ချန်ဂင်တို့စခန်း (၆၅)

ဒီဘက်က ကလေးတွေက ကိုကို လာမယ်ဆိုလို့ ကာဖီရေတွေ ကြိုလို့ စောင့်နေကြတာ အာဇာနည်နေ့ကတည်းကပါ။ မလာနိုင်တော့လည်း ကိုယ့်ဘာသာလိုက်သွားရုံ ရှိတာပေါ့။ ၈/၈ နေ့ကူးတာနဲ့ ဆယ်ဇင်းက စခန်းတွေ တက်သိမ်းပလိုက်တယ်လေ။ ဆယ်ဇင်းမှာ သတင်းထောက်တွေပါ ရောက်နေပြီးသားမို့ ဖြစ်ဖြစ်ချင်းကတည်းက လိုင်းပေါ်မှာ သတင်းတွေ တက်ပါတယ်။ တို့ဆီက သတင်းထောက်တွေလည်း အချဉ် မဟုတ်တော့ဘူး။ သတင်းကို နောက်ကလိုက်မယူ။ ရှေ့ကနေကို ကြိုယူတတ်နေပြီ။ ဟိုဘက်က မအိမ်လုံးတွေကတော့ သတင်းသမားဆို သထုံတင်ထွန်းလောက်ပဲ မြင်ဖူးကြမှာ။

ကလေးတွေ အလုပ်စပြီဆိုတော့ လေယာဉ်တွေလည်း လာကြဦးမှာပေါ့။ တော်သေးတယ်။ မိုးသားတိမ်တိုက်တွေနဲ့ ဆိုတော့ ရာသီဥတုက ကိုယ့်ဘက်မှာ။ ဖုန်းလိုင်းတွေတော့ ထုံးစံအတိုင်း ဖြတ်ပစ်လိုက်ပြီ။ ကိုယ့်မှာတော့ ဘယ်လိုအကျိုးပေးလည်း မသိပါဘူး။ အဲ့သလိုဖြစ်ပြီဆိုရင် ခွဲခန်းဝင်စရာက အမြဲရှိတယ်။ နေမပူခင် သုတ်သုတ်ကလေး ခွဲနှင့်တာပေါ့ကွာ ဆို အပြေးအလွှားလေး ခွဲခန်းဝင်ကြတယ်။

ဖုန်းလိုင်းတွေပြန်ပွင့်တော့ စစ်ပွဲဘက်မှာရှိတဲ့ CDM ဆရာမလေးက ဒီကို လူနာ ၃ ယောက် ပို့လိုက်ပြီဆိုလို့ ခွဲခန်းအဆင်သင့်ဖြစ်အောင် ပြန်ပြင်ထားကြတယ်။ ရွာသားတစ်ယောက်ကတော့ အိမ်ပေါ် လက်နက်ကြီးကျလို့ ဆုံးသွားတယ်တဲ့။ ဒီတစ်ခါ မုန့်ဟင်းခါးချက်ရင် ပွဲကြီးဖြစ်မှာလို့ အစတည်းက မျှော်လင့်ထားပါတယ်။ ရေဆန်လမ်းကလာမှာဆိုရင် ၄ နာရီလောက်တော့ ကြာဦးမယ်။ လက်မောင်းကိုမှန်တဲ့သူ နှစ်ယောက်ပါတယ်ဆိုလို့ မေ့ဆေးဆရာဝန်ဆီ ဖုန်းဆက်ပြီး ပုခုံးပေါ်က အကြောပိတ်သိုင်းကွက်တွေ ကမန်းကတန်း သင်ရတယ်။ YouTube ထဲက ဗီဒီယိုတွေ ကြည့်ရတယ်။ အသစ်ရထားတဲ့ အာထရာဆောင်းစက်ကလေးနဲ့မို့ လုပ်နိုင်တာ။ လူနာကလည်း နောက်ထပ် ၂ ယောက် လာဦးမတဲ့။ ပေါင်း ၅ ယောက်ပေါ့ကွာ။ ဒီဘက်ရွာထဲမှာတော့ လက်နက်ကြီးသံတွေ ကြားရလို့ ဆိုပြီး ကျောင်းပိတ်ထားလိုက်တယ်။ ကိုယ်တို့တော့ ကိုယ့်အာရုံနဲ့ကိုယ်မို့ မကြားမိဘူး။

လူနာတွေရောက်လာတော့ ခွဲခန်းတန်းဝင်သွားလိုက်တာ တိုက်ပွဲအခြေအနေ ဘယ်လိုနေမှန်းတောင် မသိတော့ပါဘူး။ အထဲမှာ ဖုန်းလိုင်းမမိတော့ missed calls တွေလည်း တန်းစီလို့။ မက်ဆင်ဂျာက သတင်းမေးတဲ့သူတွေလည်း မဖြေနိုင်တော့။ ဟတ်စကီးတွေ လာတယ်ဆိုလည်း ထွက်မကြည့်နိုင်။ စိုးရိမ်ရတဲ့လူနာ မပါပေမယ့် လုပ်ကိုင်ပေးစရာ များတဲ့သူတွေ ဖြစ်နေတယ်။ ပိုးသတ်ပြီးသား ပစ္စည်းတွေ ကုန်သွားလို့ အကြွေး ၂ ယောက်ကျန်သွားရော။ မနက်ဖြန်မှပဲ ဆက်လုပ်တော့မယ်။

