ချန်ဂင်တို့စခန်း (၅၀)

ဒီကနေ့တော့ မနက်စောစောစီးစီးကတည်းက တိုက်ပွဲသတင်းတွေ တက်နေပါတယ်။ ရွာအနောက်ဘက် နယ်စပ်မျဉ်းတဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် ကြိုးတံတားတစ်စင်းလည်း ချိုးထားလိုက်ပြီတဲ့။ လက်နက်ကြီးသံတွေ တအုန်းအုန်း။ လေယာဉ်ပျံတွေကလည်း ဟိုဘက်ကပတ်လိုက် သည်ဘက်ကပတ်လိုက်ပါပဲ။ ဆေးရုံပေါ်မှာကို ဝဲနေလို့ အဆောက်အဦးထဲ မနေကြနဲ့ လာပြောပေမယ့် ကိုယ့်မှာက သွေးလှူရှင်ဆီက သွေးထုတ်ရင်းတန်းလန်းဆိုတော့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေရုံပါပဲ။ ကံကောင်းချင်တော့ မိုးတွေအုံ့နေလို့ ကိုယ်တို့လည်း သူ့မမြင်ရ၊ သူလည်း ကိုယ်တို့မမြင်ရ။ အသံတော့ ကျယ်ကျယ်လောင်လောင် ကြားရတယ်။ မနေ့ကသွေးလှူပေးတဲ့ ဆေးခန်းက ကလေးကတော့ သူတို့ရွာက လေယာဉ်လာရင် အမြဲတမ်း တိမ်နဲ့ အုပ်ပေးထားနေကျ။ ဆေးရုံထိပ်က နတ်ကြီးစင်ကြောင့်ပေါ့ တဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် အပေါ်မှာ လေယာဉ်ကို ရှင်းရှင်းကြီးမြင်နေရရင် စိတ်ထဲမှာ ကြောက်ချင်ကြောက်နေမိမယ်။ အခု မမြင်ရတော့ မကြောက်ဘူးပေါ့။ သူကတော့ ရေဒါနဲ့ကြည့်ရင် ကိုယ်တို့ကို မမြင်စရာ အကြောင်း မရှိပါဘူး။ မြင်တိုင်းလည်း ထိအောင်ပစ်လို့ရတာမှတ်လို့။

ဒီကထွက်သွားတဲ့လေယာဉ်ဟာ လှထုံတို့ဆီမှာတော့ အမုန်းဆွဲ ဗုံးကျဲလုပ်တယ်ပြောတာပဲ။ ရွာထဲမှာတော့ အထိအခိုက် အပျက်အစီး မရှိဘူးတဲ့။ ဒီလောက်လေပေါ်ဝဲနေပြီဆို မြေပြင်မှာ သူတို့ဘက်က အထိအခိုက်များနေလို့ဆိုတာ သေချာပါတယ်။ ပိုးလို့ပက်လက်တွေ စက်လှေနဲ့တင်ပြီး ဆေးတပ်ရင်း ရှိတဲ့ဆီ အခါခါသယ်ရတယ် လို့ ရွာသားတွေက ပြောတာပဲ။ ကိုယ့်ဆီရောက်မလာတဲ့အတွက် ကိုယ့်ဘက်မှာ ဒဏ်ရာမရဘူးဆိုပြီး ဝမ်းသာရသေးတယ်။

ရွာကို နှစ်ဘက်ညှပ်ပြီး ရှမ်းနီ နဲ့ စကစ နဲ့ ပေါင်းတိုက်တာပေါ့လေ။ လေကြောင်းပစ်ကူပါပေးတယ်ပေါ့။ ကိုယ်တို့ဆေးရုံရဲ့ တခြားတဘက်ကနေ အဲ့ဒီကို စစ်ကူပေးဖို့ စစ်ကြောင်းထိုးလာတာကိုတော့ ဒီဘက်ကတပ်တွေက ခံတိုက်တယ်။ ညနေစောင်းတော့ ရဟတ်ယာဉ်တွေ လာပြန်ရော။ လမ်းကြောင်းအခြေအနေ ကင်းထောက် လာကြည့်ပုံရတယ်။ စစ်သား ၃၀ လာချသွားတယ် လို့ လည်း သတင်းကြားရလေရဲ့။ ဒီညတော့ မီးစက်မနှိုးပဲ မှောင်မှောင်ပဲ နေကြတာပေါ့နော့။

