ချန်ဂင်တို့စခန်း (၄၄)

“သခွပ်ကယ်တဲ့ ပွင့်စချိန်

တမွတ်ကယ် စံတော်မြေက

မှုန်ပြေပြေ ရွှေမင်ဆိုင်းပါလို့

ရှုတိုင်း ဘဝင်ညွှတ်ပါဘိ

လွမ်းဆွတ်ဖွယ့်တိမ်။” တဲ့။

အသုရာ နဲ့ သိကြား စစ်ဖြစ်တဲ့အချိန်ကို တာဝတိံသာမှာတော့ ကသစ်ပန်းတွေ ရဲရဲနီနီ ပွင့်တဲ့အချိန်မှာ လို့ ပြောပေမယ့် ကိုယ်တို့ လူ့ပြည်လူ့ရွာမှာတော့ သခွပ်ပန်းတွေ ဖွေးဖွေးလှုပ်အောင် ပွင့်တဲ့အချိန် လို့ စာထဲပေထဲ ရေးကြမှတ်ကြပါတယ်။ တာဝတိံသာနတ်ပြည် ပဏ္ဍုကမ္ဗလာ ကျောက်ဖျာရင်းဆီက ပင်လယ်ကသစ်ပင်ကြီး ပွင့်တဲ့အခါ သဘင်ပွဲလန်းပြုမယ်ကြံတော့မှ ကသစ်မပွင့်ပဲ သခွပ်ပွင့်တဲ့ လူ့ပြည်မှာရောက်နေမှန်း သတိရပြီး အသုရာနတ်တွေ စစ်ပြင်ကြတယ် လို့ ဆိုတဲ့ ပုံပြင်ဟာ ဘုရားဟောထဲ ပါတာတော့ ဟုတ်ပုံမရပါဘူး။ နတ်တို့သနင်း သိကြားမင်း လို့ ဟောတော်မူပေမယ့် ယောက္ခမဖြစ်သူ အသုရာနတ်မင်းကြီးနဲ့တော့ စကားစပ်ဟပ်ပြီး ဟောတော်မူတာ မဖတ်ဖူးဘူး။ ဝရဇိန်လက်နက် သိကြားစက် လို့ ဆိုပေမယ့်လည်း မိုးကြိုးပစ်တိုင်း ဦးမာဃလက်ချက် လို့တော့ ကံသေကံမ စွပ်စွဲထားတာ မရှိဘူး။

အဲ့ဒီ သိကြားမင်း ဆိုတဲ့ ဦးမာဃကြီးဟာ ဟိန္ဒူနတ်ဘုရားတွေ အကြားမှာလည်း သူပါတာပဲ။ ဟိုး အိုလံပပ်စ်တောင်ပေါ်မှာနေတဲ့ ဂရိနတ်ဘုရားတွေထဲမလည်း သူပါတာပဲ။ အဲဒီမှာတော့ သူ့နံမည်ကို ဇိယုစ် Zeus လို့ခေါ်တယ်။ ရောမတွေဆီရောက်တော့ နောက် နံမည်တစ်မျိုးနဲ့ ခေါ်ပြန်တယ်။ သို့သော် ပုံပြင်ဇာတ်ကြောင်းတွေကတော့ အတူတူပဲ။ အသုရာတွေကို တာဝတိံသာက မောင်းချပြီး နတ်ပြည်ခြောက်ထပ်ကို အာဏာသိမ်းလိုက်တာ၊ တစ်နှစ်တစ်ခါ စစ်တိုက်ပြီး မိုးကြိုးလက်နက်ကြီးကို ပိုင်ဆိုင်တာ။ အားလုံးအတူတူပဲ။ ဘုရားမပွင့်ခင် နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ ရိုးရာယုံကြည်မှုတွေပါ။ ခေါမပြည်မှာပဲဖြစ်ဖြစ်၊ မဇ္ဈိမတိုင်းသားတွေဆီမှာပဲဖြစ်ဖြစ်၊ စိနတိုင်းက ပေါက်ဖော်ကြီးတွေဆီမှာပဲဖြစ်ဖြစ် သိကြားမင်းဆိုတာ ရှိကြတယ်။ အသုရာတွေနဲ့ စစ်တိုက်တယ်။ အခေါ်အဝေါ်တွေပဲ ကွာတာ။