လူနာတွေဆီက ကြားရတာတော့ စကစ၊ ရှမ်းနီ နဲ့ ရဲတွေ အထိုင်ချတဲ့ စခန်း ၂ ခု သိမ်းပြီး မောင်းထုတ်လိုက်တယ်တဲ့။ လက်နက်တချို့လည်း ရလိုက်သတဲ့။ သူတို့ဘက်က အထိအခိုက်ကတော့ ဒါအကုန်ပဲ။ ဟိုဘက်ကတော့ အတိအကျ မပြောတတ်ဘူး။ များတယ် လို့ပဲ သိတယ်။ နေ့လည်လောက်ကတည်းက ပွဲကပြီးသွားတာ လို့ ပြောတာပဲ။ ဒါဆိုရင် ဒီညတော့ သတိနဲ့ အိပ်ကြတာပေါ့။ နို့ အရင်ညတွေကလည်း ဒီလိုပဲဟာ ဘာထူးလို့လဲ။ လုံခြုံရာမှာ ရွှေ့ပြောင်းအိပ်လိုက်၊ မနက်စောစောထပြီး ဆေးရုံမှာ အလုပ်တွေ ပြန်လုပ်လိုက်။ အားတောင် မအားရပါဘူးလေ။

ဒဏ်ရာရလူနာများလို့ antibiotics injections တွေ ပြိုက်ကနဲ ကုန်သွား တာ ထပ်မှာရဦးမယ်။ ပတ်တီးတွေ ဂွမ်းတွေလည်း တော်တော်လျော့သွားပြီ။ ဒီနေ့လာတဲ့လူနာတွေက ခြေတွေလက်တွေ ထိတာချည့်ပဲမို့လို့ nerve block တွေ စမ်းထိုးဖြစ်တယ်။ ခေတ်ပြောင်းလာတော့ ဘာပဲလိုလို လိုင်းပေါ်မှာ သင်လို့ ရနေပြီ။ သိတဲ့တတ်တဲ့သူဆီ မေးလို့ ရနေပြီ။ လိုတဲ့ပစ္စည်းလည်း မှာလို့ ရနေပြီ။ ဘယ်လိုပဲ ပိတ်ပင်တားဆီးထားသည်ဖြစ်ပစေ လမ်းကြောင်းတွေကတော့ ရှိနေတာပဲ။ ဒီနေ့အဖို့တော့ တိုက်ပွဲတွေ ရပ်သွားပြီ။ သေနတ်သံလည်း စဲသွားပြီ။ သို့သော် မနက်ဖြန် သဘက်ခါမှာ ဒီဘက်က တိုက်ပွဲသတင်းထပ်ကြားရသေးတယ်ဆိုရင် လိုအပ်မယ့် ဆေးဝါးပစ္စည်းတွေ တခါတည်း ဝိုင်းပို့ပေးကြပါဦး လို့ ခုကတည်းက ပူဆာထားလိုက်ပါတယ်။ လောလောဆယ် ရှိသေးပေမယ့် လိုမှ ထမှာရင် မမီဘူး။ ဒါတောင် မိုးတွင်းစာ စုထားတာ မနည်းမနော။

ဒီဘက်က တိုက်ပွဲသတင်းတွေ ဖတ်ရတဲ့အခါ တော်တော်များများကတော့ ပျော်နေကြသားပဲ။ ဒါပေမယ့်လည်း ကိုယ့်ကျတော့ သိပြီးသားအဖြေကြီးမို့ ထူးခြားပြီး မတုန်လှုပ်ပါဘူး။ အာဏာသိမ်းကာစမှာလည်း ဆယ်ဇင်းက ပထမဦးဆုံး အသိမ်းခံရတဲ့ စကစ စခန်းပါ။ ထွက်ပြေးသွားကြတယ်။ လက်နက်နည်းနည်းပါးပါး ရလိုက်တယ်။ အောင်ပြီ အောင်ပြီ ၃ ခါအော်ပြီး သတင်းမီဒီယာပေါ်တင်ကြတယ်။ ကိုယ်တို့ ဆယ်ဇင်းလာတော့ မောင်ပိုနေမြဲ ကျားနေမြဲပဲ။ အခုလည်း တိုက်ထုတ်လိုက်ပြန်ပေါ့။ မေ့လောက်တော့ အသာလေး ပြန်လာနေကြဦးမှာပါ ဆိုတဲ့ အတွေးကြီးက ဖျောက်မရဘူး။ ဒီနေရာက မိဂဒါဝုန်လေ။ ဂျေရုစလင် မဟုတ်ဘူး။

