“သုန်သုန်ငယ်ချီ
တုန်နဘီ ရွှေစည်စောရန်ကော့
မြကြောလွင် ပင်သခွတ်ဆီက
ထုံဝတ်ရည် မကြည်သေးပါဘု
အရေးတော်သီသီမြန်လှတယ်
လွမ်းရန်ဖွဲ့မိုး။” တဲ့။
ဒီတနှစ်တော့ မိုးဦးစောလွန်းသကွယ်။ သခွပ်ပွင့်တောင် ကောင်းကောင်း သုပ်မစားလိုက်ရ။ လက်ပံခေါင်းလည်း ခြောက်အောင်ကောက်လိုက်ရတယ် မရှိ။ သိကြားမင်းက ရေးကြီးသုတ်ပြာနဲ့ စစ်ချီလာတာကိုး။ ရဲတံခွန်လွှား ၃၃ ပါး သိကြားဗိုလ်ပါဆိုတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ချန်ဂင်တို့စခန်းလေးကလည်း အပိုင်း (၃၃) ကို ရောက်လာပါပေါ့ဗျာ။
ဒီအရပ် ဒီနေရာက သစ်ပင်ပန်းမံတွေဟာ သူ့ဟာနဲ့သူ အခါရာသီအလိုက် ဖူးကြပွင့်ကြတာမို့ ရာသီပြောင်းရင် ရာသီစာလည်း ပြောင်းပါတယ်။ မြင်ကွင်းရှုခင်းလည်း ပြောင်းတယ်။ ဆောင်းတွင်းတုန်းက ဖွေးဖွေးလှုပ်နေခဲ့တဲ့ စွယ်တော်ပင်တွေက အခုမပွင့်တော့ဘူး။ သူ့အချိန်ကုန်သွားပြီ။ ပွင့်တုန်းကတော့ အဖြူရောင်တစ်မျိုး ပန်းဆီရောင်တစ်မျိုးနဲ့ ညွှတ်နေတာပဲ။ သူ့နောက်မှာတော့ စိန်ပန်း နဲ့ လက်ပံ အနီရဲရဲတွေ ပွင့်ကြတယ်။ လက်ပံ နဲ့ ပေါက် ကို အတူတူပဲ လို့ ထင်တာ သူတို့က မတူဘူးတဲ့။ ပေါက်က အနီချည့်ပဲ မဟုတ်။ အဖြူလည်း ရှိတယ်။ ပေါက်ပန်းဖြူ လို့ ခေါ်တယ်။ အဲ့ဒီနောက် မိုးဦးကျမှာ သခွပ်တို့ ကသစ်တို့ ပွင့်ကြတယ်။ အဖြူတွေ အနီတွေချည့်ပဲ။ လောလောဆယ် တတောလုံး ဗေဒါရောင်ထနေအောင် ဝေဝေဆာဆာ ပွင့်နေကြတာက ပျဉ်းမပင်တွေ။ သူလည်း အဖြူရောင် ရှိတယ်။ ကုက္ကိုပင်ကြီးတွေလည်း အဖြူနဲ့ ခရမ်းစပ် အပွင့်တွေ ပွင့်ကုန်ပြီ။ အဲ့သလို တစ်ပင်လုံး တစ်ပင်လုံး အပြိုင်းအယိုင်း အပြိုင်အဆိုင် ပွင့်ကြတဲ့အခါ တောထဲမှာကျ ဆေးရောင်စုံခြယ်ထားသလို မြင်ရပါတယ်။ တောဆိုတာ အစိမ်းရောင်တစ်ခုတည်းတော့ မဟုတ်ဘူး။ သို့သော်လည်း တစ်ပင်ကကြွေသွားရင် နောက်တစ်ပင်က ဝေလာတာမို့ တစ်နှစ်ပတ်လုံး စိမ်းလန်းနေတာကြောင့် ကိုယ်တို့ဆီက သစ်တော ကို အမြဲစိမ်းသစ်တော လို့ ခေါ်တာ။
ရာသီစာဆိုတာတွေကလည်း ပေါ်ချိန်သီးချိန်ရောက်ရင် မတုံးမချင်း အမုန်းစားရပါတယ်။ ရောက်ကာစက မုန်ညင်း မုန်ညင်းနဲ့ မကုန်မချင်းစားတယ်။ တစ်ခင်းပြီးတစ်ခင်း။ နောက်တော့ ဟင်းပျဉ်းကို အညွန့် အဖူး အသီး အရွက် မရင့်မချင်း စားပေတော့။ နောက်မှာ ခွေးတောက် နဲ့ ခံတက်။ လောလောဆယ်တော့ မှိုတွေပေါလိုက်တာ။ ဝယ်စားရတယ်ကို မရှိ။ ကိုယ့်ဘာသာ ရှာစား။ မှိုတစ်ကျင်းတွေ့ရင် ကိုယ်တို့စခန်းက လူတစ်ဒါဇင် ညမနက် ဝအောင်စားလို့ရတယ်။ ရွာထဲမှာ အိမ်ပေါက်စေ့ မှိုဟင်းမချက်တဲ့အိမ်ကို မရှိ။ အဲ့သလောက် ပေါတာ။ သရက်သီးလေးတွေက စိမ်းဖန့်ဖန့်လေးဝါလာလို့ ဓါးနဲ့ပေါက်ပြီးသုပ်စားစား၊ ငရုပ်သီးနဲ့ ဆားနဲ့ အချဉ်ပေါင်းလုပ်စားစား ကောက်လို့ရသမျှ ကုန်တယ်လို့ မရှိ။ အမှည့်ကတော့ စိန်တစ်လုံးတွေ ခြင်းလိုက်ဖာလိုက် မှာပို့ကြလို့ ထမင်းစားတိုင်းပါတယ်။ ပိန္နဲသီးက မမှည့်သေးဘူး။ အတို့အမြှုတ်လုပ်စား၊ ဟင်းချက်စားလို့ ကောင်းရုံအရွယ်ပဲ ရှိသေး။ လူဦးရေနည်းနည်း နဲ့ တောစပ်တောင်ခြေမှာ ရွာတည်ထားတော့ ဈေးသွားစရာ ဘာလိုမှာလဲ။ ထင်းခွေ၊ ရေခပ်၊ ဟင်းစားရှာ။ ဘယ်အရာမှ ခက်ခက်ခဲခဲ မရှိဘူး။
သဘာဝအတိုင်း ပေါ်တဲ့သီးတဲ့အစာ လတ်လတ်ဆတ်ဆတ် စားရတော့ အရသာလည်းရှိတယ်။ ပိုက်ဆံလည်း မကုန်ဘူး။ တဝကြီး စားရတယ်။ တောထဲလာ တောစာကို ဟိုဟာမကြိုက်ဘူး သည်ဟာမကြိုက်ဘူး ချေးများပြီး ပီဇာတွေ ဘာဂါတွေ တမ်းတ၊ ခရေပင်အောက်က ပိတောက်ချစ်သူ လုပ်ရင်တော့ ငတ်မှာ။ ဒီမှာက ရန်ကုန်ထမင်းဆိုင်စားသလို ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ပုစွန်၊ ဆိတ်သား၊ ဆိတ်ကလီဆာ ကြိုက်ရာရွေးပြီး ဆိုင်က အလကားပေးတဲ့ ကန်စွန်းဟင်းရံ မှိုနားတိုကို တို့ကနန်းဆိတ်ကနန်း စားရတာမျိုး မဟုတ်ဘူး။ ဒီနေ့အဖို့ ဝယ်လို့ရတဲ့ အသားတစ်မယ်မယ်ကို ပင်တိုင်ထားပြီး ဟင်းသီးဟင်းရွက် အမျိုးမျိုးကို အရသာခံ စားရတာ။
အာဟာရမျှတတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်တယ် ထင်တာပဲ။ ထွက်လာကတည်းက ကိုဗစ်ကူးလို့တောင် နာနာဖျားဖျားမဖြစ်ခဲ့ဘူး။ ခေါင်းကိုက် ဗိုက်နာ နှာစေးချောင်းဆိုးလည်း မရှိ။ လူကစက်ရုပ်ကြီးနဲ့တောင် တူနေတယ်။ အိပ်ယာနိုး ရှူရှူးပေါက်၊ မျက်နှာသစ်၊ မနက်စာစား၊ ဈေးသွား၊ အိမ်သာတက်၊ အချိန်အတိအကျပဲ။ ကြားထဲ ကြော်ငြာဝင်လို့တောင်မရ။ စားချိန် အိပ်ချိန် နိုးထချိန် အကုန် တိကျတယ်။ ပိန်သွားတယ် ဝလာတယ်လည်း မရှိ။ ချောင်းရေစိမ်လွန်းလို့ ညိုပြာပြာလေး ဖြစ်လာတာပဲ ရှိတယ်။ လူနာတွေနဲ့ အများပြည်သူအပေါ် မေတ္တာစိတ်ကလေး ထားနေသော်ငြားလည်း တနေ့တနေ့ ကြင်စိုး နဲ့ သားများအပေါ် ဒေါသစိတ်ကလေး ၃၆၀ မိနစ် ပွါးနေရတာကြောင့် အိုင့်ရုပ်ကလေးများ မသိမသာ အိုစာသွားမလား မပြောတတ်ဘူး။
