ချန်ဂင်တို့စခန်း (၆၄)

ကိုယ်တို့ ဗမာတွေ ဗေဒင်ကိန်းခန်း ယုံကြည်ကြတာ အဆန်းတကြယ် တော့ မဟုတ်ပါဘူး။ ဗုဒ္ဓဘုရားရှင်တောင် ပထမဦးဆုံး တရားဟောတော့ မွေးကတည်းက သူ့ကို ခြေခဏာဖတ်တဲ့ ဗေဒင်ဆရာ ပုဏ္ဏားကြီး ၅ ယောက်ကို အရင်ဟောတာ မဟုတ်လား။ ဒါတွေကို အယုံအကြည်မရှိရင် ရှင်ရဲထွဋ် တောင် ဘုရင့်နောင်ဖြစ်တဲ့အထိ မရောက်ဘူး။ သခင်ကြီးမှာ ကိုယ်ဝန်ရှိကတည်းက မင်းကြီးညိုသတ်လို့ သေတယ်။ ပေရွက်ဇာတာလေးတစ်ချပ်က လူ့အသက်ကိုကယ်တာ ရာဇဝင်မှာ အထင်အရှားပဲ။ ဒါဆိုရင်လည်း တော်လှန်ရေးကြီးအတွက် ဗေဒင်လေးဘာလေး မေးကြည့်ကြရင် မကောင်းဘူးလား။

မေးစရာတောင် မလိုပါဘူး။ စစ်ခွေးနှိပ်စက် အိပ်ရေးပျက်ရတဲ့ မိဘပြည်သူအပေါင်းထဲမှာ ဗေဒင်ဆရာတွေ အကုန်ပါတယ်။ သူတို့လည်း ဘဝတသက်တာ လေ့လာဆည်းပူးခဲ့ရတဲ့ ဗေဒင်နက္ခတ်ပညာတွေနဲ့ နွေဦးတော်လှန်ရေးကြီးကို ဟောစာတမ်းတွေ ထုတ်ခဲ့ကြတာ မနည်းမနောကြီးပါလေ။ အဟောကောင်းလို့ လင်းညှို့တာရာ ဆို ခုထက်ထိ ထောင်ထဲက မထွက်ရသေးဘူး။ သို့သော် ဟောစာတမ်းတို့ရဲ့သဘောသဘာဝအရ ချဲဂဏန်းများလိုပဲ ပေါက်ပြီ ဆိုမှသာ ဘယ်ဟာမှန်တယ် ဘယ်ဟာမမှန်ဘူး သိရတာကိုး။ အဲ့ဒီအချိန်ကျတော့မှ ဟောစာတမ်းတွေ ပြန်ရှာဖတ်ပြီး ဒီမယ်ကြည့်စမ်း။ ဘယ်သူကဖြင့် ဘယ်တုန်းကတည်းက ဘယ်လိုဟောထားတာ။ ကွက်တိပဲဗျ။ ဒက်ထိပဲရှင့်။ ပေါက်ဖော် လုပ်ကြတာမျိုး။

ခုချိန်ထိအောင် ဘယ်ဗေဒင်ဆရာ တစ်ဦးတစ်ယောက်ကမှ စစ်အစိုးရကြီး အဓွန့်ရှည်စွာ သိမ်းပိုက် အုပ်ချုပ်သွားလတ္တံ့ လို့ ဟောကိန်းထုတ်ထားတာ မရှိသေးပါဘူး။ ကြင်စိုးတို့ လင်မယားကိုယ်တိုင် မေးရင်တောင် ပလ္လင်ပေါ်ရောက်လတ္တံ့ နဲ့ပဲ ရပ်ထားမှာ။ ခေါင်းဖြတ်ကွပ်မျက်ခံရအံ့ အထိ ဆက်ဟောရဲမှာ မဟုတ်။ ယတြာလေးချေကြရအောင်လေ ဆို လျှောချသွားမှာ။ ခုနှစ်ပိုင်း တော်တော်များများ အဟောထွက်ထားတာက ၂၀၂၂ မကျော်ဘူး လို့ ဖတ်ရပါတယ်။ ဒီ့ထက်ကို ရဲရဲတင်းတင်း ဟောတဲ့သူကတော့ နောက်ထပ် ရက် ၄၀ မကျော်ဘူးတဲ့။ ယုံတာ မယုံတာ အပထား။ ရက် ၄၀ ဆိုတာ ဘာမှ ကြာတော့တဲ့ကာလ မဟုတ်ဘူး။ ၂၀၂၂ ဆိုတာလည်း နောက် ၄ လ နေရင် ကုန်ပြီလေ။ ဗမာ့ဟောကိန်းက ဒီလိုပဲ အဆိုရှိလေတယ် လို့ မှတ်လိုက်ကြရအောင်နော့။

