ဒီရက်ပိုင်း မိုးကလေးနည်းနည်းစဲသွားပေလို့ မြေလမ်းကလေးတွေ ရွှံ့ခြောက်လာပြီး ဆိုင်ကယ်လေးဘာလေး သွားလို့လာလို့ ရလာပါတယ်။ တချို့နေရာတွေမှာတော့ ကူးတို့နဲ့ ကူးရတာပေါ့။ ဆေးရုံပေါ်ကလူနာတွေလည်း ခုမှ အလျှိုအလျှို ပြန်နိုင်တယ်။ ကောင်းမွန်ပျောက်ကင်း သွားလိ့အပြန်လှတယ် ပြောရမှာပေါ့လေ။ အမ်းမှာတုန်းကလို တကိုယ်လုံးမီးလောင်ထားတဲ့ လူနာတစ်ယောက် ကောင်းကောင်းမွန်မွန် ဆေးရုံက ပေးဆင်းနိုင်ခဲ့ပြီ။ သူ့ရှေ့ကတစ်ယောက်ကတော့ မရှင်လိုက်ဘူး။ လောင်ပြီး တစ်လကြာမှ ရောက်လာတာကိုး။ ဆေးရုံဆိုတာ လူနာ အသေအပျောက်နဲ့ ဘယ်ကင်းနိုင်မလဲ။ အဖိတ်အစင် ရှိရင် အုပ်ကြီးဆီဖုန်းဆက်ပြီး ရွာသားတွေက လာသယ်ပြီး မြေမြှုတ်ပေးပါတယ်။ တော်ပါသေးရဲ့။ သူတို့သာ မရှိရင် ဆရာဝန်ကိုယ်တိုင် ကျင်းတူးနေရမှ အခက်။ ကိုယ်တွေသာ အလောင်းစည်သူ ဆိုလို့ကတော့ ရွာကအရင် နှင်ထုတ်မှာ သေချာတယ်။ ခုနောက်ပိုင်း ပေါက်ပြား တူရွင်းနဲ့ ရွာသားတွေ အကူအညီမခေါ်ရတာ ကြာပြီ။ ၃ လ ရှိပြီ။ ဟိုရက်ကပဲ နွားပေါက်ကလေးတစ်ကောင် အိမ်သာကျင်းအဟောင်းထဲကျလို့ လှမ်းခေါ်ရတာ။ မှိုရှာတဲ့သူတွေက ငါးအကြီးကြီး မိနေပြီဆိုပြီး သွားဆယ်တာ။ ငါးမဟုတ်ပဲ နွားဖြစ်နေတယ်။
တကယ်တော့ မှိုက မရှိတော့ဘူး။ တုံးသွားပြီ။ အခုအခါက မျှစ်တူးတဲ့ရာသီ။ သိတယ် မဟုတ်လား။ တောမှာက နာရီကြည့်စရာ မလိုဘူး။ ရာသီသိရင် ရပြီ။ အင်းဆက် အကောင်ပလောင်လေးတွေတောင်မှပဲ သူ့ရာသီနဲ့သူ ပေါက်ဖွားရှင်သန်ကြတယ်။ ဖြုတ်ကိုက်တဲ့ရာသီ၊ ကျွတ်တွယ်တဲ့ရာသီ၊ ပလူပျံတဲ့ရာသီ။ ညဘက်ကျရင်တော့ ပိုးစုန်းကြူးကလေးတွေက ကောင်းကင်က ကြယ်တွေနဲ့အပြိုင် လက်လက်ထနေတယ်။ အခုလောလောဆယ်တော့ လိပ်ပြာရောင်စုံကလေးတွေ ချောင်းနံဘေးမှာ အုပ်လိုက်ကြီး နားလာတဲ့ရာသီပေါ့။ ပုရစ်ဖူးစားတဲ့ ဘောက်ဖတ်ကလေးတွေ စောင်ခြုံကွေး တရေးအိပ်ပြီးလို့ အတောင်ပံဖြန့်ကုန်ကြပြီလေ။ မိုးတိတ်လို့ နေသာပြီး သက်တန့်ကြီးတွေပေါ်လာမှ သူတို့လည်း ပန်းပွင့်ရောင်စုံတွေကြားသွားလိုက်၊ ချောင်းစပ်သောင်ခုံလေးဆီ နားလိုက် လုပ်နေတယ်။ အဆင်အသွေးလေးတွေ တော်တော်လှပါတယ်။ စုံလည်းစုံတယ်။
