ကျုပ်တို့ မဲဇာတောင်ခြေအရပ်က ပွဲခါညောင်ရေ ဆိုသည်မှာများ ဝါဆိုဝါခေါင်အလား မှတ်ရပါတယ်ဗျား။ မေလဆန်းက ရွာတဲ့မိုးဟာ ၁၆-၁၇ ထိအောင်ကို ရွာကောင်းတုန်းဆိုတော့ မိုးဦးစောတဲ့သဘော ဖြစ်သွားတော့မှာပဲ။ ရွာပုံရွာနည်းကလည်း ချိန်ခါမဲ့မိုးနဲ့မတူတော့ပဲ လေရောမိုးရော လျှပ်ပန်းခွေနွဲ့ လုပ်နေတာကိုး။ သည်တစ်နွေတော့ဖြင့် ဟုတ္တိပတ္တိကို ပူလိုက်ရတယ် မရှိပါဘူး။ တန်ခူးကုန်တာနဲ့ မိုးထဲခုန်ကူးတော့တာ။ အဲ့ဒါကြောင့်ပဲ အကောင်ရှည်တွေ အိမ်ပေါ် တက်တက် လာတယ် ထင်ပါရဲ့လေ။ သူတို့လည်း တွင်းထဲရေဝင်လို့ မိုးတက်ခိုတာ နေမှာ။
အညာက နွားခိုးမယားတွေဆီ နွားပြန်သွားရွေးရင် သူတို့ ပြောနေကျ စကားရှိတယ်။ “အောင်မယ်လေး။ အဲ့လောက်ကြီးလည်း ဈေးမနှိမ်ပါနဲ့ရှင်။ ကျုပ်တို့ယောက်ကျား ညဉ့်နက်သန်းခေါင် မြွေမကြောက် ကင်းမကြောက် တက်ခိုးထားရတဲ့ နွားကလေးပါ။” တဲ့။ သူပြောတာလည်း ဟုတ်တုတ်တုတ်နော်။ အခု ကိုယ်တို့ဆေးရုံမယ် နေကြတဲ့သူတွေအားလုံး မြွေတွေကင်းတွေ အရင်ကလောက် မကြောက်ကြတော့ဘူး။ ၂ ရက်တစ်ခါလောက် တွေ့တွေ့နေရတော့ မြွေကမယဉ်ပဲ လူတွေက ယဉ်ပါးသွားပြီ။ Discovery ကြည့်သလိုပဲ အောင့်မေ့တာ။ ခွဲခန်းရှေ့ ဖုန်းထိုင်ပွတ်နေရင်း လှစ်ကနဲရောက်လာလို့ ထခုန်လိုက်ရင် သူက ကိုယ့်ဆီလာတာ မဟုတ်ဘူး။ ခုန်ပြေးတဲ့ဖားကလေးကို လှမ်းဟပ်တာ။ ဟိုက သူ့ထက်ကြီးတော့ ပါးစပ်ပေါက်မှာ တစ်နေရော။ “ဟဲ့ကောင် မလုပ်နဲ့လေ။” လို့ ခြောက်လိုက်ရင် နှစ်ကောင်စလုံး ဖလွတ်ဆို ပျောက်သွားတယ်။ ကလေးတွေ လာဆော့နေတာကျလို့။ ငါ့နှယ်။
မြွေကို အဲ့လောက် မကြောက်တော့ပေမယ့်လည်း သူတို့တတွေ မြွေထက်ကြောက်တဲ့ အကောင်တစ်ကောင် ရှိပါတယ်။ “ကြွတ်” ပါ။ ပေါလိုက်တာ။ ရေချိုးခန်းအစပ်မှာ။ အိမ်သာအတက်အဆင်းမှာ။ အပြားလိုက်ကလေးတောင် ကပ်မနေဘူး။ လူဆီလိုက်ရအောင် ခေါင်းလေးထောင်လို့နေတယ်။ ထုံးတွေဖြူး၊ ဆားတွေပုံ၊ ခြုံတွေရှင်း အလုပ်တွေရှုပ်တာပေါ့လေ။ အိမ်ကနေ ဆေးရုံသွားတဲ့လမ်းကလည်း ဗွက်ပေါက်ရေကျော်နေတော့ ကျောက်တွေသဲတွေ သယ်ဖို့ရပြန်တယ်။ ဘွတ်ဖိနပ်လည်ရှည်တွေ မှာရဦးမှာပဲ။