ကလေးဘဝတုန်းကတော့ အင်မတန် စိတ်ဝင်စားစရာကောင်းတာပေါ့။ အခု အဖိုးကြီးအိုဖြစ်ကာမှ ကောင်းကင်ပြင်ကြီးတစ်ခုလုံး အရုပ်အရောင် အလင်းအမှောင် အသွင်အပြင်တွေ၊ ခြိုးခြိုးခြိမ့်ခြိမ့် သိမ့်သိမ့်တုန်အောင် မြည်တဲ့အသံတွေ။ မိုးစက်မိုးပေါက်တွေရဲ့ သည်းတစ်ခါဖွဲတစ်လှည့် အထိအတွေ့တွေ။အထက်ကောင်းကင်ရဲ့ ပြုပြင်စီရင်မှုအောက်မှာ မလွန်ဆန်နိုင်ပဲ ပြောင်းလဲဖွဲ့တည်သွားတဲ့ ပထဝီမြေကြီးပေါ်ရှိရှိသမျှ သက်ရှိသက်မဲ့ အရာအားလုံး ကို မြင်တွေ့ခံစားရတဲ့အခါမှာ အမှန်တကယ်ကိုပဲ တံပိုးသံ ခရာသံ တညံညံနဲ့ စစ်မြေပြင် စစ်တလင်းကို ရောက်ရှိနေသလိုပဲ ခံစားရပါတယ်။ အဲ့ဒီတော့မှ ငယ်ခါက ကြားဖူးခဲ့သမျှ ဒဏ္ဍာရီပုံပြင်ကလေးတွေ၊ တေးဂီတ စာကဗျာကလေးတွေ မှတ်ဉာဏ်ထဲက တစစီဆွဲထုတ်ပြီး ဓါတ်ပုံအယ်လ်ဘမ်အဟောင်းလေး ပြန်ကြည့်သလို စားမြုံ့ပြန်ရတာကိုး။ အဲ့ဒါကြောင့်လည်း ကိုဝင်းဦးကြီးက “အတိတ်မူကို အိပ်သူနိုးအောင် ဖြိုးဖြရွာစေချင်။” လို့ သီချင်းကလေးနဲ့ မိုးခေါ်ခဲ့တာနေမှာ။ မိုးရွာမှ ထီးကလေးနဲ့ နှစ်ကိုယ်ယှဉ်နိုင်မှာတဲ့။

မိုးအေးအေးမှာ အဝတ်အစားလဲ၊ ခေါင်းကိုရေခြောက်အောင်သုတ်၊ ကာဖီခွက်ကလေးကိုင်ပြီး သန္တာလှိုင်လို အိမ်ရှေ့ထွက်ထိုင် မခိုင်ကြီးအသံကလေးနဲ့ “မိုးလေးဖွဲတုန်း သတိရနေ။ ပိုတယ်လို့ မပြောလိုက်ပါနဲ့။” ဆို သီချင်းလေးညည်းရင်း မက်ဘုတ်လေးဖွင့် “လိုင်းပေါ်မှာ ဘသူရှိကြတုန်း။ သည်းလေးတို့။ ဆာစိုးလေးကို မေ့နေကြပြီလား။” အဲ့သလိုမျိုးတွေ လုပ်နေမှာပဲ လို့ မအောင့်မေ့နဲ့နော်။ “ဒီမှာ တင်းတယ် တင်းတယ်။ တင်းတယ် တင်းတယ်ဟေ့။” ဖြစ်နေတာ။

ခုနေခါ မိုးထဲရေထဲ သေနတ်သံ အမြောက်သံ တဒိန်းဒိန်းကြားမှာ ကလေးငယ်ကလေးတွေ လယ်ကန်သင်းတလျှောက် ဝပ်လိုက်ပြေးလိုက် လုပ်နေရတဲ့ ဗီဒီယိုကလေး မကြည့်ရသေးဘူးလား။ ရွှေဘိုမှာ ၁၄-၅ နှစ် ကလေးမလေးတွေကို စစ်တပ်က ရက်ရက်စက်စက် သတ်ပစ်တဲ့ သတင်းရော ဖတ်ပြီးပြီလား။ အခုချိန်က ကောင်းကင်ပေါ် စစ်ဖြစ်နေမလား စိတ်ကူးယဉ်နေရမယ့်အချိန်မဟုတ်ဘူး။ မြေပြင်ပေါ်က စစ်တလင်းမှာ ကိုယ်တီးလက်ကျွတ် အသက်လုပြေးနေရတဲ့အချိန်။ ပုံပြင်လည်း မဟုတ်ဘူး။ ဒဏ္ဍာရီလည်း မဟုတ်ဘူး။ ဖန်တီးထားတဲ့ လုပ်ဇာတ်လည်း မဟုတ်ဘူး။ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အို အပါအဝင် ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေကို တရားဥပဒေမဲ့ သတ်ဖြတ်နှိပ်စက်နေတာ တကမ္ဘာလုံးက မျက်စိနဲ့ တပ်အပ် မြင်နေရပါတယ်။ သံတမန်တွေရှေ့မှာ “ကျွန်တော်တို့က လူ့အသက်တွေကို တန်ဖိုးထားပါတယ်။” လို့ အရှက်မရှိ ပြောင်လိမ်ရဲတဲ့ မင်းအောင်လှိုင် နဲ့ အပေါင်းအပါတွေက သတ်တာပါ။ မမြင်ဘူးလို့လည်း မငြင်းပါနဲ့။ မကြားဘူးလို့လည်း မကွယ်ပါနဲ့။ မသိလိုက်ပါဘူး လို့လည်း မညာပါနဲ့။ အဲ့ဒါ တကျိတ်တည်း တဉာဏ်တည်း လို့ ခေါ်တယ်။ ဟောဒီကမ္ဘာကြီးမှာ မင်းအောင်လှိုင် နဲ့ စိတ်တူသဘောတူတွေ အဲ့သလောက်တောင် များနေပြီဆိုရင်လည်း အနုမြူဗုံးနဲ့သာ အဆုံးသတ်လိုက်တာ ကောင်းပါတယ်။

ခုလောက်ဆိုရင် မြေပြင်ပေါ်မှာ စစ်မီးတောက်နေသလိုပဲ ကိုယ်တို့ရင်ထဲမှာ အမုန်းမီးတောက်နေမယ်ဆိုတာ ဘယ်သူမဆို ခန့်မှန်းလို့ ရပါလိမ့်မယ်။ မိုးဘယ်လောက်သည်းသည်း ငြိမ်းမသွားနိုင်တဲ့ မီးတွေလေ။ မိုးထဲရေထဲ ရွှံ့ထဲဗွက်ထဲမှာ လမ်းဖို့နေရင်း ဒီပင်္ကရာ မြတ်စွာဘုရားသာ ကြွလာတော်မူမယ်ဆိုရင် “နောင်ဖြစ်လေရာ ဘဝတိုင်း မင်းအောင်လှိုင်ကို ကပ္ပိရပါလို၏။” လို့ ဆုပန်လိုက်ချင်ရဲ့။ သူ လူတွေသတ်နေတယ်။ သတ်ခိုင်းနေတယ်။ ဘယ်သူကမှ ဆီးမယ့်တားမယ့်သူ မရှိဘူးလား။ အင်္ဂုလိမာလသတ်ခဲ့တာ လက်ညှိုးပေါင်း ၁၀၀၀ မပြည့်ဘူး။ မြန်မာစစ်တပ်ကသတ်တာ ကိုဗစ်တုန်းက အောက်ဆီဂျင်ဖြတ်လို့ သေတာတွေ ထည့်ပေါင်းလိုက်ရင် တစ်သောင်းတောင် ကျော်ဦးမယ်။ ချေချွတ်လို့ မရရင်တောင် နှိမ်နှင်းဆုံးမဖို့ မသင့်ပါလား အို ဘုရားသခင်အပေါင်းတို့။ မိုးပေါ်က ဣန္ဒြာ ဆိုတဲ့ သိကြားမင်းလည်း ထွန်းဣန္ဒြာဘို ကို မသနားရင်နေ။ ဣန္ဒြာကျော်ဇင်လေးကိုတော့ သနားသင့်တယ် မဟုတ်ဘူးလား။

ရှေးတုန်းကတော့ ဒီလိုအဖြစ်အပျက်မျိုး ကြုံပြီဆိုရင် “ကူညီညာဝိုင်းလို့ မှိုင်းမတော်မူကြပါ။” ဆိုပြီး နတ်တွေ သိကြားတွေဆီကို မက်ဆင်ဂျာက စာပို့လေ့ရှိသတဲ့။ အခုကတော့ သတ်မယ်ကြံ အင်တာနက်လိုင်း ဖုန်းလိုင်းကို အရင်ဖြတ်ပစ်တာမို့ အလုပ်မဖြစ်ဘူး။ “ပစ်သမျှကို မြင့်မိုရ်ရွှေတောင် လုံးသာပလေး။” ဆို ဗီဒီယိုဖိုင် တွဲတင်ရင်လည်း file size ကြီးလွန်းလို့ ချိတ်မရဘူး။ အဝိုင်းက လည်တော့လည်တယ်။ ဒါပေမယ့် တစ်ပါတ်မပြည့်။ အဲ့ဒီတော့ ကောင်းကင်ကဟာတွေကို မေ့ပစ်ပီး မြေပြင်ပေါ်မှာ လက်တွေ့ကျကျ စစ်တိုက်တာပဲ မကောင်းဘူးလား။ Let’s focus on the ground!” ခမ်မောင်း ခမောင်း။

