ဒီနေ့မနက် သာသနာ့ပါလ ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ စစ်ဘေးမီးဘေးရှောင် ရွာသားတွေ ထွက်ခွင့်ရပါတယ်။ တာမခန် ဘက်ကိုပဲ ထွက်ခွင့်ပေးတာပါ။ စုစုပေါင်း လူ ၄၀၀ လောက် ရှိပါသတဲ့။ အဲ့လောက်များတဲ့လူအုပ် ဘုန်းကြီးကျောင်းထဲမှာ ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုအိပ်ကြမလဲ တွေးကြည့်ရုံနဲ့ကို အင်မတန် စိတ်ဆင်းရဲစရာကောင်းပါတယ်။ ကာယကံရှင်တွေကတော့ မအိပ်လည်း မအိပ်နိုင် စားလည်း မစားနိုင်ဘူး လို့ ပြောကြပါတယ်။ အခုဆို ဗွက်ပေါက်နေတဲ့ အတက်အဆင်း လမ်းကြမ်းခရီးရှည်ကြီးကို လျှောက်ကြရဦးမယ်။ လက်လှမ်းမီရာ အကူအညီတောင်းလို့ရသမျှ ကားတွေ ဆိုင်ကယ်တွေနဲ့ သွားခေါ်ပေးနေပါတယ်။ ကိုယ့်ဆီကို ရောက်လာတဲ့ အလှူငွေတွေကိုလည်း လွှဲပို့ပေးလိုက်ပါတယ်။ လူနာတွေကို ဒီဘက်ပို့ဖို့တော့ လမ်းမဖွင့်ပေးသေးပါဘူး။ ဟိုဘက်မှာလည်း ခွဲပေးမယ့် ဆရာဝန်မရှိတာကြောင့် အရေးပေါ်လူနာလမ်းကြောင်းကလေးတော့ ရွာသားတွေအတွက် ဖွင့်ပေးဖို့ အကူအညီတောင်းထားပါတယ်။
ဟိုဘက်ဆိုတဲ့ လမ်းကြောင်းကတော့ ဒီကနေသွားရင် ဟောင်ပါး၊ တာမခန်ကနေ ဖားကန့်အထိ ရောက်ပါမယ်။ တာမခန်မှာ စစ်တပ် တပ်ရင်းတစ်ရင်း အထိုင်ရှိတာမို့ စိတ်ချရတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ လတ်တလောမှာ ဒုက္ခသည်တွေဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နဲ့ နှစ်ခြင်းဘုရားကျောင်းတွေမှာ စီစဉ်ပေးနေပါတယ်။ လူကိုယ်တိုင် လိုက်သွားပြီး ကူညီချင်ပေမယ့် လမ်းပန်းအခြေအနေအရ အဆင်မပြေပါဘူး။
ကိုဗစ်စင်တာတုန်းက ဗော်လံတီယာလုပ်တဲ့ကလေးတွေ တချို့ အဖမ်းခံရပေမယ့် ပြန်လွတ်လာကြပါတယ်။ လက်စွပ်၊ ဆွဲကြိုး၊ ဖုန်း၊ ဆိုင်ကယ်တွေတော့ ပြန်မရဘူးပေါ့။ ကိုယ့်ဆေးရုံမှာ အမွှာလာမွေးတဲ့လူနာရဲ့မောင်လေးကတော့ မီးလောင်တဲ့ညက အပစ်ခံရလို့ သေရှာသတဲ့။ ဆယ်ဇင်းရွာမှာ မကြာသေးခင်က လာခိုလှုံနေကြတဲ့ CDM ဆရာဝန် ဇနီးမောင်နှံ ရှိပါတယ်။ လောင်းကစားဝိုင်းတွေနားက လမ်းကြားလေးထဲမှာ ဆေးခန်းလာဖွင့်ကြတာပါ။ ကချင်အမျိုးသမီး ဆရာဝန်မလေးက နဖူးကို ဗုံးဆန်မှန်ပြီး နေရာတင် ပွဲချင်းပြီးဆုံးပါတယ်။ ခင်ပွန်းဖြစ်သူ ဆရာဝန်ကလေးက သူ့ဇနီးအလောင်းကို ထွက်ဆွဲတော့ သေနတ်နဲ့ပစ်ပြီးဖမ်းသွားတယ်လို့ သိရပါတယ်။ သူ့နံမည်က ဒေါက်တာမျိုးဇင် ကျော် ပါတဲ့။ ဆရာဝန်မလေးရဲ့အလောင်းသာပြန်ရပြီး ဆရာဝန်ကလေး အလောင်းကို ပြန်မရဘူး လို့ သိထားရာကနေ တာမခန်က စစ်ဘေးရှောင်စခန်းမှာ အသိစိတ်ကင်းလွတ်နေတဲ့ ဆရာဝန်ကလေးကို တွေ့လိုက်တဲ့သူတွေ ရှိတယ် လို့ ပြောပါတယ်။ အဲ့ဒီနောက်တော့ ဘယ်ကိုပျောက်သွားမှန်း မသိတော့ပါဘူး။ အဲ့လောက် အတိအကျကြီးရေးပြနေတာတောင် သတင်းအမှားပါ လို့ သတင်းလိမ် တဲ့သူတွေက အော်ပြန်သေးတာ။ သူတို့ကို အဖက်လုပ်ပြီး ဖြေရှင်းနေတာ မဟုတ်ပေမယ့် သတင်းအမှားတွေနဲ့ ဇဝေဇဝါ ဖြစ်သွားမှာစိုးလို့ အဖြစ်မှန်ကို အတိအကျတင်တာပါ။
နေ့လည် ၁၁ နာရီလောက်မှာတော့ ရွာထဲက ပေးမထွက်တော့ပဲ လူနာသယ်တဲ့ ရဟတ်ယာဉ် နှစ်ခေါက်လာပါတယ်။ ဆယ်ဇင်းဘက်က လာတဲ့လူနာ ပြောတာကတော့ ဒီနေ့လည်း ဆယ်ဇင်းမှာ မလောင်ပဲ ကျန်နေသေးတဲ့အိမ်တွေကို မီးဆက်ရှို့တယ်တဲ့။ ကိုယ်တို့လည်း လတ်တလော အခြေအနေမှာ ဆေးရုံပစ္စည်းတချို့ကို သိမ်းထားပြီးဖြစ်ပေမယ့် အရေးပေါ်ရောက်လာမယ့် လူနာတွေ ခွဲလို့ရအောင်တော့ ပြင်ဆင်ထားပါတယ်။ ဆေးရုံပေါ်တင်ထားတဲ့ လူနာအားလုံးလည်း ဘိနပ်မစီးရုံတမယ် အဆင်သင့်ပြင်ထားပါတယ်။ သူတို့အားလုံး စိုးရိမ်စရာ မရှိတော့ပါဘူး။ ရင်သားကင်ဆာနဲ့ လူနာဆို ပေးပြန်လိုက်ပြီး အိမ်ရောက်တော့မှ ချုပ်ရိုးဖြည်ဖို့ မှာလိုက်ပါတယ်။ ဝယ်သောက်ရမယ့် ကင်ဆာဆေး နဲ့ သွေးစစ်ဖို့ပါ တခါတည်း မှာလိုက်တယ်။ ပြန်လာပြနိုင်ဖို့က မသေချာလို့ပါ။ ဒီမှာ တိုက်ပွဲတွေက ဆက်ရှိဦးမှာလေ။
ဆယ်ဇင်းမှာ ရဲ၊ စစ်တပ်၊ ရှမ်းနီ။ သူတို့ချည့်ပဲ ထီးထီးကြီး ကျန်ခဲ့ပြီ မဟုတ်လား။ ဘာဖြစ်မလဲ ဆက်ကြည့်ရုံပါပဲ။ သူတို့ကတော့ စစ်ကိုခေါ်လို့ စစ်လာတယ်ချည့် ပြောနေတာပေါ့။ အနိုင်ကျင့်လို့ရမယ့် ရွာသားတွေ မရှိတော့ဘူးလေ။ ကျား နဲ့ ဆင် လယ်ပြင်မှာ တွေ့ကြရုံပဲ ရှိတယ် မဟုတ်လား။ တွေ့လည်းတွေ့နေကြပါပြီ။ ကိုယ့်ဆီကို လူနာတစ်ယောက် ထပ်ရောက်တယ်။ ဒီနေ့မနက်မှ ရတဲ့ဒဏ်ရာ။ အရင်တပါတ်တုန်းက ငွေတောင်မှာတွေ့လိုက်ပြီး ဘယ်ရောက်သွားမှန်း မသိတဲ့ စကစအင်အား ၁၀၀ လောက်ကတော့ နမ့်နှစ်ရွာမှာ ပြန်ပေါ်လာပြီး ရွာသားတွေကို မောင်းထုတ်ပါသတဲ့။ ဒီနေ့ အဲ့ဒီဘက်မှာ တိုက်ပွဲဖြစ်ပြီး လေယာဉ်နဲ့ လာကျဲသွားတယ် လို့လည်း သိရပါတယ်။
ဆယ်ဇင်းမှာ KIA နဲ့ တိုက်ပွဲဖြစ်တယ်။ တစ်ရွာလုံးမီးရှို့ခံရတယ် ဆိုတာ အခုမှ ရုတ်တရက်ကြီး မမျှော်လင့်ပဲ ထဖြစ်တာ မဟုတ်ပါဘူး။ မအလဖိတ်ခေါ်ပွဲအပြီး ယွက်ဆစ်ရဲ့ RCSS / SSA ကို စကစဘက်က ကူတိုက်ပေးဖို့ ခေါ်ညှိထားတဲ့အတိုင်း လက်တွေ့လုပ်ဆောင်တာသာ ဖြစ်ပါတယ်။
တသက်တကျွန်းကျထားတဲ့ ABSDF (မြောက်ပိုင်း) က တစ်ယောက်ကို လွတ်ငြိမ်းချမ်းသာပေးပြီး ဟုမ္မလင်းဘက်က SNA တွေကို ဦးဆောင်စေပါတယ်။ လက်နက်နဲ့ ရိက္ခာပါထုတ်ပေးလိုက်ပြီး တပ်သားသစ်စုဆောင်းနေတာလည်း သိခဲ့ပြီးသားပါ။ အဲ့ဒီအဖွဲ့ ဟုမ္မလင်း-ဆယ်ဇင်း နယ်စပ်နားရောက်နေတာ ဒီဘက်မှာတော့ လူတကာသိ။ ရွာထဲကို သေနတ်ဘယ်နှစ်လက် ရောက်တာကအစ ကိုယ်တို့တောင် သိနေသေးရင် တကယ်စစ်တိုက်နေရတဲ့ကောင်တွေက မသိပဲ မနေပါဘူး။ စစ်ဖြစ်ဖို့ အခြေအနေတွေ တင်းမာနေတဲ့အကြောင်းလည်း ခဏခဏ ရေးနေတာပဲဟာ။
ဇူလိုင် ၁၇ မှာ ဆယ်ဇင်းဘက်ကို အင်အားဖြည့်ဖို့ လာတဲ့ စကစတပ် ကို KIA က ကိုင်တည့်လိုက်တယ်။ ရှမ်းနီအဖွဲ့တွေနဲ့လည်း တိုင်းရင်းသားချင်း စစ်မဖြစ်ချင်တဲ့အကြောင်း လူကြီးချင်း ညှိနှိုင်းကြတယ်။ သို့သော် ဇူလိုင် ၁၉ မှာ ပန်ချယ်စခန်းဟောင်းမှာ ဝင်နေကြတဲ့ စကစတပ်တွေက ရှမ်းနီနဲ့ပေါင်းပြီး ရွှေပြည်မြင့်ကနေ ဆယ်ဇင်းရွာထဲ ဝင်လာကုန်တယ်။ စုစုပေါင်း အင်အား ၂၀၀ လောက်ရှိတယ်။ ရွာထဲမှာ တစ်အိမ်တက်ဆင်း စစ်တာဖမ်းတာတွေ လုပ်တယ်။ KIA က နောက်ဆုတ်ပေးလိုက်ပြီး ၈ ရက်နေ့ကျမှ ရွာပြင်မှာ ရှိတဲ့ စကစ စခန်းတစ်ခု ရှမ်းနီ စခန်းတစ်ခုကို ဝင်သိမ်းပြီး ဖျက်ဆီးပစ်လိုက်တယ်။ ၉ ရက်နေ့ မနက် ၁၀ နာရီမှာ ရဲစခန်းကို