ချန်ဂင်တို့စခန်း (၅၅)

မေတ္တာရဲ့တန်ခိုးဟာ ချမ်းသာစွာအိပ်စက်ရပြီး ချမ်းသာစွာ နိုးထရတယ်တဲ့။ တောထဲရောက်ကတည်းက စာရေးနေတဲ့အချိန်ကလွဲရင် အိပ်လို့မပျော်ဘူး ဆိုတာ မရှိဘူး။ အိပ်ယာကမနိုးဘူး ဆိုတာလည်း မရှိဘူး။ အိပ်တော့မယ်ဆို တုံးကနဲ ထတော့မယ်ဆို ဝုန်းကနဲပဲ။ အလုပ်ရှိရင် လုပ်တယ်။ အလုပ်မရှိရင် အိပ်တယ်၊ စားတယ်၊ သီချင်းနားထောင်တယ်။ သာသာယာယာပဲ။ သွားရင်းလာရင်း ကုန်ရတဲ့အချိန် မရှိဘူး။ စစ်ဖြစ်နေလို့သာ သတိဝီရိယ နဲ့ နေရတာ။ တိုက်ပွဲအခြေအနေအေးရင် ကိုယ်တို့လည်း အေးဆေးပဲ။

မနေ့ညက ပူပူလောင်လောင်နဲ့ အိပ်ပျော်သွားတာတောင် မနက် ၄ နာရီလောက်ကျ မိုးတွေသည်းလိုက်တာ တအား။ ခြိမ်းလိုက်တာကလည်း သိမ့်သိမ့်ကို တုန်လို့။ လျှပ်စီးတွေတဝင်းဝင်း နေ့ခင်းကြောင်တောင်လောက်ကို လင်းတယ်။ လေယာဉ်လာနေကျ အချိန် မဟုတ်လား။ မိုးနတ်မင်းကြီးကတော့ တာဝန်ကျေပါပေတယ်။ ချောင်းရေတွေ တက်လာတာ ကမ်းပါးစွန်းထိ ရောက်ပြီ။ သစ်ပင်ကြီးတွေ တချို့ မျောပါသွားကြတယ်။ ဒီလိုအချိန်ဆို ရေနောက်တယ်။ ရေစီးသန်တယ်။ ချိုးမကောင်းဘူး။ ၂ ရက်လောက် မိုးပြတ်သွားမှ ရေတွေကြည်သွားတာ။ မွန်းတည့်ချိန်အထိတော့ နေမပွင့်သေးဘူး။ ဒီနေ့အတွက်တော့ လေကြောင်းအန္တရာယ် ကင်းရှင်းပြီလို့ ယူဆရတယ်။

ဆယ်ဇင်းဘက်က ဗိုက်ကြီးသည်တစ်ယောက်ကတော့ ဆရာဝန်တွေ ရှိသေးရင် ခွဲချင်လို့ဆိုပြီး ရေလမ်းကရောက်လာတယ်။ မွေးရက်က တစ်လလောက် လိုသေးလို့ ကိုယ်တွေလည်း စောင့်ခိုင်းရပြန်တယ်။ ကလေးက အရမ်းနုနေမှာစိုးလို့။ အပစ်အခတ်လေးစဲတုန်း စစ်ရှောင်တဲ့သူတွေလည်း ရှောင်ကြတာပေါ့လေ။ သူဌေးတွေကတော့ ဘယ်ချိန်ကတည်းက ဘယ်လိုပျောက်သွားနှင့်မှန်း ဘယ်သူမှ မသိလိုက်ဘူး။ အ တီးအ တနဲ့ဆို အစကတည်းက သူဌေးကို ဖြစ်လာစရာ အကြောင်းမရှိဘူး မဟုတ်လား။ ရန်ကုန်ကလူတွေ ဘန်ကောက်မှာ ကွန်ဒိုပြေးဝယ်ကြသလို နေမှာပေါ့။ သူတို့ကတော့ ဘယ်နေရာ ဘယ်မြို့မှာမဆို အိမ်တွေ စီးပွါးရေးလုပ်ငန်းတွေ တပည့်တပန်းတွေ ရှိတယ်လေ။ ပြေးစရာကိုမလိုဘူး။ ဒီမှာပျောက်သွားရင် ဟိုမှာ ဘွားကနဲပေါ်တယ်။ ဘယ်ဂိတ်တွေ ဘယ်လိုပိတ်ပိတ် သူဌေးစီးတဲ့ကားဆိုရင် မှန်တံခါးဖွင့်ပြစရာတောင် မလိုဘူး။ ဂိတ်မှာ အကြီးဆုံးလူက လာလက်ပြနှုတ်ဆက်ရတာ။ ရွှေဘုန်းရွှေဘုန်းတော်လေတည့်မှ။

