ချန်ဂင်တို့စခန်း (၇၁)

စစ်ပွဲဟာ ဒီဘက်ကို လာမလိုလိုနဲ့ တာမခန်၊ ဖားကန့်ဘက်ကို လည်ထွက်သွားတယ် လို့ ပြောခဲ့ပြီးပါပြီ။ ဆယ်ဇင်းမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ တဲ့။ ရဲစခန်းကို သိမ်းပြီး မီးရှို့ပစ်လိုက်ပြီ လို့ ကြားပေမယ့်လည်း အတည်မပြုနိုင်သေးပါဘူး။ ဆယ်ဇင်းမှာလည်း မေးစရာလူ ဘယ်သူမှမှ မကျန်တော့တာ။ တရွာလုံးကုန်ပြီးမှတော့ ဘာဂရုစိုက်စရာ လိုတော့သလဲ။ အကုန်လုံး စိစိညက်ညက်ကျေတဲ့သတင်းပဲ ကြားချင်တော့တာပေါ့။

တာမခန်၊ ဟောင်ပါး ဘက်က ဒုက္ခသည်တွေကိုတော့ နန့်မွန်း၊ ဟိုပင်၊ မိုးညှင်းဘက်ကို ဆက်ရွှေ့ဖို့ ကားတွေစီစဉ်ပေးရပါတယ်။ အဲ့ဒီဘက်က ရွာခံတွေလည်း ပြေးရမှာဆိုတော့ ဒုက္ခသည် အရေအတွက် တော်တော် တိုးပွါးလာမယ့်သဘော ရှိတယ်။ လိုင်းမိတဲ့နေရာသွားထိုင်၊ အလှူငွေတွေ လက်ခံပြီး ဒုက္ခသည်တွေဆီ ပြန်ပို့တဲ့ အလုပ်တစ်ခု တိုးလာပြန်တာပေါ့။ ဒုက္ခသည်တွေနဲ့ အဆက်အသွယ်ရတဲ့အခါမှာလည်း အစားအသောက် အဝတ်အထည် ပြည့်ပြည့်စုံစုံ ရကြပါတယ် လို့ သိရတာ ဝမ်းသာပါတယ်။

ဆယ်ဇင်းဟာ နဂိုတုန်းက လက်နက်ကိုင် ၃ ဖွဲ့စလုံးကို ကျေနပ်အောင် အခွန်အကောက်ပေးပြီး ရွှေမျောတွေကို အခြေခံတဲ့ စီးပွါးရေး လုပ်ငန်းများစွာ ရောင်းဝယ်ဖောက်ကားပြီး ရွာတည်ထားတာပါ။ သူတို့က တပ်၊ ရှမ်းနီ နဲ့ KIA ကို တစ်လုံး၊ နှစ်လုံး၊ သုံးလုံး လို့ ခေါ်ကြပါတယ်။ နေထိုင်သူ လူဦးရေကတော့ မြန်မာပြည်အနှံ့အပြားက လာကြလို့ လူမျိုးပေါင်းစုံ ရှိပါတယ်။ အခုက ၁ နဲ့ ၂ ပေါင်းပြီး ၃ ကို တိုက်ထုတ်လိုက်တာပေါ့။ လက်နက်ကိုင်ချင်းတိုက်တာ ရွာကိုပါ အသားလွတ် မီးရှို့ပလိုက်တော့ ရွာပျက်သွားတယ်။ အဲ့ဒါ အခုထိ ဖြစ်ခဲ့ပျက်ခဲ့သမျှ အခြေအနေ။ ၁ လုံးကောင်တွေကတော့ ရွှေ ကို ရပြီ။ ကျောက်စိမ်းကို ဆက်သိမ်းမယ် ဆိုပြီး ဖားကန့်ဘက်ကို စစ်ဦးတည်ပါတယ်။

မအလ ဟာ နဂိုတုန်းက ကချင်ကို မထိရဲ မတို့ရဲပဲ လက်ရှောင်နေတာ အားလုံး အသိပါ။ အခုကျခါမှ နားရွက်လာ တံတွေးဆွတ်တာဟာ ရှမ်းနီကို အားကိုးလို့ မဟုတ်ပါဘူး။ ရှမ်းနီတပ်တွေကို သူကတောင် လူစုပေး၊ လက်နက်တပ်ဆင်ပေး၊ ဓါးတောင်သံချောင်းတပည့် ကိုလှဝင်း ကို ထောင်ထဲကထုတ်၊ ခေါင်းဆောင်ခိုင်းရတာပါ။ ရှမ်းနီကိုသူအားကိုးရင် သူ့ဘက်ကကူတိုက်ပေးမယ့် ကြေးစားစစ်သား ငှါးတာထက်တော့ မပိုပါဘူး။ ဒါနဲ့များ ကချင်ကို စိန်ခေါ်နိုင်အောင် သတ္တိတွေ ဘယ်ကရသလဲ မသိဘူး ဆိုရင်တော့ နောက်ကွယ်က လက်မည်းကြီးဟာ ရုရှားကလွဲလို့ မဖြစ်နိုင်ပါဘူး။