“ငါ မင်းကို သတ်ချင်တယ်” သီချင်းကတော့ ကိုယ့်ထက် သူတို့ကပို အဆိုများလိမ့်မယ် ထင်ပါတယ်။ “ဟေ့ကောင်။ မင်း ပြေးစမ်း။” ဆိုပြီး ဟောက်စားလာလုပ်ကြသေးတယ်။ သူ့ဖဲကိုယ့်ဖဲ တွက်လို့ရနေမှ ဒီကလည်း ခွဲခန်းထဲ အဲယားကွန်းလေးဖွင့်ပြီး အေးအေးလူလူ နေပြလိုက်တယ်။ ဒါနဲ့ပဲ သူတို့လည်း “ပဒေသာမြေမှာ ရှာစို့လား။” ဆို မိုင်းရှင်းရင်းရှောင်ရင်း ဆင်းလာသေးတယ်ဗျ။ ဘာရမလဲ သာဝရာ။ “ရှာလည်းမတွေ့ ငါလည်းတစ်နေ့” ဆို ဂန့်ကုန်တာနဲ့ နောက်ပြန်လှည့်သွားကြရော။ ကလေးတွေက သူတို့နောက် လိုက်ဧည့်ခံနေတာ ပွဲက ခုထက်ထိ မပြီးသေးဘူး။ သူတို့လေးတွေ လုပ်တာကိုင်တာ သေသပ်လွန်းလို့ ကိုယ်တွေဆီမှာ ဝိုင်တွေ စတိက်တွေနဲ့ “ချကွ ချကွ” အောင်ပွဲခံပေးလိုက်တယ်။ လိုင်းပေါ်မှာတော့ ဘယ်က စဆရကတွေမှန်း မသိပါဘူး။ EAOs တွေရဲ့ အလားအလာ လားရာတွေကို သုံးသပ်ပြနေလိုက်တာ။ ဖတ်ပြီးတာနဲ့ ကိုယ်တွေပါ လက်နက်ချရတော့မလိုပဲ။ မင်း တော်တယ် မောင်ပြူး။ ဇမလဆီသွား။ ဟိုရောက်ရင် ဘောက်ဆူးပေးလိမ့်မယ်။ မနေ့တုန်းကတော့ သူတို့သတင်းထဲမယ် “မအလ က နမစပ နှင့်တွေ့” လို့ ပြောသံကြားတယ်။ မကြားဝံ့မနာသာတွေပါအေ။
သူပြောမှပဲ EAOs တွေကို ကိုယ့်ဘာသာ classify လုပ်ကြည့်တဲ့အခါ ဟောသလိုတော့ တွေ့တာပဲ။ ပထမအုပ်စုက ကချင်ပေါ့။ စစ်ခေါင်းဆောင်အဆက်ဆက် ဘယ်တုန်းကမှ အမြစ်မဖြတ်နိုင်ခဲ့တဲ့ သူတို့အခေါ် သောင်းကျန်းသူ။ အာဏာသိမ်းကတည်းက ရခိုင်လို ဘေးဖယ်ထုတ်ပြီး “ဝဝစား ဝေးဝေးနေ” လို့ အကြိမ်ကြိမ် နားချ၍မရသူ။ CDM တွေ PDF တွေ လက်ခံကျွေးမွေး သင်တန်းပေးရုံမက လက်နက်ကိုင်တော်လှန်ရေးကို ကံ့ကူလက်လှည့် သင်ပြပေးသော ကျေးဇူးရှင်များပါဗျ။ စစ်ကိုင်းစစ်မြေပြင်မှာ coach လုပ်ပေးရုံ အားမလို့ လက်စွမ်းပါဝင်ပြတာ မန္တလေးနားတောင် ရောက်လုလု။ သူတို့ပြောတော့ ဆက်ကြေးကောက်ရုံထက်မပိုတဲ့ ပါချီပါချဲ့ အဖွဲ့အစည်းပါဆို။ ဖားကန့်မှာ အခွန်လာကောက်ရင် ဆိုင်ကယ်အစုတ်ကလေးနဲ့ လာရတာပါတဲ့။ ဖြစ်ရလေတယ်။ ဟိုမှာဖြင့် နိုင်ငံတကာ အသိအမှတ်ပြု ကိုယ်ပိုင်တက္ကသိုလ်ကြီးတွေနဲ့ ဘွဲ့ရကျောင်းဆင်းတွေတောင် ရှိနေပြီ။ ပညာရေးမြို့တော် အသစ်တစ်ခု တည်ထားပြီး စည်ကားနေပြီ။ ဖေ/၂၁ ကတည်းက စကစ စခန်း တစ်ခုပြီးတစ်ခု