ဆယ်ဇင်းကို ပြန်သိမ်းလိမ့်မယ်ဆိုတာ ကိုယ်တို့ပဲ သိတာ မဟုတ်ဘူး။ ရွာသားတွေလည်း သိတယ်။ ဟိုဘက်ကလူ​တွေလည်း သိတယ်။ ရွာထဲက စစ်ရှောင်သွားတဲ့သူတွေ ပြန်လာရင် “မလာနဲ့ဦး။ လာလို့မရသေးဘူး။” ပြောထားတာ အကြောင်းရှိလို့ပေါ့။ အခု သိမ်းပြီးသွားပြီ။ ဘာဆက်ဖြစ်မလဲ။ တစ်ရက်နှစ်ရက် စောင့်ကြည့်လေ။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး။ အရင်လို ပြန်လာနေကြ။ အလုပ်တွေ ပြန်လုပ်ကြ။ ဘဝဆိုတာလည်း တိုက်ပွဲပဲ။

ဆယ်ဇင်းတိုက်ပွဲဟာ စစ်ကိုင်းမှာ၊ ကရင်မှာ၊ ကယားမှာ တိုက်တဲ့ တိုက်ပွဲတွေနဲ့တော့ မတူတာ အမှန်ပဲ။ ဆယ်ဇင်းတို့ ဖားကန့်တို့ဆိုတာ ရွှေတွေကျောက်တွေ မြေကြီးထဲက ထွက်တဲ့နေရာဆိုတော့ ဘယ်သူကမှ လက်လွတ်မခံနိုင်ဘူး။ တိုက်ရင်ပြေး အေးရင်ပြန်လာ သိုင်းကွက်နဲ့ပဲ နေကြမှာ။ ပုရွက်ဆိတ်အုံ ရေနဲ့လောင်းလိုက်သလိုပဲ နေမှာပေါ့။ ခနတော့ ရှဲသွားမယ်။

ကချင်ပြည်နယ်မှာ ဆယ်ဇင်းထက် တိုက်ပွဲကြမ်းတဲ့နေရာတွေ ရှိပါတယ်။ ကောလင်း၊ ဝန်းသို၊ အင်းတော်တဝိုက်။ ဗန်းမော်တဝိုက်။ ဝိုင်းမော်အနီးအနား။ လီဒိုလမ်းမပေါ်။ အဲ့ဒီနေရာတွေက ခဏခဏ တိုက်ပွဲသတင်းတွေ တက်တယ်။ ဗျူဟာအရ အချက်အချာ ကျလို့ နေမယ်။ မြေပြင်အနေအထားကို ကချင်တွေက ထိန်းချုပ်ထားနိုင်ပေမယ့် ဝေဟင်မှာတော့ လေတပ်ရှိတဲ့ကောင်တွေက သာတာပေါ့။ ဒီဘက်ကလူတွေဆီမှာ လေယာဉ်ပစ်အမြောက်သာ ရမယ်ဆိုရင် ပွဲသိမ်းတာ ကြာပြီ။ ဒီလိုမှ မဟုတ်လည်း လေတပ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှ ဒီဘက်က အရေးသာမယ်။ တံတားဦး နဲ့ မိတ္ထီလာမှာ ရှိတယ်လေ။ ကချင်တွေက ဗမာတွေကို ကူတိုက်ပေးဖို့ချည့် မစဉ်းစားပဲ ဗမာတွေကလည်း ကချင်တွေကို တိုက်ပေးမှ ရမယ်။ တော်လှန်ရေးကို တပြည်လုံးအတိုင်းအတာနဲ့ တိုင်ပင်ကိုက်အောင် စီမံရတော့မှာ မဟုတ်လား။ ကရင်တွေ ကယားတွေဘက်လည်း ဒီလိုပဲ စဉ်းစားရတော့မယ်။

ဒါတွေက ကိုယ့်ထက်သိတဲ့တတ်တဲ့ စဆရကတွေ ရှိပါတယ်လေ။ ကိုယ်လုပ်နိုင်တာ ကိုယ်ကူနိုင်တာကိုပဲ ပို အားစိုက်တာ ကောင်းပါတယ်။ ကိုယ့်ဆေးရုံက လက်ခံကုသပေးနိုင်တဲ့ coverage area ကို တဖြေးဖြေး ချဲ့ယူဖို့ သင့်ပြီ မဟုတ်လား။ အဲ့ဒီအတွက် တည်နေရာကို ဖျောက်မထားတော့ပဲ ဒီကိုလာလို့ပို့လို့ ရတယ် လို့ လူအများသိအောင် တင်တာ။ အရေးအကြောင်းဆို ရောက်အောင်သာ လာခဲ့။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပေးမယ်။ ကောကျင့်ကောကောလေးတော့ အကြောပိတ် သွေးတိတ်သိုင်းပညာတွေ သင်ကြားတတ်မြောက်သွားလို့ အလုပ်လုပ်ရတာ အင်မတန်မှပဲ အဆင်ပြေလွယ်ကူသွားပါပြီ။ နောက်ထပ်ရောက်လာမယ့် လူနာများအတွက် အဆင်သင့် ရှိနေပါပြီ လို့ သတင်းကောင်း ပါးအပ်ပါတယ်။