ချန်ဂင်တို့စခန်း (၃၈)

“မိုးသံလေသံ မောင်မကြားလား

မေ့လျော့နေအား။

ဒေဝါမိုးလေးက အုံတုံတုံ

ချစ်သူထံဘယ်သူသွားပါ့မယ်

လူကားမကြုံ။”

မိုးတွင်းကာလဆိုရင် အသွားအလာ အဆက်အသွယ်တွေ ပြတ်တောက်သွားတာ ဟိုးရှေးရှေးကတည်းကနဲ့ တူပါတယ်။ အခုလည်း ကိုယ်တို့မှာ လူကြုံနဲ့ စာပါးဖို့တောင် ခပ်ခက်ခက်ရယ်။ တယ်လီဖုန်းလိုင်းတွေကလည်း မိုးအုံ့ရင် မမိတော့ဘူး။ အင်တာနက်ကလည်း မမိတာကများပါတယ်။ off line mode နဲ့ စာတွေရေးရေးထားပြီး လိုင်းကလေးတက်လာတဲ့အချိန် ကမန်းကတမ်း ကောက်တင်ရတာ။ ပုံတွေမမြင်ရ ဗီဒီယိုကြည့်မရ။ စာလေးပို့ချင်တာတောင် “အချစ်များစွာဖြင့်သာ…” နဲ့တင် အဝိုင်းလေးလည်နေပြီး ရှေ့မတက်တော့ဘူး။

ဒီလိုအချိန်ကြီး ကိုယ့်ဆီကို မရောက်ရောက်အောင် ဆေးလာကုတဲ့သူတွေကို ကိုယ်ကတောင် ကျေးဇူးတင်နေရသေးတာပါလေ။ ခုရက်ပိုင်း မြို့ပေါ်ကလူတွေတောင် တောမှာလာဆင်းခွဲကြတယ်။ လိပ်ခေါင်းလူနာ နှစ်ယောက်သုံးယောက် ခွဲပေးလိုက်တာ မြို့ပေါ်မှာ လိပ်ခေါင်းဘုရင် မောင်မောင်ခင် လို့များ အမည်စာရင်းပေါက်သွားလား မသိပါဘူး။ အခုကို ဝါဒ်ထဲမှာ ခွဲဖို့တင်ထားတာ prolapsed piles လိပ်ခေါင်းတစ်လစ်ကြီး ၃ ယောက် တန်းစီနေတယ်။ တနေကုန် ဆိုင်ကယ်ပေါ်ခွလာပြီးမှ ထိုင်မရ ထမရ အော်ကာဟစ်ကာ ရောက်လာကြတာ။ ဆာဂျင်ဆိုတာလည်းပဲ တောရောက်တဲ့အခါ ဗိန္ဓောကျော် ကျော်အောင် အရင်ကုပြရသေးတာ။ နို့မို့ဖြင့် “အူအတက်ကလေး ယောင်နေလို့ပါ။ ခွဲပါရစေ မယ်မင်းကြီးမရယ်။” လို့ တောင်းတောင်းပန်ပန် ပြောတာတောင် “စဉ်းစားကာနေရဦးမယ်။” ဆို တနေကုန် အဖြေပြန်မပေးဘူး။