စင်္ကာပူဟောကိန်းကတော့ နောက်ထပ် အနှစ် ၂၀ တောင် ကြာမှာ ဆိုပါလား ပရိသတ်ရဲ့။ ခမာဟောကိန်းကလည်း “မိမိလက်ထက်တော့ ကျွတ်တမ်းမဝင်။ နောင်ဘုရားရှင်များ ချေချွတ်ကြရန်။” လို့ ဗျာဒိတ်ပေးသွားတာပဲ။ ယူတို့ တိုင်းပြည်မှာ ဗေဒင်ဆရာ မရှိရော့သလားကွယ်။ သူတို့က ဘာတွေကြည့် တွက်ချက်သွားမှန်း မသိပါဘူး။ ဒေါ်လာဈေး၊ ဆီဈေး၊ ရွှေဈေးတွေ ကြည့်ပြီး စီးပွါးရေးအခြေအနေ ကို ကြည့်ရင်တော့ နောက် အနှစ် ၂၀ နဲ့လည်း ပြန်နာလန်ထူနိုင်မယ့် အခြေအနေ မရှိဘူး။ ကျန်းမာရေး အခြေအနေကို ကြည့်ချင်လား။ ဒါလည်း စူပါမန်းကြီး ဆင်းလာတောင် အရင်လိုပြန်မဖြစ်တော့တာ သေချာတယ်။ အဲ့ဒီ “အရင်” ဆိုတာကိုက သူများတွေထက် အနှစ် ၂၀ လောက် နောက်ကျနေပြီးသား။ ဒါပေမယ့် တော်လှန်ရေး အခြေအနေကို ကြည့်ရင်တော့ ကြာကိုမကြာတော့ဘူး လို့ ဆရာစိုးကလေးက ဟောကိန်းထုတ်လိုက်ပါတယ်ဗျား။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် စောင့်ကြည့်ကြတာပေါ့နော့။

မနှစ်ကတုန်းက ဒီလိုအချိန် “လှထုံတို့ရွာ” ကို ရေးတုန်းက ကိုယ့်မှာ ရွာထဲ ဆေးကုရင် နံမည်ကို ထုတ်မပြောခဲ့ဘူး။ လိုင်းပေါ် စာရေးရင်လည်း နေရာကို ဖျောက်ထားရတယ်။ ဒီမလာခင် ရန်ကုန်မှာကတည်းက ကိုယ့်ဓါတ်ပုံလေး လိုင်းပေါ်တင်ပြီး ရွှေသမင်ကို ဖမ်းလို့ပေးပါ ပူဆာနေတဲ့ စစ်ခွေးတွေ ဘောမတွေ တပြုံကြီး။ ခုချိန်ထိလည်း ပျံလေသည့် ငှက်ခါး နားခါမှသိစေ့မယ် ကြိမ်းနေကြတုန်းပဲ။ ဟာဟ။ မိလည်းမမိပဲနဲ့။ ဒီက ပုန်းလည်း မနေပါဘူး။ တည်နေရာကို မြေပုံကြီးနဲ့ပါ ပြထားတယ်။ ညတိုင်းလည်း ဒရုန်းကြီးနဲ့ လာပျံကြည့်ရင် လက်ခလယ်ပြပြီး နှုတ်ဆက်ပါတယ်။ လာမှ မဖမ်းပဲနဲ့ဟာ။ လိုင်းပေါ်မှာ စာတွေ မပြတ် ရေးတင်ပြီး “ကိုကိုရေ လာပါ လာပါ” ခေါ်နေတာတောင် လာလည်း မလာဘူး။ လာခဲ့ရင် ရန်တွေ့မှာမို့လား ပြော။

