ဆရာတို့ဘက်ကို လာနေကြပြီ လို့ သတင်းပေးတဲ့သူ ရှိတာကြောင့် ကိုယ်တို့လည်း သတိဝီရိယနဲ့ ညအိပ်ကြပါတယ်။ ရောက်လာရင် ဘာတွေလုပ်ပြီး ဘယ်ဘက်ကိုရှောင်မယ် တိုင်ပင်ပြင်ဆင် ထားမိကြသေး။ ဒီညနေမှပဲ ရင်သားကင်ဆာနဲ့ လူနာတစ်ယောက် ခွဲဖို့ ဆေးရုံလာတက်နေတာ ရှိတယ်။ မနက်ဖြန် ခွဲမယ် ဆို သွေးလှူရှင်တောင် ရှာထားလိုက်ပြီ။ မတတ်နိုင်ဘူးလေ။ ဒီနေ့ညမှ စခန်းကို ဝင်မစီးဘူး ဆိုရင် နက်ဖြန် မနက်စောစော ခွဲကြတာပေါ့။ သူလည်း လွယ်လွယ်ကူကူ နဲ့ လာရတာ မဟုတ်။ မန္တလေးမှာ အသားစယူပြီး ကင်ဆာအဖြေထွက်ထားတာ။ ဆရာတို့ဆီမှာ ခွဲလို့ရလား မေးပြီး ရတယ် ဆိုလို့ ဒီအထိတက်ခဲ့ရတာ။
ကံအားလျော်စွာပဲ။ အေးအေးချမ်းချမ်း နိုးထလာရတဲ့ မနက်မှာ သွေးလှူရှင်ဆီက သွေးထုတ်ပြီး ခွဲခန်းဝင်ကြပါတယ်။ Haemoglobin က 8 ပဲ ရှိလို့ သွေးမပါပဲတော့ ခွဲလို့ မဖြစ်ချေဘူး။ နောက်ထပ်စိတ်ပူစရာတစ်ခုကတော့ အသားစအဖြေအရ သူဖြစ်နေတဲ့ ရင်သားကင်ဆာအမျိုးအစားဟာ နောက်တစ်ကြိမ် ပြန်ဖြစ်တတ်တဲ့၊ ကျန်တဲ့ရင်သားတဘက်မှာလည်း ထပ်ဖြစ်တတ်တဲ့ အမျိုးအစား မို့ပါ။ oncologist နဲ့ တိုင်ပင်ကြည့်တော့ လူနာသဘောတူရင် နှစ်ဘက်စလုံး ထုတ်လိုက်တာ ကောင်းတယ်တဲ့။ ပြန်ဖြစ်ဦးမှာ လို့ ကံသေကံမ မပြောနိုင်ပေမယ့် ပြန်ဖြစ်နိုင်တဲ့ အလားအလာတော့ ရှိတာပဲ လို့ ဆိုတယ်။ တခြားထည့်သွင်း စဉ်းစားစရာ အချက်တွေလည်း ရှိပါသေးတယ်။ လူနာကို သေသေချာချာ အကျိုးအကြောင်း ရှင်းပြလိုက်တော့ သူလည်း တစ်ညစဉ်းစားပြီး မနက်ကျမှ အဖြေပေးတယ်။ စန္ဒမုခိပဲ လုပ်တော့မယ်တဲ့။
ဒါဆိုရင် နောက်တစ်ခုထပ်ပြီး စဉ်းစားစရာ ပေါ်လာပြီ။ တစ်ဘက်ပြီးမှ တစ်ဘက်ဖြတ်မလား။ နှစ်ဘက်လုံး တစ်ခါတည်း ဖြတ်မလား။ ဒါကတော့ သူစဉ်းစားစရာမလိုဘူး။ ကိုယ်စဉ်းစားရမှာ။ လူနာကတော့ နှစ်ခါအခွဲခံချင်မှာ မဟုတ်။ ဆာဂျင်က နှစ်ဘက်စလုံးကို တစ်ခါတည်းခွဲရင် ဘယ်လောက်ကြာမှာတုန်း။ ကိုယ်က ဘယ်လောက်မြန်မြန် ခွဲနိုင်လို့တုန်း။