သူတို့လည်း သူတို့အတွေးနဲ့သူတို့ ဘာတွေ တွေးကြမှန်း မသိဘူး။ ကိုယ်တွေဘက်ကလည်း ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်ခေါင်းထဲ ဘာတွေထည့်ထားရသလဲ သူတို့ကို အကုန်ပြောမပြနိုင်ဘူးလေ။ ကိုယ်ပြောချင်တာတစ်မျိုး သူနားလည်တာတစ်မျိုးဆို ရွာလည်နေမှာ။ အလုပ်မဖြစ်ဘူး။ ဒီလထဲမှာ မမအိုဂျီက သားအိမ်ခေါင်းကင်ဆာနဲ့ လူနာနှစ်ယောက် သားအိမ်ထုတ်ပေးထားတယ်။ တစ်ယောက်က ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ အောက်ကမပွင့်လို့ ခွဲမွေးပြီး ရက်ချိန်းနဲ့ ပြန်ခေါ်ခွဲရတာ။ နောက်တစ်ယောက်က မောနုံးဖြူဖျော့ပြီး အောက်ကသွေးဆင်းသလား မေးတော့ “အင်း” ဆိုမှ အောက်ပိုင်းစမ်းပြီးတွေ့တာ။ သွေး ၃ လုံးသွင်းပြီးမှ ခွဲရတယ်။ အသားစပို့စစ်ပြီးပြီ။ နှစ်ယောက်စလုံး ကင်ဆာ။ သေချာတယ်။ Adenocarcinoma ထွက်တာ။ ပြဿနာက ဘာဆက်လုပ်ကြမလဲ။ မသိတာ မဟုတ်ဘူး။ သိတယ်လေ။ ဒါပေမယ့် ကိုယ်သိတဲ့အသိနဲ့ သူတို့ရှိတဲ့အရှိက အများကြီး ကွာနေတယ်။ အလုပ်လုပ်လို့ မရဘူး။

Onco surgery ဆိုတာ သူများနိုင်ငံတွေမှာ မဖြစ်ခင်ကတည်းက screening နဲ့ detect လုပ်တာ။ ဖြစ်မလာအောင် ကြိုကာကွယ်တာ။ ဖြစ်မှန်းသိတာနဲ့ ဘယ်လောက်ထိပြန့်နေပြီလဲ၊ အဆင့်ဘယ်လောက်လဲ ခြေဆုံးခေါင်းဆုံးစစ်ပြီးမှ မစင်စင်အောင်ခွဲတာ။ သိပါတယ်။ လုပ်လည်းလုပ်တတ်ပါတယ်။ ဒါပေသိ အခုလက်ရှိမှာ လုပ်လို့မှ မရတာ။ လူနာက ကင်ဆာစစ်ဖို့လာပြတာ မဟုတ်ဘူး။ ကလေးမမွေးနိုင်လို့၊ သွေးအားနည်းလို့ လာပြတာ။ ကိုယ့်ဘာသာ လျှာရှည်ပြီး ရောဂါရှာလို့ ရောဂါတွေ့တာလေ။ ကိုယ်တွေ့တဲ့ရောဂါ ကိုယ့်ဘာသာဆက်ကုရုံ ရှိတာပ။ စကားတွေအများကြီး ပြောမနေပါနဲ့။ လေကုန်တယ်။ “ဆရာ ကောင်းမယ်ထင်သလို လုပ်ပါ။” တစ်ခွန်းတည်းနဲ့တင် သူတို့ဘက်က စကားကုန်သွားပြီ။ အထုပ်ကြီးက ကိုယ့်ခေါင်းပေါ်မှာ။ ကိုယ်ပဲ ဆက်ရွက်ရမှာ။

ကဲပါလေ။ ခွဲလို့လည်းပြီးပြီ။ အသားစအဖြေလည်း ရပြီ။ ကင်ဆာဆေးသွင်းရုံကျန်တော့တာ မဟုတ်လား။ ဆက်သွင်းရုံပေါ့။ သူတို့အရင်က ခွဲထားတဲ့ ရင်သားကင်ဆာလူနာဆိုလည်း အဲ့သလိုပဲ။ ခွဲပြီးတာနဲ့ oncologist ဆီ တိုင်ပင် ဆေးတွေမှာပြီး ဆက်ကုနေတာ နောက်ဆုံး ၂ ကြိမ်ပဲ ကျန်တော့တာလေ။ လမ်းတွေပိတ်နေလို့ လာတောင် မပြနိုင်တော့ဘူး။ ဟိုတလောကသာ ခြေထိပ်လက်ထိပ်တွေ မည်းပြာကုန်လို့ ဆေးရပ်လိုက်ရမလား ဖုန်းဆက်မေးတာ။ ရပ်လို့တော့မဖြစ်ဘူး။ ရှားစောင်းလက်ပတ်ကလေးလိမ်း၊ ဆေးကြပ်ထုပ်ကလေးထိုး လို့တော့ မှာလိုက်တာပဲ။ လာလည်းမပြ။ ဆေးဆက်သောက်မသောက်လည်း မသိရ။