လာတိုက်လို့ တနေကုန် လေကြောင်းပစ်ကူလာပြီး ညဘက်မှာ မီးလောင်ဗုံးကျဲ၊ ရွာကိုဝင် မီးရှို့တယ်။ အကုန်လုံး ရက်စွဲအတိအကျနဲ့ စာတွေ အဆက်မပြတ် ရေးခဲ့ပြီးသား။ ဒီမနက်ကျမှလာပြီး “သာမီးကို အတ်လို မရေးပါနဲ့။ သာမီးဖြူစင်တာ သာမီးပဲ သိပါတယ်။” ဆိုတော့ ဒီက စောင်ရူးလား သူတို့က စောင်ရူးလား။
ဒီစစ်ပွဲဟာ ကချင်ကို စစ်မျက်နှာ ဖွင့်ပြီ ဆိုတာ လူတိုင်းမြင်ရတယ်။ ဒီမှာလိုပဲ ဝမ်ဟိုင်းက SSPP နဲ့ ဆိုင်ထားတဲ့ စစ်မျက်နှာမှာလည်း သူတို့တိုက်တော့မှာ။ သူတို့ဘက်က အတိုက်စောင့်မနေပဲ လက်ဦးမှု ယူသင့်တယ်။ ဒီဘက်မှာ KIA အဲ့လိုစောင့်နေလို့ ဆယ်ဇင်းရွာ ပြာကျသွားတာ သင်ခန်းစာယူစေချင်တာပဲ။ အခုမတိုက်လည်း တဖြေးဖြေး တဖြေးဖြေး တိုက်ရတော့မှာ မထူးပါဘူး။ ငယ်ငယ်တုန်းက ခွေးရူးလိုက်တမ်းကစားသလို ဟိုဘက်က ခေါ်လိုက် သည်ဘက်က ရိုက်လိုက် နဲ့ ပတ်လည်လှည့် တိုက်ကြတာပေါ့။
“ဆရာ။ ဘာမှ မပူပါနဲ့။ ကျွန်တော်တို့ အရပ်က အေးချမ်းပါတယ်။ ရွာမှာနေသ၍ ဆရာ့လုံခြုံရေးကို ကျွန်တော်တို့ တာဝန်ယူပါတယ်။” လို့ အာမခံချက် ပေးနိုင်တဲ့ ရွာကလေးဟာ နောက်တစ်နှစ်အကြာမှာ စစ်မီးလောင်ကျွမ်းပြီး ရွာပျက်သွားရတယ်။ ပင်ပင်ပန်းပန်း ရှာဖွေစုဆောင်းထားရတဲ့ ရင်းကုန် ရောင်းကုန်တွေဟာ နေ့ချင်းညချင်း ဘာမှမကျန်အောင် ပျောက်ပျက်သွားတယ်။ တကယ်တော့ စစ်ကောင်စီအုပ်ချုပ်တဲ့အောက်မှာ မြန်မာတနိုင်ငံလုံး အေးချမ်းလုံခြုံတဲ့နေရာဆိုတာ ရှိကို မရှိဘူး။ စစ်ဘီလူးဟာ အချိန်မရွေး ကိုယ့်အိမ်ကို လာနှိပ်စက်နိုင်တယ်။ စစ်တိုက်နေတဲ့ ဗိုလ်မှူးကြီး ရဲမှူးကြီးတွေ ကိုယ်တိုင် သူတို့သားသမီးတွေကို လက်လှမ်းမီရာ ပြည်ပနိုင်ငံတွေဆီ ပို့ထားပြီးသား။ မြန်မာပြည်မှာ စစ်ပွဲက ဘယ်လိုမှ ရှောင်မရနိုင်ဘူး။ မြန်မြန်အပြီးသတ်လိုက်လို့ပဲ ရမယ်။ အရပ်တကာမှာ လူတကာ စစ်ပြေးစစ်ရှောင် လုပ်နေရတာ မြင်လျက်သားနဲ့ “ဟော်တယ်မှာ ကိုကာကိုလာ သောက်ဖို့ သူခေါ်တယ်။” ဆိုတဲ့ အကောင်တွေ အကောင်မတွေလည်း မကြာခင် မျက်စိအောက်တင် မသာပေါ်ကုန်ကြတော့မှာ။
