ချန်ဂင်တို့စခန်း (၆၆)

ဒီနေ့တော့ လေယာဉ်လာတဲ့အသံတွေ ကြားနေရပေမယ့် တိမ်တွေအုပ်နေလို့ မမြင်ရပါဘူး။ ပုစဉ်း မဟုတ်လို့ နေမှာပါ။ တိုက်လေယာဉ်တွေ လာတာလို့ ပြောကြတယ်။ ဆယ်ဇင်းရွာထဲကို ဗုံးလာကျဲတာတဲ့။ ဆယ်ဇင်းမှာ ကိုယ်တို့နေခဲ့တဲ့အိမ်ရဲ့ နောက်ဖေးဘက်က ခြံထဲကို ဗုံးကျလို့ အပေါ်ထပ်က ပျက်စီးသွားပြီး တံခါးတွေ ပွင့်ထွက်ကုန်တယ်။ လူ အထိအခိုက် မရှိလို့ တော်သေးတာပေါ့။

သာသနာ့ပါလ ဘုန်းကြီးကျောင်းထဲကို တစ်လုံးကျတယ်။ AHRN က staff house ပေါ် တစ်လုံးကျတယ်။ ရွာလယ်က ရဲစခန်းထဲကို စစ်သားတွေဝင်နေပြီး အတွင်း ခံတုတ်ကျင်းတွေထဲကနေ ခံပစ်နေတယ်လို့ သိရတယ်။ ဒါကြောင့်လည်း လေကြောင်း ပစ်ကူက ရဲစခန်းဘေး ပတ်ပတ်လည်က အိမ်တွေပေါ် လိုက်ချတာ။ ပြောရမယ်ဆိုရင်တော့ စစ်ပွဲဟာ ရွာလယ်ခေါင် ရောက်လာပြီပေါ့လေ။ ဖုန်းတွေလည်း ဘယ်ဆက်လို့ ရတော့မှာလဲ။ ရွာထဲက လူနေအိမ်တွေပေါ် ဗုံးကျဲတာကတော့ လွန်တာပေါ့။

ဒါပေသိ သူတို့အတွက်က လူသားအားလုံး ရန်သူဖြစ်နေပြီ ဆိုတော့ တရားတယ်ပဲ တွေးမှာပေါ့။ အဖေအိမ် အမေအိမ်တောင် ချန်မယ့်ကောင်တွေမှ မဟုတ်တာ။ ဟိုညက ဆုံးသွားတဲ့တစ်ယောက်လည်း အိမ်ထဲနေရင်း ဗုံးဆန်မှန်တာ။ ရွာကလူတွေ ဘယ်လောက်များ ကြောက်နေရှာမလဲ မသိ။ တနေကုန် လေယာဉ်တွေ ခဏခဏ လာနေလို့ အိမ်အောက်ထပ်မှာ ဝပ်နေရပြီး အပြင်တောင် မထွက်ရဲကြဘူးတဲ့။ အပစ်အခတ်တွေက မပြီးသေးတော့ ဒဏ်ရာရတဲ့သူတွေလည်း ဆေးရုံလာမပို့ရဲသေးဘူး။

သူတို့ထုံးစံအတိုင်းပဲပေါ့လေ။ စစ်သားချင်းတိုက်လို့ မနိုင်ရင် ရွာကိုဖျက်စီးဖို့ လုပ်တော့မယ်။ ညနေစောင်းတဲ့အထိ တိုက်လေယာဉ်တွေ လာတုန်းပဲ။ ရပ်ကွက် (၅) ထဲက အိမ်တစ်လုံးပေါ် ဗုံးကျလို့ ရွာသားတစ်ယောက် သေသွားပြန်တယ်။ နောက်တစ်လုံးကတော့ ဥရုချောင်းထဲ ကျလို့ တော်သေး။ မနက်ဖြန်ကျရင်တော့ ဘုန်းကြီးကျောင်းရော၊ ရွာသားတွေရော၊ စစ်ရှောင်ကြတော့မယ် လို့ ပြောတယ်။

