ချန်ဂင်တို့စခန်း (၄၈)

မနှစ်ကတုန်းက တောထဲကနေ လှထုံတို့ရွာကို လာစဉ်အခါမှာ မီးကျွမ်းပြီး ကျည်ပေါက်ရာပရပွနဲ့ ပရိုဘောက်ကားတစ်စီးကို လမ်းတစ်နေရာမှာ မြင်ခဲ့တယ် လို့ ရေးဖူးပါတယ်။ အိမ်ကား ၃ စီး ချောဆွဲပြီး တက်လာတဲ့ စကစတပ်တွေကို ကိုင်ထည့်လိုက်တာ အပြတ်အစအနတွေ ဆာလာအိပ်နဲ့ ထည့်မြှုပ်ရတယ်လို့ ပြောပြတဲ့သူကတော့ ကားဆရာ ကိုပိုင်ပါ။ သူနဲ့အတူပါလာတဲ့ ကားဆရာနောက်တစ်ယောက်ကတော့ အဲ့ဒီဖြစ်စဉ်မှာ အတူပါပြီး နောက်ပြန်လှည့်ပြေးလို့ လွတ်ခဲ့သူတစ်ယောက်ဆိုတော့ ဒီ့ထက်သေချာတာ မရှိတော့ဘူးပေါ့။ မသေလို့သာ တွေ့ရတာတဲ့။

အိမ်စီးကားပေါ်မှာ အရပ်ဝတ်တွေနဲ့ လာတဲ့စစ်သားတွေကို ထိထိမိမိကြီး စောင့်ဆော်တယ်ဆိုတော့ သူတို့ဘက်က သတင်းရနိုင်စွမ်းက သိပ်တော့ မခေလှပါဘူး။ ဒါတောင် အမုန်းကျွေးတာ မဟုတ်။ အမြည်းလောက်ပဲ နမူနာပေးတာတဲ့။ မသေပဲ လွတ်သွားတာ ဗိုလ်ကြီးတစ်ယောက်တောင်ပါတယ် ပြောတယ်။ အဓိကကတော့ သူတို့နယ်မြေမှာ စကစတပ်တွေ အလှုပ်အရှား စစ်ကြောင်းထိုးတာကို ပိတ်ပင်တဲ့သဘော ဖြစ်မယ်။ ရွာနဲ့ကပ်လျက် တပ်စခန်းထဲနေတဲ့ ဗိုလ်ကြီးတွေ ညတိုင်း ကာရာအိုကေဆိုင်မှာ တွေ့လည်း ဘာမှ လုပ်တာ မဟုတ်ဘူး။ အဆင်ပြေရင် ဝိုင်းချင်းတောင် ကူးသောက်ချင်သောက်တာ။ သို့သော် စစ်ရေးကိစ္စကျ စစ်ရေးကိစ္စလိုပဲ စဉ်းစားကြပုံပေါက်တယ်။ ဒီနယ်မြေမှာ လက်နက်ကိုင် နှစ်ဖွဲ့၊ စစ်တပ်နဲ့ဆို ပေါင်း ၃ ဖွဲ့ ရှိတယ်ဆိုပေမယ့် အထက်က အမိန့်တစုံတရာ မလာမချင်း မီးမသေ ရေမနောက် နေကြတယ်။

စစ်ဗိုလ်စစ်သား ဆိုတာ တကယ်တော့ စစ်တုရင်ခုံပေါ်က နယ်ရုပ်ကလေးတွေလိုပါပဲ။ ကိုယ့်သဘောနဲ့ကိုယ် ဆုတ်တာတက်တာ တိုက်တာခိုက်တာ ဘာမှ လုပ်လို့မရဘူး။ သေမယ်မှန်း သိပေမယ့်လည်း အထက်က ထိုးကျွေးရင် စင်းစင်းကြီးသေပေးရတယ်။ အလောင်းတောင် အရပ်ကကောက်မြှုတ်ရတာ။ ဒီလမ်းကို ဒီလိုလာရင် ဒီလိုဆော်တတ်တယ်ဆိုတာ နှစ်ပေါက်တဲ့အထိ ကားမီးကျွမ်းကြီးတောင် မဖယ်ပဲထားတာ မသိပဲတော့ မနေပါဘူး။ သို့သော်လည်း အထက်က “တက်” လို့ အမိန့်တော် ချမှတ်လိုက်ပြန်ပလား မသိပါဘူး။ မနေ့ကတော့ “နောက်တစ်ခါ လာပြန်ချည်သေး” ဆို တက်လာတယ်။ ဒီဘက်ကလည်း “ကချင်မြေကိုလာတော့ တကယ်ဆော်တယ်နော့။” ဆို ဆော်ထည့်လိုက်ပြန်တယ်။ မြောင်းမြဒေါ်ချိုတွေ ဖြစ်ကုန်ပြန်တာပေါ့ဗျာ။