ဝေါလေမှာရှိတဲ့ ဥကရစ်ထစခန်းကို PDF ကသိမ်းထားနိုင်တယ်ဆိုပေမယ့် စကစ က အသည်းအသန် ပြန်တိုက်နေတာ ဒီနေ့ တစ်ပါတ်ပြည့်သွားပြီ။ တနေကုန် လေယာဉ်နဲ့ ဗုံးလာကျဲတယ်။ ရဟတ်ယာဉ်နဲ့ စစ်ကူလာပို့တယ်။ ဗျူဟာကုန်းက အမြောက်နဲ့ ပစ်ကူတယ်။ DKBA ကို ထိုင်းဘက်ကလှည့်ဝင်ပြီး ကူတိုက်ခိုင်းတယ်။ ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့အတိုင်း မဟုတ်တာတွေအကုန်လုပ်ပြီးတိုက်သော်လည်း မတရားသောစစ်မို့ အလောင်းတောင် မကောက်နိုင်ဘူး။ ဒဏ်ရာရစစ်သည် လေယာဉ်နဲ့ပြန်သယ်တာတောင် အခေါက်ခေါက်အခါခါ။ စစ်ဆေးရုံမှာ လူနာတွေပြည့်ကြပ်နေလို့ ရွှေရူပါဦး ခေါ်ခေါ်ပြီး လူလျှော့ရတယ်။

ကရင်ဆော်ဒါလေး သောက်တာတောင် ဒစ်လည်ပြီး နှာနှပ်နေရတဲ့ကောင်တွေက ကိုယ်တို့ဘက်ကို ဒရုန်းတွေလာပျံလိုက်၊ လေယာဉ်တွေလာဝဲလိုက် လုပ်နေလို့ “ဒီကောင်တွေ ဘာဖြစ်ချင်နေတာလဲ။ လင်လိုချင်နေတာလား။” လို့တောင် အောင့်မေ့မိပါတယ်။ အထဲက အထိုင်တပ်တွေ တုပ်တုပ်မှ မလှုပ်ရဲဘူး။ တပ်ပြင်ထွက်ချင် အရပ်ဝတ်နဲ့ လေးဘက်ထောက်ထွက်ရတာ။ ဒီဘက်က အမိန့်မရသေးလို့ မသိမ်းတာကို ဘာတွေ ဆင်ကြံကြံနေမှန်းမသိ။ သူတို့ဆီကို သူတို့အဘတွေဆီက ရိက္ခာတောင် ပို့နိုင်တော့တာ မဟုတ်။ ကိုယ့်ဘာသာကိုယ် တပ်ပြင်ထွက် ဆက်ကြေးကောက်ပြီး တောင်းရမ်းစားသောက်နေရတာ။ စစ်သားပဲဖြစ်ဖြစ် ရဲသားပဲဖြစ်ဖြစ် ဒီမှာ တပ်ပြင်ထွက်ခွင့်မရဘူး။ ကိုယ့်တပ်ထဲကိုယ် ခံတုတ်ကျင်းတူး၊ ညှောင့်ထောင်၊ သံဆူးကြိုး အလိပ်လိုက် ကာပြီး နေ့ကင်းညကင်း မပြတ်အောင် စောင့်ပြီးနေရတာ။ စစ်ဗိုလ်တွေ ညဘက် ဘီယာဆိုင်ခိုးထွက်ချင်ရင် ယူနီဖောင်းချွတ်၊ ပုဆိုးအနွမ်းလေးဆင်၊ မျက်နှာကို သကာရည်လေးသုတ်ပြီး ထွက်ရတယ်။ ရွာထဲမှာ သူခိုးမိလို့ ရဲစခန်းသွားအပ်ရင် စခန်းမှာ တစ်ညတောင် ပေးမသိပ်နိုင်ဘူး။ “အကိုကြီးတို့ပဲ ဆက်လုပ်ပါတော့။” ဆို EAOs တွေလက် ချက်ချင်းခေါ်အပ်တာ။ သို့သော်လည်း သူတို့တပ်အထိုင်ရှိတဲ့ စစ်ဆေးရေးဂိတ်တွေရောက်ရင် အဲ့ဒီမျက်ခွက်ကြီးတွေက ဘီလူးသဘက်လို ဖြစ်သွားရောဗျ။ “မင်းတို့က ဘာလဲ။ ဆရာဝန် ဟုတ်လား။ ဆရာဝန်လည်း မရဘူး။ ဘာရယ်။ INGO က ဟုတ်စ။ မင်းတို့ INGO တွေကို ဒီနယ်မှာ ဖြတ်သန်းသွားလာခွင့် ပြုပါတယ်လို့ ဘယ်သူက စာထုတ်ထားသလဲ။ ပေး။ အဲ့စာ ပါရင်ပြ။ မပါရင် ဆောရီးပဲ။ သွား။ ဟိုမှာ နေပူထဲသွားရပ်နေ။ အရိပ်ထဲ လာမခိုနဲ့။ မင်းကို နေပူထဲ လို့ ပြောထားတာ…။ “မအေ နှမ ရှိသမျှအဆဲ ကုန်ပြီသာမှတ်။ အဲ့ဒါ ပုံမှန်ပါပဲလေ။ ဇော်မဲလုံးတို့ မအလတို့ကအစ မျက်နှာနှစ်ဘက် ပါးစပ်နှစ်ပေါက်နဲ့ နှစ်ကိုယ်ခွဲစကားတွေ ပြောနေကြတာပဲဟာ။

