စစ်သားတွေက သူတို့အလုပ်သူတို့လုပ်တယ်ဆိုတာ အမှန်ပါပဲ။ လူနေအိမ်တွေငဲ့ပြီး ရွာမီးရှို့တဲ့အလုပ်တော့ မလုပ်ပဲ ချန်ထားစရာ အကြောင်းမရှိဘူးလေ။ နေရာတိုင်း ဒီလိုလုပ်နေကျပဲဟာ။ ခုတခါ ကိုယ့်ရွာလောင်တဲ့အလှည့် လို့ ပြောရမှာပေါ့။ အိမ်ရှေ့က ဂီတရပ်ဝန်းကလေးလည်း ပါသွားပြီ။ ဈေးတစ်ဈေးလုံးလည်း ကုန်သလောက်ရှိပြီ။ မနက်လင်းတာနဲ့ ရွာသားတွေ တနိုင်တပိုင် အထုပ်ဆွဲပြီး ခြေလျင်ပြေးကြရတော့မယ်။ ကားတွေလည်း မလောက်တော့ဘူးကိုး။ နဂိုကတည်းက အိမ်စောင့် ဆိုင်စောင့် နေကြတဲ့သူတွေ။ စောင့်တဲ့အိမ် ပြာကျမှတော့ ဘာကို ဆက်စောင့်ရဦးမှာလဲ။ ရဲစခန်း ပတ်ပတ်လည်က လူနေအိမ်တွေ အကုန်ပြာကျအောင် မီးတိုက်ပစ်လိုက်တဲ့ သဘောပါပဲ။
ညတုန်းကတော့ တိုက်လေယာဉ်နဲ့ ၃ ခေါက် ဗုံးလာကျဲပြီး ရှမ်းနီတွေက ရွာထဲဝင်မီးရှို့၊ မီးငြှိမ်းဖို့ထွက်လာတဲ့သူတွေကို ပစ်သတ်တာကြောင့် မနက်လည်းလင်းရော တစ်ရွာလုံး ပြာကျကုန်ပါသတဲ့။ ရဲစခန်းကို လာမထိနဲ့။ တစ်ရွာလုံး မီးလောင်တိုက် သွင်းပလိုက်မယ် ဆိုတဲ့ စိတ်ရင်း စေတနာအမှန်တွေ ပေါ်လာတာဗျ။ မြွေပွေးကို ခါးပိုက်ပိုက်မိလို့ ရွာနာတာ လို့ ပြောရတော့မှာပဲ။ အခုတော့ ရွာကလူတွေခမျာ ဆိုင်ကယ် နဲ့ ကားနဲ့တောင် စစ်မပြေးနိုင်ရှာ။ လူကြီးတွေတွဲ ကလေးတွေဆွဲလို့ လမ်းလျှောက်ထွက်ရတဲ့ ဘဝ ရောက်ပါလေရော။ အထွက်နောက်ကျလို့ ရွာထဲမှာပဲ ပိတ်မိကျန်ခဲ့တဲ့သူတွေလည်းရှိသေးတယ်။ အသေအပျောက်လည်း မကောက်နိုင်၊ အထိအမှန် လူနာလည်း မပို့နိုင်။ ကိုယ်တည်းလက်ကျွတ် အလွတ်ရုန်း ပြေးခဲ့ကြရတယ် လို့ ပြောတယ်။ စစ်ရှောင်စခန်းတွေ ချက်ချင်းဖွင့်နိုင်ဖို့ ဒုက္ခသည်တွေ ထမင်းကျွေးနိုင်ဖို့ ကမန်းကတန်း ပိုက်ဆံတွေ လွှဲပို့ပေးရတယ်။ ရတယ်လေ။ ခွေးတွေနွားတွေက ခွေးအလုပ် နွားအလုပ် လုပ်ရင် တို့ကလည်း လူပီပီ လူအလုပ်တွေ မဆိုင်းမတွ လုပ်ကြတာပေါ့။
ကလေးလေးတစ်ယောက် သေနတ်မှန်လို့ ပွဲချင်းပြီးသေတာ သိရသလို ကိုယ်တို့နေတဲ့အိမ် မျက်စောင်းထိုးက ဗေဒင်ဆရာကြီးလည်း မပြေးနိုင်လို့ မီးထဲမှာ သေသွားတယ်။ ဘုန်းကြီးကျောင်းထဲဝင်အပြေးမှာ ပစ်လို့ တစ်ယောက်သေတယ်။ ကချင်သတင်းထဲမှာတော့ ရွာသား အယောက် ၃၀ ကျော် သေတယ် လို့ ဖတ်ရတယ်။ သေသမျှ အသတ်ခံရသမျှ အကုန် အရပ်သားချည့်ပါပဲ။ KIA ရော၊ ရှမ်းနီရော၊ စကစရော ရွာထဲမှာနေတဲ့သူဆိုတာ ဘယ်ရှိလိမ့်မလဲ။ လူနေအိမ်ခြေအပေါ် ဗုံးကျဲတာလည်း အခုမှ မဟုတ်။ သူတို့ အမြဲလုပ်နေကျ။ တကမ္ဘာလုံးက တားမယ့်ဆီးမယ့်သူ မရှိတော့လည်း လုပ်ချင်တိုင်းလုပ်နေကြတာ ကြာလှပြီ။ ဒီနည်း ဒီလမ်းတွေကပဲ သူတို့နဲ့ ကိုယ်နဲ့ကြားမှာ နင် မသေမချင်း ငါ မသေမချင်း တိုက်ပွဲတွေ စခဲ့တာ။
ဆယ်ဇင်းမှာ စကစလက်ပါးစေ လုပ်နေတဲ့ ရှမ်းနီစစ်တပ်ဟာ ရှမ်းနီလူမျိုးတွေကို ကိုယ်စားမပြုပါဘူး လို့ ရှမ်းနီတွေကတော့ ခါးခါးသည်းသည်း ငြင်းကြတယ်။ ဒါပေမယ့်လည်း SNA တွေ ဆက်ကြေးကောက်ရင် ပေးရတာပဲ။ စစ်သားလာစုဆောင်းရင်လည်း လူမလိုက်နိုင် ပိုက်ဆံထည့်ပေးခဲ့ရတာပဲ။ အခုတော့ ဒီလူတွေက မီးလာရှို့လို့ ရွာလုံးပြောင်ရပြန်ပြီ။ ဆယ်ဇင်းက ရှမ်းရွာနော်။ ကိုယ့်ရွာကိုယ် ပြန်ရှို့တာ။ ပထွေးက ခိုင်းလို့။ ၈၈ တုန်းက ABSDF ကျောင်းသားတပ်ဦးဆို တောခိုခဲ့တဲ့ကောင်တွေက စစ်ဖိနပ်လျှာနဲ့လျက်ပြီး မျိုးဆက်သစ်ကျောင်းသားတွေကို ပြန်သတ်နေတာရော။ မရှက်ဘူးလား။ စကတည်းက ဒလန်လုပ်ဖို့ တောခိုခဲ့တာလား။ အသက်ကြီးလို့ဖြင့် ဖင်မွှေးဖြူနေပြီ။ တော်လှန်ရေးကို သစ္စာဖောက်တဲ့အကျင့်က မပျောက်။ (လာလာခိုးဖတ်မနေနဲ့။ မင့် တည့်တည့် ရေးနေတာ)
နောက်ဆုံးတော့ ရွာပျက်သွားပြီ လို့ ဆိုရမှာပဲ။ အိမ်တွေဆိုင်တွေ မီးလောင်ပြင် ဖြစ်ကုန်ပြီး လူတွေလည်း စွန့်ခွါထွက်ပြေးနေရပြီ။ ဒီလိုရွာမျိုးလေးတွေ မြန်မာပြည်မှာ ဘယ်လောက်တောင် ပေါနေပြီလဲ။ စစ်တိုက်လို့ မနိုင်ရင် ရွာကိုမီးရှို့ရမယ်ဆိုတာ ဒေါ်စိန်အေးကျောင်းက သင်ပေးလိုက်တဲ့ ဖော်မြူလာကြီးပေါ့။ ဟုတ်လား။ ဘဝဆက်တိုင်း အမိုးအကာမဲ့ ဥကွဲသိုက်ပျက် နေရမယ့် အကောင်တွေ။ နောက်မျိုးဆက်အထိ မုန်းပင်စိုက်ခဲ့တဲ့ ဗမာစစ်သားတွေပါကွာ။
လူစုံသတင်းစုံတဲ့အခါကျမှ မနေ့က တိုက်ပွဲ အဖြစ်အပျက်ကလေးတွေ တစစီ ပြန်ဆက်ကြည့်တဲ့အခါမှာတော့ အခုလိုတွေ့ပါတယ်။ ၈ ရက်နေ့ မနက်အစောကြီးမှာ စစ်တပ်စခန်း နဲ့ ရှမ်းနီဂိတ်ကို KIA က ဝင်သိမ်းပြီး ဖျက်စီးပစ်လိုက်တယ်။ ၉ ရက်နေ့ မနက် ၁၀ နာရီမှာ ဆယ်ဇင်းရဲစခန်းကို ဝင်တိုက်တယ်။ တနေကုန် လေကြောင်းနဲ့ လာကူပစ်ပြီး ညဘက်ကျတော့ ပန်ချယ်ဘက်မှာထိုင်တဲ့ စကစ နဲ့ ရှမ်းနီတပ်တွေ ရွှေပြည်မြင့်ဘက်ကနေ ဝင်လာပြီး ရွာကို မီးရှို့တယ်။ ထွက်လာတဲ့သူ အကုန်ပစ်သတ်တယ်။ ဘုန်းကြီးကျောင်းထဲက ရဟန်းသံဃာတွေနဲ့ စစ်ရှောင်ရွာသားတွေကိုတော့ အပြင်ပေးမထွက်တော့ပဲ အထဲမှာ ဓါးစာခံဖမ်းသလို ဖမ်းထားတယ်။ လောလောဆယ် ရွာမှာ မီးလောင်ပြင်အလယ်က ရဲစခန်းကုန်းနဲ့ ဘုန်းကြီးကျောင်းကြီး ထီးထီးကြီး ထင်းကျန်ရစ်ခဲ့တယ်။ ငါတို့ လာတိုက်ရင် နင်တို့ဘုန်းကြီးပါ အပါခေါ်သွားမယ် ဆိုတဲ့သဘော။ ဘုန်းကြီးကျောင်းထဲက သက်ကြီးရွယ်အို စစ်ရှောင်ရွာသားတွေအတွက်တော့ ဆွေမျိုးသားချင်းများမှ အင်မတန်မှကို စိုးရိမ်ပူပန်မှု မြင့်တက်လျက် ရှိပါတယ်ပေါ့။ အဲ့ဒါ ဒီကနေ့ တစ်နေ့တာ ဆယ်ဇင်းအခြေအနေပါပဲ။ မနက်ခင်း စောစောပိုင်း တာမခန်၊ ဟောင်ပါးဘက် ထွက်လို့ လွတ်သွားတဲ့သူတွေအတွက်တော့ ဟိုဘက်မှာ စစ်ရှောင်စခန်းတွေ စီစဉ်ပြီး မော်တော်ယာဉ်အသင်းတွေက ကားနဲ့သွားကြိုပေးကြပါတယ်။ မီးဘေးစစ်ဘေး ဒုက္ခသည်တွေမို့ အလှူငွေများလည်း လှမ်းပို့ပေးလိုက်ပါတယ်။ ခမျာများလည်း ရင်ထဲဆို့နင့်နေလို့ မစားနိုင် မအိပ်နိုင်ပါပဲ။ ဖုန်းဆက်ပြီး အားပေးရင်တောင် ငိုသံပါကြီးနဲ့ ဆက်မပြောနိုင်ဘူး။ လူနာတွေရှိပေမယ့်လည်း လမ်းခရီးအခြေအနေအရ ကိုယ်တို့ဆီကို မလာနိုင်ကြဘူး။ စက်လှေတွေလည်း အကုန်သိမ်းထားကြပြီ။ ရွာထဲကအလောင်းတွေကိုတော့ ဥရုချောင်းထဲ ကန်ချတာ မြင်တဲ့သူက မြင်ပါသတဲ့။ ကျွင်္နုပ်တို့၏ စစ်မြေပြင်သတင်းထောက်ကလေးဆီကို သတင်းမီဒီယာဌာနများမှ တွေ့ဆုံဆွေးနွေး မေးမြန်းကြသော်လည်း စိတ်အာရုံ မကြည်လင်ပါသဖြင့် ငြင်းဆိုရပါသည်။ သိချင်တာရှိက ဒဲ့မေးပါ။ သိသမျှ မချွင်းမချန် ဖြေပေးပါမယ်။ “ဆြာစိုး ပြောပြီလေ။” ဟူ၍တော့ quote အလုပ်မခံလိုပါ။
လပြည့်လကွယ် အခါကြီးရက်ကြီးတွေမှာ အင်မတန်မှကို စည်ကားလှတဲ့ လှထုံတို့ရွာ။ ဘီယာဆိုင်၊ ကာရာအိုကေ၊ အနှိပ်ခန်း၊ ဂျင်ဝိုင်း၊ဖဲဝိုင်း၊ ဘိန်းခန်း၊ ဖာခန်းတို့ဖြင့် မြို့ပြအင်္ဂါရုပ်ထွက်သော တောခေါင်ခေါင်ကရွာကလေး။ ဘဏ်ခွဲကလေးတစ်ခုတောင် မရှိသော်လည်း သိန်းလေးငါးခြောက်ထောင် အခုလိုချင် အခု ကားပေါ်တင်ပေးလိုက်နိုင်တဲ့ ရွှေသူဌေးတို့ရွာ။ စစ်တပ်၊ ရှမ်းနီ နဲ့ KIA ကို ဖိုခုံလှောက်ဆိုင်တည်ပြီး ငြိမ်အောင်ထိုင်ကစားနိုင်တဲ့ မနောမြေ နဲ့ ဇေယျာတိုင်း အစပ်က ရွာကလေး။ အလုံးစုံပျက်စီးသွားဖို့ အချိန်တစ်ညပဲ ကြာပါတယ်။ ဘယ်လောက်ကြာအောင် ပြန်လည်တည်ဆောက် ယူရဦးမလဲတော့ မခန့်မှန်းနိုင်ပါဘူး။ လတ်တလောအခြေအနေမှာတော့ အဲ့ဒီမီးလောင်ပြင်ကလေးကို တရွာလုံး နင်းခြေဖျက်ဆီးထားတဲ့ စစ်ခွေးတွေ လက်ကလွတ်အောင် အရင် ကယ်တင်ရပါဦးမယ်။ ဆက်တိုက်ရဦးမယ်လေ။ ဒါ ခုမှ အစရှိသေး။