အနေအထား မြွေဖားလေးကို ပြန်အကျဉ်းရုံးရရင် ဆယ်ဇင်းထဲမှာ ရဲ၊ စစ်တပ် နဲ့ ရှမ်းနီ ရှိတယ်။ ဆယ်ဇင်းက အပြင်ထွက်တဲ့လမ်းတွေကို KIA က ပိတ်ဆို့ဖြတ်တောက်ထားတယ်။ အဲ့ဒီအပြင်မှာ KIA ကို စစ်တပ်ကပြန်ပြီး ပိတ်ဆို့ထားတယ်။ သို့သော် ဧရိယာအကျယ်ကြီးဖြစ်သွားတော့ ကားလမ်းကိုပဲ သူတို့ ပိတ်နိုင်တယ်။ တောလမ်းကသွားရင် ဘယ်သူမှ ပိတ်မရ။ ဗမာစစ်တပ် ဘယ်နားရှိတယ်။ အင်အားဘယ်လောက်ရှိတယ်။ သူတို့ အကုန် အတိအကျ သိပြီးသား။ မနက်ခင်း ဟင်းစိမ်းရောင်းတဲ့ ဆိုင်ကယ်ကယ်ရီတွေတောင် သိတယ်။ မတွေ့ချင် ပတ်မောင်းကြတာ။ အပစ်အခတ်တွေ ခဏနားထားပြီး ကိုယ်စီကိုယ်စီ အင်အားဖြည့်တင်းနေကြတယ်။ စစ်ကူတွေလည်း ပို့နေကြတယ်။ ဘယ်ချိန်ပြန်ဆော်ကြမလဲသာ မသိတာ။ ဆော်တာတော့ ဆော်လိမ့်မယ်။

ကိုယ့်ဆေးရုံဘယ်မှာ ရှိသလဲဆိုတာကတော့ ဒီကလူတွေ မသိစရာအကြောင်းကို မရှိပါဘူး။ မသိလောက်ပါဘူး လို့ ထင်နေရင်သာ အ တာ။ ဆယ်ဇင်းကို ပထမဆုံးရောက်တဲ့ညကတည်းက စခန်းမှူးကြီးကလိုက်လာ၊ ဓါတ်ပုံတွေ ရိုက်ယူကြ၊ စအဖ သတင်းပေးက ကိုယ်ရေးရာဇဝင် လာတောင်း။ အဲ့ဒီကတည်းက သူတို့ မသိပဲ နေမှာ မဟုတ်ဘူး။ “စိတ်ချပါ။ ကျွန်တော်တို့ အထက်ကို သတင်းမပို့ပဲ ထားပါ့မယ်။” ဆိုတဲ့ စကားကိုလည်း ယုံစရာအကြောင်း မရှိဘူး။ ကိုယ်က ကိုယ့်အလုပ်မဟုတ်တာ လာလုပ်တဲ့သူ၊ သူတို့က ကိုယ့်အလုပ်ကိုယ်လုပ်တဲ့သူ။ ဒီလိုပဲတွေးမှာပဲ။ ရပ်ရွာမျက်နှာနဲ့မို့ သည်းညည်းခံနေရတာ။ စိတ်ထဲ ဘယ်လောက်တောင် အမြင်ကပ်ကြမယ် မသိ။ ကိုယ် ဒီမှာဆေးကုတာ ကိုဗစ်စင်တာ ၃ လ၊ ဆေးရုံအဖြစ် ၇ လ ဆို တစ်နှစ်တောင်ပြည့်တော့မယ်။ ကိုယ်ကုတဲ့လူနာတွေထဲ ရှမ်းနီရော၊ ပြည်သူ့စစ်ရော၊ သူတို့ရဲ့အမျိုးတွေအဆွေတွေပါ ကုဖူးတယ်။ ဆေးရုံမှာ လာတက်နေကတည်းကလည်း သူတို့ ဘာ ဆိုတာ ရွာခံကလေးတွေက အကုန်ပြောပြတယ်။ ကိုယ် ဘာ ဆိုတာလည်း လူတကာသိမှာပဲ။ ဘာမှ လျှို့ဝှက်ထားစရာ အကြောင်း မရှိဘူး။