ဆယ်ဇင်းမှာ သူတို့ရောက်နေတာ ဇူလိုင် ၁၉ ကတည်းကလေ။ ဒီဘက်များ ဝင်လာလေမလား မျှော်တာမျှော်တာ ချိုးလက်ရေ ခါခါပြောင်း ညောင်းနိုင်ဘူးထင်။ စောင့်ရင်းခွဲတဲ့လူနာတွေတောင် ဆေးရုံကဆင်းသွားပြီ။ မလာဘူးဆိုလည်း ပြန်တော့လေ ကိုကိုရဲ့။ အရင်လိုပဲ လူနာတွေ ဆေးရုံကြီးနဲ့အပြည့်တင်ပြီး ကုချင်လှပြီ။ ဒီ ဝင်မလာရဲပဲ နောက်အနှစ် ၂၀ စစ်တိုက်ချင်တဲ့ကိုကိုနဲ့တော့ ခက်သေးတယ်။

ကိုယ့်လက်ထဲမှာ အပ်တိုတစ်ချောင်း မရှိပဲနဲ့တောင် (မှားလို့ မှားလို့ ဆေးထိုးအပ်တွေတော့ လှည်းတစ်စီးတိုက် ရှိတယ်။ စုထားတာ။) နှစ်ကူးလပြောင်းတဲ့အထိ နှိမ်နင်း ဖမ်းဆီးလို့ မရသေးတာ လတိုင်း လတိုင်း သင်တန်း ဆင်း ဆင်း လာသမျှ PDF ကလေးတွေကို သူ ဘယ်လိုရင်ဆိုင်မလို့လဲ။ ချင်းပြည်၊ ကယားပြည်၊ စစ်ကိုင်းတိုင်း ကို ထောင်းလမောင်း ကျေအောင် မီးရှို့သတ်ဖြတ်ပလိုက်တာ တပ်ရင်းလိုက်ပြုတ်၊ ကစထမှူးတွေပါ ပြုတ်ထွက်ကုန်တယ် မဟုတ်ဘူးလား။ ကိုယ်တို့ဘက်က စီးနင်း သိမ်းပိုက်ရာ လမ်းကြောင်းနည်းနာ ရှာနေတာ။ သူတို့ဘက်က စွန့်ခွါလွတ်မြောက်ဖို့ ပြေးပေါက်ဂယ်ပေါက် ရှာနေတာ။ ဘယ်သူက အရေးသာနေလို့လဲ။ မခန့်မှန်းတတ်ဘူးလား။

ပြောတော့ဖြင့် ရန်သူက သူတို့အလုပ် သူတို့ လုပ်နေတာ ဆို။ ဒီကောင်တွေ စစ်မတိုက်ရဲလို့ မိတဲ့ကောင် သတ်ပြနေတာ။ လက်နက်မဲ့ကို ညှင်းဆဲပြနေတာ။ အသိသာကြီးပါ။ SSPP ကို လက်ဖျားနဲ့တောင် မတို့ရဲပဲ သဉ္ဇာဝင့်ကျော်ကိုသာ ဖမ်းပြနိုင်တာ အနှစ် ၆၀ ကျော် သက်တမ်းရှိ မြန်မာ့တပ်မတော်ကြီးရဲ့ တိုက်ရည်ခိုက်ရည် နဲ့ ရဲစွမ်းသတ္တိပေါ့။ ဟုတ်လား။ ဒီလိုစစ်တပ်ကြီးကို အမြစ်ဖြတ်ဖို့များ ဘာတွေကြောက်နေကြတာလဲ။ အဲ့ဒါ Gen L အတွေးတွေ။ ခေါင်းထဲအဝင်မခံနဲ့။ ရှက်စရာကြီး။ ဒီအဆင် နဲ့ ဒီအဆင် နှစ်ပေါက်အောင်တိုက်စရာကို မလိုတော့ဘူး။ ဒါ ဗေဒင် မဟုတ်ဘူး။ မြေပြင်။ မင်းမကြည့်လို့ မသိတာပါ။ အချစ်က မင်းအနားမှာပါ။ စိတ်မရှိလို့ မရိပ်မိတာပါ။ အချစ်က မင်းအနားမှာပါ။ မကြောက်နဲ့။ ဟုတ်ပြီလား။