အဲ့ဒီလိပ်ပြာကလေးတွေ တောင်ပဲခတ်လိုက်တာကြောင့် ကမ္ဘာကြီးရဲ့ တခြားတဘက်မှာ လေပြင်းမုန်တိုင်းတွေတောင် တိုက်ခတ်လာနိုင်သတဲ့။ တချို့က ပြောကြတာပဲ။ Butterfly Effect လို့ ခေါ်သတဲ့။ ကြံကြီးစည်ရာတွေ။ ရုပ်ရှင်ထဲသာ ကြည့်ကောင်းမယ့် အရာတွေပေါ့။ နောက်တစ်ခု ရှိသေးတယ်။ ဒိုးဆက်အပြားလေးတွေ တစ်ခုနဲ့တစ်ခု မထိရုံကလေး စီပြီးထောင်ထားတဲ့အခါ အဖျားစွန်းတစ်ခုကလေးက သာသာကလေး လှဲလိုက်တာနဲ့ ဇယ်ဆက်သလို ဆက်သွားပြီး တည်ဆောက်ထားသမျှ အဆောက်အအုံ တစ်ခုလုံး ပြိုလဲသွားတာပါ။ အဲ့ဒါကိုတော့ Domino Effect လို့ ခေါ်ပါသတဲ့။ ဗုဒ္ဓဘာသာ အယူလိုတော့ဖြင့် ကုသလာ ကုသလာ ကုသလာဓမ္မာတွေ အကုသလာ အကုသလာ အကုသလာဓမ္မာတွေ တစ်ခုကိုတစ်ခု အမှီသဟဲပြု၊ အကျိုးကျေးဇူးပြု၊ အထောက်အကူပြုပြီးရင် အကြောင်းကြောင်းတွေ ပေါင်းဆုံလို့ ကြီးစွာသော အကျိုးတရားတစ်ရပ် ထွက်ပေါ်လာတယ် ဆိုတာမျိုး။ အဲ့ဒါတွေ ဘယ်တော့ ဖြစ်လာမှာပါလိမ့်။ အခုပဲ ဖြစ်လိုက်ပါတော့လား ဟင်။
မြန်မာပြည်မှာ လွင့်လွင့်သွားတဲ့ လိပ်ပြာလေးတွေ အများကြီးပဲ။ မကျေနပ်ခြင်းကြီးစွာ၊ ကျိန်စာတွေ အထပ်ထပ်တိုက်ပြီး ဘဝကူးသွားကြရတယ်။ ဟိုးကမ္ဘာတဘက်ခြမ်းက ဂျိုးဘိုင်ဒင်ကြီး အိပ်ယာအထမှာ လိပ်ပြာမလှတဲ့ အတိတ်ကာလတွေအကြောင်း နတ်သံနှောလို့ ပြောချေပါလား။ “ယူတို့တွေ သိပ်နေနိုင်တာပဲ။” လို့ မျက်စောင်းလေးထိုးထိုးပြီးတော့ပြော။ မစ္စတာ ပရဲဆီးဒန့်ကြီးရယ် ဖြစ်နိုင်မယ်ဆိုရင် ရုပ်ရှင်တွေထဲကလို ဟယ်လီကော်ပတာကြီးပေါ်က ကြိုးနဲ့တွဲလောင်းခိုဆင်းပြီး နေပြည်တော်ထောင်ထဲက တို့မေကြီးကို ကယ်ပေးပါလား။ ပရိုဖိုင်းလေး မီးမှိတ်ပြတာက အိုင်တို့ဆီမှာ လိပ်ပြာတောင်ပံ တစ်ချက်ခတ်စာလောက်တောင် မရှိဘူး။ လုပ်လိုက်စမ်းပါ။ အဲ့ဒါကမှ “Make America great again.” မဟုတ်ရင် ဘယ်အရာက ဟုတ်စရာရှိမလဲ။
ဒီလိုမဟုတ်ရင်လည်း တပ်ထဲက ဖရဲသီးတစ်လုံးတလေလောက် ဆေးကြောင်ဂွေးကြောင် ကြောင်ပြီး တရုတ်ပိုက်လိုင်းကြီးကို နာနတ်သီးစာကျွေးကြည့်ပါလား။ တရစပ်ဆက်ဖြစ်လာမယ့် ဒိုမီနိုအဖက်လေးတွေ ကြည့်ရအောင်။ ဒီလိုမှမဟုတ်လည်း ကိုးကန့်တိုင်းရင်းသားများအနေနဲ့ ထိုင်ဝမ်ပြည်သူများနှင့် တသားတည်း ရပ်တည်ထောက်ခံပါကြောင်း သဘောထား ကြေငြာချက်တစ်စောင် ထုတ်ဗျာ။ ဖွင့်သာမပြောတာ။ စိတ်ရင်းကတော့ အဲ့အတိုင်း ရှိနေတာပဲဟာ။ မြိုသိပ်ထားရတာ ကြာပြီ။ ဖွင့်ချလိုက်။ ဖွင့်ချလိုက်။ ဖုန်ကြားရှင်ကြီးသာဆို လုပ်ရဲလောက်တယ်။