အဲ့ဒါမှ တကယ့်စိန်ခေါ်မှု အကြီးစားကြီးပဲ။ ဒီလူနာကို ခွဲရင် မေ့ဆေးကလည်း ကိုယ့်ဘာသာပဲ ပေးရမှာလေ။ ကိုယ့်အနေနဲ့ လူနာတစ်ယောက်ကို Under General Anesthesia နဲ့ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာတုန်း။ ကိုယ်က မေ့ဆေးအထူးကုမှ မဟုတ်တာ။ ကိုယ်မေ့ဆေးပေးတတ်တယ်ဆိုတာလည်း အတိုင်းအတာ အကန့်အသတ်တော့ ရှိတယ်။ ကိုယ့်လစ်မစ် ကိုယ် သိရမယ် မဟုတ်လား။ ရှေ့မှာ ကိုယ်ခွဲလာတဲ့ အတွေ့အကြုံတွေအရ လူနာတစ်ယောက်ကို အများဆုံး ဘယ်နှစ်နာရီကြာအောင် စိတ်အေးလက်အေး မေ့ဆေးပေးဖူးသလဲ။ ကိုယ်သိတာတော့ ၂ နာရီ အာဏာကုန်ပဲ။ နှစ်နာရီကျော်သွားရင် စိုးရိမ်ရေမှတ်တွေ မြင့်တက်လာပြီ။ ကောင်းပြီ။ ဒီလိုဆိုရင် ဒီလူနာကို ၂ နာရီကြာ ငြိမ့်ငြိမ့်ငြောင်းငြောင်း မေ့ဆေးပေးနိုင်မလား။ ကိုယ်လုပ်မယ့် operation ၂ ခုကိုရော ၂ နာရီအတွင်း အစအဆုံးပြီးအောင် လုပ်နိုင်ပါ့မလား။ အဲ့ဒီဟာတွေ တွေးပူနေတာနဲ့ ညဘက် အိပ်လို့တောင် မပျော်ဘူး။ တစ်ဘက်စီ နှစ်ခါခွဲရင် ကိုယ့်အတွက် စိတ်ပူစရာ မရှိပေမယ့် နောက် ၂ ပါတ်အကြာမှာ စစ်ပွဲအခြေအနေကို ဘယ်လိုလုပ် အာမခံနိုင်မှာတုန်း။ ခုမနက်တောင် လေယာဉ်တွေ မြေပြင်တွေ လှစ်လျူရှုပြီး အပြေးအလွှား ခွဲခန်းဝင်ကြတဲ့ဟာကို။
ဖြစ်ချင်ရာဖြစ်ပါစေလေ။ ဒီလိုပဲ အပြေးအလွှား နောက်ကကျားလိုက်သလို ခွဲလိုက်တော့လည်း အဆင်ပြေသွားတာပဲဟာ။ လူနာခွဲခန်းထဲက ထွက်မှ ကိုယ်တို့လည်း အလုံးကြီးကျ။ ခြေကုန်လက်ပန်းလည်း ကျပေါ့။ ဒါလည်း ကိုယ့်အတွက် စစ်တိုက်နေတာနဲ့ မခြားပါဘူး။ ခွဲစိတ်မှုတိုင်းဟာ အရာခပ်သိမ်း အဆင်ပြေ လွယ်ကူချောမွေ့နေတယ်တော့ မရှိဘူး။ ခဲရာခဲဆစ်တွေ၊ မနိုင်ရင်ကာတွေလည်း ရှိတတ်တာ သဘာဝပဲ။ အဲ့လိုအခါမျိုးတွေကျရင် စိတ်ရောကိုယ်ရော တအားကို ပင်ပန်းနွမ်းနယ်ပါတယ်။ Surgeon’s stress ဆိုတာ Surgical stress ထက်တော့ ပိုတာပဲ။ ဒါပေမယ့် ဒီအလုပ်ကို လုပ်နေရင် ဒီဟာ မကြုံချင်လို့လည်း မရဘူး။ တချိန်မဟုတ်တချိန် ကြုံကိုကြုံရမယ့် ကိစ္စ။ ကြုံလာရင် ဘယ်လို ရင်ဆိုင်ဖြေရှင်းသလဲ ဆိုတာကမှ အသက်ပါ။ အဲ့ဒါမျိုးလူနာချည့် ခဏခဏခွဲရရင်လည်း အဲ့ဒီဆာဂျင် အသက်တိုမှာပဲ။
ဒီဆေးရုံမှာ ခွဲခန်းဖွင့်ပြီးကတည်းက လာသမျှ ဒိုင်ခံခွဲနေတာ ၆ လ ရှိသွားပြီ။ အဲ့သလိုမျိုး ခဲရာခဲဆစ် ပင်ပင်ပန်းပန်း ခွဲရတာ ၃ ခါ ရှိပြီ။ ပထမတစ်ယောက်ကတော့ သူများခွဲပြီးသား အူအတက်ဟာ တစ်လကျော်ကြာပြီ။ မပျောက်သေးပဲ ပိုပိုဆိုးလာပါတယ် ဆို ရောက်လာတာ။ ဒါဆိုရင်တော့ စကတည်းက အူအတက်ယောင်တာ မဟုတ်ပဲ တခြားရောဂါ တစ်ခုခု ရှိလို့နေမှာပေါ့။ အဲ့လိုမျိုး re do တွေကို လုပ်ရတာ စိတ်ညစ်ပေမယ့် ကိုယ့်မှာ ရွေးစရာ မရှိဘူးလေ။ အူမကြီးကင်ဆာဖြစ်နေရင်တော့ အူတခြမ်းလုံး ဖြတ်ချင်ဖြတ်ထုတ်ရနိုင်တယ် လို့ ရှင်းပြထားတယ်။ သိပ်တော့ မလွဲပါဘူး။ အူမကြီးအဝင်ဝမှာ တီဘီဖြစ်ပြီး အပေါက်ပိတ်နေတယ်။ အူသိမ်တွေက အူမထက် ၂ ဆလောက်ထူထူတုတ်တုတ်နဲ့။ အူအတက်ခွဲထားတော့ လုံးထွေးခဲကပ်နေတာတွေလည်း ရှင်းရသေး။ အကြိတ်တွေကတော့ တီဘီကြိတ် သေချာနေလို့ ဝမ်းသာသွားတယ်။ ပြင်ထားတဲ့အတိုင်း right hemicolectomy လုပ်ပြီး ပြန်ဆက်ပေးလိုက်တယ်။ မျှော်လင့်ထားတဲ့အတိုင်း ၂ နာရီကြာလို့ ခါးရိုးထုံဆေးပြယ်သွားတဲ့အခါ ဗိုက်က ကြပ်လာတယ်။ ပြေးစမ်း မာရသွန်။ မေ့ဆေးတွေ ထပ်ကာထပ်ကာလိုက်ရင် ပြန်နှိုးမရမှာ စိုးရတယ်။ အခုတော့ ကောင်းသွားလို့ တီဘီဆေးရမယ့်ဆီ ပို့ပေးလိုက်ပြီ။ လူနာက ပီဒီအက်ဖ်လေ။