ကင်ဆာဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်မျက်စိအောက်မှာပဲ ပေးလို့ရတယ်။ မခွဲရသေးခင်မှာသာ ဝေဒနာကြီးနဲ့မို့ မဖြစ်မနေ လာပြရတာ။ ခွဲပြီးသွား၊ အကောင်းကြီးဟာကို တစ်လတစ်ခါ လာပြဖို့ မအားတော့ဘူး။ နေထိုင်မကောင်းလို့ကတော့ “အဲ့ဒါ ဆရာ့ဆေးတွေကြောင့် ဖြစ်တာလေ။ ဆေးမသောက်ပဲနေရင် အကောင်းကြီးရယ်။ ဆရာ့ အားနာလို့ သွားတောင်မပြတော့ပါဘူး။ မေးရင် နေကောင်းတယ် လို့ပဲ ဖြေလိုက်ပါ။” အဲ့သလို ဖြစ်သွားပြီ။ နောက်ထပ် ပြဿနာ မပေါ်မချင်းပေါ့။ ပေါ်တော့ရော ဘာဖြစ်သေးတုန်း။ “နို့ သိမှသိပဲကို ဆရာရယ်” ဆို ဆရာကလည်း ပစ်ထားမှာမှ မဟုတ်တာ။

ဆရာကလည်း ဒါမျိုးတွေ ရိုးနေပါပြီလေ။ လွယ်လွယ်နဲ့လစ်မပြေးနိုင်အောင် ချည်ရတုပ်ရတာပေါ့။ ကင်ဆာဆေးတွေဆိုတာ ဈေးအင်မတန်ကြီးတယ်။ ဆေးတစ်လစာကို ၂ သိန်း ၃ သိန်း တန်ကြေး ရှိတယ်။ လူနာက ပိုက်ဆံမတတ်နိုင်ရင် ကိုယ်ကစိုက်လှူတာပဲဖြစ်ဖြစ် အလှူရှင်ရှာပေးတာပဲဖြစ်ဖြစ် အပန်းမကြီးပါဘူး။ သို့သော်လည်း လူနာဆိုတာ သူ့ဘက်က စိုက်ထုတ်မှုမပါရင် ပေါ့ပေါ့တန်တန်ပဲ သဘောထားတာ။ ဆေးအလကားရတယ်ဆိုရင် အဲ့ဒီဆေးတန်ကြေးကို သူမသိတော့ဘူး။ ကောင်းတယ်ထင်ရင် သောက်လိုက်မယ်။ မကောင်းဘူးထင်ရင် လွှင့်ပစ်မှာ။ အဲ့ဒီတော့ ကိုယ်က ၂ လစာ အလကားပေးပြီး ဒါကုန်ရင် ကိုယ့်ဘာသာဝယ်သောက်ခိုင်းပါတယ်။ “တော်ရောပေါ့ ဆရာရယ်။ ဒီလောက်ကုလာပြီပဲဥစ္စာ။ အလကားကုန်ရင် ရပ်လိုက်ရအောင်လေ။”.ဆိုပြန်ရင်လည်း အစကလုပ်ထားသမျှ သွားပါလေရော။

အဲ့ဒီတော့ လူနာကို chemo ပေးရင် “ခရီးများအဆုံးထိလျှောက်” ဆိုတဲ့ ဝန်နဲ့အားကိုလည်း ကိုယ့်ဘာသာကိုယ်ပဲ ချင့်ချိန်ရပါတယ်။ သူ့ယောက်ကျားက ဘာအလုပ်လုပ်သလဲ။ သူ့မှာ ကလေးဘယ်နှစ်ယောက်ရှိသလဲ။ အခုမွေးလိုက်တဲ့ကလေးကို သူဘယ်နှစ်နှစ်လောက် ပြုစုနိုင်မလဲ။ အဲ့ဒါတွေထိ လိုက်တွက်နေရတယ်။ အဲ့ဒါ ဆရာဝန်နဲ့ ဆိုင်လို့လား ဆိုရင်လည်း မဆိုင်ပါဘူးပေါ့။ ခွဲပြီး ချုပ်ရိုးဖြည် အိမ်ပြန်လွှတ်၊ ထိုင်ကန်တော့ရင် “ဘုန်းကြီးပါစေ သက်ရှည်ပါစေ” ဆုတောင်းပေးလည်း အေးတဲ့ဟာကို။