ဒီကောင်တွေဘက်က အပေါ်ကျောတင်းသွားတာကို မအလ ပထမဆုံးဝမ်နင်ပေးထားတဲ့ မေလ ၉ ရက်နေ့ ညကတည်းက ခံစားမိပါတယ်။ “ငါနဲ့ ဒီနေ့နောက်ဆုံးထားပြီး လာဖြစ်အောင် လာတွေ့ကြနော်။ မလာရင် ငါ့အဆိုးမဆိုနဲ့။” လို့ ကြိမ်းဝါးထားတာကိုး။ ညကြီးမင်းကြီး လေယာဉ်တွေဘာတွေ အကြိမ်ကြိမ် ဝဲပြနေတော့ “လာချေပြီ” လို့တောင် အောင့်မေ့လိုက်သေး။ လာပစေလေ။ ဒီကလည်း “ကိုကိုလာမယ်ဆိုလို့ ကာဖီရေတွေ ကျိုလို့” စောင့်နေတဲ့ဥစ္စာ။ အလကားပဲ။ မကြီးအောင် ညာတယ်။ လာလည်းမလာရဲဘူး။ “ဒီကောင်တွေ မရဲပဲနဲ့ ဘာလို့ ကျွဲပြဲစီးချင်နေသလဲ။” အကဲခတ်ကြည့်တဲ့အခါ အထက်က အမိန့်အရ လှုပ်ရှားပြနေရတာမှန်း သိလာတယ်။ ကိုင်း အထက်ကရော ဘာဖြစ်ချင်နေတာတုန်း။ တိုက်မလို့လား။ လေဆာရှိတယ်လေ။ သေချာပြန်ကြည့်လိုက်တဲ့အခါ အဲ့ဒီခွေးဝဲစားတွေ ချီနေတဲ့ မနိုင်မနင်း ဆင်ခေါင်းကြီးကို သွားတွေ့ပါတယ်။

နံပါတ် (၁) ကတော့ သူတို့အနေနဲ့ PDF တွေကို အမြစ်ပြတ်အောင် အကုန်တိုက်ချင်တယ်။ အဲ့သလို တိုက်နိုင်ဖို့ အစဉ်အဆက်က တိုက်လာတဲ့ EAOs တွေ အားလုံးနဲ့ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးနဲ့ ချွေးသိပ် အချိန်ဆွဲထားမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ဟာ တွေ့ဆုံဆွေးနွေး အဖြေရှာတတ်ပါတယ် ဆိုပြီး တကမ္ဘာလုံးကို ယုန်လေးဇာတ်ကား ပြလို့ရပြီ။ ဖြစ်နိုင်ရင် မို့မို့မြင့်အောင်တောင် ထည့်မရိုက်ချင်တော့ဘူး။ ဘယ်သူလာလာ သူတို့ချည့်ပဲ ကျေနပ်အောင်ပြုစုပြီး BL စီးရီးစ် ရိုက်ချင်တာ။ စိတ်ကူးလေးပါပဲ။ ကလေးအတွေးလေးပါပဲ။ လမင်းကြီးကို သိမ်းထားချင်မိခဲ့။ အဟေးဟေး။

ဒီနည်းနဲ့ မအောင်မြင်တဲ့အခါ နောက်တစ်နည်း ဆင်ကြံကြံတယ်လေ။ သူနဲ့လာတွေ့တဲ့ကောင်တွေကို ဆိုင်ဆိုင် မဆိုင်ဆိုင် ပေးလို့ရတဲ့ ဘွဲ့တွေပေးပြီး မက်လုံးပေး လာဘ်ထိုးစည်းရုံးတယ်။ သူလုပ်လိုက်မှပဲ EAOs တွေကြားထဲမှာ ဘယ်သူက ဘာဆိုတာ ထုံးတို့ပေးလိုက်သလို ထင်ထင်ရှားရှား ဖြစ်သွားတော့တယ်။ သူတို့ကြားထဲမှာ ငြိမ်းချမ်းရေးလို့ ခေါင်းစဉ်တပ်တွေ့ဆုံခဲ့ပေမယ့် တကယ်တမ်း ဘာတွေကို အပေးအယူလုပ်ပြီး လက်ဝါးချင်းရိုက်ခဲ့သလဲဆိုတာ နောက်ပိုင်းမှာ လုပ်ရပ်တွေက အဖြေပေါ်လာပါတယ်။

