ချန်ဂင်တို့စခန်း (၅၃)

မနေ့ညကတော့ လှထုံတို့ရွာမှာ မင်းရဲကျော်စွာ ဗိုလ်နေတိုး သီချင်းထဲကအတိုင်း “ဓညဒေ ရွာထဲဝင်လာပါပြီဗျိုး။” “ပြေး ပြေး ပြေး ပြေး” “ကယ်ကြပါဦးရှင်” တွေ ဖြစ်ကုန်ပလား မသိပါဘူး။ ကိုယ်သာရှိရင် “ဟိတ်လူဆိုး။ ငါ့မှာ ငွေကြေးတော့မရှိဘူး။ အကြွေးပဲရှိတယ်။” လို့ ဝင် က နေရဦးမယ်။ အခြေအနေတွေက မကောင်းဘူးပေါ့။ ကိုယ်တို့တောင် နေရာရွှေ့ အိပ်နေရပြီ။ ညကြီးမိုးချုပ်မှ လေယာဉ်တစ်ခေါက်ပြန်လာပြီး ပစ်သွားတာ ရွာထဲမှာ ထမင်းချက်နေတဲ့ မိန်းမတစ်ယောက် တံတောင်ဆစ်ကိုမှန်ပြီး သွေးထွက်နေတယ်တဲ့။ ဒီဘက်ပို့လို့ ရဦးမလားမေးတာ။ ပို့လို့ကတော့ ရပါတယ်။ ဒါပေသိ ဘယ်လိုလုပ်ပို့မှာတုန်း။ ညကြီးအချိန်မတော်။ လာလို့လည်းမရ။ သွေးတိတ်အောင်စည်းထားပြီး မနက်ကျမှ ပို့လိုက် လို့ မှာရတယ်။ တိုက်ပွဲကနီးနေပြီဆိုတော့ ကိုယ်တို့လည်း ပစ္စည်းတွေ သိမ်းနေရပြီလေ။ မသုံးမဖြစ် ပစ္စည်းပဲ ချန်ထားရတာ။ မလာနဲ့ ပြောလို့တော့ ဘယ်ဖြစ်မလဲ။ ဒီမလာ ဘယ်ကိုမှ သွားစရာ မရှိဘူး။ ဟိုဘက်က ထိရင်သာ ရဟတ်ယာဉ်နဲ့ဘအခေါက်ခေါက်အခါခါ လာသယ်ပြီး မဆရကိုပို့တာ။ ကောလာဟလတွေကတော့ ပွထနေတာပဲ။ တပ်ရင်းမှူးထိတယ်လို့လည်း ပြောတယ်။ အတည်ယူလို့တော့ မရဘူး။ ကိုယ့်မျက်စိအောက်မှာ ရောက်လာတာကလွဲရင် ဘာကိုမှ အလွယ်တကူ မယုံ။

သန်းခေါင်ကျော်လောက်မှာ လေတွေမိုးတွေ အုန်းအုန်းထအောင် ရွာချပလိုက်တော့ စိတ်အေးလက်အေး အိပ်ရပါတယ်။ နောက်တနေ့ နေ့လည်လောက်ထိ မိုးလုံးမှိုင်းနေတုန်းမို့ လေယာဉ်တွေလည်း မလာတော့ဘူး။ မနက်ခင်းလေးတစ်ခေါက်ပဲ လေယာဉ်သံကြားလိုက်ရတယ်။ တိမ်တွေမှောင်နေလို့ မမြင်ရဘူး။ ရွာကလူတွေကတော့ စစ်ဘေးရှောင်ချင်လို့ ထွက်ခွင့်တောင်းတယ်။ မနက်စောစောတစ်သုတ်ကို လွှတ်လိုက်ပေမယ့် ဆယ်နာရီကျော်လောက်ကျတော့ ပေးမထွက်တော့ဘူး။ တခြားတဘက်ကလမ်းမှာ လူနာပို့ချင်လို့ဆိုပြီး ဆိုင်ကယ်ဆယ်စီးလောက် ထွက်လို့ရသွားတယ်။ တကယ့်လူနာကတော့ ရေလမ်းကြောင်းနဲ့ လာတာဆိုတော့ အရင်လူနာလိုပဲ ညနေစောင်းမှ ရောက်တယ်။