ဘီလာရုစ်မှာ ပလူးပလဲ သွားလုပ်စဉ်က တိုင်းပြည်က သိမ်းလို့ရတဲ့ ဒေါ်လာတွေ အထုပ်လိုက်ပုံပြီး တိုက်လေယာဉ်တွေ လေကြောင်းပစ်ကူလက်နက်တွေ ဝယ်လာပုံရပါတယ်။ ထိုင်ဝမ်ကို ဘွားဘွားနန်စီ ခြေချတဲ့နေ့က နေပြည်တော်ကို ချူချာတစ်ကောင် တိုးတိုးတိတ်တိတ် လာသွားတာလည်း အလကားသက်သက်တော့ မဟုတ်ပါဘူး။ အဲ့ဒါပြီးတာနဲ့ တပြည်လုံးမှာ လေကြောင်းတိုက်ပွဲတွေ နေရာအနှံ့ စ တယ်ဆိုတာ သိသာပါတယ်။ သူ့အရင်ကဆို တဘက်ကိုလှည့်ချင် တခြားတဘက်မှာ ရပ်ထားရတယ်။ ခန့်မှန်းသုံးသပ်ရသလောက်တော့ ရုရှားဟာ မအလ စစ်တပ်ကို လက်နက်ရောင်းတာ စစ်ရေးအရ အကူအညီပေးတာ သိသာပါတယ်။

နိုင်ငံရေးမှာ ထင်ရာမြင်ရာတွေ လျှောက် မပြောရဘူး ဆိုပေမယ့် ရန်သူရဲ့ လှည့်ကွက်က ဘာလဲ။ သူ့နောက်ခံအားကိုးက ဘယ်သူလဲ။ သူကိုင်ကစားနေတဲ့ ဝှက်ဖဲက ဘာလဲ။ အဲ့သလောက်တော့ ခန့်မှန်းတွက်ချက်ရပါတယ်။ ဖဲကစားတဲ့အခါ တစ်ချပ်ပြီးတစ်ချပ် ဝေသွားတိုင်း တဘက်သား အပြုအမူ၊ အခေါ်အပြောက ဘယ်လိုနေသလဲ၊ တခြား ကစားဖက်အိမ်တွေမှာ ဘာဖဲတွေ တက်သွားသလဲ၊ မဝေရသေးတဲ့ ဖဲက ဘယ်နှစ်ချပ်ကျန် လို့ ဘာတွေ ဖြစ်နိုင်သလဲ၊ အကုန်လုံးကို ခန့်မှန်းတွက်ဆ တတ်ရပါတယ်။ သူများအောက်ဖဲကို လှန်ပြတဲ့အခါကျမှ evidence based conclusion ဆွဲတာ ဘယ်တော့မှ အနိုင်မရနိုင်ပါဘူး၊။ အဲ့ဒါကြောင့် မအလ ရဲ့ အောက်ဖဲတွေ ခန့်မှန်းတွက်ချက်တဲ့အခါမှာ အခါခပ်သိမ်း သက်သေသက္ကာယတွေ စုံအောင် စောင့်စရာ မလိုအပ်ဘူး။ မှန်အောင် မလွဲအောင် ခန့်မှန်းတွက်ချက်တတ်ဖို့ပဲ လိုပါတယ်။