နောက်တစ်ယောက်လည်း ပီဒီအက်ဖ်ပါပဲ။ ဟိုတလောက ဗိုက် သေနတ်မှန်တဲ့လူနာ။ လမ်းမှာတင် တစ်ရက် ကြာခဲ့တယ်။ ဆေးရုံရောက်တော့ ကယောင်ကတမ်း နဲ့ သွေးပေါင်တိုင်း မရ။ သွေးလှူရှင် ချက်ချင်းရှာ၊ တစ်လုံးသွင်း နှစ်လုံးဆောင်ပြီး ခွဲခန်းဝင်ရတာ။ ဝမ်းခေါင်းထဲ သွေးတွေနဲ့ အပြည့်။ အူတွေလည်း မွစာကျဲလို့။ ကျည်ဆန်ကို ပေါင်ခြံကနေ ပြောင်းပြန်ပြန်ထုတ်ယူရတယ်။ အူသိမ်တွေ ၃ နေရာလောက် ဖြတ်ဆက်ပြီးမှ အူမကြီးပါ ပွင့်နေတာ သွားတွေ့တယ်။ အကြီးကြီး မဟုတ်ပေမယ့် အူမကြီးဖြစ်နေတဲ့အတွက် မိုးကြိုးတွေ ပစ်ရော။ ပေါက်ထားတာ ၂၄ နာရီကျော်နေပြီ။ ဖာရုံနဲ့ လုံပါ့မလား။ အူသိမ်ခွေ ဗိုက်ပေါ်တင်ပြီး လမ်းလွှဲပေးရအောင်ကလည်း အဆက်တွေက များနေပြီ။ ခွဲချိန်ကလည်း ၂ နာရီကျော်လို့ ဗိုက်ကတောင့်လာပြီ။ မြန်မြန်ပိတ်ရတော့မယ်။ မတတ်နိုင်ဘူး။ ဆုတောင်းကြတာပေါ့လေ။ ဒါပေမယ့် မပြည့်ပါဘူး။ ၅ ရက်မြောက်နေ့မှာ leakage ရှိမှန်းသိလို့ နောက်တစ်ကြိမ် ပြန်ဝင်ကြတယ်။ ဒီတစ်ခါမှာတော့ လုံတယ်။
အဲ့လိုမျိုး အလုပ်ထဲက စိန်ခေါ်မှုတွေ ရှိတဲ့အခါ စိတ်ဖိစီးမှု တအားများတယ်။ ဒါပေမယ့်လည်း အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်တဲ့အခါ စိတ်ကျေနပ်မှုရတာနဲ့ဆို ပင်ပန်းရကျိုး နပ်တယ်။ တန်တယ်။ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ဒီလိုမျိုး အတွေ့အကြုံတွေ လိုအပ်တယ်။ အတွေ့အကြုံများလာမှ အဲ့ဒီဆာဂျင်ရဲ့ လက်ရည်ဉာဏ်ရည်ဆိုတာ ပေါ်လာတာ။ အဲ့သလို ပေါ်လာဖို့အတွက်ဆိုရင် သူ့ဘဝတခုလုံးကို ခွဲစိတ်မှုပညာရပ်ထဲမှာ ရင်းနှီးမြှုပ်နှံထားရတယ်။ မထားနိုင်သ၍ ဆာဂျင်ကောင်း မဖြစ်နိုင်ဘူး။ ဆာဂျင်ကောင်းတစ်ယောက်ဖြစ်ဖို့ရာ ဆရာဝန်တစ်ယောက်တည်းရဲ့ ဘဝကို ရင်းနှီးမြှုပ်နှံရတယ် လို့ ထင်ရင် မှားလိမ့်မယ်။ သူ ခွဲစိတ်ကုသပေးလာခဲ့သမျှ လူနာအားလုံးရဲ့ အသက်တွေ ဘဝတွေကိုလည်း ရင်းခဲ့ရတာပဲ။ ကိုယ့်အသက် ကိုယ့်ဘဝ ကိုယ့်ကျန်းမာရေးကို ဆရာဝန်တစ်ယောက်လက်ထဲက ဓါးကလေးတစ်လက်အပေါ်မှာ ပုံပြီး ယုံခဲ့ရတာ မဟုတ်လား။ နှလုံးသား အရင်းအနှီးထက်တောင် ကြီးသေးတယ်။
