ချန်ဂင်တို့စခန်း (၆၀)

ဒီမနက် မိုးတအားသည်းပါတယ်။ မရွာတဲ့နေ့ရယ်လို့ မရှိသလောက်ပါပဲလေ။ အဲ့ဒါကြောင့် လမ်းတွေပျက်ကုန်တာ။ ဒီလို မိုးအရမ်းကောင်းတာ နှစ်ပေါင်းများစွာ ကြာလာလို့လည်း ဒီနယ်မြေမှာ ရေအိုင်ကြီးတွေ ပေါ်လာတာနေမယ်။ တောင်ပေါ်ဒေသပေမယ့် ဟိုးအရင် လောက်ကိုင်မှာနေသလို အေးမြခြောက်သွေ့တဲ့ ရာသီဥတု မဟုတ်ပဲ အင်မတန်စွတ်စိုထိုင်းမှိုင်းတယ်။ တောထဲမှာ အလိုလိုစိမ့်ထွက်နေတဲ့ သဘာဝစိမ့်စမ်းတွေလည်းရှိတယ်။ မြစ်ဦးချောင်းဖျားက ရေကြည်ရေသန့်ကို အားပါးတရ သုံးချိုးခွင့်ရတာ စည်းစိမ်တစ်မျိုးပါပဲ။ ဟိုးအရင်တုန်းကတော့ ဒီလိုချောင်းကလေးတွေမှာ ရေချိုးရင်း ရွှေတိုရွှေစကလေးတွေ ကောက်ကောက်လာပြီး စုထားတဲ့ ကချင်မလေး မခေါင်ညယ်အကြောင်းကို “မြန်မာပြည်မြောက်ပိုင်း” ထဲမှာ ဖတ်လိုက်ရတယ်။ မြန်မာဘုရင်တွေနန်းကျခါစလောက်ကပေါ့။ နောက်ပိုင်းမှာတော့ အင်ဝိုင်းကလေးတွေနဲ့ ကျင်ယူကြတယ်။ ရွှေတောထဲသွားလို့ ငှက်ဖျားမိပြီးပြန်လာကြတယ်တို့၊ ဖားကန့်တက် ကျောက်တူးတာ ဘိန်းစွဲပြီးပြန်ရောက်လာတယ်တို့ဆိုတာ ကိုလိုနီခေတ်မှာကတည်းက လူတကာကြားဖူးခဲ့တဲ့ ဖြစ်ရပ်တွေပါလေ။

ဆယ်ဇင်းမှာ ရွှေတွေထွက်တော့ မြန်မာပြည်အနှံ့က ရွှေလာကျင်တဲ့သူတွေနဲ့ ကြက်ပျံမကျ စည်ကားခဲ့ဖူးသတဲ့။ အဲ့ဒါကြောင့် ဒေသပေါင်းစုံကလူတွေ အခြေချနေထိုင်လာကြပြီး လူမျိုး ၁၀၁ ပါး အားလုံးကိုတွေ့ရပေမယ့် ဒေသခံတိုင်းရင်းသားကတော့ ရှမ်းနီတွေဖြစ်ပါတယ်။ ဒီဘက်ကအကြောင်းကို စာရေးရင် ရှမ်းနီတွေအကြောင်း ချန်ထားလို့ မဖြစ်ပါဘူး။ သူတို့ကို နည်းနည်းနားလည်ဖို့ လိုပါလိမ့်မယ်။