ဘုရားတကာကြီး ဦးယွက်ဆစ်တို့ RCSS အဖွဲ့ဆိုတာ ဘိန်းဘုရင် ခွန်ဆာကြီး အလင်းဝင်သွားတုန်းက လက်နက်ကိုင်လမ်းစဉ် မစွန့်နိုင်လို့ တောထဲမှာပဲ နေခဲ့တဲ့ ဘိန်းသူပုန်အဖွဲ့ပါ။ စကစ က စစ်ဗိုလ်ချုပ်တွေက စီးပွါးဘက်ချင်း လက်သပ်မွေးလိုက်တဲ့အခါ မြောက်ပိုင်းတကြောမှာ တော်တော်မွှေခဲ့သေးတာ။ ကိုးကန့်၊ ဝ၊ ပလောင် (TNLA) အဖွဲ့တွေက ဝိုင်းဗျင်းကြတော့မှ မြန်မာစစ်တပ်က စစ်ကူပေး၊ လမ်းပေါက်ဖွင့်ပေးပြီး သူ့အိပ်ထဲကောက်ထည့်လိုက်ရော။ မြိုင်ကြီးငူ ဘုန်းကြီးကို ဖင်ဝယပ်ခတ်ပေးပြီး DKBA ခွဲထုတ်လိုက်သလိုပဲ ထန်ဆန်းဂူက ပအို့ဝ်ကိုရင်လေးကို တစ်စင်ထောင်ပြီး PNO ဖွဲ့ပေးလိုက်တာလည်း စကစ လက်ရာပါပဲ။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက BGF တွေ၊ KNU ကနေ သစ္စာဖောက်လာတဲ့ BGF တွေ၊ ကိုးကန့်မှာ စကစ နဲ့ပေါင်းပြီး ဖုန်ကြားရှင်ကို ပုန်ကန် အာဏာသိမ်းလိုက်တဲ့ လောက်ကိုင်ကိုးကန့်တပ်တွေဟာလည်း EAOs အမည်ခံသော်ငြား စကစဩဇာခံတွေ ဖြစ်ကုန်ပါတယ်။ အခု မင်းအောင်လှိုင်နဲ့ လူချင်းသွားတွေ့တယ်ဆိုတဲ့ အဖွဲ့တွေဟာ နဂိုကတည်းက စကစဩဇာခံပြီးသား ပါမစ်ရ EAOs တွေချည့်သာပ။

သို့သော် သူ ဒီတစ်ခါ ကောက်ရွှေ့မှာက အဲ့ဒီ ဩဇာခံ EAOs တွေကို လက်နက်ရိက္ခာ ထောက်ပံ့ပေးပြီး သူ့ဘက်က တိုက်ခိုင်းဖို့ ကြေးစားစစ်သည် ငှါးတာပါ။ ကချင်ဘက်ကိုရောက်နေတဲ့ RCSS လက်အောက်ခံ ရှမ်းနီတွေကို လက်နက်ထောက်ပံ့ပေးပြီး ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဖို့ မြှောက်ပေးလိုက်တယ်။ လိုရင်းကတော့ စကစ ကိုယ်စား KIA ကို ပြန်တိုက်စေချင်တာ။ ဟုမ္မလင်းဘက်က ရှမ်းနီ၊ ဖားကန့်ဘက်က ရှမ်းနီ၊ အင်းတော်ကြီးဘက်က ရှမ်းနီတွေပေါင်းပြီး ရှမ်းနီဒေသတစ်ခု ထူထောင်ကြမလို့တဲ့။ ကချင်ပြည်နယ်မှာ သူကိုယ်တိုင် ဝင်မတိုက်ပဲ တဘက်လှည့်နဲ့ စစ်မီးမွှေးတဲ့သဘောပေါ့။ အဲ့သလိုနဲ့ အဲ့ဒီအရပ်ဒေသတွေမှာ စစ်ရေးတွေတင်းမာနေတာ မကြာခဏပါပဲ။ ဖြစ်တော့မလို ဖြစ်တော့မလိုနဲ့ အထက်ကတားထားလို့သာ ပျက်ပျက်သွားခဲ့တာ။ ကချင်လူကြီးတွေရဲ့သဘောထားက အခုလိုအချိန်ကြီး ကိုယ့်ပြည်နယ်အတွင်းမှာ တိုင်းရင်းသားအချင်းချင်း စစ်မတိုက်ချင်ဘူးတဲ့။ ဟုတ်တာပေါ့။ စကစကို တိုက်ချင်ရင်တောင် စစ်ကိုင်းဘက်ကို ထွက်ထွက်တိုက်တာ။ သူ့ထဲမှာ ရွာအနာမခံဘူး။ စောဖေတို့က နောကျေနေပြီ။