ခုလိုအချိန်မျိုးရောက်မှတော့ ပုန်းလျှိုးကွယ်လျှိုး နေရာသိမှာစိုးနေစရာ မလိုတော့ဘူး။ ကိုယ်က သူတို့ကို မြင်နေကြားနေသလို သူတို့လည်း ကိုယ့်ကို မြင်မှာကြားမှာ မလွဲဘူး။ ကြောက်လို့ထွက်ပြေးလာတာ မဟုတ်တဲ့အတွက် “ဒိုးရတော့မယ် အချစ်ရယ်။ နှုတ်ဆက်ခဲ့ပါတယ်။” လုပ်စရာလား။ ရဲရဲရင်ဆိုင်နိုင်တယ်။ ရှင်းရှင်းနဲ့ဘွင်းဘွင်းပဲ။ အချိန်တစ်ခုရောက်ရင် ဒီလိုဖြစ်လာမယ်ဆိုတာ သိပြီးသား။ “ရဲတွေလာပြီ။ ပြေး ပြေး ပြေး။” လုပ်ရအောင် ငါက ဘာလား။ အေးဆေးပေါ့။

ဒီနေ့ဆို ရွာထဲမှာ တစ်အိမ်တက်ဆင်း လိုက်မွှေပြီး ဖုန်းတွေပါစစ်ကြသတဲ့။ ကလေးလေးယောက်ဖမ်းသွားတယ်။ တစ်ယောက်မှ PDF မဟုတ်ဘူး။ ဘောလုံးကန်နေကျ ၂၀ ပတ်ချာလည် ကလေးလေးတွေ။ တယ်လီဖုန်းထဲဝင်စစ်ပြီး မင်းအောင်လှိုင်ကို မကြည်ဖြူသမျှ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နိုင်တယ်လို့ ယူဆထားတယ် ထင်ပါရဲ့။ သူတို့လက်ခုပ်ထဲကိုရောက်သွားရင်တော့ ဘယ်သူ့ကိုမှ ချမ်းသာပေးရိုး ထုံးစံမရှိဘူးလေ။ မြန်မာနိုင်ငံတနံတလျား စစ်သားတွေရှိသမျှ အရပ်က ပြည်သူတွေ ဒီလိုပဲ လည်စင်းခေါင်းငုံခံကြရတယ်။ အဲ့ဒီအစဉ်အလာကြီးကို အသည်းနာလွန်းလို့ စစ်ခွေးမရှိတဲ့တိုင်းပြည်ကို ထူထောင်ချင်နေကြတာ။