အခုဆိုရင် မြင်တဲ့သိတဲ့အတိုင်းပဲနော်။ လူလည်းသိတယ်။ နေရာလည်းသိတယ်။ ကိုယ့် လာမဖမ်းနိုင်သေးတာ ဒီနယ်မြေက သူတို့မစိုးမိုးနိုင်တဲ့ အရပ်မို့လို့ပေါ့။ ရှင်းနေတာပဲဟာ။ မြန်မာပြည်မြေပုံပေါ်မှာ စစ်ကောင်စီအတွက် လက်လွှတ်နယ်မြေတွေ တစ်နေ့ထက်တစ်နေ့ များသထက်များလာပြီ။ ကချင်မှာ၊ စစ်ကိုင်းမှာ၊ ကရင်မှာ၊ ကယားမှာ၊ ချင်းမှာ၊ ရခိုင်မှာ နယ်မြေလည်းမစိုးမိုးတော့ဘူး။ ဒေသခံ ပြည်သူလူထုကလည်း ခါးခါးသည်းသည်း မုန်းတီးစိတ်နာနေကြပြီ။ ကိုယ်တိုင် လက်နက်ကိုင်မတိုက်နိုင်ရင် ဝတ်စားထားတဲ့ လက်ဝတ်လက်စား ချွတ်ပေးပြီး ဒါလေးနဲ့ လက်နက်ဝယ်တိုက်ပေးပါ လို့ တောင်းပန်နေကြရတာ။ ကိုယ့်လက်ထဲထားလည်း စစ်သားတွေ လာလုရင် အသက်ပါအဆစ်ပေးနေရဦးမှာလေ။

မြို့နေလူထုကို ရှုံးမဲမဲပြီး မတရားနှိပ်စက်ပြန်တော့ မြို့သိမ်းတိုက်ပွဲတွေ အောင်မြင်ဖို့ ပိုနီးစပ်တာပေါ့။ စီးပွါးရေး၊ ကုန်သွယ်ရေးတွေ ထိန်းမနိုင် သိမ်းမရဖြစ်၊ စားဝတ်နေရေးတွေ အရမ်းကြပ်တည်းလာ။ မြို့လယ်ခေါင်ရော ဆင်ခြေဖုံးပါမကျန်၊ သတ်ဖြတ်လုယက်နေတာကို ဘယ်သူကမှ အရေးမယူနိုင်။ ရဲတွေက သူခိုးဓါးပြ မဖမ်းတော့ပဲ စစ်ဗိုလ်တွေ ဖမ်းခိုင်းတဲ့သူတွေချည့် လိုက်ဖမ်းနေရတာ CDM လုပ်စရာမလိုပဲ ရဲလုပ်ငန်းတွေ အကုန်ရပ်တန့်ကုန်ရော။ KBZ ဘဏ် ဓါးပြတိုက်တာ တပ်ထဲက ဗိုလ်မှူးတွေ ကိုယ်တိုင်ပါ ဆိုတော့ ရဲတွေက “ဟိတ်ကောင်တွေ မပြေးနဲ့။” တောင် အော်ရဲမှာ မဟုတ်။ မြို့နေလူထုက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်ရင် ဘယ်သူ့ကို သွားအားကိုးမလဲ။ Light truck ကြီးနဲ့ တင်ခေါ်လာတဲ့ ဒလန်တွေ မဘသတွေ ကိုယ့်အိမ်လာ ရန်ပြုရင်ကော ဘယ်သူ့သွားတိုင်မလဲ။ ဘယ်သူက တုန့်ပြန်ပေးမှာလဲ။ UG /PDF ကိုပဲ အားကိုးရတော့မှာ မဟုတ်ဘူးလား။

စစ်သားတွေ ရဲတွေက တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်ငြိမ်ဝပ်ပိပြားရေး လုပ်နေတဲ့ အုပ်ချုပ်ရေးထိုင်ခုံပေါ်ကဆင်းပြီး သူခိုးအလုပ် ဓါးပြအလုပ်တွေ လုပ်နေတဲ့အခါ တော်လှန်ရေးလုပ်နေတဲ့ကလေးတွေက အလိုလို အဲ့ဒီကုလားထိုင်ပေါ် ရောက်လာလိမ့်မယ်။ မြို့ခံလူထုကိုယ်တိုင်က ကယ်ပါဦး၊ ကူပါဦးဆို မြို့ကို ထိုးအပ်ရတော့မယ့် အခြေအနေ။ လူတိုင်းလူတိုင်းစိတ်ထဲမှာ ဒီစစ်သားတွေလက်အောက်တော့ ဘယ်လိုမှ နေမဖြစ်တော့ပါဘူး ဆိုတဲ့ ခံစားချက်တွေ အရမ်းပြင်းပြလာပြီ မဟုတ်လား။ ဒီဘူတာဆိုက်မှတော့ နောက်နှစ်တောင် မကူးဘူး။ စိတ်သာချ။

