ညဘက်အိပ်မပျော်စရာအကြောင်းတွေ များပေမယ့်လည်း မနက်အရုဏ်တက်ရင် မထလို့ မရပါဘူး။ ကိုယ့်အိမ်ကိုယ် အိပ်နေတာမှ မဟုတ်တာ။ အလင်းရောင်လာရင် ဆေးရုံမှာ အသင့်ရှိနေရမှာလေ။ တိုက်ပွဲတွေက တဖြေးဖြေးနဲ့ နီးလာခဲ့ပြီပေါ့။ လက်နက်ကြီးသံတွေတောင် အုန်းကနဲ အုန်းကနဲ ကြားလာရပြီ။ အဲ့ဒီဘက်က ရွာတွေလည်း ဒီဘက်ကို စစ်ရှောင်လာနေကြရပြီ။ ကိုယ်တို့အတွက်တော့ မထူးခြားပါဘူး။ ဒူးခေါင်းမှန်ထားတဲ့ လူနာတစ်ယောက် ဒီမနက် ခွဲခန်းဝင်စရာ ရှိတယ်။ မွေးလူနာကို ဘယ်လို လုပ်ကြမလဲ လို့ မမအိုဂျီ နဲ့ တိုင်ပင်ကြတယ်။ due date ကျော်နေပြီ။ ရေမွှာပေါက်ပေမယ့် ဗိုက်မနာသေးဘူး။ သားဦးကိုယ်ဝန်ဆိုတော့ တော်တော်ကြာဦးမှာ။ စစ်က အရမ်းနီးနေပြီ။ မမအိုဂျီကတော့ နာရီဝက်အတွင်း အပြီးအစီး ရအောင်မွေးပေးမယ် ဆိုလို့ ခွဲခန်းဝင်ကြတယ်။ မြန်မြန်ဆန်ဆန်ပဲ ပြီးစီးသွားပါတယ်။
မီးစက်ကလည်း အကြာကြီး မနှိုးနိုင်ဘူး။ တိုက်ပွဲသံ မကြားရမှာ စိုးတာထက် ဒီဇယ်က ဝယ်မရတော့ဘူး။ ဒီဘက်တကြောလုံး လောင်စာဆီပြတ်တဲ့ ပြဿနာ ပေါ်နေပြီ။ တစ်ည နှစ်ညတည်းနဲ့ စစ်ဘေးရှောင် ၁၆၀၀ လောက် ထွက်လာတော့ စားနပ်ရိက္ခာ အခက်အခဲလည်း တွေ့လာရတော့မယ်။ နေရာထိုင်ခင်း တစ်ခုစီမှာ လူ ၁၀၀-၂၀၀ လက်ခံရတော့မယ်ဆိုတော့ ရေ နဲ့ မိလ္လာ၊ သန့်ရှင်းရေးကိစ္စတွေပါ စီမံရတော့မယ်။ အထကကျောင်းထဲမှာဆို လူ ၈၀၀ ကျော် လက်ခံထားရတာ။ ဆရာဦးဝင်းမြတ်အေးတို့ရဲ့ လူသားစာနာ ဝန်ကြီးဌာနကို ဆက်သွယ်ပြီး လိုတဲ့အကူအညီတွေတောင်း၊ ဟိုဘက်ကို အရောက်ပို့ဖို့ စီစဉ်ရပါသေးတယ်။ အလှူခံပို့စ်တွေ မတင်ပေမယ့်လည်း အသိအကျွမ်းတွေ လှူချင်လာရင်တော့ ဖြစ်အောင် ချိတ်ဆက် ပေးလိုက်ပါတယ်။ အလုပ်ရှုပ်ရှုပ် စိတ်ရှုပ်ရှုပ် နဲ့ ဆိုတော့ သတင်းမီဒီယာတွေရဲ့ အင်တာဗျူးမေးခွန်းတွေလည်း မဖြေနိုင်ပါဘူး။ တော်နေကြာ မမအေငြိမ်းပါ ရောက်လာနေဦးမယ်။ သားသား မကဘူး။ ပွဲနားထားတယ်နော့။