အိမ်မှာကျန်တဲ့ မုဆိုးမတွေကိုတော့ “နင့်ယောက်ကျား တိုင်းပြည်အတွက် အသက်ပေးသွားရပြီ။ ကရင်ဆော်ဒါဟဲ့ ကချင်ဒန်ပေါက်ဟဲ့။” လို့ပဲ ခေါင်းစဉ်တပ်လိမ့်မယ်။ အဲ့ဒီဂျင်းက အသက်ပေးစပ်တဲ့ ဂျင်းတောင့်ကြီးပါနော်။ နှစ်ကောင်စားချင်လို့ တစ်ကောင်ထိုးကျွေးရတာဆိုလည်း အဓိပ္ပါယ် ရှိသေး။ ပလ္လင်ပေါ် တစ်ရက်ပဲ ပိုနေရနေရ အောက်က နယ်ရုပ်ကလေးတွေ တစ်ကောင်ပြီးတစ်ကောင် ထိုးကျွေးရင်း သူ့ဆီတက်မလာအောင် ကာနေတာကို ဘာတိုင်းပြည်အတွက်လဲ။

သူစံမြန်းတဲ့ နန်းတော်ကြီးက အရိုးတွေနဲ့ တည်ဆောက်ထားတာဆိုရင် တဝက်လောက်က သူ့စစ်သားအရိုးတွေပါတယ်ဗျ။ သူ့မိန်းမပါးစပ်ကဆို ပြောင်ပြောင်ကို ပြောထွက်တယ်။ “တပ်ကကျွေးတဲ့ ထမင်းစားရင် တပ်ကို ကျေးဇူးသိတတ်ရမယ်။” တဲ့။ သူမျိုတဲ့ဆို့တဲ့ ထမင်းရှင် ဘယ်သူမှန်းလဲ သူကိုယ်တိုင် မသိဘူး။ စစ်တပ်တစ်ခုလုံးမှာ သူတို့သာ သက်ဦးဆံပိုင်လို သဘောထားတယ်။ စစ်သားဆိုတာ သူတို့အတွက် သေပေးရမယ့်အသက်၊ သတ်ပေးရမယ့် လက်မရွံ့၊ အိမ်က သားမယားရော ဆွေမျိုးသားချင်းပါ ကျွန်ဝယ်ရာ အဆစ်ပါသလို ကိုယ့်ဩဇာအောက်မှာနေရမယ် ဆိုတဲ့ အယူအဆ။

အဲ့သလိုသာဆိုရင်ဖြင့် သူပြောတဲ့ တပ်ကကျွေးတဲ့ထမင်းဆိုတာ အဆိပ်အပင်းတွေများလား မသိပါဘူး။ အပင်းဝင်ရင် အပင်းရုပ်ပေါက်ပြီး အပင်းသံပဲ ထွက်တော့တယ်။ လူဝတ်ကြောင်တွေမဆိုထားနဲ့ ရဟန်းအိုကြီးတွေတောင် ဝါတွင်းကြီး သူတို့လင်မယား ဒေသစာရီကြွချီတဲ့နောက် တကောက်ကောက်လိုက်ပြီး ကြားလိုရာတရားများ ရွှေနားတော်သွင်းပေးရလေတယ်။ တပ်ဆွမ်းဘုဉ်းမိလေသကိုးလို့။ တပ်ထီးအတင်ခံရတဲ့ ဘုရားပုထိုးတွေဆို ပရဝုဏ်အတွင်း ဘွတ်တွေရော ရွှတ်တွေရော ဥဒဟိုစီးခွင့်ပေးရတယ်။ ဓာတုစေတီလည်းမမြည် ဓမ္မစေတီလည်း မမြည်ပါဘူး။ ယတြာစေတီသက်သက်ရယ်။

ဘုန်းကြီးတွေ ဘုရားတွေတောင် “သူ့ဆန်စား၍ ရဲရသည်” ဖြစ်နေတဲ့ ဘဝမှာ စစ်သားဆိုတာ စေလိုရာစေပါလေ။ သေဆိုသေလိုက်ရုံပ။ စောစောသေ စောစောမအိပ်ရပါလား။ ခါတိုင်းဆိုရင်တော့ အဲ့သလိုမျိုး တသုတ်သေတဲ့ညတွေမှာ တရုတ်ပြေက ဝယ်ထားတဲ့ လေယာဉ်ပျံကြီးတွေ လာဝဲပြီး တရုတ်ဗုံးတွေ လက်ဆောင်ကျဲတော့တာဗျ။ အခုဟာက ရုရှားလုပ်တိုက်လေယာဉ်တွေ ဖြစ်သွားလို့ ဆီများပိုစားသလား မသိပါဘူး။ မပေါ်လာ အတော်ကြာပေါ့။ “ကျွနုပ် အကြွေးမဆပ်ပါ။” လို့ စာထုတ်ထားတဲ့နိုင်ငံဆိုတော့ ဟိုကလည်း “ယနေ့ အကြွေးမရောင်းပါ။” ပဲ စာကပ်ထားစရာ ရှိမယ်။ စပ်မြင်ကပ်လို့ သံပုံးတီးမထုတ်ရုံတမယ် ဆက်ဆံပြလိုက်တာ။ နောက်တခါလာရင် စက္ကူလေယာဉ်လေးတွေပဲ ဖင်ဝလေမှုတ်ပြီး လွှတ်လိုက်။ သက်လား။ အကုန်အကျ သက်သာတယ်။

