ချန်ဂင်တို့စခန်း (၇၀)

တခါတလေတော့လည်း ဘာမှရေးစရာ အကြောင်းအရာမရှိတဲ့ နေ့ရက်တွေဟာ စစ်ပွဲအတွင်းမှာ မင်္ဂလာတစ်ပါး လို့ ပြောရမယ် ထင်ပါရဲ့။ ရေးစရာသာ မရှိတာ လုပ်စရာတွေကတော့ မရပ်မနား လုပ်နေဆဲပါပဲ။ လူနာကြည့်တယ်။ ရေတင်တယ်။ ထမင်းချက်တယ်။ ဈေးသွားတယ်။ နံနံပင်၊ သခွါးသီး၊ ကန်စွန်းရွက်ကအစ တစ်ထောင်တန်နဲ့မှ ဝယ်လို့ရတဲ့အတွက် ကျပ် ၅၀၀ အကြွေလေးတွေဟာ မကဒူး ဟင်းနုနယ်စေ့ဝယ်သလို “လက်ညှိုးနဲ့ တကော်နှိုက်ယူသွား” လို့ အပြောခံရပါတော့မယ်။ ဘယ်လိုတွေများ လုပ်ကိုင်စားသောက်ကြမှာပါလိမ့်။

မနှစ်က ကိုဗစ်လှိုင်းမှာ အောက်ဆီဂျင်တွေ လုသလိုပဲ ဒေါ်လာ၊ ဓါတ်ဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အကုန်လုံး သူတို့လက်ထဲရောက်အောင် လုနေပြီ မဟုတ်လား။ စစ်သားကလွဲရင် တနိုင်ငံလုံး ငတ်သေစေချင်တဲ့ စေတနာလေ။ သူမှ အုပ်ချုပ်လို့မရရင် မြန်မာတပြည်လုံး ပြာပုံဖြစ်အောင် လုပ်ချင်နေပုံပဲ။ အုပ်ချုပ်လို့ရရင်လည်း ပြာပုံပဲဖြစ်နေတာ လက်တွေ့ပဲ။ မင်းအောင်လှိုင် တစ်ကောင် အာဏာရူးသွားခဲ့တာကြောင့် မြန်မာပြည်ဟာ ရာဇဝင်သမိုင်းတလျှောက်မှာရော၊ ကမ္ဘာအရပ်ရပ်မှာပါ အဆင်းရဲ အနိမ့်ကျဆုံး၊ အညှင်းပန်းအနှိပ်စက် အသတ်ဖြတ်ခံရဆုံး ၊ အောက်ဆုံးအဆင့်နိုင်ငံတစ်နိုင်ငံ ဖြစ်သွားခဲ့တာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ စစ်သားတိုင်း စစ်သားတိုင်း အဲ့ဒီကိစ္စမှာ အလိုတူအလိုပါ ကြံဖော်ကြံဖက်တွေ ဖြစ်တယ်။ အားတက်သရော ပါဝင်ကျူးလွန်သူတွေက ပိုများတယ်။ ဒီအတိုင်းပဲ ပြည်သူအားလုံးရဲ့ ရင်ထဲအသည်းထဲမှာ တေးမှတ်စွဲထင်သွားခဲ့ပြီ။

အိမ်တိုင်းအိမ်တိုင်းက လူတိုင်းလူတိုင်းဟာ ဓါးရရ တုတ်ရရ ဆွဲထွက်လာပြီး နီးစပ်ရာ စစ်သား ရဲသား ဒလန် အပေါင်းအပါတွေကို သွေးချောင်းစီးသတ်ဖြတ်တဲ့ လူသတ်ပွဲကြီးတွေ ဖြစ်မလာဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ အဲ့ဒါကို ကြောက်လို့ ဟိုဘက်ကကောင်တွေက သူတို့ချည့်ပဲ ဦးအောင် သတ်ပစ်တာ နေမယ်။ ကိုယ်နဲ့နီးစပ်ရာ စစ်ဗိုလ်စစ်သား မိသားစုတွေကို သတိထားကြည့်လိုက်ပါ။ ဘယ်အချိန်က ဘယ်လို လစ်သွားမှန်း မသိလိုက်ဘူး မဟုတ်လား။ ခေါင်းငုံ့ပြီး ငြိမ်ခံနေလို့ အသတ်ခံရရုံအပြင် မရှိဘူး။ တော်လှန်ရေးဟာ တစ်ခုတည်းသော အသက်ရှင်ကျန်ရစ်မယ့် နည်းလမ်းပဲ။ ဟုတ်သည် မဟုတ်သည် ကိုယ့်ဘာသာကိုယ် ချင့်ချိန်ယူတော့။အဲ့ဒါ သေရေးရှင်ရေးပဲ။ ဉာဏ်နည်းရင် အသက်တိုမယ်။ စည်းစိမ်ပြုတ်မယ်။