သိမ်းလာတာ။ ကချင်ပြည်နယ်ဟာ ကိုယ်တွေအတွက် လွတ်မြောက်နယ်မြေ ဖြစ်ပြီး သူတို့အတွက်ကျတော့ လက်လွှတ်နယ်မြေ ဖြစ်နေတာ။ ဘာတိုက်ပွဲမှ စစရာအကြောင်းမရှိ။ “မင်းတို့လိုချင်တာ ယူလိုက်ပါ။ မင်းတို့ဆီမှာပဲ နေကြပါ။ ငါတို့ဘက် ဆင်းမလာပါနဲ့။ ငါတို့ရန်သူကို စစ်ကူမပေးပါနဲ့။” ဒါပဲ ညှိစရာ ရှိတယ်။ မယုံမှာစိုးလို့ “ငါတစ်ယောက်တည်း ပြီးတုန်း မြန်မြန်လာ ပြီးလိုက်နော်။ လွှတ်တော် ခေါ်စရာလည်း မလိုဘူး။ ကန့်ကွက်မယ့်သူလည်း မရှိဘူး။” လို့ ပချုပ်သည် ဈေးပေါင်ကျိုးဆွယ်သလိုဆွယ်နေတယ်။
ကချင်ကို သူတို့ဖြစ်စေချင်တာက ရခိုင်လိုမျိုး ဖြစ်စေချင်တာပါ။ မတရားသင်းကြေငြာတာဖျက်ပေးမယ်။ စစ်ပွဲတွေရပ်ပေးမယ်။ ကိုယ့်ဘာသာကိုယ်နေ။ ဆန္ဒမပြနဲ့။ ဝင်မပါနဲ့။ လိုချင်ရင် ဖက်ဒရယ်လည်းပေးနိုင်တယ်။ မအလ က သမ္မတကြီး လို့ လက်ခံတယ် ဆိုရင်ပေါ့။ ကိုင်း အဘရေ။ အခုဖြစ်ပြီလား အဲ့သလို။ ဖြစ်ချင်တာလည်း မဖြစ်ရပါ။ မဖြစ်ချင်တာတွေလည်း ဖြစ်ရမှာတဲ့။ မျက်ရည်လေး သုတ်လိုက်ဦးနော်။ ဘယ့်နှယ်လဲ။ ရခိုင်မုန့်တီ သောက်ကောင်းလား။ ကြိတ်လိုက်ကြတာ အနောက်ရိုးမတလွှား အားရပါးရကြီးပဲ။ အဘတို့က မြဝတီကနေ လေထိုးလေလျော်တင်။ ဟိုက မြေပြင်ပေါ်လာပြီး လက်တွေ့ဆော်သွားတာ။ မျော့မျော့ပဲ ကျန်တယ်မှလား။ ဟင် ဘာမှလည်း ပြန်မပြောဘူး။ စကားမေးမရတော့ဘူး ထင်ပါရဲ့။
တိုင်းရင်းသားထဲမှာ ကက်ကင်းဓါတ်မိပြီး federation ကို federation နဲ့ ပြန်ချုပ်ထားတဲ့ ရှမ်းပြည်နယ်ကြီးအကြောင်း ပြောရအောင်ဗျား။ ရှမ်းကို federal မပေးခင် ရှမ်းအောက်က ဓနု ပအို့ ပလောင် ကိုးကန့် ဝ တွေကို federal ပေးပြီး အိပ်ထဲထည့်လိုက်တော့ မြန်မာပြည်မှာ ဒုတိယအများဆုံးလူဦးရေရှိတဲ့ ရှမ်းတိုင်းရင်းသားတွေဟာ ခြေမန်းကွင်း အစွပ်ခံလိုက်ရတယ်။ ဒီကြားထဲ ကချင်ပြည်နယ်ထဲက ရှမ်းနီတွေကိုလည်း တစ်စင်ထောင်ပြီး ကချင်နဲ့ တည်ပေးလိုက်တော့ ရှမ်းတွေခမျာ အိမ်ကြက်ချင်း အုပ်နေရတာနဲ့ သူများအိမ်ကဟာကို မဆော်နိုင်အားတော့ဘူး။ ပြောတုန်းကတော့ ငြိမ်းချမ်းရေးဆို စစ်ဗိုလ်တွေနဲ့ လက်ဆွဲနှုတ်ဆက်ကြတာပဲ။ အခု ငြိမ်းချမ်းသလား မငြိမ်းချမ်းသလား သူတို့ဘာသာ အသိဆုံး။ အာဏာသိမ်းပြီးကတည်းက ရှမ်းပြည်မှာ နဂိုရှိပြီးသားတိုက်ပွဲရယ် သူတို့အချင်းချင်း တို့ထိတို့ထိတိုက်ပွဲရယ်ပဲ ရှိတယ်။ မဲအများဆုံးရထားတဲ့ ရှမ်းပါတီကြီးဆီက အာဏာသိမ်းသွားလည်း ရှမ်းတွေကတော့ ဒီအတိုင်း ထိုင်ကြည့်နေလိုက်တာပဲ ဆိုတဲ့သဘောမျိုးဖြစ်လာတယ်။ အဲ့သလိုတော့ မပြောပါနဲ့လေ။ စစ်တပ်က အာဏာသိမ်းတာကို ရှမ်းတွေက လက်ခံတယ်လို့လည်း မဆိုနိုင်ပါဘူး။ မအလ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ပွဲကို ဘယ်ရှမ်းလူထုက တက်ရောက်ဆွေးနွေးလို့လဲ။ စကတည်းက လက်နက်ချထားတဲ့ ဘိန်းဓါးပြတွေကိုပဲ အရေးတယူ လည်ပင်းဖက်နေရတာ။ ရှေ့ဆင့်နောက်ဆင့် မကွာလှတဲ့ ဖုန်ကျားရှင် အသုဘ နဲ့ ဦးခွန်ထွန်းဦး အသုဘနှစ်ခုကိုကြည့်လိုက်ရင် ရှမ်းပြည်မှာ ရှမ်းတွေဩဇာ အားနည်းနေပြီလား လို့တောင် စိုးရိမ်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချယ်ရီမြေမှာ နွေဦးမပေါက်ဘူး လို့ပဲ ပြောရတော့မယ်။
ကရင်တွေဘက်ကိုတော့ လေးကေကော်စခန်းကို စတိုက်တာနဲ့ အတိအလင်း စစ်ကြေငြာပြီး ဝင်တိုက်တယ်။ တောင်ငူဘက်ကိုပါ စစ်မျက်နှာဖွင့်တိုက်တယ်။ အဓိကအကြောင်းရင်းကတော့ NUG ကို ကျောထောက်နောက်ခံပေးနေတယ်ဆိုပြီး အပြုတ်တိုက်ချင်တာပါပဲ။ အဲ့ဒီမှာ DVB တို့ မဇ္ဈိမတို့လို သူတို့အထုပ်ကို ဖြည်ချနေတဲ့ သတင်းဌာနတွေလည်း ရှိလို့။ လိုရင်းပြောရရင် မနိုင်ဘူး။ ရှုံးနေတယ်။ စကစဘက်က။ အသေအပျောက် အကျအဆုံးလည်း များတယ်။ သူတို့ချည့်ပဲ တိုက်လို့မနိုင်လို့ BGF တွေနဲ့ လှည့်လှည့်တိုက်ရတယ်။ စကစ နဲ့ နှစ်ပါးသွားကမယ့် ရှမ်းတွေ ကရင်တွေဆိုတာ ကြံ့ဖွံ့ထောက်ခံပွဲတုန်းက ရှမ်းလိုဝတ်လိုက် ကရင်လိုဝတ်လိုက် ဆိုင်းဘုတ်တက်ကိုင်ပြတဲ့ အညာသူရုပ်ကြီးလို “အင်ပေါ့ မောင်လေးရယ်” နဲ့ပဲ ဆိုက်ဝါးထည့်လို့ရမယ်။ အမိုးတို့ ဖထီးတို့ကတော့ ဗိုလ်ကြီးတို့အကြောင်းဆို နောကျေနေပြီ။ ကရင်ဆိုတာ တောင်ပိုင်း PDF တွေရဲ့ အမာခံအင်အားပဲ။ အင်အားအတောင့်အတင်းနဲ့ အနှစ် ၆၀ တိုက်လို့တောင် မနိုင်တာ အခုလို ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်ခါမှ ကရင်ဆော်ဒါသောက်ချင်သေးရင် လာသောက်လှည့်ပေါ့။