ဒီနယ်မြေမှာ အားလာစမ်းတာ တစ်ခါလည်း မဟုတ်။ နှစ်ခါလည်း မဟုတ်ပါကွယ်။ မထိတထိနဲ့ သေမယ်မှန်းသိလျက် အသက်ကပဲ ပေါနေသလား မှတ်ရ။ အရှင်ထားတော့လည်း လစာမရောက် ရိက္ခာမရောက်။ ဘာထောက်ပို့မှ မလာနိုင်တာကြောင့် စစ်သားတွေ ကိုယ့်ကိုပစ်မယ့်ကျည်ဆန်ကို ကိုယ်ကိုယ်တိုင် ထုတ်ရောင်းစားနေရတာ မသိဘူး မကြားဘူး ထင်ပါရဲ့။ ဒီဘက်ကစစ်သားတွေဟာ CDM လုပ်ချင်ရင် လွတ်မြောက်နယ်မြေအထိ တကူးတကသွားစရာ မလိုဘူးဗျ။ ထိပ်ကပြုတ်တာနဲ့ အော်တို လက်နက်ချပြီးသား ရမှာ။ ပွန်းတွေသေလို့ ပွဲမသိမ်းဘူး။ ဘုရင်ရုပ်ကြီး အပ်ကွက်မိနေလို့ ရုရှားခဏရွှေ့ပြနေရတာ။ နောက်ထပ်ရွှေ့စရာမကျန်ဘူး။ ပွဲပြီးနေပြီ။

နန်နန်ရေးတွေ လှည့်ခင်းပြနေရတာ ဆေးရုံမှာ ဘာဖြစ်သလဲတောင် ခဏမေ့သွားတယ်။ အခုည လေယာဉ်လာမလားလို့ သတိဝီရိယ နဲ့ မအိပ်ပဲ စာရေးနေတယ်လေ။ ဖုန်းလိုင်းရော အင်တာနက်လိုင်းရောဖြတ်ပလိုက်ပြီဆိုတော့ သူတို့ဘက်က တခုခု ကြံစည်နေတာတော့ အမှန်ပဲ။ မနက်ကျ ခွဲလူနာ ၂ ယောက် ရှိတယ်။ အဲကွန်းမအေးလို့ နေမပူခင် စောစောခွဲမယ်။ မနက်စာကို ဒီနေ့ညကျန်တဲ့ ဝက်စတူးနဲ့ ခေါက်ဆွဲပေါင်း လုပ်စားကြမယ်။ နေ့လည်စာတော့ ခွဲခန်းပြီးမှ စီစဉ်ရတော့ လက်ဖက်ထမင်း ကြက်ဥကြော်ပဲ ဖြစ်ဖို့များတယ်။ ဒီစာကိုတော့ လိုင်းပြန်ရမှ တင်နိုင်တော့မယ်။ နောက်ထပ်ဖြစ်လာမယ့် အကြောင်းအရာတွေကို နောက်ထပ်ပေါ်လာမယ့် အတွေးအမြင်တွေနဲ့ စာတွေထပ်ရေးရဦးမှာပေါ့။ မော်တော်ဆိုင်ကယ်ဒိုင်ယာရီတော့ မဟုတ်ပါဘူး။ ကတ္တီပါဖိနပ်ကလေး ရဲ့ နေ့စဉ်မှတ်တမ်းဆိုရင် နည်းနည်းလေး ပိုများ ကဗျာဆန်မလားလို့။

“ကြမ်းပေါက်တွေယိုင်ပေမယ့်လို့ မအေးခြေဆင်းထိုင်။ လိုဏ်လိုဏ် ဂနိုင် နန်းတော်ရှေ့ ၁၃ မိုင်။ ကြိုင်ကြိုင်ကြိုင် ပန်းစုံတွေ အလွန်မွှေးကြိုင်။ စိန်သောရွှေသောငွေသော မမင်ပါ။ အဟုတ်ကိုမမင်ပါ။ ပညာအထုပ်သာ ဥက္ကလာကြည်အေးအပိုင်။ ကတ္တီပါဖိနပ်ကလေးတောင်မှမနိုင်။ ကိုယ်စောင့်နတ် ရယ်စရာစတိုင်။”