ရုရှားက အောက်တိုဘာတော်လှန်ရေးလို၊ ပြင်သစ်တော်လှန်ရေးလို မြန်မာပြည်မှာလည်း သွေးချောင်းစီးတဲ့ နွေဦးတော်လှန်ရေးကြီး ဖြစ်ပေါ်လာခဲ့ပြီ။ ပစ္စည်းမဲ့ဒေါသဆ်ုတာ ဘယ်လိုဟာမျိုးလဲ လို့ စစ်တပ်နဲ့ နီးစပ်ရာအသိုင်းအဝိုင်းပါ တွေ့မြင်ကြရတော့မယ်။ တရားဥပဒေကို လက်ကိုင်တုတ်လုပ်ပြီး အနိုင်ကျင့်နေတဲ့သူတွေအားလုံး တရားဥပဒေမဲ့ လက်တုန့်ပြန်တာကို ခံကြရတော့မယ်။ ဘဝရဲ့ချိုမြိန်မှုတွေဟာ သူတို့ဖျက်ဆီးလို့ ကုန်ခဲ့ပြီ။ နောက်ထပ်ချိုစရာ လက်စားချေခြင်းမှတပါး တခြား ဘာမှ မရှိတော့ဘူး။ မအလ သေရင် သူ့သားမြေးလက်ထက်ထိ အကြွေးပြန်တောင်းကြမှာ။ သေရုံနဲ့ပြီးလိမ့်မယ် မထင်နဲ့။ သံသရာကပ်ဆုံး မပြုံးနိုင် မရယ်နိုင် ဖြစ်သွားမယ်။

စစ်ပွဲဟာ ကိုယ့်ဆီမှာ ဝဲနေရင်းကနေ စစ်ဘေးဒုက္ခသည်တွေ ရှောင်နေတဲ့ တာမခန်၊ ဟောင်ပါး ဘက်ကို လည်ထွက်သွားပါတယ်။ စကတည်းက တာမခန်မှာ တပ်ရင်းတစ်ရင်း ရှိတာမို့ အဲ့ဒီဘက်က လုံခြုံပါ့မလား ပြောနေရင်း ထင်တဲ့အတိုင်း ဖြစ်လာတာပါပဲ။ တပ်ရင်းကုန်းကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေပါသတဲ့။ ထုံးစံအတိုင်း လူနေအိမ်တွေပေါ်ကိုပဲပေါ့။ သို့သော်လည်း အဲ့ဒီဘက် ထွက်ပေါက်တစ်ခုတည်း ဖွင့်ပေးထားတာမို့ ဒုက္ခသည်တွေမှာလည်း ရွေးစရာ မရှိပါဘူး။ စစ်ရှောင်စခန်းကလူတွေကို ဒီမှာမနေပဲ တခြားကိုထွက်သွားဖို့ လာပြောတယ်။ဒီအနီးအနားမှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာကတည်းက ဆယ်ဇင်းရွာထဲကို လာရှောင်နေကြရသူတွေအတွက်ဆို ဒါဟာ ၃ ကြိမ်မြောက် စစ်ပြေးရခြင်း ဖြစ်မှာပါ။