ကိုယ်တို့တွေက ဦးနေဝင်းခေတ် မြန်မာပြည်မြေပုံကြီးနဲ့ လူဖြစ်လာရတော့ ကချင်ပြည်နယ်မှာ ကချင်တွေနေကြတယ်။ ရှမ်းပြည်နယ်မှာ ရှမ်းတွေနေကြတယ်။ ဒီလိုပဲ သဘောပေါက်ခဲ့ကြတာလေ။ တကယ့်တကယ်တော့ ကချင်ပြည်နယ်မှာ ရှမ်းတွေအများကြီး ရှိသလို ရှမ်းပြည်နယ်မှာလည်း ကချင်တွေ နေကြပါတယ်။ ကူးလူးရွှေ့ပြောင်းသွားတာ မဟုတ်ပဲ နဂိုကတည်းက ဇာတိရပ်ရွာအဖြစ် အစဉ်အဆက် နေလာခဲ့ကြတာပါ။ ဦးနေဝင်းက အဲ့ဒီမွေးရပ်ဇာတိ သမိုင်းကြောင်း အမှတ်အသားတွေကို ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။ အဲ့သလိုနဲ့ ခုခေတ်ကလေးတွေဟာ မြစ်ဝကျွန်းပေါ်ဆိုရင် ကရင်တွေနေတဲ့ ဒေသမှန်း မသိတော့ဘူး။ မွန်တွေဆိုတာ မော်လမြိုင်လောက်မှာပဲ နေကြတဲ့လူမျိုးတွေလို့ ထင်လာပါတယ်။ ရှိပြီးသားလူမျိုးနွယ်တွေကို မေ့မေ့ပျောက်ပျောက်ဖြစ်အောင်လုပ်ပြီး သူအသုံးချဖို့ လိုအပ်လာရင်တော့ ယူနန်တရုတ်အစစ်ကြီးတွေကို ကိုးကန့်တိုင်းရင်းသား ပြောလိုပြော၊ မုန်းဝန်းဗမာခေါ်လိုခေါ် အတင်းကို အမည်ပေါက်စာရင်းဝင်ဖြစ်အောင် လုပ်ပါတော့တယ်။

စစ်သားတွေက အရပ်သားမှန်သမျှဟာ သူ့အောက်တစ်ဆင့်နိမ့်တဲ့ လူအတန်းအစားတွေလို့ ထင်သလိုပဲ မြန်မာတွေကလည်း တိုင်းရင်းသားဆိုတာ ကိုယ့်ဆီ ပဏ္ဏာဆက်လာနေကျ နယ်စားပယ်စားတွေလို့ပဲ သဘောထားပါတယ်။ “နင့်မှာ သမီးချောချောရှိတိုင်း ငါ့ဆီလာပို့ဝေ့။ ငါ မိဖုရားလုပ်ထားပေးမယ်။” ဆိုတာ ချီးမြှောက်ချင်လို့ မေတ္တာထားတဲ့စကားလေ။ ဗမာတွေက “အမင်းမင်းခယ စိုးရာစဉ် သောင်းမြေပြင်” ဆိုရင် တိုင်းသားတွေက “ဆက်လာခွန်သွင်း ကျွန်ရင်းမှန်စွာ” ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ တိုင်းရင်းသားတွေမှာ မြန်မာ/ဗုဒ္ဓ လို့ မရေးရင် နိုင်ငံသားမှတ်ပုံတင်တောင် လွယ်လွယ်နဲ့ မရနိုင်တော့ဘူး။ နိုင်ငံကူးလက်မှတ်လုပ်ရင် “မင်း ခဏနေဦး” ဆိုပြီး အရစ်တွေ အထစ်တွေနဲ့မှ ပြီးပါတယ်။ နောက်ပိတ်ဆုံး ငြိမ်းချမ်းရေးဆွေးနွေးတဲ့အချိန်ရောက်လာတာတောင် “မင်းတို့လက်နက်တွေ ငါ့ဆီအပ်။ ငါကခိုင်းရင် ငါ့အတွက် စစ်တိုက်ပေး။ ငါကသေဆိုသေ ရှင်ဆိုရှင်နေမှ ငြိမ်းချမ်းရေးရမယ်။” တဲ့။ မြန်မာပြည်က နှစ် ၆၀ လက်နက်ကိုင် ပြည်တွင်းစစ်ကြီးရဲ့ ပြဿနာဟာ အဲ့ဒီမှာ အခြေခံနေပါတယ်။