“မင်းက လွတ်မြောက်နယ်မြေမှာနေရတာ။ ငါတို့က မြို့ပေါ်မှာ။ သူတို့ လက်ခုပ်ထဲကရေ။ ဒါကြောင့်မို့ သူတို့နဲ့ ဆန့်ကျင်ပြီးနေလို့ မဖြစ်ဘူး။ အလိုက်အထိုက်ပဲ နေရမယ်။ လူဆိုတာ ကိုယ့်ရှင်သန်ရေးအတွက် ကိုယ် ကြိုးစားရတာ။ သူများတွေ ဘယ်လိုထင်ထင် ဘယ်လိုပြောပြော ဂရုစိုက်စရာ မလိုဘူး။” လို့ ပြောတဲ့သူတွေကို သတိပေးချင်တာကတော့ “မိုးကြိုးပစ်ရာ ထန်းလက်နဲ့ မကာကြပါနဲ့။ မလုံပါဘူး။ မလွတ်ပါဘူး။” သူများအတွက် မစဉ်းစားနိုင်လို့ ကိုယ့်အတွက်ကိုယ် စဉ်းစားမယ်ဆိုလည်း အမှန်တကယ် လွတ်မြောက်အေးချမ်းရာကလေး ရွှေ့ပြောင်းစံမြန်းနှင့်ကြပါ။ နင်းချထိုးကျွေး ခံရတော့မယ့် အချိန် ရောက်နေပါပြီ။ ကိုယ့်ထက် လည်တဲ့သူတွေမို့ ကိုယ့်ထက် သိကြတတ်ကြမှာပါလေ။
အခုညပိုင်း ကြားရတဲ့သတင်းအရတော့ ဆယ်ဇင်းတစ်ရွာလုံး ကုန်ပါပြီ။ စိတ္တဇမီးရှို့သမားတွေများပါလာသလားမသိ။ မီးလောင်ပြင်က ဓါတ်ပုံတွေတွေ့ရတာ သိပ်ရင်နာစရာကောင်းတာပဲ။ ဆယ်ဇင်းရဲ့ စီးပွါးရေး အကောင်းဆုံးဆိုတဲ့ ဆိုင်တွေ လုပ်ငန်းတွေ အကုန်ပါသွားတယ်။ ဘာဆိုဘာမှ မကျန်တော့ဘူး။ မီးရှို့တဲ့သူတွေရဲ့မျက်နှာကို သေသေချာချာ မြင်လိုက်ရတဲ့ ရွာသားတွေဆီက တညီတညွတ်တည်း ပြောကြားချက်အရတော့ စကစ နဲ့ ရှမ်းနီတပ်ကလူတွေ ရှို့တာပါ။ ICJ အထိလည်း သက်သေလိုက်ထွက်ရဲပါတယ်တဲ့။
ဒါကတော့ ကြိုးစင်ပေါ်မှာ ခြေနင်းခုံခလုတ် ဖြုတ်မချခင်အထိကို ဝန်မခံပဲ ဗြောင်ငြင်းမယ့်သူတွေကို မန်ကျည်းတစ်ခွန်း ညောင်တစ်ခွန်း ခွန်းတုန့်မပြန်အားပါဘူး။ NUG က လူကယ်ပြန်ဝန်ကြီးဌာနနဲ့ ဆက်သွယ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ အခုပဲ စလုပ်နေပါတယ်။ ဆယ်ဇင်းမှာ မတရားအသတ်ခံရတဲ့ ရွာသူရွာသားတွေနဲ့ ပါတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း စုံစမ်းစုဆောင်းနေပါတယ်။ အများသိအောင်ဖတ်အောင် အပတ်တကုတ် ရေးသားမှတ်တမ်းတင်လာခဲ့တဲ့ စကားလုံးတိုင်း စကားလုံးတိုင်းဟာလည်း စစ်ခွေးအားလုံးနဲ့ အပေါင်းအပါတွေကို စူးနစ်ထွင်းဖောက်သွားနိုင်မယ့် စာကျည်ဆန်တွေ ဖြစ်ရပါစေသား။