ညတွင်းချင်း ခွဲခန်းဝင်ကြတယ်လေ။ တံတောင်ဆစ်အရိုးက ကျေမွပြီး ပဲ့ထွက်သွားတယ်။ အပြင်မှာဆို ဘာမှလုပ်မရဘူး။ ခွဲခန်းထဲမှာတောင် အရိုးခွဲစိတ်တဲ့ ပစ္စည်းကိရိယာတွေ လှူပေးထားလို့ လုပ်လို့ရတာ။ အပြတ်အတောက် အဖြတ်အဖောက် ကိစ္စတွေ ကြိုတွေးထားလို့ လိုသမျှ အကုန်စုထားတယ်။ မေ့ဆေးဆရာ အရိုးဆရာများ ရှိလို့ကတော့ ဘာလာလာ အကုန်ဒေါင်းမှာ။ အခုတော့ ကိုယ့်ဘာကိုယ် တတ်သမျှ မှတ်သမျှနဲ့ပဲပေါ့။ PDF ဆေးတပ်သားလေးတွေက တိုက်ပွဲကနေ ကိုယ့်ဆီအရောက် ပြုစုကုသမှုပေးတယ်။ ကိုယ်တို့ဆီရောက်တာနဲ့ ဆေးရုံအဖွဲ့က ဆက်တာဝန်ယူတယ်။

ဒီဘက်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသမျှဟာ စစ်တပ်ဘက်က မဟုတ်ရင် ကိုယ်တို့ဆီကိုပဲ ရောက်ဖို့ရှိပါတယ်။ တခြား ဘယ်ကိုမှမှ ပို့စရာမရှိပဲဟာကို။ ဒီလိုဆိုရင် အခု ၂ ရက် ၃ ရက်လုံးလုံး လေယာဉ်နဲ့အခေါက်ခေါက်အခါခါလာ၊ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ပါ ကူပစ်၊ ရှမ်းနီရော စကစရော အကြိတ်အနယ် ဝင်ရောက်တိုက်ခိုက်နေတာမှာ ကိုယ်တို့ဘက်က ၃ ဦးသာ ဒဏ်ရာရတယ် ဆိုတဲ့ သဘောပေါ့။ ကိုယ့်ဆီမပို့နိုင်ပဲ သေတာတစ်ယောက်ရှိတယ် လို့တော့ သိရတယ်။ “ဟင် ဒါပဲလား။”

လို့တောင် မေးရမလိုပဲ။ ဟိုဘက်မှာ သောက်သောက်လဲနော်။ ကုန်လိုက်မယ့်ပိုက်ဆံတွေဆိုတာလည်း ကြောက်ခမန်းလိလိ။ ဒီလောက်လေးနဲ့ပြီးသွားတယ်ဆိုတာ အံဩကုန်နိုင်ဖွယ်။ စတိမျှလောက်သာ အထိအခိုက် ရှိလေတယ်။ ပြည်သူအများပို့သသော ဆုတောင်းမေတ္တာများကြောင့် ထင်ပါရဲ့။

မိုးနတ်မင်း အစောင့်အရှောက်လည်း ပါပါလိမ့်မယ်။ အရုဏ်တက် လေယာဉ်လာတဲ့အချိန်တိုင်း မိုးမှောင်ချထားပေးတာ ၂ ရက်ရှိပြီ။ လေယာဉ်မလာတာလည်း ၂ ရက်ရှိပြီ။ တိုက်ပွဲက ရွာအပြင်ဘက်ကို ဆုတ်သွားပြီး လက်နက်ကြီးသံမကြားရတော့ဘူး။ သေနတ်သံပဲ တချက်တချက် ကြားရတော့တယ်။ ကိုယ့်ဆီနောက်ထပ် လူနာပို့မယ် မပြောသေးဘူး။ ဒီမနက်မှာ ရွာကလူတွေ အပြင်ထွက်ဖို့ လမ်းဖွင့်ပေးလိုက်ပါပြီပြောတယ်။ ရွာထဲမှာတော့ စကစ နဲ့ ရှမ်းနီ နဲ့ စစ်ကြောင်းလှည့် အင်အားပြတယ်။ ညတုန်းကတော့ ကိုယ်တို့နေခဲ့တဲ့အိမ်ရှေ့က ကာရာအိုကေဆိုင်မှာ ရှမ်းနီတွေ မိုက်ခဲကြသတဲ့။ သီချင်းကတော့ ဒီသီချင်းတွေပဲ ရှိတာနော်။ သည်းလေးတို့ကလည်း အရင်သည်းလေးတွေပဲလေ ကိုကိုရဲ့။ အောင်မယ်။ မသိတဲ့လူတွေကျနေတာပဲ။ ကိုကိုက လူဆိုး။