အဲ့ဒီသပွတ်အူ အရှုပ်ထုပ်ကြီးထဲမှာ ရှမ်းနီတွေက အစတစ်စအနေနဲ့ ပါဝင်ပါတယ်။ မြေပုံပေါ်က ပြည်နယ်တိုင်း နယ်နိမိတ် အမှတ်အသားတွေကို ခဏဖျောက်ကြည့်လိုက်ပါ။ မန္တလေး မတ္တရာ ရွှေဘိုကနေ အထက်တက်တဲ့ အရပ်ဆီမှာ ရှမ်းတွေနေပါတယ်။ မိုးကုတ်၊ မိုးမိတ်၊ မဘိန်း ဆိုတဲ့အရပ်ဟာ ရှမ်းပြည်ပါ။ ဝန်းသို၊ ကောလင်း၊ ဗန်းမော်၊ ကောင်းတုံ၊ ဆိုတဲ့အရပ်တွေဟာလည်း ရှမ်းရပ်ရွာတွေဖြစ်ပါတယ်။ ဝန်းသိုစော်ဘွားဦးအောင်မြတ်က ရှမ်းစော်ဘွားလေ။ ကချင်ဒူးဝါးမှ မဟုတ်တာ။ အဲ့ဒီအထက်တက်သွားလို့ ရွှေကူ၊ ကသာ၊ ထီးချိုင့်ကနေ ဟိုပင်၊ မိုးညှင်း၊ အင်းတော်ကြီးထိအောင် ရှမ်းတွေ အခြေချနေထိုင်ကြတာဆိုတော့ ကချင်ပြည်နယ်အောက်တကျောလုံး ရှမ်းတွေနေနေကြတာဆိုရင် သိပ်တော့မမှားပါဘူး။ ကဒူးကနန်းတွေကို ခဏမေ့ထားကြတာပေါ့။

ပုဂံပျက်အပြီး ပြည်ရွာစုစည်းခဲ့တဲ့ ရှမ်းညီနောင် ၃ ဦးဟာလည်း ဒီအရပ်ကပဲ။ တရုတ်မြန်မာစစ်ပွဲတွေဖြစ်တဲ့ ငဆောင်ချမ်းအရပ်ဆိုတာလည်း အဲ့ဒီမှာ။ မိုးညှင်းစလုံ၊ သိုဟန်ဘွား၊ မိုးညှင်းသတိုးဆိုတာလည်း ရှမ်းတွေပေါ့။ မုဆိုးဘို က ဦးအောင်ဇေယျကို ဩဇာမခံပဲ တိုက်ခိုက်ထိပါးတဲ့ ဂုဏ္ဏအိမ်ကလည်း အဲ့ဒီအရပ်က ရှမ်းပါပဲ။ အဲ့သလိုမျိုး ပဝေသဏီ အလီရှစ်စိပ် ပြန်ကြည့်ရင် ရှမ်းတွေကို ဌာနေတိုင်းရင်းသားထဲ ထည့်ရပါတော့မယ်။ ကချင်ပြည်နယ်က ရှမ်းပါ။ ရှမ်းပြည်က ရှမ်းနဲ့ မတူပါဘူး။ ရှမ်းတိုက်ပုံကို ပုဆိုးနဲ့ ဝတ်လေ့ရှိတယ်။ သူတို့ကို ရှမ်းနီ လို့ ခေါ်ကြပါတယ်။ သူတို့မှာလည်း ရှမ်းနီဘာသာ၊ စာပေ၊ ယဉ်ကျေးမှုအဖွဲ့တွေ ရှိပါတယ်။