တိုင်းရင်းသား လက်နက်ကိုင်ဆိုတာ အမျိုးမျိုးရှိတယ်။ ဘိန်းကုန်ကူးဖို့ သေနတ်ကိုင်ထားတဲ့သူဟာ သူ့အကျိုးစီးပွါးကို ကာကွယ်ဖို့အတွက်ပဲ လက်နက်ကိုင်တာ။ သူ့ကိုဖမ်းတဲ့ဆီးတဲ့အခါ ခုခံဖို့ လက်နက်ကိုင်တာ။ ပြည်နယ်အတွက် မျိုးနွယ်စုအတွက် နယ်မြေဒေသအတွက် ဘာတစ်ခုမှမပါဘူး။ “မင်းကို မဖမ်းဘူး။ ငါတို့ကို မတိုက်နဲ့။” ဆိုလည်း ၂ ခါမပြောရဘူး။ အပစ်အခတ်ရပ်တယ်။ ကျည်ဆံဆိုတာ ပိုက်ဆံနဲ့ ဝယ်ရတာကိုး။ စစ်ဖြစ်ရင် စစ်စားရိတ်ကုန်နေဦးမယ်။ အမြတ်ထဲက ဖဲ့ပေးရမှာ။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆို သူတို့က ရှေ့ဆုံးမှာနေတယ်။ NCA ထိုးလိုက်ရင် တံခါးမရှိ ဓါးမရှိ ဝင်ထွက်သွားလာနိုင်တဲ့အပြင် ကိုယ့်အိပ်ထဲရှိသမျှပိုက်ဆံ အခွန်မဆောင်ရပဲ ငွေဖြူဖြစ်တယ်။ ဘုရားဒကာကြီးလို့ အခေါ်ခံရတယ်။ နိုင်ငံတော်အခမ်းအနားနဲ့ ဘာမှန်းမသိတဲ့ ဘွဲ့ကြီးတွေ အပေးခံရတယ်။ သူတို့ဘက်မှာ အမြတ်ချည့်ပဲ။ ပြည်နယ်အရေး တိုင်းရင်းသားအရေးဆိုတာကတော့ ဟန်ပြသက်သက် အသံကောင်းဟစ်တာ။ ဘယ်တုန်းကမှ ခေါင်းထဲမထည့်ဘူး။ သူတို့မှာ တိုင်းရင်းသားတွေနဲ့ပါတ်သက်လို့ ပြည်နယ်နဲ့ပါတ်သက်လို့ ကိုယ်စားပြုမှု Mandate power မရှိဘူး။ ရွေးကောက်ခံမှ မဟုတ်တဲ့ဟာ။ အတူတူပါပဲ။ စစ်တပ်ကလည်း legitimacy မရှိပဲ လက်နက်အားကိုးနဲ့ ဥပဒေအပြင်က အာဏာတက်သိမ်းထားတာမို့ ခွေးငတ် နဲ့ ဘိနပ်ပြတ် တွေ့ကြတာ။ ပွဲလုပ်ပြီးမကြည့်ဘူး။ ရွံတယ်။
“အမာကိုရှောင် အပျော့ကိုတိုက်” ဆိုတဲ့ သူတို့ရဲ့ဗျူဟာအတိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ တရုတ်ကျောထောက်နောက်ခံလည်းမရှိ။ အင်အားအနည်းဆုံးလည်းဖြစ်မယ်လို့ ယူဆရတဲ့ ချင်းတွေ၊ ကယားတွေဆီကို ရှိသမျှ အားကုန်ပုံအောပြီးတိုက်တယ်။ စစ်သားတွေ စိတ်အားတက်ကြွစရာ အနိုင်ပွဲလေး တစ်ပွဲတလေလောက် ပြချင်တာကိုး။ ကံဆိုးချင်တော့ မိုးကြိုးတွေကိုပစ်ရော။ လက်လုပ်တူးမီးနဲ့ကို မရှုမလှ ကျရှုံးတယ်။ ရှုံးမဲမဲပြီး မီးပတ်ရှို့တဲ့အခါ ပြည်နယ်ကိုပါ လက်လွှတ်ရတော့မယ့် အခြေအနေအထိ ဖြစ်လာတယ်။ လက်နက်ကိုင်မရှိတဲ့ အညာတခွင် ပြဲပြဲစင်အောင် ပတ်ရမ်းတာ PDF စစ်သားစုဆောင်းရေး လုပ်ပေးသလို ဖြစ်သွားတယ်။ ရွာမှာကျန်တဲ့ အမယ်ကြီးအိုကအစ စစ်သားဆို ကိုယ်တိုင်သတ်ရသတ်ရပဲ။ နောက်ဆုံးတော့ စစ်တပ်ဆိုတာ ဘယ်သူနဲ့မှ ရင်ဆိုင်မတိုက်ရဲပဲ အသက်လုပြီး ထွက်ပြေး၊ ဘေးကရွာမီးရှို့။ လက်နက်မပါတဲ့သူကိုအနိုင်ကျင့်။ သူခိုးဓါးပြဘဝကို သူ့အလိုလို ခုန်ဆင်းသွားတော့တယ်။