နောက်ပြဿနာတစ်ခုကတော့ ကင်ဆာဆေးတွေပေးတဲ့အခါမှာ cycle အသစ်မစခင်တိုင်းမှာ သွေးအားပြည့်ရဲ့လား။ ကိုယ်တွင်းကလီစာတွေ ကောင်းကောင်းမှန်မှန် အလုပ်လုပ်နိုင်ရဲ့လား ဓါတ်ခွဲခန်းမှာ စစ်ဆေးပြီးမှ ဆေးပေးလို့ရပါတယ်။ အဲ့ဒါတွေ မစစ်ဆေးပဲ ရမ်းပေးတယ်ဆိုတာ ဆရာဝန်တစ်ယောက်အနေနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ပါ။ ဟင် ဒီမှာဖြင့် အသားစပို့တုန်းကတောင် ကိုယ့်ဘာသာ ကယ်ရီရှာပြီး ပို့ရတယ်လေ။ ဆိုင်ကယ်သမားငှါးလွှတ်ရင် အသွားအပြန် ၈ သောင်းတဲ့ဗျ။ ဆေးဖိုးတောင် ကိုယ်ကစိုက်ထားတာ။ သွေးပို့ခ လတိုင်းပေးမယ့်သူ မရှိဘူး။ ဒါဖြင့်လည်း မသွင်းပဲနေရုံရှိတာပေါ့။ အဲ့သလိုကျပြန်တော့လည်း စိတ်လက်မဖြောင့်သူက ကိုယ်သာလျှင်ဖြစ်ပေတော့သည်။ တတ်နိုင်ဘူးလေ။ တောရောက်မှ တောသဘာဝပေါ့။ လူနာရဲ့ သွေးအားပမာဏ Hb% ကို မျက်ခွံလေး ဖြဲဖြဲလှန်ပြီး ခန့်မှန်းတွက်ချက်သောအမှုကို ပြုရပေတော့တယ်။ အဲ့သလိိုလုပ်တာတောင် မခွဲခင်က သွေး ၃ လုံး ပြည့်အောင်ရှာသွင်းထားရတဲ့လူနာကို Chemo စဝံ့သော သတ္တိဖြင့် မရှိသေးပေါင်ဗျာ။ ကိုမောင်မောင်အေးကြီးကို မေးပေးပါဦး။ “ဒီနားလေးတင် ရပ်ထားလိုက်ရင် ဘယ်လောက် ပေးမှာတုန်း။” လို့။

ဒီကိစ္စတွေအားလုံးက ကိုယ့်ဘာသာ တဘက်သတ် လောင်မြိုက်နေရတဲ့ မီးတွေနော်။ လူနာဘက်က မသိဘူး။ နားလည်နိုင်မှာလည်း မဟုတ်ဘူး။ “ဆရာ ကောင်းမယ်ထင်သလို လုပ်လေ။” လို့ ပြောထားပြီးပြီပဲ။ အဲ့ဒါ ဆရာ့တာဝန်ပေါ့။ ကိုပိုင့်တုန်းကဆို သူက ဘာပြောတယ် ထင်သလဲ။ “ဆရာ ကျွန်တော့ကို လက်လျှော့ပြီလား။ အဲ့ဒါဆို ကျွန်တော့်ကို နောက်ဆုံးအချိန်ရောက်ပြီဆို တစ်ချက်ပြောပေး။ နောက်ဆုံးအချိန် ကျွန်တော် ဒီမှာမသေချင်ဘူး။ အိမ်မှာပဲပြန်သေမယ်။” တဲ့။ “လူ့ဘဝရဲ့ နောက်ဆုံးအချိန်ဆိုတာ မြန်မာကားတွေထဲကလို မှာချင်တာတွေမှာ၊ ပြောချင်တာတွေ ပြောလို့ ဝတော့မှ လူနာက ခေါင်းကလေးငြိတ်ကျသွား၊ ဆရာဝန်က ခေါင်းကလေး ဖြေးဖြေးခါပြရတာမျိုး မဟုတ်ဘူး ကိုပိုင်ရဲ့။” လို့ စိတ်ထဲကပဲ ပြန်ဖြေမိပါတယ်။