လိုင်းမကောင်းတဲ့ကြားထဲက စိတ်ရှည်လက်ရှည် ဆက်သွယ်လှူဒါန်းကြတဲ့သူတွေကလည်း မနည်းပါဘူး။ ဘေးကင်းအောင်နေပါ။ ဘာလိုချင်လဲ ပြောပါ ဆိုတော့ အာနိုးကားထဲကလိုမျိုး လောင်ချာအကြီးကြီး ဝယ်ပေးပါလား လို့ တောင်းလိုက်ချင်တယ်ဗျ။ ကိုယ်တိုင်သာ ဝင်ပစ်လိုက်ချင်မိတယ်။ စစ်ဗိုလ်တွေ အာဏာရူးချက်ကြောင့် ဆယ်ဇင်းရွာပျက်သလိုပဲ မြန်မာပြည်ကြီးလည်း ပျက်ခဲ့ပြီ။ စီးပွါးပျက်ကပ်၊ ငွေကြေးပေါက်ကွဲဖောင်းပွမှု နဲ့ အငတ်ဘေးကြီး ဆိုက်လာတော့မယ်။ ဖက်ဆစ်တော်လှန်ရေးတုန်းကလို “အနီးဆုံးရန်သူကို အရင်သတ်” ဆိုတဲ့ စကားတွေ ပြန်ခေတ်စားလာတော့မှာ။
ဆယ်ဇင်းပတ်ပတ်လည်မှာတော့ သေနတ်သံ ဗုံးသံ မစဲသေးဘူး။ သူ့ဆီကို စစ်ကူလာမယ့် လမ်းကြောင်းမှန်သမျှ ပိတ်ဆို့တိုက်ခိုက်နေတယ်။ ကိုယ့်ဆီကို ဆိုးဆိုးရွားရွား လူနာမရောက်တဲ့အတွက် ဒီဘက်က အခြေအနေကောင်းတယ်လို့တော့ မှန်းဆနိုင်တယ်။ လူနာတွေလည်း ရောက်မလာသလို စစ်သားတွေလည်း ရောက်မလာသေးဘူး မဟုတ်လား။ ဒီကောင်တွေက လက်နက်ကိုင်အချင်းချင်းဆို ဆီမလို အသင့်ကုန်း ဆင်ချေးတုံးဆပ်ပြာတွေပါ။ ရွာသားတွေကိုပဲ သတ်ရဲတာ။ မနေ့က ကြက်ခြေနီတံဆိပ်နဲ့ ပုစင်းတွေလာတာ သူတို့ဘက်က လူနာသယ်ပုံရတယ်။ ရှေ့နှစ်ခါလောက်ဆို စောင်းကောက်တို့ မြမာလာတို့ စီးပွါးရေး မကောင်းလောက်ဘူး။ တပ်ထဲမှာ နှစ်ယောက် တစ်ရံ စပ်ဝယ်ရမယ့်ကောင်တွေ ချည့်ပဲ။ ချန်ဂင်ဇာတ်လမ်းတွဲ ပြတ်တော့မှပဲ မုဆိုးမရွာ ကို လူသတ်ကောင် သွားရှာတဲ့ မင်းသားလေး ဇာတ်ကား ဆက်ရိုက်မယ်။ အိုးခိုင်မော့စ်။
မနေ့က စစ်ရှောင်စခန်းကို ရောက်တဲ့ တချို့မိသားစုတွေကတော့ သူတို့ဇာတိရပ်ရွာကို ပြန်ဖို့ ကားစီစဉ်ပေးရတယ်။ အသစ်ဝင်တဲ့သူတွေလည်း ဝင်တာပေါ့။ အနားဝန်းကျင် က ရွှေမျောလုပ်တဲ့သူတွေလည်း ပြန်ကုန်ပြီ။ ဆယ်ဇင်းရွာ ပြာကျတာ ရွှေဈေးကွက်ကို ဘယ်လိုပြောင်းလဲ ထိခိုက်နိုင်သလဲ တွေ့ရတော့မယ်။ မနက်ဖြန်ကျရင်လည်း တိုက်ပွဲတွေက ဆက်ရှိဦးမှာ။ အလုပ်တွေလည်း ဆက်လုပ်ဦးမှာ။ စာတွေလည်း ဆက်ရေးဦးမှာပါပဲ။ ဘာတွေပဲဖြစ်လာလာ၊ နောက်မဆုတ်ပဲ ရင်ဆိုင်ရန် အသင့်ရှိပါတယ်။ အားပေးဖေးမ ကူညီကြသူများရော၊ ဇွဲနပဲနဲ့ အတူတကွ ရုန်းကန် အားစိုက်သူများကိုရော အထူးကျေးဇူးတင်ရှိပါကြောင်း။