မွန် နဲ့ တနင်္သာရီ တကြောမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိပေမယ့်လည်း အားနည်းတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်းလောက် အားမကောင်းဘူး။ ဒီအဖွဲ့တွေနဲ့တော့ တိုက်ပွဲဖြစ်တဲ့နေရာ ဖြစ်တယ်ဆိုပေမယ့် စစ်တပ်က မဖြစ်မနေ ချေမှုန်းရေး လုပ်တဲ့ဒေသထဲ မပါဘူး။ မအလ နဲ့ သွားတွေ့တဲ့ နမစပဟာ မွန်ပြည်သူတွေကို ကိုယ်စားမပြုဘူးလို့ မွန်တွေကိုယ်တိုင်က စာထုတ်ကန့်ကွက်တယ်။ အဲ့ဒီမှာတိုက်ပွဲမဖြစ်တဲ့အကြောင်းရင်းကတော့ မွန်ရွာတွေမှာ လူငယ်လူရွယ် မကျန်တော့ဘူး။ အကုန်လုံး ထိုင်းမှာ အလုပ်ထွက်လုပ်ကုန်ပြီ။ ကလေးတွေနဲ့ ကျီးစောင့်ကြက်နှင် လူအိုလူမင်းတွေပဲ ကျန်တယ်။ သူတို့ စစ်မတိုက်နိုင်ကြဘူး။
လူမျိုးကြီးဝါဒနဲ့ ဝါးမျိုခံရတယ် ဆိုတဲ့ ဥပမာကို ကြည့်ချင်ရင် မွန်တွေဟာ အထင်ရှားဆုံးပဲ။ အင်းဝနဲ့ အနှစ် ၄၀ ကြာအောင် စစ်ပြိုင်တိုက်ခဲ့တုန်းက မွန် နဲ့ ကရင်ဟာ အောက်မြန်မာပြည် တပိုင်းလုံးမှာ ရှိတယ်။ ပဲခူး၊ ဒလ၊ မုတ္တမ၊ တွံတေး ဆိုတာ မွန်ရွာတွေချည့်ပဲ။ စေတီပုထိုးမှန်သမျှ ကျိုက် နဲ့ မှည့်တာ။ ဦးနေဝင်းလက်ထက် မြေပုံကြီးနဲ့ ကြီးပြင်းလာတဲ့ ကိုယ်တို့မှာသာ မွန်တို့ဌာနီ ရာမည ဆိုရင် ဟံသာဝတီနေပြည်တော်ကြီး ဘယ်နားသွားထည့်ရမှန်း မသိတာ။ ရိုးသား ကြိုးစား ဧရာဝတီသားဆိုပြီး ဆိုင်းဘုတ်တင်တုန်းကလည်း မြစ်ဝကျွန်းပေါ် ကရင်တွေကို စကားထဲတောင် ထည့်မပြောတော့ဘူး။ စကောကရင် ပိုးကရင်ဆိုတာ ကရင်အချင်းချင်းတောင် မေ့တေ့တေ့ဖြစ်ကုန်ပြီ။ သူတို့ခွဲခြားပလိုက်တာ ခရစ်ယာန်ကရင် နဲ့ ဗုဒ္ဓဘာသာ ကရင်တဲ့။ ကောင်းရော။ အမျှော်အမြင်ရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပေါ်မလာရင် လူမျိုးရော၊ ယဉ်ကျေးမှုရော၊ နယ်မြေဒေသရော ရောနှောပျောက်ကွယ်သွားတော့မှာ။ ငကန်းတွေသေ၊ ငစွေတွေ တဘက်ကမ်းကူး၊ ရွာကျန်တဲ့ ငဆွေးငပွေးတွေက လူစွာတက်လုပ်နေရင် ဒုက္ခတွေများကုန်တော့မှာပဲ။ ရင်လေးစရာကြီး။
သူ့အောက်က မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ တနင်္သာရီဆိုတာ ပီနန်၊ မလေး၊ ယိုးဒယား နဲ့ တသားတည်း ဆက်စပ်နေတဲ့ ဒေသဆိုတော့ ပြည်မကို အမှီအခိုမလုပ်ပဲ ကင်းအောင်နေလို့ရတယ်။ ပင်လယ်ရော တောင်တန်းရော နှစ်ခုစလုံး ပေါပေါများများ ရှိပြီး မြို့ကြီးပြကြီးဆိုလို့ အပေါ်မှာရွတ်တဲ့ ၄ ခုပဲ ရှိတယ်။ ပုလောဘက် ဘုတ်ပြင်းဘက်မှာ တိုက်ပွဲနည်းနည်းပါးပါး ရှိပေမယ့် လွတ်မြောက်နယ်မြေတော့ ဖြစ်လာဖို့မရှိဘူး။ မြို့ပေါ်မှာ စစ်တပ်က ကောင်းကောင်းနှိပ်စက်နေတုန်း။
