ချန်ဂင်တို့စခန်း (၇၂)

စစ်ပွဲတွေထဲမှာ နေရပေမယ့် တခါတခါလည်း အဲ့ဒီစစ်ပွဲတွေကို မေ့သွားတဲ့အချိန် ရှိပါတယ်။ လူနာဆီ ဇောကပ်နေရင် ကျန်တဲ့ဆီ အာရုံတွေ မထွေပြားနိုင်ဘူးလေ။ မနေ့က မိုးချုပ်စပြုမှ လူနာလာပြတော့ ဘာဖြစ်လို့ စောစောလာမပြသလဲ မေးတဲ့အခါ သူက မနက်အစောကြီးကတည်းက ထွက်လာတာပဲ။ အခုမှ ရောက်လို့ပါ တဲ့။ ဆယ်ဇင်းဘက် မျှောထဲကနေ စစ်ရှောင်လာတာ။ ဒီကိုမှောင်မှ ရောက်လို့ ဘုန်းကြီးကျောင်းမယ် တစ်ညဝင်အိပ်ရင်း ဆရာဝန် ရှိတယ် ဆိုလို့ ဝင်ပြတာပါတဲ့။

လူနာက ၉ နှစ်သား ကလေးလေးဗျ။ ဗိုက်ထဲမှာ အလုံးကြီးပေါ်လာတာ ၂ နှစ်ရှိပြီတဲ့။ မိုးညှင်းထိ လည်း တက်ပြဖူးတယ်။ မြစ်ကြီးနား ထိလည်း တက်ပြဖူးတယ်။ မန္တလေးသွားမှ ရမယ် ဆိုလို့ ဒီတိုင်းနေရာက စစ်ပြေးရင်း လမ်းကြုံလို့ ဝင်ပြတာ။ လာပစေလေ။ ကိုယ်တို့မှာ သူတို့အခေါ် ဗိုက်ပွတ်စက်ကလေး ရှိသားပဲ။ အဲ့ဒါလေးနဲ့ ပွတ်ကြည့်တော့ ရေအိပ်ကြီးမှန်း သိတာပေါ့။ ဘယ်ကလာမှန်း မသဲကွဲတော့ ဓါတ်ပုံရိုက်ပြီး radiologist ဆီ လှမ်းပို့ လိုက်တယ်။ အသည်းက လာတဲ့ ဥစ္စာ လို့ ထင်ရသတဲ့။ ကလေးဆရာဝန်နဲ့ တိုင်ပင်တော့လည်း သံကောင်ကြောင့် အသည်းမှာ ရေအိပ်တည်တာ ဖြစ်နိုင်တယ် လို့ ဆိုတယ်။ အားလုံးနဲ့ တိုင်ပင်ပြီးမှ ဒီမနက် မေ့ဆေးထုံဆေးလေးနဲ့ ဘေးကနေ ပိုက်ကလေး ထည့်ပေးလိုက်တယ်။ ရေတွေ ၂ လီတာလောက် ထွက်လာတယ်။ အိုး ဆန်းဆန်းပြားပြားပါပဲ။ သံချဆေးကတော့ ကုန်နေလို့ မှာထားတုန်း။ ကလေးမိသားစုကိုတော့ ဒီရွာမှာ တစ်ပါတ်လောက်တော့ ခိုနေဦး လို့ မှာရတယ်။ စောင့်ကြည့်ရဦးမှာမို့။

ဒီဘက်ပိုင်းမှာ ဆရာဝန် အင်မတန် ရှားပါတယ်။ အထူးကုဆရာဝန်ဆို ပိုလို့တောင် ရှားတော့တယ်။ အင်းတော်ကြီး ပတ်ချာလည်ဆို နမ့်မွန်း နဲ့ လုံးတုံ မှာပဲ ဆရာဝန် တစ်ယောက်စီ ရှိတယ်။ ဆယ်ဇင်းမှာ ဆရာဝန် မရှိဘူး။ သားဖွားဆရာမ ထားတာတောင် မရှိတော့ဘူး။ တာမခန်မှာ ဆရာဝန်တစ်ယောက်ပဲ ရှိတယ်။ ဖားကန့်မှာတောင် အရိုးဆရာဝန်တစ်ယောက်၊ ဒီပလိုမာ ကလေးဆရာဝန်တစ်ယောက်၊ ဆေးရုံအုပ်တစ်ယောက်၊ လက်ထောက်ဆရာဝန်တစ်ယောက်။ ဒါပဲ ရှိတယ်။ ခွဲစိတ်ဆရာဝန်ဆိုတာကတော့ ရှာလို့ကို မရနိုင်ပါဘူး။ ဟုမ္မလင်းအထိ ဆင်းမှ ရနိုင်မယ်။ မိုးညှင်းမှာတောင် ဒီပလိုမာ အိုဂျီပဲ ရှိတယ်။ အောက်ဘက်ဆင်းရင် ဗန်းမော် ရွှေဘိုမှာ တစ်ယောက်စီ ရှိတယ်။ ဟိုးအထက် ပူတာအို မှာ တစ်ယောက် ရှိတယ်။ ကချင်ပြည်နယ်တစ်ခုလုံး အထူးကု စုံစုံလင်လင် အလုပ်လုပ်နေတာ မြစ်ကြီးနား နဲ့ လိုင်ဆာမှာပဲ ရှိတော့တယ်။