ဟိုးဘက် မိုးမိတ်နားမှာကျတော့ RCSS ရဲ့ တပ်တွေကို စကစ က ကူတိုက်ပေးပြန်တယ်။ ယွက်ဆစ်တပ်တွေအဆုတ်မှာ SSPP က ဝင်သိမ်းထားတဲ့စခန်းတွေကို စစ်တပ်က သူ့ဆီပြန်အပ်ဖို့တောင်းတယ်။ “ဘာဆိုင်လို့ပေးရမှာလဲ။ မပေးဘူး။” ဆို ဟိုက တင်းခံတယ်။ “မပေးရင် ပစ်တယ်ကွာ။” ဆို မနေ့က ထပစ်တယ်။ “ပစ်ရင် ဒီတနေရာတည်း ဒိုင်းညောင့် မဟုတ်ဘူး။ SSPP ရှိတဲ့နေရာတိုင်းမှာ တဒိုင်းဒိုင်းနဲ့မိုက်သွားစေရမယ်။” ဆို စိန်ခေါ်လိုက်တဲ့အခါ ဝ၊ ကိုးကန့် နဲ့ ပလောင်ကပါ ဝင်လာမယ့်ပုံ ရှိတာပေါ့။ သူတို့က မဟာမိတ်တွေ မဟုတ်လား။ တချို့သတင်းတွေမှာ ဝ ဘက်က ဆော်ပြီ လို့တောင် ဖတ်ရတယ်။ ကျောက်မဲဘက်မှာတော့ စကစဝင်လာလို့ TNLA က ဆုတ်ပေးရသတဲ့။ လျှပ်စီးတွေတဝင်းဝင်း မိုးခြိမ်းသံတဂျုန်းဂျုန်းနဲ့ စစ်ခရာသံတွေကြားနေရတာ။ တကယ့်ကို စစ်ပွဲကြီး ဖြစ်တော့မယ့်အတိုင်းပဲ မဟုတ်လား။

စိန်မဟာသဘင်က ပါတော်မူခန်းထဲမှာတော့ “စု စစ်တိုက်မယ် ဘိုးဘိုး။” ဆို ဓါးထဆွဲတဲ့ ခေါင်ဘုရားကို ဘိုးဘိုးကောင်းက “စစ်ဆိုတာ နိုင်မှ ကောင်းပါတယ်။ သည်တစ်ကြိမ် သည်းခံတော်မူပါ။” လို့ ဖြောင်းဖြတာပဲ။ အခုတော့ ဒီကောင်တွေကို ဖြောင်းဖြမယ့်သူ မရှိဘူး ထင်ပါတယ်။ “စစ်ဆိုတာ စောက်ဆံရှိမှ တိုက်လို့ရတယ်ဟဲ့။” ဆိုပြီး နားရင်းလေး အုပ်ပေးရမှာ။ ဘယ့်နှယ့်။ လျှပ်စစ်ရထားကြီး စီးချင်ရတာနဲ့။ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံးတက္ကသိုလ်ထောင်ချင်ရတာနဲ့။ ပါးစပ်ထဲရှိရာ လျှောက်ပြောနေ။ ချေးစိမ်းပန်းတော့မှာပဲ။ ဥကရစ်ထ မသိမ်းနိုင်လို့ DKBA နဲ့ ထိုင်းဘက်က ကျူးကျော်ဝင်ပြီး စစ်ကူပေးတယ်။ လက်နက်ကြီးတွေ ထိုင်းဘက်ကျလို့ နေပြည်တော်အထိ လာပြီး ကလော်တုပ်သွားတယ်။ သတင်းထဲထည့်ရင် “ထိုင်းစစ်သူကြီးတွေ သူ့ကို လာဖူးမြှော်သွားတယ်။” ပဲ ရေးတာ။ ဘာဖြစ်လဲ။ ဟိုက ဖမာစာမှ မဖတ်တတ်တာ။ ကိုယ်ရေးချင်ရာ ရေးမှာပေါ့။ အိုက်တင်ကတော့ အသေကို ကျင့်ထားပြီးသား။ ခင်မို့မို့အေးရဲ့”အို စိတ်မကောင်းလိုက်တာ ရှင်။” ရယ်။ အန်တီမို့ရဲ့။ “ဟယ် ဟုတ်လား။ မို့ တကယ်ကို မသိလိုက်ဘူး။” ရယ်။ မခိုင်ကြီးရဲ့ “သားတို့သမီးတို့က ဒီချိန်ကြီး လွတ်မြောက်နယ်မြေမှာ ဘာသွားလုပ်ကြမလို့လဲ။” ဆိုတာရယ်။ ပြောလို့ဆိုလို့ မရရင် “ လှိုင့်ကို အတ်လိုမကြည့်ပါနက်။ လှိုင် ဖြူစင်တာ လှိုင်ပဲသိပါတယ်။” ဆို မျက်ရည်တွေ တစ်လုံးချင်း ကျလာအောင် ငိုပြဦးမှာ။ ထွီ။ ရွံ့စရာကြီးရယ်။