ကိုယ်တို့နေတဲ့အဆောင်တွေကလည်း အိမ်အိုအိမ်ဟောင်း ကြမ်းခုနစ်ချောင်းလောက်ကို ပြုပြုပြင်ပြင် နဲ့ ထရံကလေး ယက် ကာ နေတာဆိုတော့ လေထဲမိုးထဲကျရင် ခေါင်က မလုံတော့ဘူး။ အိမ်ထဲမှာ ထီးဆောင်းပြီး ငုတ်တုတ်ထိုင် အိပ်ကြရတယ်။ သွပ်တွေကလည်း အဟောင်းတွေမို့လား။ နောက်နေ့ မိုးတိတ်တော့မှ တက်လိုက်ဖာလိုက်လုပ်။ မိုးပြန်အရွာစောင့်ကြည့်။ မလုံသေး ထပ်ဖာ။ လေကြမ်းရင် ဘေးထရံတွေက မိုးပက်လို့ ပလပ်စတစ်တွေ ပတ်ကာရသေးတယ်။ ကိုယ်တို့ဒုက္ခကို ဒုက္ခလို့ ပြောရင် ရှက်စရာကောင်းတယ်။ PDF ကလေးတွေဆို စဉ်းစားကြည့်။ မိုးရွာရင်အစို နေပူရင်အခြောက် အမိုးအောက်ရောက်နေရင် ကံကောင်းတယ် မှတ်ရမှာ။ ရွာမီးရှို့ ကျောင်းမီးရှို့ အရပ်ဒေသက ရွာသားတွေလည်း အတူတူပဲ ရှိလိမ့်မယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ မိုးထဲလေထဲ အိုးမဲ့အိမ်မဲ့ ဖြစ်ရတာ ဘယ်လောက် ဒုက္ခများမတုန်း။ ဒင်းတို့ ဒီဝဋ်တွေ သံသရာအဆက်ဆက် ဆပ်လို့တောင် ကျေစရာအကြောင်မရှိဘူး။ သူများပါးစပ်က ခိုင်းတဲ့အမိန့်ကို ဝဋ်အမြဲ ငရဲအပနဲ့ လိုက်လုပ်နေကြတာ။ အမိုက်မဲဆုံး သတ္တဝါတွေမို့သာပ။
အစကတည်းက မိုးတွင်းကျရင် လမ်းတွေပိတ်ကုန်ပါမယ်လို့ သိသိကြီးမို့ ကြိုတင်ပြင်ဆင် စုဆောင်းထားခဲ့ပေမယ့်လည်း မိုးဦးက အဲ့လောက်ကြီး စောလာတဲ့အခါ စုံအောင်စုလိုက်ချိန် မရပါဘူး။ ဒီလမ်းဒီခရီးက ပစ္စည်းတစ်ထုပ်ရောက်ဖို့ဆိုတာ တစ်ပါတ် ဆယ်ရက်လောက် ကြာတာ။ ကိုင်း အခုဆို ပိတ်သွားပြီ။ တာ့တာပဲ။ စိမ့်ထဲမြိုင်ထဲက အတက်အဆင်းလမ်းတွေဆိုတာ အလိုလိုကကို နေပျောက်မထိုးပဲ စွတ်စိုစိမ့်အေးနေတာ။ မိုးတစ်ခါရွာရင် တစ်ပါတ်လောက်နေမှ ခြောက်တယ်။ ခုလို မိုးမပြတ်ပုံနဲ့တော့ တက်မရ ဆင်းမရ ကန့်လန့်ကြီးတွေခံပြီး လမ်းပိတ်ပါလေရော။ ပွင့်လင်းရာသီရောက်မှ လမ်းပြန်ပွင့်တော့မယ်။