မအေးပွင့်တို့၊ မြင့်မြင့်စန်းတို့တော့ ပြေးကုန်ကြပြီ။ ရဲစခန်းထဲက စစ်သား ၃၀ က ဘယ်ကိုမှ ထွက်မရတော့ဘူး မဟုတ်လား။ ကြွက်ထောင်ချောက်ထဲ တည့်တည့်ဝင်မိသွားပြီ။ မည်းမည်းမြင်ရာ လျှောက်ပစ်နေ။ ရဲသံပုံးကင် ဖြစ်ကုန်တော့မှာပဲ။ မြန်မြန်ဆန်ဆန် အမြင်မှန်ရပြီး လက်နက်ချစမ်းပါ။ ဒီတစ်နည်းပဲ ရှိတော့တယ်။ ဒါ သူတို့အသက်ကို ကယ်တင်ဖို့ ဘုရားသခင် လွှတ်လိုက်တဲ့ နောက်ဆုံးလှေပဲ။ ကျန်တဲ့နေရာ တုံးချင်သလောက် တုံးစမ်းပါ။ စစ်မြေပြင်မှာ လာမတုံးနဲ့။ ကိုယ့်မှာ အသက် အပိုပါတာလည်း မဟုတ်။

ဒီနေ့ ရဟတ်ယာဉ်က နှစ်ခေါက်ပျံတယ်။ ရွာထဲတော့ ဆင်းလို့ရမှာ မဟုတ်။ လူနာလည်း တင်လို့ရမှာ မဟုတ်။ ပန်ချယ်ဘက်ကို စစ်ကူပို့လို့ပဲ ရမယ်။ ဆယ်ဇင်းကို ရောက်တဲ့နေ့တုန်းက ချက်ချင်းကြီးကို ကားနဲ့လိုက်ကြည့်တဲ့ စခန်းမှူးကြီးရော စခန်းထဲမှာလား။ ပြေးနှင့်ပြီလား မသိပါဘူး။ ကြင်စိုးဖျက်လို့ ပျက်သွားတဲ့ ဘဝတွေထဲမှာ သူ့ဘဝလည်း ထည့်တွက်ရတော့မယ်။ ကြင်စိုးမက်လို့ သေသွားရတဲ့အသက်တွေထဲမှာလည်း စစ်သားအသက်တွေက ပိုများနေဦးမလား မသိ။

ဆယ်ဇင်းရဲစခန်းက နဂိုတည်းက ရဲလုပ်ငန်းတွေ မလုပ်တော့တာ ကြာပြီလေ။ လင့်စင်တွေ မီးမောင်းတွေ၊ ခံတုပ်ကျင်းတွေနဲ့ စခန်းလာသိမ်းရင် ခံတိုက်နိုင်အောင် ပြင်ဆင်ထားတာ။ ရဲကြပ် ရဲသားတွေ အပြင်ထွက်တာ ကန့်သတ်ထားသလို အပြင်လူ သူစိမ်းကိုလည်း စခန်းထဲ ပေးမဝင်ဘူး။ အမှုကိစ္စရှိရင်တောင် စခန်းအဝင်ဝမှာ ထွက်ပြီး စကားပြောတယ်။ မိသားစုတွေ အိမ်ပြန်ပို့ပြီး ရဲသားရဲမေတွေချည့်ပဲ အလှည့်ကျ လုံခြုံရေးဂျူတီယူပြီးနေကြတာ။ နေမကောင်းလို့ ကိုဗစ်စင်တာကို လာပြဖူးကြပါတယ်။ ရဲသား လို့တော့ အသိမခံကြဘူး။ တတ်နိုင်သလောက် ကိုယ်ရောင်ဖျောက်ပြီး မထင်မရှားနေကြတယ်။ သဘောကတော့ ဒီနေ့လိုနေ့မျိုးအတွက် အစောကြီးတည်းက သူတို့ အဆင်သင့် ပြင်ထားတယ်။ အခုလောလောဆယ် သွေးပျက်ချောက်ခြားပြီး မအိပ်နိုင်မစားနိုင် ဖြစ်နေရမယ့်သူတွေထဲမှာ ရဲစခန်းထဲက ခံပစ်နေရတဲ့ ရဲသားစစ်သားတွေ အကုန်ပါမှာပေါ့။ ပင်ပန်းလို့တောင် ကျောမခင်းရဲလောက်ဘူး။ အသက်ပါသွားမှာစိုးလို့။ ရင်းပေးလိုက်ပါ သားရီးတို့ရာ။ မင်းတို့ မိကြူ ဆန် စားမိနေမှပဲကို။