တကယ်တော့လေ ရှမ်းနီကိုကို ဆိုတာလည်း တခြားကလာတဲ့သူ မဟုတ်ဘူး။ ဆလံကဘာကိုကိုတွေကလည်း ဒီကိုပဲ လာနေကျ။ စစ်သားကိုကိုတွေလည်း တူတူပါပဲလေ။ ဆြာစိုးလေးနဲ့တောင် ပုခုံးဖက်ပြီး သီချင်း တူတူဆိုဖူးကြတယ်။ “လက်မှတ်တစ်စောင် သုံး​လေးထောင်လည်း မပေးရပါ။” တို့ ဘာတို့။ “ကချင်မြေကိုလာတော့ တကယ်ဆော်တယ်နော့။” လို့ ဆိုပေးရင်လည်း သူတို့ပါ ခုန်ပေါက်ပြီး ဝင်ကတာ။ ပြီးရင် စစ်တိုက်ကြတာလည်း သူတို့ပဲ။ တကယ်ပစ်ခဲ့တယ် ဆိုတာကတော့ လုပ်ဇာတ်မဟုတ်ပါဘူး ပြိတ်သတ်ကြီးရယ်။ အချင်းချင်းတွေပဲဟာ။ သေအောင်တော့ လုပ်စရာလား။ ရော် စစ်တို့၏မာယာ ဆိုသည်မှာလည်း အရပ်သားတွေ နားလည်ရခက်ပါတယ်လေ။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ကိုင်းမှာလို ရွာလုံးပြောင်မသွားတာ ၃ ဖွဲ့စလုံးကို ကျေးဇူးတင်ရမယ့်သဘော ရှိတယ်။ စစ်က တိုက်တော့ တိုက်နေတာပေါ့နော်။ ဒါပေမယ့် တိုက်သလိုလို မတိုက်သလိုလို ဖြစ်နေတယ်။ တိုက်သလိုလို နဲ့ တကယ်လည်း မတိုက်ဘူး။ မတိုက်သလိုလိုနဲ့ လေယာဉ်တွေ တနေကုန် လာတိုက်နေတာ။ ဟုတ်။ မတ်မတ်ဆောင်းကတော့ အိုင်ဖတ်ခ်ယူအော ယူဖတ်ခ်အိုင်အောပါလို့။

နဂိုကတည်းက အဲ့လိုနေနေတဲ့ဒေသတွေမှာ ဘာဖြစ်လို့ စစ်ပွဲတွေပြန်စလာသလဲဆိုတာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ပါဘူး။ ကြင်စိုးဆိုတဲ့ကောင်က လည်သာလည်တာဘယ်တုန်းကမှ တစ်ပတ်မပြည့်ခဲ့ဘူး။ ဆယ်ဇင်းဆိုတာ စစ်ကိုင်း-ကချင်နယ်စပ်က ရွှေမျောကျင်းတွေရဲ့ ဗဟိုချက်မပါ။ ဒီနေရာကရွှေသူဌေးတွေဆီမှာ လစဉ်လတိုင်း ရွှေပိဿာဆယ်ချီပြီးထွက်ကြသလို မြန်မာပြည်ရဲ့ ရွှေဈေးကွက်ကို ဒီဘက်ကထွက်တဲ့ရွှေတွေနဲ့ လည်ပတ်ပါတယ်။ ဒီနေရာကို စကစ က လာသိမ်းချင်တယ်ဆိုတာ ဘာအကွက်ခင်းတာလဲ မသိတဲ့သူ မရှိပါဘူး။ ငန်းကိုသတ်ပြီး ရွှေဥရှာမလို့ပါ။ SSPP မှာ သွားလုတဲ့နေရာကလည်း မိုင်းရှူး ရတနာမြေပဲ မဟုတ်ဘူးလား။ ဖားကန့်မှာ KIA နဲ့ ထိတွေ့မှုတွေ မကြာခဏဖြစ်နေပြီး အင်တာနက်လိုင်းတွေဖြတ်ထားတာ တစ်နှစ်ကျော် ကြာနေပြီ ဆိုတာလည်း သတိရကြဦးမယ် ထင်ပါတယ်။ သူတော်တော် ပိုက်ဆံငတ်နေလို့သာ လစ်ရင်လစ်သလို အာရကေဖန်ဖို့ စစ်သံပေးနေတာ။ တနိုင်ငံလုံးကဒေါ်လာတွေကို နည်းမျိုးစုံနဲ့ လိုက်သိမ်းနေသလိုပေါ့။ ၈၈ တုန်းက တိုကျိုမှာရှိတဲ့ မြန်မာသံရုံးမြေကို တဝက်ဝက်ပြီး ရောင်းစားရတယ်ဆိုတဲ့ အငတ်ကွက်တွေ ပြန်ထုတ်သုံးနေရပြီဆိုတော့ သူတို့မှာ တော်တော်ကို ပြတ်လပ်နေပြီဆိုတဲ့သဘောပဲ။ ဘယ်ကရရ ဘယ်နည်းနဲ့ရရ ရအောင်လုတော့မှာ။