တပြည်လုံးရှိသမျှ EAOs တွေတော့ စုံသလောက် ရှိသွားပါပြီ။ အရေးကြီးတာတစ်ခုတော့ ပြောဖို့ကျန်ပါသေးတယ်။ ဒီကနေ့ မြန်မာပြည်မှာဖြစ်နေတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်ရဲ့ အရင်းခံဟာ တိုင်းရင်းသားတွေ လက်နက်ကိုင်တော်လှန်လို့ ဖြစ်ရတာလို့ ဘယ်သူက ပြောတုန်း။ ငြိမ်းချမ်းရေးစကား ဖက်ဒရယ်စကားပြောဖို့ဆိုတာ ပြည်သူကိုကိုယ်စားပြုတဲ့သူ တစ်ယောက်မှ မပါပဲ သေနတ်ကိုင်တဲ့လူအချင်းချင်း ကျေနပ်ရင် ဘာမဆို လုပ်လို့ရတာလား။ တကယ်တမ်းတော့ မင်းအောင်လှိုင်ဟာ သူကျူးလွန်ထားတဲ့ နိုင်ငံတော် ပုန်ကန်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ လက်နက်မဲ့နိုင်ငံသားများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ရန်စေခိုင်းမှု အစရှိတဲ့ စစ်ရာဇဝတ်မှုအပေါင်းကို အာရုံလွှဲချင်လို့ မင်းဆရာတွေအကြံပေးတဲ့အတိုင်း တွေ့ဆုံဆွေးနွေးရေးကို ဖိတ်ခေါ်နေပါတယ်ဆိုပြီး ဟန်ပြသက်သက် မျောက်ပွဲကတာပါ။ သူ့စိတ်ထဲမှာလည်း ငြိမ်းချမ်းရေးလိုလားတဲ့ စိတ်စေတနာ တစိုးတစိမှ မရှိပါဘူး။ မင်းအောင်လှိုင် နဲ့ လက်မှတ်ထိုးလိုက်လို့ federal ပြည်ထောင်စုကြီး ပေါ်ပေါက်လာမယ် လို့ ယုံကြည်နေတဲ့သူဟာ အထီးချင်းမိတ်လိုက်ပြီး ဗိုက်ကြီးမယ်လို့ မျှော်လင့်နေတဲ့သူထက် မိုက်မဲပါတယ်။ ငါတို့ချစ်တဲ့အကြောင်းတွေ လိုင်းပေါ်မတင်ပါနဲ့။ အိုး နိုး။
အခြေအနေတွေ သုံးသပ်ကြည့်ရသလောက်တော့ အခုလာမယ့်မိုးတွင်းမှာ ကိုယ်တို့တတွေ အေးအေးချမ်းချမ်း ဆေးဆက်ကုနေနိုင်မယ့်သဘောပါပဲ။ စုဆောင်းထားတဲ့ ဆေးဝါးရိက္ခာလည်း အလုံအလောက် ရှိနေပြီ။ သိပ်မကြာခင်မှာပဲ မိုးဦးကျ မှိုတွေအုံလိုက်ကျင်းလိုက် ထွက်လာသလိုမျိုး သူရဲကောင်းစစ်သည် PDF ကလေးတွေ လက်သံပြောင်ပြောင်နဲ့ ထွက်ပေါ်လာတာ မြင်ရပါဦးမယ်။ ကြွေသွားတဲ့အပွင့်လေးတွေအတွက် ဝမ်းနည်းမိသော်လည်းပဲ တတောလုံးဝေလာရင် ဘယ်အရာမှ တားဆီးလို့မရဘူးဆိုတာ မျက်စိအောက်တင် မြင်နေရတဲ့အရာမို့ ရဲရဲကြီး ယုံကြည်မိပါတော့တယ်။
“ကြူကြူမွှေးတဲ့ ခွါညိုဟာ လေယူရာတိမ်း ယိမ်းလို့သာ။ ချစ်သူကိုကို ချိုးခဲ့ပါ။ ပျိုပျို ပန်ဆင်စရာ။” တဲ့။