အခုလောလောဆယ် ကိုယ်ကသာ တွေးတွေးပူပူ ရှိနေတာပါ။ လူနာနှစ်ယောက်ကဖြင့် “ခွဲပြီးပြီ။ အနာကျက်ပြီ။ အိမ်ပြန်ရတော့မယ်။” ဆိုပြီး ပျော်လို့။ ဒီတိုင်းပဲ ထားလိုက်တာ အေးမယ် ထင်ပါတယ်။ ဘာလုပ်မလဲ။ အလကား။ သူများစိတ်ဆင်းရဲအောင်။ သူတို့စိတ်ပူစရာ မလိုဘူး။ ကိုယ်ပဲ စိတ်ပူလိုက်တော့မယ်။ သူတို့နေရာကနေ သူတို့အတွက် ဘယ်ဟာအကောင်းဆုံးဖြစ်မလဲ။ အဘက်ဘက်က ဝင်စဉ်းစားလိုက်တယ်။ ကိုယ်ဆိုရင် ကိုယ့်မိသားစုဆိုရင် ဘယ်လိုလုပ်မှာလဲ။ အဲ့ဒီအတိုင်း လုပ်ပေးလိုက်တယ်။ ပြီးရင် ခေါင်းထဲက ထုတ်ပလိုက်။ နောက်အသစ်ထည့်စရာတွေ ရှိသေးတယ်။

လူနာတွေက နောက်အသစ်အသစ်တွေ ရောက်လာတယ်လေ။ ခွဲလူနာတွေလည်း အသစ်ရောက်ရောက်လာတာပဲပေါ့။ ဒီမနက် ခွဲလူနာ ၂ ယောက်ရှိတယ်။ မိုးက အဆက်မပြတ်ရွာနေတဲ့အခါ ခွဲခန်းထဲသုံးတဲ့ အခင်းထည်တွေတောင် လှန်းလို့မခြောက်နိုင်တော့ဘူး။ ခွဲခန်းပြီးလည်း မိုးမတိတ်လို့ လူနာထမ်းစင်ကို တာရပတ်နဲ့အုပ်မိုးပြီး လူနာဆောင်ထဲပြန်ပို့ရတယ်။ မခွဲခင် နဲ့ ခွဲအပြီးမှာ ချောင်းရေက ၂ ပေ ၃ ပေလောက် တက်လာပြီး မီးဖိုဆောင် နောက်ဖေးနား ရောက်တော့မယ်။ ရေချိုးရင်လည်း ကမ်းစပ်ဆိုပြီး ပုံထားတဲ့ အဝတ်ဇလုံက လူပြန်မတက်ခင် မျောပါသွားတာ အဝေးကြီးလိုက်ဆယ်ရတယ်။ ရေစီးကသန် မြန်မှမြန်။ ချောင်းတဘက်တချက်မှာရှိတဲ့ လယ်ကွင်းတွေက ရေပြင်ကျယ်ကြီး ဖြစ်နေပြီ။ သူတို့ပြောသလိုပဲ။ ရေလမ်းပွင့်သွားပြီ။ ကူးတို့လှေတွေ ပေါ်လာပြီ။ ကားလမ်းပေါ်ကရွာတွေ ရေထဲမိုးထဲ ငုတ်တုတ်ထိုင်နေရပြီး ရေဆိပ်ရှိတဲ့ရွာတွေ ပြန်စည်လာတယ်။ ကားတွေဆိုင်ကယ်တွေ အိမ်ထဲသိမ်းလိုက်ကြပြီး ထွန်စက်နဲ့ စက်လှေတွေ ပြန်ထုတ်သုံးရမယ့်အချိန် ရောက်လာပါပေါ့။ အိမ်ရှေ့တံစက်မြိတ်က ထွက်လိုက်တာနဲ့ ဗွက်အိုင်နဲ့ ရေပြင်ချည့်သာပ။ မိုးရာသီထဲကို စာမျက်နှာအသစ်တစ်ရွက် လှန်လိုက်သလိုကို ရောက်သွားတာပါပဲ။