ဆာဂျင်တစ်ယောက် အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ အကြီးကြီး ရင်းနှီးထားရတဲ့ ကျောထောက်နောက်ခံတစ်ခုကတော့ နိုင်ငံတော်ကြီးပါပဲ လို့ ဆိုရင် ပေါ်လစီကားရိုက်တယ် ထင်ကြလိမ့်မယ်။ အဲ့ဒီအသိကို ဒီလမ်းဒီစခန်းကို ရောက်တဲ့အခါကျမှ သေသေချာချာ သိပါတယ်။ ပထမဦးဆုံးကတော့ ခွဲခန်းတစ်ခုပီပီပြင်ပြင်ဆောက်ကြည့်။ ဆေးရုံတစ်ရုံလုံးမှာ အကုန်အကျများဆုံး အဆောက်အဦဖြစ်လိမ့်မယ်။ ပစ္စည်းကိရိယာ စုံစုံလင်လင် ဖြည့်ဆည်းကြည့်။ ဆောက်ထားတာထက် သုံးလေးဆ ကုန်ကျစားရိတ် ရှိမယ်။ ခွဲခန်းလည်ပတ်ဖို့ နေ့စဉ်သုံးစွဲရတဲ့ consumables ပစ္စည်းပစ္စယတွေ အဆက်မပြတ်အောင် ဖြည့်တင်းပေးရတဲ့ ကုန်ကျစားရိတ်ကလည်း နည်းနည်းနောနောတော့ မဟုတ်ပါဘူး။ အပြင်ဆေးခန်းတွေမှာ အဲ့ဒီစားရိတ်စကတွေကြောင့် ဘယ်တုန်းက ဘယ်မှာ ဘာခွဲလိုက်တာ ဘယ်လောက်တောင်ကျတယ်ဆိုပြီး စာရင်းချုပ်လိုက်ပေမယ့် တကယ်တမ်း ဆာဂျင်တွေ မေ့ဆေးတွေရတာ ဘယ်လောက်မှ မရှိဘူး။ ဒါက ပိုက်ဆံပေးရတဲ့သူမို့ သိတာလေ။ အလကားခွဲပေးနေတဲ့ဆီမှာဆို ဘယ်သူမှ မသိကြဘူး မဟုတ်လား။
နောက်ထပ် ရင်းနှီးမြှုပ်နှံထားရသူတွေကတော့ အခြားအခြားသော ဆရာဝန်များစွာပါပဲ။ ဆာဂျင်ဆိုတာ ကိုယ်တစ်ယောက်တည်း အလုပ်လုပ်လို့ ပြီးတာမှ မဟုတ်တာ။ အခုပဲကြည့်လေ။ နေရာတကာ အကုန်ဝင်ပါနေရတော့ ဘယ်လောက်ပင်ပန်းသလဲ ကိုယ်တိုင်သိပြီ မဟုတ်လား။ ဒီအတိုင်းဆက်သွား ၅ နှစ်လောက်နေရင် အသက်ထွက်မယ်။ ဆာဂျင်တစ်ယောက် အလုပ်လုပ်ဖို့ရာ မေ့ဆေးဆရာဝန်လည်း မရှိမဖြစ် လိုပါတယ်။ ဓါတ်မှန်ဆရာဝန်လည်း အရေးတကြီး လိုပါတယ်။ ဓါတ်ခွဲခန်းကလေးနဲ့ ရောဂါဗေဒဆရာဝန်လည်း လိုပြန်ပြီ မဟုတ်လား။ လက်ထောက်ဆရာဝန်လေးတွေ မပါပဲရော ဖြစ်လို့လား။ ဆရာဝန် တင် အဲ့သလောက် တောင်းနေရရင် သူနာပြုဆရာမဆို စဉ်းစားသာကြည့်။ လူနာဆောင်ရော၊ ခွဲခန်းရော၊ အရေးပေါ်ဂျူတီဆင်းဖို့ရော၊ အများကြီးကို လိုတယ်။ ဒါကြောင့်မို့လို့ surgical service ကောင်းကောင်းပေးဖို့ဆိုရင် စိုက်ထုတ် ကုန်ကျရတဲ့ အရင်းအနှီးက သိပ်များပါတယ်။ MBBS အောင်ရုံနဲ့ MSc ဘွဲ့လွန်အောင်ရုံနဲ့ ဆာဂျင်တစ်ယောက် တန်းမဖြစ်ဘူး။ နောက်ထပ် ရင်းနှီးမြုပ်နှံစရာတွေ အများကြီး လိုသေးတယ်။
