ချန်ဂင်တို့စခန်း (၄၅)

“ချစ်တဲ့သူငယ်လေ

သူငယ်ချင်းကောင်း

ယောင်းမတို့လေး။

ဝါဆိုငယ်မှဝါခေါင်

ရေဖောင်ဖောင်နှင့်

ရွာတောင်ကချောင်း

ရွာ့နောက်ပေါင်းဝယ်

ထနောင်းကြောင်ခြစ်

ဆူးရစ်ပွင့်ကာ မိုးမရွာ

ရွာပါသော်လည်း မိုးမသည်း။”

ဒီတစ်ခါတော့ ရွှံ့ခြောက်အောင် မိုးတိတ်သွားတာ လေးငါးရက် ရှိပါပြီ။ ဆိုင်ကယ်လမ်းလေး ပြန်ပွင့်သွားလို့ လူနာတွေ အိမ်ပြန်ကြတာကြောင့် ဆေးရုံလည်း အခုမှ ချောင်ချောင်ချိချိ ဖြစ်သွားတယ်။ ဒါပေမယ့်လည်း လက်နက်ကိုင်စစ်တပ် ၂ ခု တည်ပြီးစောင့်နေတဲ့ နယ်စပ်မျဉ်း တဘက်တချက်ကိုတော့ အကူးအသန်း အသွားအလာ ပေးမဖြတ်ပဲ ပိတ်ထားတယ်။ အဲ့ဒါလည်း လေးငါးရက် တစ်ပါတ် ရှိပြီမို့ အနားဝန်းကျင်က ရွာတွေ စားစရာဝယ်မရဖြစ်ကုန်လို့ မနက်စောစော ဈေးထွက်ဝယ်ချိန်ကလေး ခန ပေးဖြတ်တယ်။ အဓိက ဖြတ်တောက်ချင်တာကတော့ ဒီဘက်က တပ်တွေ ဟိုဘက်ကို သွားမကူနိုင်အောင် လမ်းကြောင်းဖြတ်တောက်တဲ့ သဘောပါပဲ။ စကစ က သူ့စစ်တပ်နဲ့ တားစရာ အင်အားမရှိတော့ သူ့ဩဇာခံ ယွက်ဆစ်လက်အောက်က SNA တစ်ဖွဲ့ကို လက်နက်ပေးပြီး ဂိတ်စောင့်ခိုင်းတာ။ နယ်ခြားစောင့်တပ် လုပ်ခိုင်းလိုက်တဲ့သဘော။ ဒီဘက်ကိုတော့ ကျွံဝင်လာတာ မဟုတ်တဲ့အတွက် ဒီဘက်ကလည်း ကိုယ့်ဘက်ကိုယ် လက်နက်ဖြည့်တင်းပြီး “မင်းတို့လည်း ဝင်မလာနဲ့။ ဝင်လာရင် သေပြီသာမှတ်။” လို့ ရာဇသံပေးပြီး နှစ်ဘက်အခြေအနေတွေ တင်းမာနေပါတယ်။ တိုက်ပွဲတော့ မဖြစ်သေးပါဘူး။

အဲ့သလိုမျိုး စစ်ရေးနိုင်ငံရေး အခြေအနေတွေ ရှိတာကြောင့် လူနာတွေလည်း ဆေးရုံလာမပြနိုင်တော့ဘူး ထင်ပါတယ်။ ဇွန်လထဲမှာ လူနာ သိသိသာသာ နည်းသွားတယ်။ တစ်ရွာနဲ့တစ်ရွာ အကူးအသန်း မရှိတော့ဘူး။ အောက်ဆီဂျင်အိုးတွေ ဖြည့်ချင်ရင် နွားလှည်းနဲ့တိုက်ယူရတယ်။ ဆီဘောက်ဆာ နဲ့ ဆယ်ဘီးကားတွေ ဝင်မရထွက်မရဖြစ်နေတာက ဒေသတွင်း စီးပွါးရေးလုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်စေတာမို့ အကြိတ်အနယ် ညှိကြနှိုင်းကြတုန်းပါ။ ဒီကိစ္စက သူဌေးကိုချည့် ထိခိုက်တာ မဟုတ်ဘူးလေ။ အဘဝင်ငွေလည်း ထိခိုက်တယ်။ ဘွီးတို့ ညိုကီတို့လည်း မံမံတူတူပုန်းတယ်။ အကုန်လုံး ညစ်ကုန်တာ။ တစ်ကောင်ကောင် စဆော်လိုက်တာနဲ့ ပွဲဖြစ်ပြီ။ ဘယ်ကောင် အရင်ဆော်မလဲ စောင့်နေကြတာ။ လက်သည်က ရှေ့မထွက်ပဲ “မင်းတို့ချင်း အရင် ခွပ်ဦးလေကွာ။” ဆို ယာလည်းညက် ကြက်လည်းပန်း စောင့်နေမှန်း သိလို့ ဒီက နှစ်ကောင်ကလည်း ထ မဆော်သေးတာ။

