မိုးတွေ နေ့တိုင်း ရွာနေရင်းကနေ ရာသီက ပြောင်းစပြုလာပါတယ်။ ၅ လပိုင်းကတည်းက မိုးဦးကျလိုက်တာ မရွာပဲပြတ်လှ ၂ ရက်ထက် မပိုပါဘူး။ ဒီမှာ ရွာသမျှရေတွေက ချောင်းတွေမြောင်းတွေ ပေါင်းဆုံပြီး ဧရာဝတီ နဲ့ ချင်းတွင်းကို ဖြည့်ကြမှာ မဟုတ်လား။ အဲ့ဒီ အချိန်တုန်းက မိုးဦး လို့ ပြောခဲ့ရင် အခုချိန်ကျတော့ မိုးနှောင်းပိုင်းကို ရောက်တော့မှာ။ မိုးဦးမှာ ရွာမှ အေးပေမယ့် အခုကတော့ မရွာလည်း အေးနေပြီ။ မနက်မနက်ဆို စောင်ပြန်ရှာနေရပြီ။ မိုးမရွာလည်း မြူတွေဆိုင်းလို့နေတယ်။ တောင်တွေဆီမှာတော့ မင်ခိုးတွေဖုံးလို့။ ရှိသမျှ သစ်ပင်အားလုံးကတော့ အရွက်စိပ်စိပ်နဲ့ နေပျောက် မထိုးတော့ဘူး။ မြက်ခင်းလေးတွေတောင် အခင်းလိုက်ပြန့်သွားပြီး မြက်သီးလေးတွေ ပါးလာပြီ။
စမ်းချောင်းကလေးက အစဉ်အမြဲ ရေပြည့်လို့နေတယ်။ ပြောင်းလဲသွားတာက အရင် ကျောက်စရစ်တွေအပြည့်နဲ့ ကြမ်းပြင်မှာ ကျောက်တွေမရှိတော့ပဲ သဲနုနုတွေ ဖြစ်လာတယ်။ အောက်ကို မျောပါကုန်တာကိုး။ အရင်တုန်းက မြက်ခင်းခြုံပုတ်တွေနဲ့ ချောင်းကမ်းပါးလေး တဘက်တချက်တောင် သဲသောင်ခုံ ပြန့်ပြန့်ကလေး ဖြစ်လာပြီ။ ရေလမ်း ကောင်းကောင်းပွင့်သွားမှပဲ။ အဲ့ဒီချောင်းထဲကနေ လူနာတွေ လာလာနေတာပေါ့။
အခုတော့ စစ်သားတွေ တက်လာမှာ တမျိုး ပူရပြန်တယ်။ ကိုယ်တို့က အထက်ချောင်းဖျားဆီမယ်။ သူတို့ကတော့ ချောင်းကလေး ဥရုမြစ်ထဲ စီးဝင်တဲ့ အရပ်မှာ ရှိကြတယ်။ သူတို့လည်း လမ်းကြောင်းတော့ ရှာနေပုံရတယ်။ ဆယ်ဇင်း နဲ့ ကပ်လျက် နမ့်ပုတ်ရွာက စစ်ရှောင်တွေကို ဖယ်ခိုင်းပြီး ဘုန်းကြီးကျောင်းထဲ ပို့လိုက်တယ်။ နမ့်ပုတ်က ထွက်ရင် ရွှေမျောတွေ လုပ်နေတဲ့ ကွင်းပြင်ကျယ်ကြီးက ပါကြီးကွင်း တဲ့။ မြေပြန့်က အဲ့ဒီအထိပဲ ရှိတယ်။ စစ်တပ်က အဲ့ဒီကွင်းကို ဖြတ်ပြီး သိန်းဆက် ဆိုတဲ့ ရွာထဲအထိ ရောက်နေပြီ။ ဒီဘက်ဆို တောထဲဝင်ရတော့မှာ။ ဝင်မလာသေးတာကတော့ မိုင်းကြောက်တဲ့မောင် ဖြစ်နေလို့သာပဲ။ ဒီကောင်တွေ လည်တော့အလည်သား။ ကုန်းကြောင်းလာလာ၊ ရေကြောင်းလာလာ၊ ဒီဘက်မှာ သေချာ နေရာယူထားပြီး စောင့်ဧည့်ခံမယ့်သူနဲ့တွေ့ရင် မွင်းငါးတွေ အများကြီး ချက်နေရမယ်လေ။ ဒါကြောင့်မို့ သူတို့လည်း အလကားနေ လေကြောင်းချည့်ပဲ အားကိုးနေတာ။
ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကျဲတဲ့နေ့က အမေရိကန်ရေတပ်ထဲမှာ ဥဩတွေဆွဲ၊ စစ်သားတွေပြေးထွက်၊ စစ်ကားကြီးတွေတက်မောင်း နဲ့ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတာ ရုပ်ရှင်ထဲမှာ ကြည့်ဖူးတယ် မဟုတ်လား။ အခုနေ ကိုယ်တို့ဆီ လေယာဉ်နဲ့ ဗုံးလာကျဲရင်လည်း အဲ့သလိုပဲ ဖြစ်ကုန်ကြမယ် ထင်ပါတယ်။ သို့သော် အလစ်အငိုက်တော့ ဘယ်ဟုတ်မလဲ။ ပြင်ဆင်ထားပြီးသား။ စစ်ပြင်တယ်ဆိုတာ သူတို့ချည့်ပဲ ပြင်ရိုးထုံးစံမရှိ။ ကိုယ့်ဘက်မှာလည်း ပြင်ရတာပဲ။ စစ်သားတွေချည့်ပဲ ပြင်ရတာ မဟုတ်။ ရွာသားတွေလည်း ပြင်ရတယ်။ ရွာထဲဝင်လာမှ စပါးပုတ်ထဲ ဝင်ပုန်းလို့ ဖြစ်တာမှ မဟုတ်တာ။
ဆေးရုံလည်း စစ်ပြင်ထားတယ်လေ။ ပြင်ထားရင်းနဲ့ကို တင် တင် ခွဲ ခွဲ၊ ခွဲနေရတဲ့ လူနာတွေ ကောင်းတဲ့လူ ကောင်းလို့ ပြန်တောင်ဆင်းကုန်ပြီ။ နောက်ထပ် လာတဲ့လူကလည်း လာနေတုန်းရယ်။ ဒီလောက် လမ်းမကောင်းတဲ့ကြားကနေ ရောက်အောင်လာတော့ ကိုယ်တို့လည်း ပြန်မလွှတ်ပါဘူး။ ခုလာ၊ ခုခွဲ၊ ကောင်းရင်ပြန်။ မြန်မြန်ဆန်ဆန် one stop service ပေးတယ်။ သို့သော် စစ်သားတွေ အခု ရောက်လာရင်တော့ အခု ထွက်ပြေးရမှာနော် လို့ ကြိုကြိုတင်တင် သဘောတူညီမှု ယူထားရတယ်။ သူတို့က လူနာသော ဆရာဝန်သော ဘာမှ ညှာမှာ မဟုတ်ဘူးလေ။ Geneva Convention တွေ ဘာတွေ နားမလည်ဘူး။ ဖမ်းထားတဲ့လူ သယ်မသွားနိုင်ရင် လမ်းတင် ပစ်သတ်ခဲ့တဲ့ အမျိုး။ စစ်ပွဲတွေ ဖြစ်တယ်။ မျှောပိုင်တွေ ရှောင်ရတယ်။ မျှောသားတွေ ပြေးရတယ်။ ရွှေမျှောလုပ်ငန်းတွေ ရပ်ကုန်တယ်။ ကုန်ဈေးနှုန်းက အဆမတန် တက်လာတယ်။ အချိန်ကြာတာနဲ့အမျှ တအိအိ ပြိုဆင်းလာတဲ့ စီးပွါးရေး လူမှုရေး အခြေအနေတွေကို ဘယ်သူ ဘယ်လောက် တောင့်ခံနိုင်ဦးမလဲ ကြည့်သေးတာပေါ့။