နွားသိုး နဲ့ မိုးတောင် အစိုးမရလို့ ရွာမလိုလိုနဲ့ မရွာတဲ့မိုးတွေ အများကြီးရယ်။ ပွဲတွေခွင်တွေဆိုတာ ဆင်ချင်တိုင်းဆင်။ “ထင်သာထင် မဝင်ဘူး ကျောင်းအမရေ့။” ဆို ပျက်သွားတာတွေ အများကြီး ရှိတာပေါ့။ ဦးသိန်းစိန် ရှင်တစ်ထောင်ပြုမယ်ဆိုတုန်းက နွေခေါင်ခေါင်မှာ မဏ္ဍပ်ကြီးပါ ရေစုန်မျောသွားတာ သင်ခန်းစာ မယူတတ်ဘူးလား။ ဘုရားဖျက် ကျောင်းဖျက် လူ့အသက်ကို ဖက်ရွက်ပမာ စီမံချင်လို့ စစ်မြှူကစားပေမယ့်လည်း သူ့ထက် စစ်သက်ရင့်နေတဲ့သူတွေကို သူဘယ်လို လှည့်စားမလဲ။ အဲ့သလိုအချက်တွေကြောင့် ကိုယ့်ဆီမှာ စစ်ဆိုတာ ခြိမ်းကားခြိမ်း၍ မရွာသောမိုးပဲ။ တို့ဆီကိုလိုလို နဲ့ ဟိုဘက်ကိုသွားလေတယ်။ သို့သော် ရွာမှာ မဟုတ်ဘူး လို့တော့ မပြောနိုင်ဘူးပေါ့လေ။ ဘယ်အချိန်မဆို ရွာချနိုင်တာပဲ။ ကိုပေါ် ပြောသလို “ခြိမ်းမနေနဲ့။ ရွာချပစ်လိုက်။ ငါတို့က စိုဖို့ အသင့်ရှိတယ်။” ဆိုတာလည်း မှန်တယ်။ ကိုယ့်သဘောအရဆိုရင်တော့ မြန်မာနိုင်ငံ တနံတလျားမှာ ကြိုက်တဲ့စစ်မြေပြင်ကို လက်ညှိုးထိုးပြီး ကိုယ်ကိုယ်တိုင် အရောက်သွားကြည့်လိုက်။ စကစ က အရေးသာတဲ့ အနိုင်ရတဲ့ စစ်ပွဲဆိုတာ ဘယ်မှာမှ မရှိတော့ဘူး လို့ တွေ့ရပါလိမ့်မယ်။ ရဲရင့်သူသာ အောင်နိုင်ရာ တဲ့။ အနီကြောက်လို့ အုတ်ခဲအစိမ်းသုတ်နင်းတဲ့ ယတြာကြောင် မောင်ကြင်စိုးအတွက်တော့ ချေးစိမ်းပန်းပြီး အစိမ်းသေသေရမယ့် အချိန်ရောက်ပါပြီ။ အရှေ့ဘက် ရှမ်းပြည်တကြောကသာ ဆင်းလာရင် ရတနာပုံနေပြည်တော်ကြီးဟာ မြောက်ပိုင်းမြန်မာပြည်ကြီးအောက်ကို အလိုလိုရောက်သွားမှာပဲ မဟုတ်လား။

“မမလေးကို မောင်ကခိုးမယ်လို့

လူဆိုးတွေနဲ့ မောင်တိုင်ပင်

အရှေ့ဆီညောင်ပင်ကြီးမှာ မြင်းကိုယ်စီပြင်။

လထွက်ကလေးကိုတဲ့ မြင်းပေါ်တင်

လဝင်ရင် မန်းတောင်ရောက်အောင်

မြင်းငေါက်လို့နှင်။”