စကစဘက်က ကူတိုက်ပေးပါ့မယ် ဆိုတဲ့ကတိကလည်း တည်မှမတည်ပဲကိုးဗျာ။ SSPP က သိမ်းထားတဲ့ RCSS စခန်းတွေကို စစ်ကောင်စီက ဘယ်နေ့နောက်ဆုံးထားပြီး ဆုတ်ပေးပါ ဖယ်ပေးပါ။ ဒါ နောက်ဆုံးဝမ်နင်ပါ။ ဘယ်လိုပဲပြောပြော ဟိုက နည်းနည်းလေးမှ အရေးအဖက်မလုပ်ပဲ မင်္ဂလာပွဲကြီးကျင်းပပြီး သင်ဇာဝင့်ကျော်တောင် စစ်ဝတ်စုံနဲ့ လာထိုင်ခိုင်းပြလိုက်တယ်။ မခန့်တာ မခန့်တာ။ ဝမ်ယိက မတွေ့တာ ဘာအံ့ဩစရာ ရှိမလဲ။ ပြည်တွင်းက လက်နက်ကိုင်အဖွဲ့တွေကတောင် သူ့ သောက်ဖက်လုပ်မယ့်လူမရှိ။ ဖိုးသင်းမျောက် လုပ်ပြနေတာ။ တိုက်လည်းမတိုက်ရဲပဲနဲ့။ တိုက်ချင်ရင် လေဆာနဲ့တိုက်လေ။ ဒါတောင်များနေပြီ။ တန်ရာတန်ရာ အိုးတိုက်ဖွဲပြာနဲ့ပဲ တိုက်စမ်းပါ။

သတင်းထဲမှာ ငြိမ်းချမ်းရေးစကားတွေပြောပြပြီး လက်တွေ့မှာ လက်နက်ရော စစ်ကူပါပေးလို့ စစ်မီးကိုမွှေးပြလိုက်တဲ့ မင်းအောင်လှိုင်ရဲ့ မာယာကို မြင်ပြီ မဟုတ်လား။ သူ့ပါးစပ်မှာ ဘယ်တုန်းကမှ ဘယ်အကြောင်းအရာကိုမှ အမှန်အတိုင်း ပြောတယ်ဆိုတာ မရှိဖူးဘူး။ နောင်လည်း ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး။ မုသားတွေ မရပ်မနား ပြောတဲ့ပါးစပ်မှာ အမှန်တရား သစ္စာ မရှာနဲ့။ မရှိဘူး။ သူ့အောက်က ဇော်မဲလုံးလည်း အတူတူပဲ။ စစ်သားဆိုတာ သေခါမှသေရော ဖေ့စ်ဘုတ်ပေါ်မှာဖြင့် “သားကြီးတို့ အေးဆေး” လို့တော့ လိမ်သွားသေးတာပဲ။ ဘယ်သူမှ အမှန်မပြောဘူး။ အမှန်ဆိုတာ သူတို့နဲ့ မတန်တော့ဘူး။

