သူတောင် ၂ ယောက် ၃ ယောက်လောက်ကလွဲရင် ဆရာခို လူးလွှတ်လို့ရတယ်။ တပြည်လုံး ရင်တမမ စိတ်ပူကြတဲ့ တိုက်ပွဲကာလမှာတောင် ကိုယ့်ဆေးရုံက အသေအပျောက်စာရင်းက ဘဲဥမကွဲဘူး။ Zero mortality နဲ့ ထိမ်းထားတာ ၆ လ ရှိပြီ။ မြေဇာပင်တွေသာ ဖွတ်ဖွတ်ညက်ညက် ကျေတာ။ ခတ်ကျွဲတွေက ချွေးတောင် မထွက်။ ဟိုဘက်ရပ်ကွက်မှာတော့ မပြောတတ်ပါဘူးဗျာ။ မိုးညှင်းက ဆေးတပ်ရင်းထဲ လူနာတွေ စည်မစည် ချောင်းကြည့်ကြပါလား။
ဆယ်ဇင်းမီးလောင်တော့ တချို့တွေမှာ အိမ်တစ်အိမ်တည်းတင် သိန်း ၃-၄ သောင်း တန်ဖိုး ပျက်စီးဆုံးရှုံးသွားတာတွေ ရှိတယ်။ ကိုပိုင်တို့ စတိုးဆိုင်လို လူသုံးပစ္စည်း အသင့်အတင့် ရောင်းတဲ့ဆိုင်တွေဆို သိန်း ၄-၅၀၀ ပျော့ပျော့ကလေး ပြောင်သွားတာ။ KIA က ဗိုလ်ကြီးတွေ ပိုက်ဆံ၊ စကစ က ဗိုလ်ကြီးတွေ ပိုက်ဆံ၊ ငါးပြားစေ့တစ်စေ့ ပါသွားတာ မဟုတ်ဘူး။ ခဏတဖြုတ် ရေပြတ်သွားလို့ မံမံတူတူပုန်းသလောက်ပဲ ရှိမယ်။ အခု ရွာသားတွေ အကုန်ဖယ်ပေးလိုက်ပြီ။ ခများတို့ချည့်ပဲ ကျန်တော့တယ်။ “သတ်ကြပါတော့ဗျိုး။” ဆို ပွဲတောင်းနေတာတောင် “ဗေပေါင်ထီးပေါင် ထီး” နဲ့ လက်ပန်းပေါက် ခတ်နေတာ မပြီးတော့ဘူး။ အရပ်သားသတ်ချင်ရင် လေယာဉ်က တနေ့ ၆ ခေါက်လည်း လာတယ်။ အခု အရပ်သားကုန်တော့ လေယာဉ်မလာတာ ၅ ရက် ရှိပြီဗျ။ လက်နက်ကြီးတောင် အရပ်သားတွေ စစ်ပြေးတဲ့ဆီ လိုက်ထုတာ။ ဒီလိုနဲ့ပဲ အရပ်သားတွေ အကုန် PDF ဖြစ်လာဖို့ပဲ ရှိတယ်။
တကယ်တမ်းကျ ဆယ်ဇင်းရွာသားတွေဟာ ရှိသမျှ လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့စလုံးကို တည့်အောင်ပေါင်း၊ ကျေနပ်အောင် ပေးကျွေးလာခဲ့တာပါ။ လုပ်ငန်းလုပ်လို့ အခွန်ဆောင်တယ်ပဲ ပြောချင်ပြောပေါ့။ ဘယ်တပ်က ဗိုလ်ကြီးလာလာ အရက်ဆိုအရက် ကြက်ဆိုကြက်၊ မျက်နှာတစ်ချက် အညှိုးမခံပါဘူး။ ဒါပေမယ့် သူတို့ လက်နက်ကိုင် အချင်းချင်း စစ်ဖြစ်တဲ့အခါကျတော့ ဘယ်သူကမှ အကာအကွယ်မပေးနိုင်ခဲ့ဘူး။ တစ်ရွာလုံး ပြာကျသွားခဲ့တာပဲ မဟုတ်လား။ လက်နက်ကိုင်တပ်က စစ်ဗိုလ်တွေကို ခရိုနီမွေးခံရတဲ့သူတွေလည်း အလားတူပါပဲ။ မောင်ဝိတ် ကို ကြည့်မလား။ ဦးခင်ရွှေကြီး ကို ကြည့်မလား။ ဧဒင်ဦးချစ်ခိုင်ကြီးကို ကြည့်မလား။ ကျားသနားမှ နွားချမ်းသာတယ်ဆိုတာ မြဲမြဲမှတ်ထား လို့ သင်ခန်းစာကောင်းကောင်းပေးထားပါတယ်။
မြန်မာပြည်မှာ လူဖြစ်လာရပြီ ဆိုရင် ကိုယ့်အသက်ကိုလည်း စစ်သားတွေ ပိုင်တယ်။ သေစေချင် ဒိုင်းညှောင့်တစ်ချက်မှာ ဘာအကြောင်းပြချက်မှ ပေးစရာ မလိုဘူး။ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအရှေ့ လူပုံအလယ်မှာ သေနတ်နဲ့ပစ်သတ်ပြီး အဖမ်းအဆီးမရှိ၊ cctv မှတ်တမ်းတွေပါ ဖြတ်တောက်ဖျောက်ဖျက် ပစ်ခဲ့တာလည်း စစ်တပ်နဲ့ သူ့လက်ပါးစေတွေပဲ။ အရွယ်မရောက်သေးတဲ့ သမီးမိန်းကလေးတွေရဲ့ အရှက်ကိုလည်း သူတို့စီရင်နိုင်တယ်။ wisdom hill က cctv hard disc ကို တနိုင်ငံလုံးရှေ့မှာ အရူးကွက်နင်းပြီး အောင်ကြီးကို ထိုးကျွေးပြတာ စစ်တပ် နဲ့ ရဲ ပေါင်းရိုက်တဲ့အကွက်ပါ။
အခု မြင်တယ်နော်။ တနိုင်ငံလုံးရဲ့ ဒေါ်လာတွေကိုလည်း သူတို့ပဲ ပိုင်တယ်။ တနိုင်ငံလုံးရဲ့ လောင်စာဆီတွေလည်း သူတို့ပဲ ပိုင်တယ်။ အငတ်ဘေးကြီး ဆိုက်လာကြည့်။ စားနပ်ရိက္ခာတွေ အားလုံး စစ်တပ်ကပဲ ပိုင်မှာ။ ကိုဗစ်ဖြစ်တုန်းကဆို အောက်ဆီဂျင်အိုးတွေတောင် သူတို့ပဲ ပိုင်တာလေ။ သူတို့နဲ့အတူ နေထိုင်ရှင်သန်ရတဲ့ ဘဝ ကိုမှ ကျွန် လို့ မခေါ်ရင် ဘယ်အရာကို ကျွန် ခေါ်ရမှာတုန်း။ ကိုယ့်တသက်မှာ ကျွန်ဖြစ်ပြီးရင် သားစဉ်မြေးဆက် သဘောက်ဇာတ်ထဲရောက်မှာ။
စစ်တပ်က ပေး ကျွေး မွေးထားလို့ ဟောင်နေ ကိုက်နေရတဲ့ အကြံပေးမကြီးတွေ၊ လော်ဘီအိုကြီးတွေ၊ ဘောမအကောင်တွေ အကောင်မတွေကို ကြည့်လိုက်စမ်းပါဦး။ ဘယ်လောက် ရွံစရာကောင်းတုန်း။ ဦးနှောက်ပါ သင်းသပ်ထားလို့ ချေးကျရာကို ပျော်လို့။ အဲ့သလောက် ကျက်သရေယုတ်ရမှ အနေချောင် အစားချောင်မယ့် ဘဝကို တကယ် လိုချင်တာလား။ တော်လောက်ပါပြီနော်။ ဒီမှာတင်ပဲ ရပ်လိုက်ကြပါစို့။