“ဟေ့ ငါတို့တွေ ခွဲခန်းဝင်နေတုန်း အပြင်မှာ တော်လှန်ရေးကြီး ပြီးသွားတာ မသိလိုက်ပဲနေဦးမယ်။ လိုင်းပေါ်တက်ဖတ်ကြပါဦး။” ဆိုတော့မှ ဖုန်းဝင်လာတယ်။ မပြီးသေးဘူး။ မပြီးသေးဘူး။ အနားကရွာတစ်ရွာမှာ လက်နက်ကြီးတွေနဲ့ ထုနေလို့ ထွက်ပြေးနေရတာ မနက်ကတည်းက။ ထမင်းတောင် မစားရသေးဘူးတဲ့။ အထုပ်ပြင်ဖို့တော့ မလိုလောက်သေးဘူး ထင်ပါတယ်။ ကောင်းကင်အခြေအနေက လေယာဉ်မလာနိုင်လောက်ဘူး။ လာချင်းလာ လူနာသာ လာစရာ ရှိလိမ့်မယ်။ ခုထက်ထိ သတင်းမကြားသေးပုံထောက်ရင် ကိုယ့်ဘက်က အထိအခိုက် ရှိပုံ မရဘူး။ ခုရက်ပိုင်း ခွဲခန်းအဝင်စိတ်နေတော့ ပစ္စည်းပေါင်းဖို့ အထုပ်ကိုပဲ အဆင်သင့်ပြင်ထားရပါလိမ့်မယ်။ မီးစက်နှိုးဖို့ ဒီဇယ်ထွက်ဝယ်ထားလိုက်တယ်။ အစားအသောက်ကတော့ ထုံးစံအတိုင်း လက်ဘက်သုပ် နဲ့ ကြက်ဥကြော်ပေါ့။ ရပြီလေ။ လာချင်ရာ လာပစေတော့။

ဒါပေမယ့်လည်း ညနေ ရေထပ်ကြီးလာပြီး ချောင်းထဲက ရေစုပ်မော်တာလေး မျောပါသွားတဲ့အတွက် မနက်ဖြန်ခွဲမယ့်လူနာ နှစ်ယောက်ကို postpone လုပ်လိုက်ရပါတော့တယ်။ အစောကြီးကတည်းက ကြိုပြင်ထားလည်း လွတ်ဖြစ်အောင်တော့ လွတ်သွားသေးတာပဲ။ တတ်နိုင်ဘူးကွယ်။ ဒီတစ်ခါတော့ မိုးထက်အရင် ဦးအောင် ရှိသမျှ ဇလားတွေ ဇလုံတွေ တံစက်မြိတ်အောက် ကြိုခံထားလိုက်တယ်။ ဒီည ရွာရဲရွာကြည့်စမ်း။ မိုးရွာရင် ရေချိုးမယ်။ ရေကြီးရင် လှေစီးမယ်။ ရွှံ့ထူရင် အုတ်ဖုတ်ပစ်မယ်ကွ။ ဘယ်ဘက် လက်ညှိုးထိုးထိုး လှေလှော်လို့ရနေတာ အလောင်းစည်သူမင်းကြီး ပြီးရင် ကိုယ်ပဲ ရှိလိမ့်မယ်။ လောလောဆယ် မောင်တော်သခင် ဖောင်တော်ပြင်နေလို့ ခနလေးတော့ စောင့်ပါဦး မိမိငဲ့။

“မိုးတွေမိုးတွေရွာလို့ ရေတွေရေတွေကြီးကုန်ပြီ။

လောင်းညိုကြီးနဲ့ ကြိုလှဲ့ပါ တော့။

ဖေတော့မောင်တော့ ကြိုလှဲ့ပါ ကြိုလှဲ့ပါတော်။

သျှောင်ပွလူလှ ကြိုလှဲ့ပါတော့။

မကြိုလာပါတယ်

အိုလေး ဒါလီကုံးရယ်။

အကြိုမလာပါတယ်

အိုလေး ဒါလီကုံးရယ်။

မုန်းလေတော့တာလားလေတဲ့မှ

မုန်းလေတော့တာလား။”