သိလှချည့်လား လို့ မပြောနဲ့နော်။ အခုမှ သိတာ။ အစက မသိဘူး။ ကိုယ့်လိုပဲ ရှမ်းနီဆိုတာ အခုမှကြားဖူးပြီး ဗကပ နဲ့ ပူးပေါင်းတဲ့ ရှမ်းတွေကိုခေါ်တာ ဖြစ်လိမ့်မယ် လို့ ထင်နေမယ့်သူ အများကြီး ရှိပါတယ်။ မှေးမှိန်အောင် လုပ်ထားတော့ တဖြေးဖြေး သေးသိမ်သွားတာပေါ့။ ဟံသာဝတီအဝိုင်းလောက်ပဲသိပြီး ပဲခူးဆိုတာ မွန် နဲ့ မပါတ်သက်ဘူး လို့ ထင်နေတဲ့သူတွေလည်း အများကြီး ရှိတယ် မဟုတ်လား။ ရှမ်းနီတွေဟာ သူတို့လူမျိုးကို အဲ့လိုမျိုး ဝါးမျိုပျောက်ကွယ်သွားမှာ ကြောက်ကြပါတယ်။ ကချင်ပြည်နယ် နယ်နိမိတ်ထဲပါသွားလို့ KIA / KIO ရဲ့ အုပ်ချုပ်မှုအောက် ရောက်သွားတာကိုလည်း ဘဝင်မကျပါဘူး။ သူတို့ဒေသကထွက်တဲ့ရွှေတွေဟာ သူများရပ်ရွာကောင်းစားဖို့ချည်းပဲ ဖြစ်လာရတာကိုလည်း စိတ်ချမ်းသာနိုင်မှာ မဟုတ်ပါဘူး။ ဒါကတော့ ရှမ်းနီတွေဘက်က စာနာပြီး တွေးကြည့်တဲ့အတွေးပါ။ မှားတယ် မှန်တယ် မဝေဖန်ပါဘူး။

ကိုယ့်ရှုဒေါင့်နဲ့ကိုယ်ဆိုတော့ သူ့အတွေးအမြင်ကို မှားတယ် လို့ မဝေဖန်သော်ငြားလည်း စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာတော့ ရှမ်းနီတွေမှားပါတယ်။ ပက်ပက်စက်စက်ကိုမှားတယ်။ အဓိကကတော့ လူပေါင်းမှားတာဗျ။ ကမ္ဘာလောကတစ်ခုလုံးမယ် မင်းအောင်လှိုင် နဲ့ ပေါင်းတဲ့အလုပ်လောက် အမှားကြီးမှားတာ ဘယ်မှာရှိဦးမတုန်း။ ခုဘဝ နောက်ဘဝတင်မဟုတ်ဘူး။ သံသရာအဆက်ဆက်ပါ လမ်းလွှဲထွက်သွားတာ။ ဒင်းနဲ့ပေါင်းလို့ကတော့ တသက်လုံး နံမည်တစ်လုံးနဲ့နေလာခဲ့တဲ့ ဘုန်းကြီးတွေတောင် ငရဲသစ်ငုတ် ငုတ်တုတ်မီးစွဲမတတ်ပဲ။

ဦးသိန်းစိန်လက်ထက်မှာရော၊ ဒေါ်စုအစိုးရတစ်ဆက်မှာပါ ရှမ်းနီတွေဟာ လွှတ်တော်ထဲ ဝင်ထိုင်ပြီး ပါတီနိုင်ငံရေးကနေ လိုချင်တာကိုရဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း သူလိုချင်သလောက်တော့ ဘယ်ရမလဲ။ NLD ဆိုတာ အစိုးရသာဖြစ်တာ။ ဦးကိုနီကို စစ်တပ်က လူငှါးသတ်တာတောင် ငုတ်တုတ်ထိုင်ကြည့်နေရတဲ့ဘဝ။ ငြိမ်းချမ်းရေးဆွေးနွေးရင်တောင် လက်နက်ကိုင်ရှိသူ နဲ့ မရှိသူ၊ ပါဝါချင်းက မတရားကွာခြားမှန်းသိတော့ ရှမ်းနီတွေလည်း ကိုယ်ပိုင်စစ်တပ် ရှိထားဖို့ လိုမယ် ဆိုတဲ့အမြင်ဟာ ရခိုင်တွေနဲ့ မကွာပါဘူး။ AA မပေါ်ခင်က ရခိုင်ကို ဘယ်သူအရေးလုပ်လို့လဲ။