ဒီအတွေးကို ဘယ်အချိန်ကတည်းက စတွေးမိသလဲဆိုတော့ ကိုယ်တို့ ခွဲစိတ်ဆရာဝန်တွေကို ခဲရာခဲဆစ် ခွဲစိတ်မှုတွေလုပ်ရင်း မမျှော်လင့်တဲ့ ရလပ်ဆိုးတစ်ခုခုကြောင့် လူနာရှင်ဘက်က တိုင်တန်းတဲ့အခါ ခုံဖွဲ့စစ်ဆေးရင်း ခေါင်းထဲမှာ ပေါ်ပေါ်လာတာပါ။ စစ် မစစ်ရသေးဘူး။ ဆရာဝန်အချင်းချင်းဘက်က ကြိုဘက်လိုက်ထားနှင့်တယ် လို့ ဆိုချင်လည်း ဆိုနိုင်ပါတယ်။ တိုင်ကြားသူဘက်ကတော့ သူ့အမှုတစ်ခုတည်းကို ဗဟိုပြုစဉ်းစားပေမယ့် ကိုယ့်မှာက လူကြီးနေရာက စစ်တဲ့အခါ ကိုယ့်ဆေးလောကတစ်ခုလုံးအတွက်လည်း စဉ်းစားရသေးတယ် မဟုတ်လား။ ဒါကို အဂတိတရားလို့တော့ မမြင်စေချင်ပါဘူး။ တိုင်သူ အတိုင်ခံရသူ နှစ်ဦးစလုံးအပေါ် ချစ် ခြင်းမုန်းခြင်း ကင်းကင်းနဲ့ သုံးသပ်တယ်။ ငါတို့ဆရာဝန်တွေ မမှားဘူး လို့ ဘူးခံငြင်းနေတာ မဟုတ်။ မှားတာရှိရင် တောင်းပန်ပါတယ်။ ကာယကံရှင်က မတောင်းပန်ရင်တောင်မှ ကိုယ်က ကြားထဲက အမြဲဝင်တောင်းပန်တယ်။ နစ်နာခဲ့ရသူ မဟုတ်လား။ သို့သော် “အဲ့ဒီဆရာဝန်ကို အရေးယူပေးပါ။ အလုပ်ဖြုတ်ပစ်ပါ။” ဆိုရင်တော့ အဲ့ဒါ ကိုယ်ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ လူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်။ ကိုယ့်အလုပ်က ဖြစ်ရပ်ကို အမှန်အတိုင်း သိအောင် စုံစမ်းစစ်ဆေးဖို့၊ ကြားထဲကနေ လူနာရှင် ကျေနပ်အောင် ဖျန်ဖြေနှစ်သိမ့်ဖို့။ ဒီလောက်ပါပဲ။ စိတ်ရင်းအတိုင်းကတော့ အလုပ်ထဲမှာရှိတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက် အလုပ်ထွက်သွားမှာ၊ အလုပ်ထုတ်ခံရမှာကို တအားနှမျောပါတယ်။ သူလည်းသူ့ဘဝရင်းထားတာ၊ လူနာတွေလည်း