အခုအချိန်မှာ ကိုယ်မှ အဖုံးအဖိ အရှောင်အတိမ်း မလုပ်တော့တာ မဟုတ်ပါဘူး။ သူတို့ဘက်က ဟန်ဆောင်မျက်နှာဖုံးတွေလည်း တစ်ခုမကျန် ကွာကျခဲ့ပြီ။ ခုချိန်ထိ ဒီလူတွေနဲ့အတူ တွဲဘက်ရပ်တည်နေသူတွေဟာလည်း မသိလို့ နားမလည်လို့ ရောယောင်မိုက်မှားကြတဲ့ကိစ္စ မဟုတ်ပါဘူး။ တစိတ်တည်း တဝမ်းတည်း တကျိတ်တည်း တဉာဏ်တည်းမို့သာ သူခိုးကို ဓါးရိုးကမ်းနေတာပါ။ သူငယ်ချင်းမို့လို့ ငယ်စာရင်းမဖျက်ပဲထားရင် နောက်ကျောကိုထိုးတဲ့ဓါး ဖြစ်ကုန်ပါလိမ့်မယ်။ ကိုယ်တွေဘက်က ပေးရရင် အသက်ပါ။ သူတို့ဘက်ကပြန်ပေးရင် ဆင်ခြေပဲ ပေးနိုင်ပါလိမ့်မယ်။ လဲရတာ မတန်ပါဘူး။

တောထဲမှာပဲဖြစ်ဖြစ်၊ မြို့ပေါ်မှာပဲဖြစ်ဖြစ် အခုလောလောဆယ် လွယ်ကူအဆင်ပြေ သာယာနေသေးတယ် လို့ ပြောနိုင်သေးရင် ဝမ်းသာပါတယ်။ ခဏတဖြုတ် အမောအပန်းဖြေပြီး အားမွေးထားပါ။ မနက်ဖြန်ကျ ပိုဆိုးလာနိုင်တဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ပါ။ ဘာဖြစ်လို့ဆိုတော့ ပို၍ကောင်းသော မနက်ဖြန်ဆိုတာ စစ်အစိုးရပြုတ်မကျသေးသမျှ ကာလပတ်လုံး ဘယ်တော့မှ ဖြစ်လာနိုင်စရာ အကြောင်း မရှိလို့ပါပဲ။ ဒီကောင်တွေမသေမချင်း တနေ့ထက်တနေ့ ပို၍ဆိုးသော မနက်ဖြန်များသာ ရောက်လာဦးမှာပါ။ ကိုယ်တို့တွေ ဒီနေ့ သာသာယာယာပဲ။ ဘာတိုက်ပွဲမှ မရှိဘူးဆိုတာဟာ မနက်ဖြန်ကျ ပို၍ပြင်းထန်သော တိုက်ပွဲများအတွက် အချိန်ယူပြင်ဆင်နေခြင်းသာ ဖြစ်ပါတယ်။ မနက်တုန်းက ကလေး ၄ ယောက် အဆွဲခံရလို့ တော်တော်စိတ်မကောင်းဖြစ်နေသခိုက် ညနေပိုင်းလည်းရောက်ရော ရွာသားတွေ အယောက် ၃၀ ကျော် ပါသွားတယ် ဆိုလို့ တိုက်ပွဲတွေ ပြန်ဖြစ်လာဖို့ကိုပဲ မျှော်လင့်မိပါတော့တယ်။ စိတ်ပူပေးကြသော ဆုတောင်းမေတ္တာပို့သပေးကြသောသူများ အားလုံးကို ကျေးဇူးတင်ပါရဲ့။ သို့သော်လည်း မိမိကိုယ်တိုင်အတွက် မိမိမိသားစုအတွက် တွေးတောပြင်ဆင်ပြီး ရင်ဆိုင်နိုင်ဖို့ အားမွေးထားကြရအောင်ပါ။ ဖက်ဆစ်စစ်တပ် အမြစ်မပြတ်မချင်း ကြာလေဆိုးလေ အကျိုးနည်းလေ ဆိုတာကို မြန်မာနိုင်ငံသားအားလုံး လက်တွေ့သိမြင် ခံစားကြရမယ့် အချိန်ရောက်ပါပြီ။ မောင်လေးရော ညီမလေးရော မင်းတို့ ကံကောင်းပါစေလို့။