သို့သော်လည်း AA လိုမျိုး KIA ဘက် ပြေးမကပ်ပဲ ရှမ်းမြောက်ကအဖွဲ့တွေဆီမှာ ဌာနချုပ်သွားထိုင်ပါတယ်။ KIA ဆိုတာ အခန့်မသင့်ရင် သူပြန်တော်လှန်ရမယ့်သူမို့ စောစောကတည်းက ကင်းအောင်နေတဲ့သဘောနေမှာ။ ဖြစ်ချင်တော့ သူသွားကပ်တဲ့ ရှမ်းမြောက်အဖွဲ့က ယွက်ဆစ်အောက်မှာရှိတဲ့ RCSS /SSA တပ် ဖြစ်နေပါတယ်။ MNDAA ၊ TNLA ၊ SSPP နဲ့ UWSA တပ်တွေ ပါတဲ့ မြောက်ပိုင်း မဟာမိတ်က KIA နဲ့ ပူးပေါင်းထားတာကိုး။ သူ့မှာ ရွေးစရာ မရှိဘူးပေါ့။ ယွက်ဆစ်ဆိုတာ ရှမ်းပြည်နယ်ကြီးရဲ့ ချီးထုပ်ဖြစ်နေတော့ အဲ့ဒီမှာ သူတိုင်ပတ်တော့တာပဲ။ ၉ ရက်နေ့မှာ မအလ နဲ့ လက်မှတ်ထိုးမယ့် ၁၁ ဖွဲ့ထဲမှာ အစက ရှမ်းနီတပ်ဖွဲ့ SNA ပါတယ်။ သို့သော်လည်း စုန်းစုန်းမြုပ်မယ့် Titanic ကြီးမှန်းသိတော့ သူသွားမတွေ့ပဲ ပတ်ရှောင်နေလိုက်တယ်။ မရပါဘူး။ သူသေရင် အကုန်ခေါ်သွားချင်တဲ့မအလ က တစ်သက်တစ်ကျွန်းချထားတဲ့ ABSDF အဟောင်းတွေကို ရှမ်းနီတပ်နဲ့ပူးပေါင်းခိုင်းပြီး လက်နက်တွေ ထုတ်ပေးလိုက်တယ်။ ဟုမ္မလင်းဘက်က တစ်ဖွဲ့လာမယ်။ အင်းတော်ကြီးဘက်က တစ်ဖွဲ့လာမယ်။ ဖားကန့်ဘက်က တစ်ဖွဲ့ဆင်းခဲ့မယ်။ စကစက လေကြောင်း နဲ့ လက်နက်ကြီး ပစ်ကူပေးမယ်။ ဆယ်ဇင်းကို သိမ်းလိုက်ကြ။ လို့ အခါပေးဦးပုည လုပ်လွှတ်လိုက်ပါတယ်။