တောင်ပေါ်က ဆိုင်ကယ်နဲ့လာရောင်းတဲ့ ဟင်းစိုဟင်းစိမ်းသည်များတောင် မိုးအခါ နားကြလို့ အခြောက်အခြမ်းတွေ ဝယ်စုနေရတာ မဟုတ်လား။ အခုတခါမှာတော့ ဟင်းသည်တွေ မလာနိုင်တဲ့အကြောင်းဟာ မိုးကြောင့်သက်သက်တင် မဟုတ်တော့ဘူး။ သူတို့ဈေးတက်ဝယ်တဲ့မြို့မှာ စစ်သားတွေရောက်နေလို့။ စစ်သားတွေ ရွာထဲဝင်လာရင် ဘာတွေဖြစ်တတ်သလဲ မသိတဲ့သူ ရှိသေးရဲ့လား ပြောပါဦး။ “ဂျပန်တွေလာပြီ အဘရေ။” တို့ “သူပုန်တွေ ဝင်လာပြီ။ သူကြီးရေ။” တို့ မြန်မာကားထဲမှာ တွေ့ဖူးတဲ့အတိုင်း အပြင်မှာ လက်တွေ့ဖြစ်ကုန်ပြီလေ။ တကယ့်အပြင်မှာ ဒီ့ထက်ဆိုးပါတယ်။ တရွာလုံးထွက်ပြေးရတာပါ။ ကျန်ခဲ့တဲ့ ဝက် ကြက် ခွေး နွားတောင် ချမ်းသာမပေးပါဘူး။ လိုချင်တာအကုန်ယူပြီး ပြာပုံဖြစ်အောင် မီးတိုက်တာပါ။ “အေးအေးချမ်းချမ်း သူ့ဟာသူနေတဲ့ ရပ်သူရွာသားတွေကို ဘယ်စစ်တပ်ကမှ ဒုက္ခမပေးပါဘူးရှင်။” လို့ အတင်း ဘူးခါငြင်းနေတဲ့ ဗိုလ်ကတော် လော်ဘီမတွေ မုဆိုးမဖြစ်ကုန်တာ “ဝမ်းသာလိုက်တာနော်။” လို့ ပြောပြန်ရင် ကိုယ်ပဲ စိတ်ပုတ်ရာကျဦးမယ်။ အခု စစ်သားတွေ ရွာထဲရောက်ရုံရှိသေး။ ဈေးသည်တွေတောင် အပြင်မထွက်ရဲတော့ဘူး။ သားပျိုသမီးပျို ရှိသမျှ လုံအောင်ဝှက်ပြီး ပြေးပေါက်ရှာနေရပြီ။
“ငြိမ်းချမ်းရေးလေး ဆွေးနွေးရအောင် ၉ ရက်နေ့ကို နောက်ဆုံးထားပြီး လာဖြစ်အောင်လာကြပါနော်။” လို့ တကျော်ကျော် ခေါ်ပေမယ့်လည်း ဘယ်တုန်းကမှ မယုံကြည်လောက်သော ပုဂ္ဂိုလ်မို့ ဘယ်သူကမှ အဖက်မလုပ်တဲ့အခါ ရှက်တာက မရှက်တတ်သော်ငြား နာတာက ဆတ်ဆတ်ခါသွားပုံရပါတယ်။ သူ့အမိန့် သူ့အာဏာဆိုတာ မြဝတီသတင်းထဲမှာပဲ ဇာတ်ညွှန်းနဲ့ ရိုက်ပြလို့ ရတော့တာကိုး။ ဒါတောင် အက်တာတွေက မရင်ရွှေလောက် သီဟတင်စိုးလောက်ပဲ ငှါးနိုင်တော့တယ်။ “နင်လည်းအိပ်ချင်ပြီ။” သီချင်းလောက်ကို အလင်္ကာကျော်စွာ ဘွဲ့ပေးပြီး နားထောင်ယူရရှာသလေ။ သူ့ဩဇာဟာ ရန်ကုန်မှာလည်း မတည်ဘူး။ မန္တလေးမှာလည်း မတည်ဘူး။ ရုပ်သံလိုင်းကလေး တစ်လိုင်းတည်းမှာပဲတည်တဲ့ မြဝတီမင်းကြီးမအလ ဖြစ်နေပြီ။