နောက်ဆုံးတော့လည်းသဗ္ဗေသတ္တာ ကမ္မသကာပါပဲလေ။ ကံ ကံ၏အကျိုးကို ယုံတဲ့ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်လား။ အခုတော့လည်း ယုံတောင်မယုံချင်တော့ပါဘူး။ ဘယ်မှာလဲ။ ကံရဲ့အကျိုးတွေ။ ဒီအကောင်ကြီး မသေနိုင်သေးသ၍ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့စကားကို ဘယ်လိုလုပ် ယုံလို့ရမလဲ။ ငယ်ငယ်တုန်းကတော့ “ရဟန်းတော်တွေ့လျှင် ဦးချပါ။ ဘိနပ်ကိုချွတ်ကာ ဝတ်ဖြည့်ပါ။” ဆိုတဲ့ ဆရာသမား မိဘ အဆုံးအမနဲ့ လာတာပဲလေ။ ဒီအရွယ်ကြီးရောက်ကာမှ “မဘသကျောင်း ဆွမ်းမလောင်း” လို့ သန္နိဌာန်ချထားမိတာမျိုး။ ဦးပြည်းစိမ်းစိမ်းတွေ့ရင် အသွင်ယူထားတဲ့ ၅၀၀၀ စားလို့ ထင်တာမျိုးက တားလို့ဆီးလို့ကိုမရ။ ရွှေကျင်သာသနာပိုင်ကြီး တရားတွေလည်း နာမိရော နှစ်ခြင်းခံရကောင်းနိုး ရေဖျန်းခံရကောင်းနိုး ပြန်စဉ်းစားနေရတယ်။ ပုပ်ရဟန်းကြီးကမှ မြန်မာပြည်သူတွေကို စာနာရကောင်းမှန်းသိသေး။ ဒီဘဝ ဒီတစ်သက်မှာ ကိုယ်သေတဲ့အထိ အဲ့ဒီအကုသိုလ်တုံးတွေ ဝဋ်လည်တာ မမြင်ရဘူးဆိုရင် နောက်ဘဝကျ ဘာသာခြားဝမ်းထဲမှာ ဝင်စားချေမယ်။ သေတမ်းစာလေးရေးထားပြီး ဝင်းဦးသေ သေပစ်မယ် လို့ အောင့်မေ့တယ်။
နောက်ဆုံးတော့လည်း အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ်ဆိုတဲ့ စကားသာမှန်ရင် ကိုယ်တို့တတွေလည်း အသက်ရှင်သန်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကိုပဲ ရွေးစရာရှိပါတယ်။ လက်နက်မဲ့ပြည်သူတွေကို လက်နက်ကိုင်စစ်သားတွေ မတရားသဖြင့် သတ်ဖြတ်လုယက်နေတာမြင်လျက်သားနဲ့ ဝင်တောင်ဆွဲဖော်မရပဲ ဆွေးနွေးရေးမှာသာ အဖြေရှိပါတယ် တွင်တွင်အော်နေတဲ့သူတွေကို လှစ်လျူရှုလိုက်ကြပါစို့။ မြန်မာပြည်သူတွေက ရန်ကိုရန်ချင်းတုန့်နှင်ဖို့၊ အမုန်းတရားနဲ့ လက်စားချေဖို့ လက်နက်ကိုင်ရတာ မဟုတ်ဘူး။ ကိုယ့်အသက်၊ ကိုယ့်အဖေအမေအသက်၊ ကိုယ့်သားသမီးအသက်ကို အရပ်သားတွေမျိုးတုန်းအောင်သတ်ဖြတ်နေတဲ့ စစ်ခွေးတွေရန်က ကာကွယ်ဖို့ ရရာလက်နက်စွဲကိုင်ရတာ။ သူများအသက်သတ်ရင် ငရဲကြီးမှန်း သိသိကြီးနဲ့ ကိုယ့်အသက်ကို ဘုရားတောင် လာမကယ်မှန်း နားလည်ပြီးတော့ ကိုယ့်ဘာသာ အသက်စွန့်ကာကွယ်ရတာပါ။ မြန်မာပြည်တွင်းမှာ အချင်းချင်းသတ်ဖြတ်ပြီး စစ်မီးကြီးတောက်လောင်နေရတာဟာ ဘေးကနေ မငြိမ်းပဲ ငုတ်တုတ်ထိုင် ဟန်ရေးပြနေတဲ့ UN တို့ ASEAN တို့မှာလည်း အပြစ်မကင်းပါဘူး။ သူတို့က လေထိုးပြီး ကိုယ်က အသက်လျော်နေရတာမို့လို့။ တသက်လုံးထိုင်ရှိခိုးလာခဲ့တဲ့ ဘုရားတွေ တရားတွေတောင် စိတ်ကောက်ချင်သလိုလို စိတ်နာချင်သလိုလို ဖြစ်နေပါတယ်ဆိုမှ သူတို့ပြောစကား နားထောင်ယုံကြည်စရာ ဘာအကြောင်းမှ မရှိဘူး။
ကိုယ်တို့နိုင်ငံတော်သီချင်းက “ကမ္ဘာမကျေ” က စတယ် မဟုတ်လား။ အဲ့ဒီကမ္ဘာမကျေဘူးဆိုတဲ့ ခံစားချက်ကို မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်မှပဲ မြန်မာနိုင်ငံသားတွေ နင့်နေအောင် ခံစားဖူးကြပြီ။ ကိုယ်သေရင်တောင် သာဓုမခေါ်ပဲ မကျွတ်မလွတ် ဆက်တိုက်နေမယ့် စိတ်ဓါတ်၊ ကိုယ််မရှိတော့လည်း ကိုယ့်သားသမီးမျိုးဆက်တွေ ဆက်တော်လှန်နေမယ့် စိတ်ဓါတ်၊ ဘဝအဆက်ဆက် သံသရာအဆက်ဆက် ကိုယ်တိုင်ကိုယ်ကျ လက်တုန့်ပြန်ရမှ ကျေနပ်နိုင်မယ့် စိတ်ဓါတ်ကို ကမ္ဘာမကျေဘူး လို့ ခေါ်တာမှန်း ကလေးတွေကအစ နားလည်သွားလောက်ပါပြီ။
အဲ့ဒီစိတ်ဓါတ်တွေဟာ အတောင်ပံခတ်လိုက်တဲ့ လိပ်ပြာကလေးတစ်ကောင်ရဲ့အင်အားကနေ လေပြင်းမုန်တိုင်းကြီးတမျှ အရှိန်အဟုန်တွေ ကောင်းလာခဲ့ပြီ။ မရပ်မနား ဆင့်ကဲလဲကျလာတဲ့ ဒိုးဆက်ပြားကလေးတွေရဲ့ အခြေအနေကနေ အပုံလိုက်ကြီး ဝုန်းကနဲ ဝုန်းကနဲ ပြိုဆင်းလာခဲ့ပြီ။ ကြမ္မာရဟတ်က သူ့ဘာသူ တပါတ်မလည်နိုင်သေးရင် ပြည်သူ့အားနဲ့တွန်းလှိမ့်ပြီး အတုန့်အလှည့်ကို ကိုယ့်ဘက်ရောက်အောင် ပြန်ယူနိုင်ခဲ့ပြီ။ အောင်ပွဲဆိုတာ ကနေ့ နက်ဖြန် မဟုတ်ဘူး။ အခုလောလောဆယ်မှာကို ကိုယ့်ဘက်က အရေးသာနေပါပြီလေ။ ပွဲသိမ်းဖို့ပဲ ကျန်ပါတော့တယ်။ သူ့အတွက် နောက်ဆုံးဖဲချပ်ကိုတောင် ထုတ်ကစားနေရပြီ မဟုတ်လား။