စစ်ပွဲလမ်းကြောင်းကို ကြည့်ရတာ ဖားကန့်ဘက်အထိ တက်သိမ်းလိုက်ရမလား လို့ ကချင်တွေကို စိန်ခေါ်နေသလိုပါပဲ။ ရှေ့လျှောက်တော့ ပွဲတွေကောင်းဖို့ချည့်ပဲ မြင်ပါတယ်။ ဒီအတိုင်းဆို ရက် ၄၀ ဟောကိန်းက ဒက်ထိများ မှန်နေမလား မသိပါဘူး။ မိတ္ထီလာကနေ စစ်သား ၅၀၀ လောက် ကားတွေနဲ့ အထက်တက်လာတယ် လို့လည်း ကြားရတော့ လမ်းတင် နီးစပ်ရာက မုန့်ဟင်းခါးချက်လိုသူများကို သတင်းပေးလိုက်ပါတယ်။ ဒါကုန်ရင် ဖျာပုံပြန်လို့ရပြီ။ နောက်ထပ် မရှိတော့ဘူး။ ဒီပွဲဟာ ကြင်စိုးအတွက် နောက်ဆုံးတိုက်ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။

ကြင်စိုးရဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အထားစုဆောင်းပေးရရင်တော့ ဆယ်ဇင်းမှာ မီးလောင်လို့ မပြေးနိုင်တဲ့ ဖခင်အိုကြီးကို ကယ်ထုတ်လာတဲ့ သမီးယောက်ဖနှစ်ယောက်ကို အကြောင်းမဲ့ ပစ်သတ်သွားတာပါ။ စစ်သားလည်း မဟုတ်။ ဘာလက်နက်မှ မပါ။ မီးဘေးကယ်ဆယ်ရေးလုပ်နေတုန်း အသတ်ခံရတာပါ။ ကိုယ်တို့ ဆယ်ဇင်းမှာ ကိုဗစ်စင်တာဖွင့်ကာစက နေ့တိုင်း ဆေးခန်းထဲ လာထိုင်ပြီး သူ့ရောဂါက ကိုဗစ်မဟုတ်ပါဘူး လို့ လာလာငြင်းတဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။ သူ့နံမည်က မအိချော တဲ့။ တအိမ်သားလုံး ကိုဗစ်ဖြစ်ရာက သူ့အမေကြီး ဆုံးသွားတဲ့အခါ မအိပ်တော့ မစားတော့ပဲ “သူဖြစ်တာ ကိုဗစ် မဟုတ်ပါဘူး။ သူ့အမေ မသေသေးပါဘူး။” ဆိုတဲ့ စိတ်ရောဂါရသွားတာပါ။ လမ်းမှာတွေ့သမျှ လူတိုင်းကို သူ ကိုဗစ်မဖြစ်တဲ့အကြောင်း ရှင်းပြတယ်။ ဆေးခန်းကိုလည်း နေ့တိုင်းလာပြတယ်။ ပလပ်စတစ်ကုလားထိုင် အနီရဲရဲလေးတွေ လာလှူပေးတာ ခုထက်ထိ ကိုယ်တို့ထိုင်နေတုန်းပါ။ ကိုယ်တို့က ငြိမ်အောင်သာထိန်းနိုင်ပြီး ပျောက်အောင်ကုမပေးတတ်တော့ မိဘကျေးဇူးဆိုင်က ဆရာဝန်လေးက စိတ်ကျန်းမာရေးဆရာဝန်ဆီ ဇွန်းနဲ့ ဖုန်းခေါ်ပြီး ကုပေးပါတယ်။ ဒီလိုနဲ့ သူ့ရောဂါပျောက်သွားတော့ ကိုယ်တို့လည်း ဝမ်းသာနေတုန်း “သူ့အမေ က သူနဲ့ လာနေမှာ။” လို့ ပြောလာပြန်ပါတယ်။ သူပြောတာ မှန်တယ်ဗျ။ ကိုယ်တို့ ဆေးရုံဖွင့်တော့ ဗိုက်ကြီးတကားကား နဲ့ လာပြတယ်။ အမွှာကိုယ်ဝန်ဖြစ်နေလို့ ခွဲမွေးပေးလိုက်တဲ့အခါ ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်သွားတာ။ အခုတော့ သူ့မောင်လေးရော ခင်ပွန်းသည်ရော တပြိုင်နက် ဆုံးပါးသွားတဲ့အခါ အဖေ လူမမာကြီးနဲ့ ကလေးအမွှာနှစ်ယောက်နဲ့၊ နေစရာအိမ်ပါ မီးလောင်သွားတဲ့ သူ့စိတ်အခြေအနေ ဘယ်လိုရှိမလဲ။ ကိုယ်တို့ တွေးတောင် မတွေးရဲတော့ပါဘူး။ ဒါ ဝဋ်ကြွေးမှ မဟုတ်တာ။ စစ်ခွေး မှ စစ်ခွေး စနက်။ NUG ကနေ စစ်ပွဲကြောင့်ထိခိုက်နာကျင်ရတဲ့သူတွေအတွက် လူသားချင်းစာနာသော ထောက်ပံ့ကြေးငွေ ပေးလို့ရပါတယ်။ သွားပေးပေးပါ လို့ ဆိုလာတဲ့အခါ ကိုယ်တော့ဖြင့် သူ့ကို မကြည့်ရက် လို့ မသွားရဲဘူး။ တော်နေကြာ သူကမဂေါက်ပဲ ကိုယ်ကဂေါက်သွားပြီး သင်္ကြန်မိုးထဲက ခင်သန်းနုကြီး မင်္ဂလာဆောင်မှာ ပေးသလို ပိုက်ဆံတွေ တစ်ရွက်ပြီးတစ်ရွက် ထုတ် “ရော့။ ယူလေ။ ယူပါ။ ယူလိုက်စမ်းပါ။” လုပ်မိနေမလား မသိဘူး။