စစ်တုရင်ခုံပေါ်က အရုပ်ကလေးတွေလိုပါပဲ။ တစ်ဘက် နဲ့ တစ်ဘက် အကွက်အခင်း၊ အတက်အဆင်းတွေ တေ့တေ့ဆိုင်ဆိုင် တည်ထားသော်ငြားလည်း ကစားတဲ့သူက ရွှေ့မှ ရွေ့ကြမယ့်သဘော။ အဲ့ဒီဘက်မှာလည်း အရူးမီးဝိုင်းများ ဖြစ်နေသလားမှ မသိတာ။ ကောလာဟလတွေ ထွက်နေတာဖြင့် မင်းပြောင်းမင်းလွှဲတောင် ဖြစ်နေတယ် ဆိုလားပဲ။ ဒဘယ်ကူးတွေ ဘာတွေ လာနေဦးမှာလား ဟင်။ ဒီတစ်ခါ အာဏာသိမ်းတာ ဘုန်းကြီးတွေများ ဖြစ်နေဦးမှာလား။ ရှိသမျှ မြန်မာရုပ်သံလိုင်းတွေအားလုံး နမောတေဂါထာ တပြိုင်တည်း လွှင့်နေကြတယ်။ အရင်တခါ စစ်ချီတေးတွေ လွှင့်သလိုမျိုးပဲ။ မရတော့ပါဘူး။ ခုချိန်ကျမှတော့ “too little too late” ပါ။ စစ်သားဆို ဘယ်စစ်သားမှ မကြည့်ချင်တော့ဘူး။ သူတို့အချင်းချင်း သတ်လို့သေကုန်ရင် ငါတို့ ကျည်ကုန်သက်သာတာပေါ့။
ဆယ်ဇင်းမှာ သူတို့အင်အား ဘယ်လောက်ရှိသလဲ ကိုယ်တို့တွေ သိနေသလို ကိုယ်တို့မှာ ဘယ်နားက အင်အားဘယ်လောက်နဲ့ စောင့်နေသလဲ သူတို့ သိပြီးသား နေမှာပါ။ ညတိုင်းလည်း ဒရုံးနဲ့ လိုက်ကြည့်နေတာပဲ ဥစ္စာ။ ကိုယ်တောင်မှ အဖုံးအကွယ်မရှိ ပကတိအတိုင်း လိုင်းပေါ်မှာ up to date စာတွေတက်တက်ရေးနေသေးတာလေ။ နေသာရင် သာတဲ့အကြောင်း၊ မိုးသည်းရင် သည်းတဲ့အကြောင်း၊ နေကောင်းကျန်းမာစွာဖြင့် တော်လှန်ရေး အလုပ်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်လျက်ရှိတဲ့အကြောင်းပေါ့။ စစ်တလင်းဖြစ်တော့လည်း စစ်သတင်းတွေကို အချိန်နဲ့ တပြေးညီ အသိပေးရဦးမှာပေါ့နော်။ ဘွားဘွားနန်စီ စီးလာတဲ့လေယာဉ်ကြီးလို တကမ္ဘာလုံးက မျက်စိဒေါက်ထောက် စောင့်ကြည့်ဖို့သာ ပြင်ထား။ ကိုယ်တွေက သတင်းနောက် လိုက်မယူပါဘူး။ သတင်းက ကိုယ်တွေအနောက်က လိုက်ယူရမှာ။ ဟုတ်တယ်မှလား။ ဟော ပြောရင်းဆိုရင်း မိုးက စဲသွားပြန်ပါရောဗျာ။
“မူယာမိုးတွေ ရင်မှာ စဲသွားပြီ။
မာယာမိုးတွေ ရင်မှာ စဲသွားပြီ။
တသွင်သွင် စီးကာနေတဲ့
စမ်းချောင်းထဲ နှလုံးသားငယ်လေး
မျောလွင့်သွားပြီ။”