သို့သော်လည်း ငြင်းမရအောင် လက်ဆုပ်လက်ကိုင် အထောက်အထား သက်သေ ရအောင် ရှာပေးရမယ့် အချက်အလက်တွေလည်း ရှိပါတယ်။ ဥပမာပြောရရင် မြန်မာစစ်တပ်က အရပ်သားပြည်သူတွေအပေါ် ဓါတုလက်နက် သုံးသလား ဆိုတဲ့ကိစ္စပါ။ လက်ပံတောင်းတောင်မှာတုန်းက ဘုန်းကြီးတွေကို မီးသင်္ကန်းကပ်တာ ဗီဒီယို မှတ်တမ်းတွေနဲ့ အထင်အရှားပါပဲ။ ရေ နဲ့ ထိုးလေ ပိုလောင်လေမို့ မီးစုန်းဓါတ်တွေ ပါလာတယ် လို့ ပညာရှင်တိုင်းကလည်း ကောက်ချက်ချကြပါတယ်။ အပူလောင်တဲ့ ရဟန်းတော်တွေကို ကုသပေးတဲ့ ဆရာဝန်များကလည်း သာမာန် မီးလောင် ဒဏ်ရာနဲ့ မတူတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒါတွေ အကုန်လုံး ဖုံးဖုံးဖိဖိ နဲ့ ဖျောက်ဖျက်ပစ်ခဲ့တယ် မဟုတ်လား။ မီးလောင်ဗုံး ဆိုတဲ့ ဝေါဟာရတစ်ခုကတော့ အဲ့ဒီအချိန်ကစပြီး မြန်မာစကားထဲမှာ တွင်ကျယ်သွားခဲ့တာ အမှန်ပါပဲ။

အခု ဆယ်ဇင်းမှာ အဲ့ဒီစကားလုံးကိုပြန်ကြားနေရပါတယ်။ ဒီအရပ်ကလူတွေဟာ ဗုံးဒဏ် လက်နက်ကြီး ဒဏ်ကို အခုမှ ခံဖူးတဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမယ့် မင်းအောင်လှိုင် သုံးတဲ့ဗုံးမှာတော့ ခါတိုင်းနဲ့မတူတဲ့ ဓါတုပစ္စည်း တစုံတရာပါတာ သူတို့ ခံစားမိကြပါတယ်။ ချင်းတောင်က လူတွေ၊ ကယားပြည်နယ်က လူတွေလည်း အလားတူ ခံစားမိကြမယ် ထင်ပါတယ်။ သူတို့လည်း မီးလောင်ဗုံးဆိုတဲ့ စကားလုံးကို သုံးတယ်လေ။ ဆယ်ဇင်းကလူတွေ သတိထားမိကြတာကတော့ အိမ်တွေကို မီးလိုက်ရှို့တဲ့သူတွေဟာ ဓါတ်ဆီမဟုတ် ဒီဇယ်မဟုတ်ပဲ အင်မတန် မီးလောင်လွယ်တဲ့ အရည်တစ်မျိုးနဲ့ လိုက်မီးရှို့ကြတာ လို့ ပြောပါတယ်။ ဒါက ဖြစ်စဉ်ဖြစ်ရပ်ကိုပဲ မှတ်တမ်းတင် သတင်းပို့တာပါ။ အမှန်အမှား အထောက်အထားကိုတော့ နိုင်ငံတကာက ကျွမ်းကျင်သူတွေ စုံစမ်းစစ်ဆေး ဖော်ထုတ်ရပါလိမ့်မယ်။ ဆက်ဒမ်ဟူစိန်လည်း ဓါတုလက်နက် သုံးခဲ့တယ်ဆိုတာ မယုံလို့လား။ မင်းအောင်လှိုင် က ဆက်ဒမ်ဟူစိန်လောက်တော့ မယုတ်မာနိုင်ပါဘူး လို့ ထင်သလား။

မည်သို့ပင် ဆိုစေကာမူ ပေါ့လေ။ ဆယ်ဇင်းမြေဟာ ကချင်တွေအတွက် “ရော့ ယူလိုက်။” လို့ အလွယ်တကူ လက်လွှတ်ပေးလိုက်ရမယ့်မြေ မဟုတ်တာ သေချာပါတယ်။ ဖားကန့် ဆို ပိုဆိုးတော့မပေါ့။ ဒါကြောင့်မို့ ပို၍ပြင်းထန်သော စစ်ပွဲများနဲ့ KIA + PDF ကနေ စကစ နဲ့ ရှမ်းနီကို မဖြစ်အနေကို မောင်းထုတ်ပါလိမ့်မယ်။ အခုလည်း မောင်းထုတ်နေတာပါပဲ။ တိုက်ပွဲပြီးတော့ သတင်းတက်လာမှာပေါ့။ ဒီကနေ့ ညနေ ကြားတဲ့သတင်းအရတော့ ဆယ်ဇင်းမှာ ထွက်မပြေးပဲကျန်နေသေးတဲ့အထဲက နောက်ထပ်ရွာသား ၃ ယောက်ကို ပစ်သတ်လိုက်တယ် လို့ သိရပါတယ်။ ရွာမှာ တိုက်ပွဲဆက်ဖြစ်နေသေးတယ် ဆိုတဲ့ သဘောပါပဲ။