ရှမ်းနီဟာ KIA နဲ့ အစေးမကပ်လို့ ယွက်ဆစ်နဲ့သွားပေါင်းရတာက ပထမအမှားပါ။ NLD ကို အားမရလို့ စကစ နဲ့ ပူးပေါင်းရတာက ဒုတိယအမှား။ သူပူးပေါင်းတဲ့အဖွဲ့တွေဟာ လတ်တလောအခြေအနေမှာတောင် လက်နက်အားကိုးနဲ့ လူမဆန်အောင် ရက်စက်ယုတ်မာနေရတယ်။ တတိုင်းတပြည်လုံးက အုံကြွတော်လှန်နေလို့ အနှေး နဲ့ အမြန် ပြိုကွဲပျက်စီးရမယ့်အဖွဲ့တွေ ဖြစ်နေတယ်။ ဒီလိုအဖွဲ့အစည်းနှစ်ခုအပေါ်မှာ သူ့လူမျိုးတွေရဲ့အနာဂတ်ကို သွားပုံအပ်လိုက်တဲ့အတွက် လက်ရှိအခြေအနေထက် နိမ့်ကျဆိုးရွားလှတဲ့ အနေအထားကိုပဲ သူ ရလာလိမ့်မယ်။ စစ်ပွဲပြီးရင် လောလောဆယ် အခွန်အတုပ်ကောက်ခံ လက်နက်လူသူစုဆောင်းနေတာကို မသိချင်ယောင်ဆောင်ပြီး မျက်စိမှိတ်ထားပေးတဲ့ KIA တွေက buffer zone မှာ ရှမ်းနီကို လက်ခံတော့မှာ မဟုတ်ဘူး။ ဆယ်ဇင်းကို သူအပြီးသိမ်းလိုက်ပြီး သူ့လက်အောက်က ဒေသအဖြစ် ခြေကုပ်ယူ အထိုင်ချတော့မယ်ဆိုရင်လည်း အသီးအပွင့်ကို စကစ ကပဲ လက်တဆုံးနှိုက်သွားမယ့် သဘောရှိတယ်။ သူ ဘာမှ ရလိုက်မှာ မဟုတ်ဘူး။ သူ့နယ်မြေမှာ ကိုးကန့်လို ဝ လို သီးခြားရပ်တည်ဖို့ ဆိုတာကလည်း နယ်စပ်မဟုတ်တော့ မဖြစ်နိုင်ဘူး။ ဆူးကြားက ဘူးခါးပဲ။

အမြင်ကျယ်ပြီး ပညာတတ်တဲ့ မျိုးဆက်သစ်တွေ သူ့ထဲကထွက်မလာသေးသ၍ သူများက ခိုင်းစားပြီး ထိုးကျွေးခံရတဲ့ ဘဝက တက်မှာ မဟုတ်ဘူး။ လည်ပင်း ကြေးကွင်းစွပ်တဲ့ ပဒေါင်တွေထဲကတောင် ပါစကယ်ခူးသွယ် လို ကမ္ဘာကျော်စာအုပ် ရေးထုတ်နိုင်တဲ့သူ ထွက်ခဲ့သေးတယ်။ တောင်ပေါ်ချင်းရွာကလေးကနေ ဝေလမင်းသား နဲ့ ဘက်ကင်ဟမ်နန်းတော်မှာတွေ့နိုင်တဲ့ ဒေါက်တာဆာဆာ မွေးထုတ်လာခဲ့သေးတယ်။ ရှမ်းနီတွေဟာ ဘိန်းစားတွေ ဖါခေါင်းတွေနဲ့ လက်တွဲပြီး ပလူးနေလို့ ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူး။ နစ်မယ့်လှေပေါ် ခြေစုံမရပ်နဲ့။ ဒါ နားခါးရမယ့်စကား မဟုတ်ဘူး။ ဉာဏ်အလင်းပွင့်ရမယ့်စကား။ နွေဦးတော်လှန်ရေးကြီး အောင်မြင်သွားတဲ့အခါကျရင် ရှမ်းနီလူမျိုးတွေကို မြန်မာနိုင်ငံသားတွေက ဘယ်နေရာမှာ စာရင်းသွင်းထားမှာလဲ ဆိုတဲ့ ကိစ္စဟာ ကြိုတင်တွေးဆထားရမယ့် အကြောင်းတရားတစ်ခုပါပဲ။ အနည်းဆုံးတော့ နိုင်ငံရေးချိန်ခွင်လျှာဟာ ဘယ်ဘက်ကို အလေးသာမလဲ မှန်မှန်ကန်ကန် အကဲခတ်တတ်ဖို့ အရင်ကြိုးစားပါဦးလေ။