စကတည်းက မျှော်လင့်ပြင်ဆင်ထားတဲ့ ကိစ္စပဲဟာ။ ဘာ တုန်လှုပ်စရာ ရှိမှာလဲ။ ရေတင်ထားတယ်။ ဆီဖြည့်ထားတယ်။ ပစ္စည်းတွေပေါင်းပြီး ပိုးသတ်ထားတယ်။ ထမင်းစောစောစားထားတယ်။ အထုပ်ကလေးသိမ်းထားတယ်။ တည်ငြိမ်သူလေး စိုး ပါ။ ဆရာ ဘာကြောင့် လှထုံတို့ရွာမှာ ဆေးရုံမဆောက်သလဲဆိုတာ ခုလောက်ဆို သဘောပေါက်ပြီ ထင်ပါတယ်။ ဒီလို လက်တစ်လုံးခြားလေး ကပ်ကပ်ရှောင်လာနိုင်တာ သူရွှေ့မယ့်အကွက်ကို ကြိုကြိုတွက်ထားလို့ပါ။ တချိန်ချိန်မှာ ဒါမျိုးဖြစ်လာရင် ဘာတွေလုပ်မလဲ အသင့်ပြင်ထားလို့လည်း အခုလို ဒူးနန့်နေနိုင်တာပေါ့။

ဒီတိုက်ပွဲဟာ တစ်ရက်နှစ်ရက်နဲ့ ပြီးသွားမယ့် အမှတ်တမဲ့ ထိတွေ့မှုမျိုး ဟုတ်ပုံမရပါဘူး။ နှစ်ဘက်စလုံးက ကြိုတင်ပြင်ဆင်ပြီး ထိုးစစ်ခံစစ် ကစားကြတာပါ။ စစ်သားတွေကိုယ်တိုင်ကိုက ငါတို့ မြန်မြန်သေ မြန်မြန်ရှုံးမှ ဒီပွဲမြန်မြန်ပြတ်ပြီး မြန်မာပြည်ကြီး အေးချမ်းလိမ့်မယ် လို့များ သဘောပေါက်သွားသလား မပြောတတ်ဘူး။ ပဒ္ဒမဝတီဇာတ်ကားထဲက ရာဇပွတ်နန်းတွင်းသူတွေလို သေမယ်မှန်းသိသိကြီးနဲ့ မီးပုံထဲကို ခုန်ဆင်းလာကြတယ်။ အမိန့်ကလည်း မလွန်ဆန်နိုင်။ မြန်မာပြည်သားတွေ စိတ်ချမ်းသာစေချင်တဲ့ စေတနာကလည်းပြင်းထန်။ နောက်ဆုံးတော့ “ငါသေပျစီ” ဆို အလုအယက် ရှေ့တန်းထွက်လာကြပုံရတယ်။ နေဦးဟာ။ ရန်အောင် ရဲအောင် စိုးမြတ်သူဇာတို့ခေါ်ပြီး “ကိုယ်သေရင် မင်းပျော်မှာလား” တစ်ကားလောက် ရိုက်ပေးဦးမှပါ။

သူ့ဘာသူ ကျဲချင်ကျဲ မကျဲချင်နေ။ ကိုယ်ကတော့ အိပ်ယာပေါ် ခေါင်းချလိုက်တာနဲ့ “ငါလည်းအိပ်ချင်ပြီ။ နင်လည်းအိပ်တော့လေ။” ဆို အပူအပင်ကင်းကင်း အိပ်ပျော်သွားတာပါပဲ။ ကိုယ့်ဘက်ကလူတွေကလည်း လှည့်ကင်း ကင်းပုန်း အဆင့်ဆင့်နဲ့ စောင့်ရှောက်နေတာ ပူစရာ မရှိဘူး။ မနက်စောစော အိပ်ယာအနိုးမှာတော့ လေယာဉ်နဲ့ဗုံးလာချသွားတယ်။ ဘာမှတော့ အထိအခိုက် မရှိလိုက်ဘူး။