အခုလို တိုက်ပွဲတွေဖြစ်တဲ့အချိန် ဒီဘက်တကြော လူနာ ဘယ်ကိုမှ ပို့မရတာ မြင်တဲ့အတိုင်းပဲ။ မန်းလေးထိရောက်အောင်ပို့နိုင်ရင်တောင် ဟိုမှာ ဘယ်ကမှ လက်ခံကုပေးလို့မရအောင် ကြပ်ထားတာလည်း သိတဲ့အတိုင်းပဲ။ အခု စစ်ပွဲတွေ ဖြစ်နေပြီ။ အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ် နှိပ်စက်ထားပေမယ့် လမ်းခရီး အခြေအနေအရ ကိုယ့်ဆီတောင် လာလို့မရကြဘူး။ အဲ့ဒါကြောင့် CDM လုပ်နေတဲ့ ဆရာဝန် ဆရာမ ကျန်းမာရေးဝန်ထမ်းတွေဟာ အခုချိန်မှာ NUG ရဲ့ ဆေးတပ်ဖွဲ့မှာ ဝင်ပြီး အားဖြည့်ကြဖို့ အလိုအပ်ဆုံး အချိန်ပါပဲ။ မြောက်ပိုင်းမှာလည်း လိုအပ်တယ်။ တောင်ပိုင်းမှာလည်း လိုအပ်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာတိုင်းမှာ တိုင်းပြည်ရဲ့အနာဂတ်အတွက် အသက်စွန့် တိုက်ပွဲဝင်နေတဲ့ ကလေးတွေ ကူညီကယ်တင်ဖို့ အထူးလိုအပ်နေပါတယ်။ ကိုယ့်အတတ်ပညာ ကိုယ့်လုပ်အားက စိန်ထက်ရွှေထက် တန်ဖိုးဖြတ်လို့ မရတဲ့နေရာဟာ အဲ့ဒီနေရာပဲ ရှိပါတယ်။ ခေတ်ရဲ့ လိုအပ်ချက်၊ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ပြည်သူတွေရဲ့ လိုအပ်ချက် ဖြစ်သလို တော်လှန်ရေးရဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ်။

စစ်တပ်ကကောင်တွေ ဘယ်လောက် ယုတ်မာရက်စက်သလဲ သိတယ် မဟုတ်လား။ အဲ့ဒီကောင်တွေကို ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ကလေးတွေ ဒဏ်ရာ အနာတရရှိရင် ဘယ်သူကမှ ကုပေးမယ့်သူ မရှိဘူး။ ကုလို့မရအောင် တားဆီးပိတ်ပင်ထားတယ်။ ကူညီကြရအောင်ပါ။ ဖေးမကြရအောင်ပါ။ ဆေးကုကြရအောင်ပါ။ သိတယ် မဟုတ်လား။ ငါတို့မှာ ငါတို့ပဲ ရှိတယ်လေ။ ကလေးတွေအတွက် သတ္တိနည်းနည်းလောက် မွေးပြီး ဆေးကုပေးကြပါဦး။ ကမ္ဘာမြေ နှစ်ခြမ်းကွဲခဲ့ပြီ။ စစ်အာဏာရှင် လက်အောက်မှာပဲ သက်ဆုံးတိုင် အရိုးထုတ်တော့ မလို့လား။ ကိုယ့်ကိုယ်ကိုယ်လည်း လွတ်မြောက် အောင် ကယ်တင်ကြပါဦး။