ဒီလိုသာ လွယ်လွယ်နဲ့ စပယ်တွေ ပွင့်ခဲ့ရင် ဖေဖေရဲ့ ခရေတွေကို ရုရှားမှာပတ်ရောင်းနေစရာ ဘယ်လိုပါ့မလဲ။ KIA ရဲ့ လက်ထဲမှာ ရှိပြီးသား ဖားကန့် နဲ့ ဆယ်ဇင်းကို အလွယ်တကူ ယူပါသိမ်းပါ ပေးရအောင် သူ့လိုမျိုး ရူးနေတဲ့ကောင် တစ်ကောင်မှ မပါဘူး။ အခုလို ရွာထဲကို လမ်းလျှောက်ဝင်ဖို့ စစ်သားဘယ်နှစ်ယောက် ရင်းခဲ့ရသလဲ ကိုယ့်ဘာသာကိုယ် ပြန်ရေကြည့်ရဲသလား။ နောက်ထပ်ရင်းစရာ စစ်သားရော ကျန်သေးရဲ့လား။ အဲ့ဒါလည်း ပြန်ရေကြည့်လိုက်ပါဦးလေ။ ဒီရက်ပိုင်းအတွင်း စစ်စားရိတ် ဘယ်လောက် ကုန်ခဲ့သလဲ။ စာရင်းတွက်ပြီးပလား။ ကိုယ့်အောက်ဖဲကိုယ် အသိဆုံးပဲဟာကို။ ဆက်ဆွဲလို့ တက်ဖဲတွေလည်း အများအမြင်ပဲနော်။ ခေါ်တဲ့သူကလည်းခေါ်ပြီ။ လိုက်တဲ့သူကလည်း လိုက်ပြီ။ သူရောကိုယ်ရော ပုံအောပြီး ရှိုးထားတာမို့ ခုလာမယ့် နောက်ဆုံးဖဲဟာ အပုံပြောင်းပြီး အကုန်ညောင်းဖို့ ဖြစ်လာမယ်ဆိုတာ သဘောပေါက်ထားဖို့တော့ လိုပါမယ်။ ဒါကတော့ နောက်ရက်တွေ ပိတ်ကားပေါ်မှာ ဆက်ကြည့်ရဦးမယ့် အကြောင်းအရာတွေပါလေ။

အခုတော့ မိုးတိတ်ပြီး နေတွေသာလာပြီ။ ခွဲခန်းအတွက် ပစ္စည်းတွေ အသင့်ဖြစ်အောင် ပြန်ပြင်ရဦးမယ်။ ဒီမနက် လမ်းတွေ ပြန်ပွင့်လာလို့ ဟင်းစိမ်းသည်တွေ ပြန်လာကြပြီ။ ကြက်ဥတွေ ငခြောက်တွေ ခဏနားကြဦးစို့။ မိုးရွာလည်း ရွာတဲ့အလျောက် နေသာလည်းသာတဲ့အလျောက်၊ စစ်မီးတောက်လည်း တောက်တဲ့အလျောက် စစ်မက်အေးလည်း အေးတဲ့အလျောက် အများပို့သသောမေတ္တာများကြောင့် ဘေးမသန်းပဲ အေးချမ်းလျက် ရှိပါတယ်။ အစစအရာရာ အဆင်ပြေနေပါတယ် လို့ သတင်းစကားပါးအပ်ပါတယ်။ ဟော ပြောရင်းဆိုရင်း တိမ်တွေလာလို့ မိုးတွေချုန်းပြန်ပြီ။ ရွာဦးမလို့လား။ ရွာ ရွာ။

“ဟိုးတောင်ဆီက

ညိုတိုတိုရယ်

ညိုတိုတိုရယ်

မိုးဆိုထင့်လေး။

မိုးရွာရင်နော်ကွယ်

ဘာနဲ့မိုးရမယ်။

ပဒုမ္မာ ရွှေကြာရိုးကို

ထီးလုပ်လို့မိုး။”