မနှစ်ကတုန်းက တောင်ပေါ်စခန်းမှာလည်း အဲ့လိုပဲ လွဲဖူးတယ်။ ဗုံးခိုကျင်းဆီ ပြေးနေတုန်း လေယာဉ်က ခေါင်းပေါ်တည့်တည့်မှာ။ အထဲလည်းရောက် အုန်းကနဲ ကြားလိုက်ရတာပဲ။ ဟိုဘက်က တောင်စောင်းမှာ သွားကျတာ။ လူတစ်ရပ်ကျော်ကျော်နက်တဲ့ ကျင်းကြီးဖြစ်သွားပြီး ဆယ်ပေပတ်လည်လောက်အထိ သစ်ပင်တွေ ထက်ပိုင်းပြတ်ကုန်တယ်။ ကိုယ်တို့မနက်ဖက် သွားစားတဲ့ ခေါက်ဆွဲဆိုင် အနောက်နားလေးမှာ။

ဆိုင်ကအဒေါ်ကြီးကတော့ ခဏခဏ ပြောပြောနေပါတယ်။ ဒီနေ့ မိုးအုံ့တာ ကောင်းတယ်။ နေမပူပါစေနဲ့။ နေပူရင် လေယာဉ်လာမှာ ကြောက်တယ်တဲ့။ အဲ့လိုကျတော့လည်း မိုးကို ကျေးဇူးတင်ရမလိုပါ။ ဟိုကလေးပြောသလို နတ်ကြီးစင်က စောင့်ရှောက်လေသလားပဲ။ တမိုးလုံးအုံ့မှိုင်းလို့။ တောထဲတောင်ထဲ ကောင်းရာမွန်ရာ လာလုပ်တဲ့သူကို တောနေတောင်နေ ပုဂ္ဂိုလ်သတ္တဝါတွေက ချစ်ခင်စောင့်ရှောက်တယ်ဆိုရင်လည်း ဖြစ်သင့်ဖြစ်ထိုက်တယ် မဟုတ်ဘူးလား။

ဟိုးအရင် အလုပ်ဝင်ကာစတုန်းက ခွဲခန်းထဲက ဆရာမလေးတစ်ယောက် ပြောဖူးတယ်။ “စိုးမင်းဆို လူတကာက ချစ်ကြတယ်တော့။” တဲ့။ “ဟင် ဟုတ်လား။ မချစ်တဲ့သူ မရှိဘူး သေချာလား။ မိကရော စိုးမင်းကို မချစ်ဘူးလား။” လို့ မေးလိုက်တော့ ထွက်ပြေးရော။ အခုလို အသက်အရွယ်တွေ ရလာတဲ့အခါကျတော့ မေးစရာ မလိုတော့ဘူး။ ကိုယ်က မချစ်တဲ့သူတွေ ကိုယ့်ကို မချစ်တဲ့သူတွေ သေချာပေါက်ကိုရှိလို့ တောထဲရောက်နေတာပေါ့။ ဘယ်လိုလူတွေက ကိုယ့်အပေါ် ချစ်ခင်နှစ်သက်ပြီး ဘယ်လိုလူတွေက ရန်လိုမုန်းတီးနေသလဲ သိရင် ကိုယ်လျှောက်တဲ့လမ်း ဘယ်လမ်းလဲ လွယ်လွယ်လေး သဘောပေါက်နိုင်တယ်ဗျ။ စစ်ကိုင်းတိုင်းကြီး ပြာပုံဖြစ်နေတုန်း “ယွက်ရှားပြည်ကြီး အေးချမ်းပါစေ။” တောင်းဆုမေတ္တာဝေမယ့်အစားထဲက မဟုတ်တာတော့ သေချာတယ်လေ။ ခေါင်းပေါ်မှာ လေယာဉ်ကြီးနဲ့ ဗုံးလာကျဲလည်း ပြည်သူဘက်ကပဲ မားမားမတ်မတ် ရပ်တည်မယ်။ ဒါပဲ။

“ဖုဌဿလောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ။ အသောကံ ဝိရဇံ ခေမံ။ ဧတံ မင်္ဂလမုတ္တမံ။” တဲ့။ ကိုယ်တွေက မင်္ဂလာတရားတော်နဲ့အညီ လိုက်နာကျင့်ကြံ နေထိုင်ပါတယ်လေ။