ခများတို့ကသာ အရပ်သားဖြစ်လျက်နဲ့ စစ်ဘိနပ်အောက်က ရုန်းမထွက်နိုင်၊ ရုန်းမထွက်ရဲ ဖြစ်နေတာ။ ဟိုဘက်ကလူတွေက ဘယ်အရပ်သားမှ သူတို့လှေပေါ်တင်သွားဖို့ မစဉ်းစားဘူး။ အကုန် စတေးပစ်ခဲ့မှာ။ သူ့တပ်က မုဆိုးမပင်စင်တောင် လူစေ့အောင်ပေးဖို့ စေတနာ မရှိတဲ့ဥစ္စာ။ ခြေသလုံး ကုန်းလျက်မတတ် ဘောမလည်း non C ဟာ အရပ်သားထက် တစ်ပြားသားမှ မပိုဘူး။ လိုသလောက်ပဲ ခိုင်းစားမှာ။ ဘာခံစားခွင့်မှ မရှိဘူး။ သေချာစဉ်းစား။ ရွှေပင်မှာနားမှ ရွှေကျေးဖြစ်မှာ။ ကြိုးစင်မှာနားရင် လဒပဲ ဖြစ်လိမ့်မယ်။

ဒီကနေ့ တနေ့တာရဲ့ တိုက်ပွဲအခြေအနေကတော့ အေးတယ်။ လေယာဉ်မလာဘူး။ လက်နက်ကြီးသံ မကြားဘူး။ ကိုယ့်ဆီကို လူနာ မရောက်ဘူး။ မိုးတွေလေတွေလိုပဲ။ တဝုန်းဝုန်း တအုန်းအုန်း လျှပ်စီးတဝင်းဝင်း နဲ့ ရွာချင် ရွာချပလိုက်တယ်။ ပြီးရင် ချက်ချင်း နေပြန်ပူတာ။ တော်နေကြာမှ ပြန်ရွာချင်ရွာရော။ တိုက်ပွဲလည်း ပြန်စမှာလေ။ မျှော်မနေဘူး။ ရွာချင် ရွာချလိုက်။ စိုဖို့ အသင့်ပဲ။ ဆယ်ဇင်းရဲစခန်း မျှော်နေတုန်း ကော့ကရိတ်ရဲစခန်းက အောင်ဘာလေ ထပေါက်တာလည်း ရှိတတ်တာပဲကို။

ကိုယ် ဒီမှာ တနေ့လုံး လိုင်းပေါ်မှာ မီးစိမ်းနေတာမြင်ရင် အားအားယားယား အလှူခံ စားနေသလား လို့ ထင်မှာစိုးလို့ ဒီတစ်ခါတော့ ဆေးလောကသားတွေရဲ့ လုပ်အား နဲ့ ပညာ ကို အလှူခံ နှိုးဆော်လိုက်ဦးမယ်။ ဆေးကုမ္ပဏီတွေဆီက ဆေးတွေ အလှူခံချင်ပေမယ့်လည်း ဒေါ်လာဈေးတွေ မတရားတက်နေလို့ နေပါစေတော့လေ။ လူနာတွေအတွက်ဆို အမြဲလည်း အကူအညီတောင်းနေကျပါပဲ။ လူကိုယ်တိုင် လာမကူနိုင်တောင် လိပ်ပြာစေပြီး online consultation နဲ့ ကုပေးနေကြတာဗျ။ ဒီလိုနဲ့ပဲ စပါယ်ရှယ်လစ် နတ်ဝင်သည်ကြီးများ ဖြစ်နေပြီလား မသိပါဘူး။ သမားတော် နတ်ကြီးပင့်လိုက်၊ ဓါတ်မှန် ကိုယ်တော်ကြီးပင့်လိုက်၊ မေ့ဆေး ဝိဇ္ဇာကြီး ပင့်လိုက်နဲ့ တောထဲတောင်ထဲကနေ လိပ်ပြာကူးထူးခြားသူများ လုပ်နေရတယ်။ လူသိရှင်ကြား အလှူမခံဘူး ပြောထားလျက်နဲ့တောင် ပဌာန်းဆက်နဲ့မှ နန်းတက်ချင်တဲ့သူတွေ ရှိတာကြောင့် ဒုက္ခသည်တွေ လက်ထဲ အရောက်လွှဲပေးခဲ့တာလည်း သိန်း ၁၂၀ ကျော် သွားပါပြီနော်။ ဘူတာမှာ ဆုံနေလို့ အတူတူ မမှတ်နဲ့။ ကိုယ်တို့က အဆန်ရထား။ ဟိုဘက်က အစုန်ရထား။ ကိုယ်သွားချင်တဲ့ဘက်ကို တက်လိုက်သွားလို့ ရပါတယ်။ နှစ်ဘက်ခွနင်းထားရင်တော့ ရထားထွက်တဲ့အခါ ဖင်နှစ်ခြမ်း ဗြန်းဗြန်းကွဲပြီး ကျန်ခဲ့မှာနော့။