ဆယ်ဇင်းက တိုက်ပွဲတွေလိုပဲ မြန်မာနိုင်ငံအရပ်ရပ်က နွေဦးတော်လှန်ရေးတိုက်ပွဲတွေဟာ တူညီတဲ့ ဦးတည်ချက် ရည်မှန်းချက် တစ်ခုတည်း ရှိပါတယ်။ မအလရဲ့ လက်ပါးစေစစ်တပ်ကို အမြစ်မကျန် တွန်းလှန်ပြီး ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် အသစ်ကြီး ဖွဲ့စည်းတည်ထောင် မလို့ပါ။ ရှေ့လျှောက် တိုင်းပြည်ကို အဲ့ဒါနဲ့ ကာကွယ်မယ်။ ပြည်သူကို အဲ့ဒါနဲ့ စောင့်ရှောက်မယ်။ ဆယ်ဇင်းအပါအဝင် မြန်မာတနိုင်ငံလုံးကို ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ အစိုးရ နဲ့ အုပ်ချုပ်မယ်။ အဲ့ဒါ တော်လှန်ရေးရဲ့ ပန်းတိုင်ပဲ။ မြင်နေရပြီ။ ရောက်တော့မှာ။ မကြာတော့ဘူး။

ဆယ်ဇင်း ရဲစခန်းကို ပြန်သိမ်းလိုက်ပြီ လို့ ကြားတဲ့အခါ ဟုတ်တာ မဟုတ်တာ အပထား။ “နောင်ကျရင် အဲ့ဒီရဲစခန်းကုန်း နေရာမှာ ဆေးရုံကလေး တစ်ရုံ ဆောက်ကြတာပေါ့။” လို့ စိတ်ကူးမိပါတယ်။ ချန်ဂင်တို့စခန်းကလေးက စဆောက်ကတည်းက ဆယ်ဇင်းမှာ အခုလိုမျိုး ဖြစ်ပျက်လာသည်ရှိသော် မီးရှို့ဖျက်ဆီးခံရမှာစိုးလို့ လွတ်ရာကျွတ်ရာမှာ အကာအကွယ် ယူပြီး ယာယီသစ်ခက်တဲနန်းလို ဆေးစခန်းလေး လုပ်ထားတာ။ အခိုင်အမာ မဟုတ်ဘူး။ သို့သော် ပစ္စည်းပစ္စယ ပြည့်စုံတယ်။ ပန်းရည်ဘဏ်တိုက်ကလေးလို ခေါက်တုန့် လူးလာ ကူးကာသယ်ပို့ပြီး အလုပ်လုပ်နေတာ။

တော်လှန်ရေးပြီးလို့ ဆယ်ဇင်းမြေမှာ ပြန်လည်တည်ဆောက်ရေးတွေ စတဲ့အခါ နမ့်ခမ်းဆေးရုံလိုမျိုး ခိုင်ခိုင်ခံ့ခံ့ လှလှပပ နဲ့ ပစ္စည်းကိရိယာ စုံစုံလင်လင် Specialists တွေ အလုပ်လုပ်လို့ရတဲ့ ကုတင် ၅၀ ဆန့် တိုက်နယ်ဆေးရုံကလေးတစ်ရုံ ဖြစ်အောင် ဆောက်လှူထားခဲ့ချင်တယ်။ ဒီကပစ္စည်းတွေ ရွှေ့လိုက်ရုံပဲ။ အဆောက်အဦလေးပဲ ဆောက်ရမှာ။ အဲ့သလောက်တော့ ကိုယ် ဖန်တီးနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။ ကိုယ်တို့စခန်းမှာ ဆောက်လုပ်ရေး အင်ဂျင်နီယာလည်း ပါသားပဲဟာကို။ အခုဆေးရုံတောင် သူနဲ့ပဲ ဆောက်ခဲ့တာ။ အကောင့်ထဲမှာ ရှိတဲ့ အာခီသူငယ်ချင်းများဆီမှာ ဒီဇိုင်းလှလှကလေး အကူအညီတောင်းဦးမှပါလေ။ 14 Inya ကြီးပေါ်မှာ တက်မနေခင် ဆယ်ဇင်းရဲစခန်းကြီးကို ဆေးရုံဆောက်မယ့် project တစ်ခု ကိုနဝနကြီးဆီမှာ တင်လိုက်တော့မယ်နော့။ ကိုင်း သိမ်းပိုက်မယ့်သူတော့ ready ရှိနေပြီ။ ရအောင်သာ တိုက်ခိုက်ပေးကြပါတော့ဗျိုး။