ဝမ်ယိပါပါးက နေပြည်တော်လာတာတောင် မင်းအောင်လှိုင်နဲ့မတွေ့ပဲ ချေမိုးပြီး သပ်ချသွားတာကို ကြည့်ရတာ သူတို့ချင်း ပုလဲနံမသင့်လှပုံ မရပါဘူး။ တရုတ်ဟာ ဘွားတော်ဘက်က ထောက်ခံရပ်တည်ခြင်း မရှိတာ သေချာပေမယ့် မအလဘက်ကို သိသိသာသာကြီး ကျောထောက်နောက်ခံ ပေးဖို့ရာကျတော့လည်း မသဒီသလိုပါပဲ။ ချီးထုပ်ကြီးကို လက်ပေမှာစိုးလို့ တုတ်နဲ့ကလော်ယူသလို နှာခေါင်းလေး ရှုံ့ကာရှုံ့ကာ ကိုင်တွယ်ဖြေရှင်းနေတယ်။ မြန်မာပြည် ဘွားတော်လက်ထဲရောက်လို့ အနောက်အုပ်စုနဲ့ နီးစပ်သွားရင် သူ့နောက်ဖေးပေါက် မလုံတော့မှာ တစ်ခုတည်းတွေးပြီး ခွေးသူခိုးတွေကို မချစ်သော်လည်း အောင့်ကာနမ်းရတဲ့ပုံ။ အဲ့ဒါကြောင့်သူက အာဆီယံကနေ ဖိအားပေးရုံကလေးပေးပြီး မြန်မာပြည်တွင်းကို ဝင်ထွက် အကဲခတ်ရခြင်းကတော့ အထဲမှာ အမေရိကန်ခြေလှမ်း ဘယ်လောက်ဝင်နေပြီလဲ သိရအောင် မျှော့သွေးဝင်ဝင်စမ်းတာပါ။ မြေပေါ်​မြေအောက် သယံဇာတကတော့ ဒီအတိုင်းလေးလည်း သူကလွဲရင် တခြားဘယ်သူ့ဆီမှမှ မရောက်တဲ့ဟာ။ ဘာမှ ထပ်လုပ်စရာ မလိုပါဘူး။

တကယ်လို့များ တရုတ်က စိတ်ပူသလို အမေရိကန်တွေ နောက်ကွယ်က ထောက်ပံ့ထားမှဖြင့် ဒီတော်လှန်ရေးကြီး ခုလောက်ကြာစရာ အကြောင်းကိုမရှိ။ ကာနယ်စလေဒင်ကြီး အရှင် ၂ ပါးတက်ဖမ်းသလောက်တောင် မခက်ဘူး လို့ ပြောဖူးပါတယ်။ သူတို့ဆီက နှုတ်၏စောင်မခြင်း တစ်မျိုးသာ ရလို့ ထင်သလောက်တော့ ခရီးမပေါက်တာ။ တကယ်တမ်း အမေရိကန်တွေဘက်က ဝင်လာခဲ့ရင် တရုတ်တွေကလည်း စကစနောက်ကနေ လက်နက်အင်အား လူအင်အား ပုံအောပြီး မြန်မာ့မြေပေါ်မှာ proxy war ကြီးတစ်ခု အားစမ်းမလို့ အသင့်ရှိနေတာ သေချာပါတယ်။ သေတာတော့ ဘယ်ဘက်ကသေသေ မြန်မာအသက်တွေ သေကြပေါ့ဟုတ်လား။ သေပစေလေ။ သေပြီးမှ ပြီးမယ့်ပွဲဆိုလည်း ကိုယ်တွေဘက်က သေပေးဖို့ အသင့်ရှိပါတယ်။ စစ်အာဏာရှင် အမြစ်ပြတ်ရင်ပြီးရော။ ဘာမှမကျန်ရင် တစ်ကပြန်စမယ်။ သို့သော်လည်း ကိုယ်တော်ကြီးဘုရားများက ကျုပ်တို့ဆီ တည်ရုံကလေး တည်ထားတဲ့ တပ်တွေလိုပဲ တဘက်လူ ကျွံဝင်အလာကို စောင့်နေတာ စကိုမစနိုင်သေးဘူး။ ကြားက သေနတ်ဝင်ဖောက်ပေးရတော့မလိုပ။

ကိုယ့်တိုင်းပြည်ကမှ စစ်ထဖြစ်နေပြီဆိုရင် ကမ္ဘာစစ်ကြီး ဖြစ်တာ မဖြစ်တာ မထူးတော့ဘူးလေ။ များများဝင်ပါလေ မြန်မြန်ပြတ်လေ မဟုတ်လား။ လိပ်ခဲတည်းလည်း မပြတ်မသားထက်စာရင် တုံးဆိုတိုက် ကျားဆိုကိုက်ပဲ ကြိုက်တယ်။ လာမှာလား။ လာခဲ့လိုက်။ မလာဘူးလား။ ဘေးဖယ်တော့။ ကိုယ့်ဘာသာပဲ ပြတ်အောင် ဆက်တိုက်တော့မယ်။ အခုလည်း ပြတ်လုနေပြီလေ။ KNU စခန်းလေးတစ်ခုကို ကြည်း ရေ လေ စုံအောင်တိုက်တာ ပြုတ်ပြုတ်ကိုပြုန်းရော။ ကွမ်လုံ ရက် ၄၀ တိုက်ပွဲထက် ကြာမယ့်သဘော ရှိတယ်။ အဘတို့ရော “သားကြီးတို့ အေးဆေး” စတေးတပ်စ်လေး တင်သွားချင်သေးလား။ သူတို့ဘိုးအေကြီး ရေတပ်ကသင်္ဘောတွေကို ဟလို တက်စတင် ဝမ်းတူးသရီး သွားလုပ်နေတာ အလကား မဟုတ်ဘူး။ အခြေအနေမဟန်ရင် ရေငုတ်သင်္ဘောနဲ့ လစ်ပြေးမလို့ ပြေးပေါက်ရှာနေတာ။ ငါးစာလိပ်စာ မကာရ်းစာ ဖြစ်ချင်နေတာလေ။ ရေမှာ သေမယ့်မသာ ကုန်းပေါ်မှာ မနေနိုင်ဘူး။ “သောကြာရေကြောင်း မသွားကောင်း” တဲ့။ “ငါ့သားရွှေတောင် ရေကိုရှောင်” တဲ့။ နေ့ကောင်းရက်သာရွေးပြီး နဂါးခေါင်းထဲ တည့်တည့်ကြီးသာ မောင်းချလိုက်ပါတော့။ ဒီအတိုင်း တောင့်ခံနေရင်းတောင် သူ့ဘက်ကအင်အားက ပြိုဆင်းလာပြီး ကိုယ့်ဘက်ကအင်အားက တရိပ်ရိပ် တိုးပွါးလာနေတဲ့ဟာ။

အခု မိုးမရွာဘူး ရေးတဲ့စာက မဆုံးသေးဘူး။ ညကြီးသန်းခေါင် သည်းကြီးမည်းကြီး ထ ရွာချလိုက်တာ လက်လက်ကိုထနေတာပဲ။ တဝုန်းဝုန်း တအုန်းအုန်း။ ဒါကြောင့်မို့ပြောတာ။ စစ်ကလည်း ဖြစ်သာမဖြစ်သေးတာ။ အချိန်မရွေး ထဖြစ်ဖို့ အသင့်ရှိတယ်။ ဖြစ်ချင်ဖြစ် မဖြစ်ချင်နေ။ ဖြစ်လာရင် ရင်ဆိုင်ဖို့ ကိုယ်တို့ကလည်း အသင့်ရှိပါတယ်။ ဘာမှမဖြစ်သေးရင်လည်း မနက်ကျ အလုံးအကျိတ်တွေ ခွဲဖို့ပြင်ထားတာ ၂ ယောက်ရှိတယ်။ မိုးရွာသည်ဖြစ်စေ မရွာသည်ဖြစ်စေ၊ စစ်တိုက်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ၊ အကုန်ပြင်ဆင်ထားပြီးပြီမို့ တုန်လှုပ်ခြောက်ခြားစရာ မရှိပါဘူး။ ကိုယ့်ကိုပြောင်းလဲစေမှာလည်း မဟုတ်ဘူး။ ဘာမဆို ရင်ဆိုင်ဖို့ အသင့်ရှိနေပြီ မဟုတ်လား။ နေဝင်ညကို ကူးဖြတ်ပြီးလို့ ရောင်နီသာတဲ့နေ့သစ်ကို ရောက်နေပါပြီလေ။