ကိုယ်ဟာ လူတဘက်သားရဲ့ အသည်းနာစရာ ကမ္ဘာမကျေစရာ အဖြစ်ဆိုး ကြမ္မာဆိုးတွေကို အဖြစ်အပျက်က လွဲလို့ အတိအကျကြီး အသေးစိတ် မရေးဖူးပါဘူး။ ဒါပေမယ့်လည်း အခုတခါမှာတော့ စစ်ခုံရုံးမှာ တရားစွဲဆိုဖို့ အချက်အလက်စုဆောင်း၊ အမှုတည်ဆောက်နေသူများအတွက် သက်သေအခိုင်အမာ ရအောင် ရေးပေးလိုက်ပါတယ်။ တကယ့်အဖြစ်အပျက်ပါ။ ကာယကံရှင်ဆီ လူကိုယ်တိုင် လိုက်ပြလို့လည်း ရပါတယ်။ မအိချောတို့ မိသားစုလို တရားဥပဒေမဲ့ အသတ်ခံလိုက်ရတဲ့ အရပ်သားပြည်သူတွေ မြန်မာပြည်မှာ ထောင်ပေါင်းများစွာ ရှိနေပါတယ်။ နေသာသေးတယ် နေပျော်သေးတယ်ဆို ဆက်နေကြပါ သာသာယာယာ။ ကိုယ်ကတော့ မနေသာပါဘူး။ နေမပျော်ပါဘူး။ သတင်းဇာတ်လမ်းတစ်ခုလို လူပေါင်းများစွာ ဖတ်ရှုလို့ရအောင် စာရေးတင်လိုက်ပါတယ်။ သိဖို့မှတ်ဖို့ သဘောပေါက်ဖို့ ဖြစ်ပါတယ်။ ခံစားကြည့်ရုံသက်သက် ဖျော်ဖြေတင်ဆက်ဖို့ မဟုတ်ပါဘူး။ Realty live show ကို entertainment မဖြစ်စေချင်ပါဘူး။ နောက်ကွယ်မှာ action တစ်ခုခု ထွက်ပေါ်လာဖို့ ရည်ရွယ်ပါတယ်။

နေ့ရက်တွေဟာ သာသာယာယာ နဲ့ အစပြုခဲ့သလိုလိုနဲ့ ထစ်ချုန်းပြိုးပြက်ပြီး ပြိုမတတ် ရွာချချင်လည်း ရွာလိုက်တာပဲ။ နေ့ရက်တိုင်းမှာ စိတ်ရောကိုယ်ရော အနားမထားပဲ အရွေ့တစ်ခုခု ဖြစ်မလာမချင်း အားသွန်ခွန်စိုက် ကြိုးစားနေပါ့မယ်။