အသက်နဲ့ရင်းထားရတာ၊ နိုင်ငံတော်ကလည်း ငွေကြေးအင်အား လူအင်အား အများကြီး ရင်းထားရတာ။ ခွင့်လွှတ်လို့ရမယ်ဆိုရင် ခွင့်လွှတ်ပေးလိုက်ပါလား။ သူလည်း ဒီတစ်ယောက်ခွဲတာ သေပေမယ့် ခွဲသမျှအားလုံးတော့ မသေပါဘူး။ တကယ်တော့ လူနာတွေဘက်က လိုချင်တာ အဲ့ဒီဆရာဝန်ကို ပြန်သတ်ရမယ်၊ ထောင်ချရမယ်၊ အလုပ်ထုတ်ပစ်ရမယ်၊ ဆိုတဲ့အထိ မရှိပါဘူး။ သူ့ဆီက တောင်းပန်စကားလေးတစ်ခွန်း နဲ့ နောက်နောင် ဒီလိုအဖြစ်အပျက်မျိုး မရှိရလေအောင် လူကြီးသူမများက စီမံဆောင်ရွက် ဆုံးမပေးထားပါတယ်ဆိုရင် ရန်လည်းပြေ မာန်လည်းပြေပါတယ်။ “Sorry seems to be the hardest word.” ဖြစ်နေတာ ဆိုးတာ။
ဒီအကြောင်းတွေကို အခုတခါ ပြန်တွေးမိတဲ့အကြောင်းကတော့ ကိုယ်တို့တတွေကို မြန်မာပြည်ဆေးကောင်စီဆိုတဲ့ဟာကြီး နဲ့ ကျန်းမာရေးဝန်ကြီးဌာန ဆိုတာကြီးက အလွယ်တကူ အလုပ်မှ ထုတ်ပယ်စာတွေ အဆက်မပြတ်ထုတ်ပြ၊ ဆေးကုသမှုလိုင်စင်တွေ ပိတ်သိမ်းပြနေတဲ့ သမားအိုကြီးတွေကို အံ့ဩလွန်းလို့ပါ။ ဆရာဝန်ဆိုတာမျိုးဟာ ငကန်းသေတိုင်း ငစွေမပေါ်ဘူး။ ဒီလောက်ပြိုလဲသွားတဲ့ ကျန်းမာရေးစံနစ်ကြီးကို ဘယ်သူတွေနဲ့ အလုပ်ဆက်လုပ်မှာမို့လို့ မစဉ်းမစား ဖြုတ်ထုတ်သတ် လုပ်နေတာလဲ လို့ မေးချင်လို့ပါ။ မြန်မာပြည်မှာ ပိုက်ဆံရှိရင် ဝန်ကြီးတက်လုပ်လည်းရတယ်။ အမေရိကားမှာ PhD သွားယူလို့လည်းရတယ်။ ဆေးကုလို့တော့ မရဘူးလေ။ မြင်တယ်မှလား။ ခွဲစိတ်ဖို့တော့ ဝေလာဝေး။ ရှိသမျှစည်းစိမ် ပုံအောပြီး ဓါးလာကိုင်ကြည့်လေ။ ရမလားလို့။ (ကျေရောပေါ့အေ။ ငါ့လည်း ရွှေဆို မူးလို့တောင် ရှူစရာ မရှိပါဘူး)
တဆက်တည်းမှာပဲ ပြောကြတာက “ဆရာတို့ပြန်လာတဲ့အခါ အရှက်မရှိ စကစလက်ပါးစေ လုပ်နေတဲ့ non C တွေကို အရေးယူပါ၊ အပြစ်ပေးပါ၊ အလုပ်ထုတ်ပစ်ပါ။” ဆိုတာကိုလည်း ကိုယ်ကတော့ သဘောမတူပါဘူးကွယ်။ အကျိုးအပြစ်ဆိုတာ ကိုယ်ပေးမှ ကိုယ်စီရင်မှ ရကြတာ မဟုတ်ဘူး။ သူသူကိုယ်ကိုယ် ကိုယ်ပြုတဲ့အမှု ကံမြောက်တဲ့အရွေ့ပေါ်တာနဲ့ ကံ၏အကျိုးကလည်း အရိပ်လို လိုက်လာပြီးသား။ သူလုပ်တဲ့အလုပ်ရဲ့ အကောင်းအဆိုးကို သူကိုယ်တိုင်ပဲ ခံလိမ့်မယ်။ အရေးကြီးတာ ကိုယ် ကောင်းတာလုပ်နေဖို့ပဲ မဟုတ်လား။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပါတယ်။ သံသယမရှိပါနဲ့။ ကိုဗစ်ကာလမှာ ကိုယ်ဘာတွေ လုပ်ခဲ့သလဲ အားလုံးသိပါတယ်။ ကိုယ်ကိုယ်တိုင် ကိုဗစ်ဖြစ်တော့ ဘာဝေဒနာမှ မခံစားရဘူး။ ဒါလည်း အားလုံးအသိ။ ၇၅-၈၅ တန်းက ကိုယ့်အမေတွေ အဒေါ်တွေတောင် အဖိတ်အစင် မရှိခဲ့ဘူး။ ကိုယ့်အသက်အရွယ်မှာ အများက ပင်ပန်းဆင်းရဲတယ်လို့ ထင်ရတဲ့ ရေကြမ်း၊ မြေကြမ်း၊ အလုပ်ကြမ်းတွေ လုပ်ကိုင်နေပေမယ့်လည်း အနာအဖျားကင်းစင်နေတာ မယုံနိုင်လောက်အောင်ပါပဲ။ သူလည်းသူ့အထုပ်နဲ့ ကိုယ်လည်းကိုယ့်အထုပ်နဲ့။ ကိုယ်နှစ်သက်ရာ ကိုယ်သယ်လာကြတာ ဘာကိစ္စ အထုပ်ချင်း လဲထမ်းစရာ လိုမလဲ။ သူတို့ကို တခါပြန် ခုံဖွဲ့ စစ်ဆေးဦးမယ်ဆိုရင်လည်း ကိုယ်ကတော့ တစ်ယောက်မှ လျော့သွားလို့ မဖြစ်ဘူး ဆိုတဲ့အတွေးပဲ တွေးပါတယ်။
“ငွေလဝန်း အစဉ်အမြဲ မသာပါဘူး။ ကြယ်ကလေးတွေလည်း အမြဲမလင်းဘူး။ ပန်းကလေးတွေများဟာလည်း အမြဲမမွှေးဘူး။ မထူးဆန်းဘူး။” တဲ့။ ဒါပေမယ့် ကိုယ် ခွဲသမျှ လူနာတိုင်းကိုတော့ သာသာယာယာ အလွယ်တကူ သီချင်းလေး တအေးအေးနဲ့ ခွဲချင်တာပေါ့နော်။ မတော်လို့ ခက်ခဲ့သည်ရှိရင်တောင် ပင်ပန်းရင်ပင်ပန်းပါစေ။ အဆုံးသတ်ကျ ကျေနပ် ပျော်ရွှင်စွာ ဆေးရုံမှ ပြန်သွားလေသတည်း လို့ ဖြစ်စေချင်တာပေါ့။ ဒါ အလိုရှိအပ်သော ဆုလည်းဖြစ်တယ်။ တောင့်တအပ်သော ဆုလည်းဖြစ်တယ်။ သို့သော် တောင်းဆုသက်သက်နဲ့တော့ မပြည့်ပါဘူး။ ကိုယ်တိုင် ဖြည့်ကျင့်ကြိုးစားမှ ရနိုင်တဲ့ အောင်ဆုပါ။ ဒီလိုပဲ နောက်ထပ် ရယူပိုင်ဆိုင်ဖို့ အားသွန်ခွန်စိုက် တိုက်ပွဲဝင်နေတဲ့ အောင်ဆုတွေ အများကြီး ရှိပါသေးတယ်လေ။