ဒီစကားမျိုးတွေက ဦးဇော်ဝေစိုးကြီး D day ခေါ်ကတည်းက နားနဲ့မဆန့်အောင် ကြားခဲ့ပပါလေ။ ရိက္ခာတွေ ၂ ပါတ်စာ ဝယ်ဝယ်စုရတာလည်း မောလှပေါ့။ အခုဆို သူ့အသံအေးစက်စက်ကြီးကို ကြောက်ဒူးတုန်တဲ့ ဗိုလ်ကတော်မတွေတောင် ရိုးသွားပြီ။ ဒါပေသိ တခြား ဘာမှ ကြည့်စရာ မလိုပါဘူး။ ကိုယ့်စစ်တပ်ထဲက စစ်သည်အင်အားပဲ သတ္တိရှိရှိ စာရင်းပြုစုကြည့်စမ်းပါ။ ဒီအတောအတွင်း ဘယ်လောက်လျော့သွားပြီလဲ သိရအောင်။ အထည်ချုပ်ကစစ်သည်ပါမကျန် ရှေ့တန်းပို့နေရတာတောင် ကျန်ရှိအင်အား နဲ့ နောက်ထပ် ဘယ်လောက်ကြာကြာ ဆက်တိုက်နိုင်မှာတုန်း။ ပျူစောထီးအတွက် ထုတ်ပေးထားတဲ့လက်နက်တွေဟာ သိပ်မကြာခင် PDF တွေ လက်ထဲပါကုန်တော့မှာလည်း ရှိသေးတယ်။ ကိုယ်တို့ဘက်က နောက်ထပ် အနှစ် ၂၀ ဆက်တိုက်ရမယ်ဆိုလည်း တိုက်မှာပဲ။ သူတို့ဘက်မှာသာ နောက်ထပ် ၂ နှစ်လောက် ကြာအောင်ဆက်တိုက်ခိုင်းရင် မသာ နဲ့ တပ်ပြေးချည့် ဖြစ်ကုန်လို့ လက်နက်ချရမှာ။ စလုံးတရုတ်တွေ ဗေဒင်များဟောစားလို့ကတော့ သီရိလင်္ကာထက် ဆိုးမယ်။ ဘူမသိ ကိုးမသိ နဲ့ ထင်ရာမြင်ရာတွေ သိပ်ပြောတာပဲ။ အနှစ် ၂၀။ ဟုတ်လား။ “Really crazy rich Asians!”

အာဆီယံမှာ မြန်မာတစ်နိုင်ငံတည်း လောင်မြိုက်နေတာ ကိုယ့်အပေါ် သက်ရောက်မှု မရှိလောက်ပါဘူး လို့ ထင်နေတာလား။ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု မရှိရင် ကိုယ့်ဆီကိုလည်း အနှေး နဲ့ အမြန် လာထိခိုက်မှာပဲ။ ဘေးအိမ်ကတဲကုပ် မီးလောင်တာ ဝင်မငြှိမ်းပဲ ထိုင်ကြည့်နေရင် ကိုယ့်တိုက်ကို မီးစွဲမှ ထိုင်ငိုနေရမယ်။ အကူအညီ လိုချင်လို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ်တွေဘက်က ပြတ်သားပြီးပြီ။ ဘယ်သူ့အကူအညီ လာလာ မလာလာ၊ နှစ်ပေါင်းဆယ်ရာ ကြာချင်သလောက်ကြာ။ ဒီတော်လှန်ရေးကိုတော့ အဆုံးထိ တိုက်ကြမှာ။ ကိုယ်သေရင်တောင် နောက်မျိုးဆက်က မပြီးမချင်း ဆက်တိုက်မှာ။ အဲ့သလောက်တော့ မကြာနိုင်ဘူး။ အောင်ပွဲက ဒီနေ့မဟုတ်ရင် မနက်ဖြန်တော့ သေချာပါတယ်လေ။