ဒီကောင်တွေ ဝင်လာတုန်းက KIA က အသေအကြေ ခံမတိုက်ဘူး။ အသာလေး ရှောင်ထွက်သွားလိုက်တာ။ ကြားထဲမှာ ရက်ပေါင်း ၂၀ လောက် စိမ်ပြေနပြေ ပြင်ဆင်ပြီးတော့မှ ပြန်လာတိုက်တာ။ သူ့ဘက်က အထိအခိုက် သိပ်မရှိဘူး။ သေတာ အရပ်သား ၂ ယောက် အိမ်ထဲမှာနေရင်း သေတာ။ KIA လည်း မဟုတ်၊ PDF လည်း မဟုတ်ဘူး။ အခု KIA ပြန်ဝင်လာတဲ့အခါမှာကျတော့ ရဲ၊ စကစ နဲ့ ရှမ်းနီဘက်က ထွက်ပေါက် မရှိဘူး။ လာကယ်မှာလည်း မဟုတ်ဘုး။ အသေခံ တိုက်ရတော့မယ်။ အခြေအနေ မကောင်းဘူး။

ကိုယ်တို့ကတော့ ရှင်းပါတယ်။ စစ်သားတွေ တိုင်းပြည်အုပ်ချုပ်တဲ့ စံနစ်ကြီးကို မလိုချင်တော့လို့ အဆုံးထိ တော်လှန်ရေး လုပ်နေတာ။ ရဲတွေကရော ကာလာချိန်းစစ်သားတွေ လာအုပ်ချုပ်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့ကြီးထဲမှာ ပျော်နေကြသလား။ ရဲဆိုတာ ဘယ်အဆင့်ပဲရောက်ရောက် စစ်သားတွေရဲ့ ခိုင်းဖတ်ပဲ လုပ်နေကြတော့မှာလား။ ရဲတွေကိုယ်တိုင် ရဲချုပ်ဖြစ်လာနိုင်တဲ့စံနစ်ကြီးကို မလိုချင်ဘူးလား။ ကိုယ့်ဘာသာကိုယ်ပဲ ပြန်မေးကြည့်ကြပါ။ စစ်တိုက်တာ ရဲအလုပ် မဟုတ်ပေမယ့် စစ်ပွဲမှာ ရဲတွေ စခန်းလိုက် ပြုတ်အောင် ထိုးကျွေးခံရတာ လောက်ကိုင်မှာကတည်းက မြင်ဖူးပါတယ်။ ဆယ်ဇင်းမှာလည်း အခု ပြည်သူ့ရဲတွေကို ဝိုင်းထားတယ်နော်။ လက်နက်ဖမ်းပြီး အချခံလိုက်တော့။ ခများတို့လည်း ယောက်ကျားရှိတဲ့ မာနတစ်ယောက် မဟုတ်ဘူးလား။ စစ်ကျွန်အဖြစ် နွံနစ်မခံစမ်းပါနဲ့။

ဇာတ်လမ်းကတော့ စိတ်လှုပ်ရှား ဖွယ်ရာပါပဲ။ မနက်ဖြန် ဘာဆက်ဖြစ်မလဲ။ ကိုယ်လည်း မသိသေးဘူး။ မနက်ကျ ခွဲခန်းဝင်စရာတော့ တစ်ယောက်ရှိတယ်။ အခုလောလောဆယ် စာရေးနေရင်း တိုက်လေယာဉ်လာတယ်။ ဗုံးကွဲသံတွေလည်း ကြားရတယ်။ ဆယ်ဇင်းဘက်တော့ မဟုတ်ဘူး။ တောင်ပေါ်မှာ လို့ ထင်တာပဲ။ အချိန်ကတော့ ည ၉ နာရီ ၄၅ ပါ။ ခဏနေရင်တော့ အကျိုးအကြောင်း သိရတော့မှာ မဟုတ်လား။ အိုင်ကလည်း ရေးရဦးမှာ ယူတို့လည်း ဖတ်ရဦးမှာပါလေ။