“ဪ။ လက်စသတ်တော့ ဒီလိုလား။ သိကြသေးတာပေါ့ကွာ။” ဆိုပြီး ရာဇမာန်တင်းသွားတဲ့အခါ နောက်တစ်နေ့ကူးတာနဲ့ လေယာဉ်တွေ လာဝဲပြလိုက်။ စစ်ကြောင်းတွေ တရစပ်ထိုးလိုက်နဲ့။ အခုပဲ တိုက်တော့မလို စစ်ဗျူဟာတွေ ခင်းကျင်းပြသတာကြောင့် ကိုယ်တွေမှာ အထုပ်တွေဘာတွေတောင် ပြင်ထားမိခဲ့တယ်။ သတိပေါ့လေ။ သတိ။ ခုကျ အဟိ ဆို အထုပ်ပြန်ဖြေနေရပါပြီနော်။ “အာဟာ ဟုတ်လည်းဟုတ်ပဲနဲ့။” လို့ပဲ သီချင်း အော်ဆိုလိုက်ချင်ပြီ။
ကိုယ်တို့စခန်းနဲ့ အနီးဆုံးမြို့ကလေးမှာ စစ်သားတွေအများကြီးရောက်နေတယ်။ အဖွဲ့လိုက် အဖွဲ့လိုက် တစ်ရွာဝင်တစ်ရွာထွက်နဲ့ စစ်ကြောင်းထိုးနေတယ်ဆိုတော့ ဘာပဲပြောပြော ကိုယ့်ဘက်က အသင့်တော့ ပြင်ရတာပဲ မဟုတ်လား။ “ဘာပြင်တာလဲ။ ပြေးဖို့ပြင်တာလား။” လို့ မမေးနဲ့။ အသံကြားရင် ဖျားကြတာ ကျားမ ခင်စိန်ပဲ ရှိမယ်။ ကိုယ်တို့မှာ လူနာတွေလည်း ခွဲလျက်ပဲ။ ကလေးတွေလည်း မွေးလျက်ပဲ။ လူနာလာရင် ခွဲဖို့ ခွဲခန်းပြင်ထားတယ် လို့ ပြောတာ။ ဒါပေသိ နေ့နေ့ညည မျက်စိကိုလည်းဖွင့်ထားတယ်။ နားကိုလည်း စွင့်ထားတယ်။ ဘာဖြစ်လာရင် ဘယ်လိုတုန့်ပြန်မလဲ ကိုယ့်ကိုယ်ကိုယ်ရော အဖွဲ့အတွက်ရော လူနာတွေအတွက်ပါ အသင့်ပြင်ထားတယ် လို့ ပြောတာ။
ကိုကြင်စိုး ကိုကြင်စိုး။ လိုချင်တာက သမ္မတကြီးပေါ့။ ဟလား။ဆွယ်ယူလို့ရမလား ကြိုးစားတယ်။ နည်းမျိုးစုံနဲ့။ မရခဲ့ဘူး။ မရှက်မကြောက် ပြောင်ပြောင်တောင်းယူတယ်။ ရူးနေလား ဆို အဖက်မလုပ်ကြဘူး။ မပေးလို့ လုယူပြန်တယ်။ ဒါလည်း နတ်ကန္နားထဲက ကိုကြီးကျော်လို ဆိုင်းသမား နဲ့ ကန္နားရှင်ကလွဲလို့ ဘယ်သူ့အပေါ်မှ ဩဇာမညောင်းဘူး။ သင်္ကြန်ရေဆော့ချင်လည်း နိုင်ရာဆင့် ကားပေါ်တင် သက်စေ့ပတ် ရေပက်ခံခိုင်းရတယ်။ ဆွမ်းဆန်ကလေးလောင်းချင်လည်း ရဲတတန်းလျားလုံး ကတုံးတုံးပြီး မသိုးသံဃာ ပင့်လောင်းရရှာတယ်။ ကိုင်း အခု စစ်တိုက်ချင်ပြန်ပြီတဲ့ဗျာ။ မောင်မောင်ခေါ်လို့ ဗျာမထူးတဲ့သူတွေ အကုန်အပြုတ်တိုက်တော့မှာတဲ့။ အရေးကြီးပြီ ညီနောင်အပေါင်းတို့ရေ။ ကျုပ်တို့ ကျောက်ချဉ်ယောင်လေး ဘာလေး ဆောင်ပေးမှ ကောင်းမယ် ထင်ပါရဲ့။ ဘယ်လိုသဘောရသတုန်း။
ကိုယ့်သဘောကို ပြောရမယ် ဆိုရင်တော့ဖြင့် ဆင်ဖြူတော်ပြုတ်စားချင်တောင် အိုးရှိမှ ဖြစ်တာပါလေ။ စစ်တိုက်တယ်ဆိုတာ စစ်သားရှိမှ တိုက်လို့ရတာ မဟုတ်ဘူးလား။ သူ့မှာ စစ်သည်အင်အား အလုံအလောက် ရှိသလား မရှိဘူးလားဆိုတာ သူ့ဘာသူသာ အမှန်အတိုင်း မသိချင်နေမယ်။ တနိုင်ငံလုံးကတော့ ကောင်းကောင်းကြီး သိကုန်ကြပါပြီဗျား။ စစ်သားမလောက်လို့ သူခိုးကြမ်းပိုးတွေ ယူနီဖောင်း တဝက်တပျက်ဆင် မီးကြိုးမောင်းပျက်ထုတ်ပေးပြီး တိုက်ခိုင်းတာလည်း ကုန်သလောက် ရှိနေပါပြီ။ စစ်မှုထမ်းဟောင်း သက်ကြားအိုကြီးတွေ အမိန့်နဲ့ဆင့်ပြီး မြို့ထဲပတ်ခိုင်းထားတာလည်း လူတကာမြင်ဖူးနေပါတယ်။ စစ်သားမယားတွေ ကင်းစောင့်ရတာ။ မီးသတ်၊ ထွေ/အုပ် နဲ့ ကြက်ခြေနီတွေခေါ်ပြီး စစ်သင်တန်းပေးနေရတာ။ မဘသဘုန်းကြီးတွေကိုပါ မထော်မနန်း သေနတ်ကိုင်ခိုင်းရတာ။ သူ့မှာ ဘယ်နေရာကမှ စစ်သားရစရာမရှိတော့မှန်း အသိသာကြီး။ တပ်တွင်းမုန့်ဟင်းခါးတွေ ချက်ရလွန်းလို့ ငှက်ပျောတော မတုံးခင် မသာတွေက အရင်တုံးသွားတာက တစ်မျိုး။ အခုဆို ဘယ်နေရာမှာပဲ စစ်တိုက်တိုက် စစ်သားအစစ်တွေ ထုတ်မသုံးနိုင်ရှာဘူး။ BGF တို့၊ ပြည်သူ့စစ်တို့၊ ကြေးစားလက်နက်ကိုင် ငှါးပြီး တိုက်နေရပြီ။ ရှိတဲ့စစ်သား သေလမ်းပို့တာက သေရင်တော်သေး။ မသေလို့ CDM ဖြစ်ကုန်ရင် ဒီဘက်မှာအနှုတ်၊ ဟိုဘက်မှာ အပေါင်းဆိုတော့ ကိုယ့်လူကိုယ် အရှင်ချန်မထားခဲ့ဖို့ ဗိုလ်ကြီးဗိုလ်လေး အပေါင်းကို မိန့်မှာထားရပါသလေ။ သူများကို သွားမတိုက်ခင် ကိုယ့်တပ်ကိုယ် အစည်းမပြေအောင်ပဲ နင်းကန်စည်းရုံးနေရတာ။ ထိပ်ပိုင်းမှာတောင် ဖြုတ် ထုတ် သတ်တွေ ဟောတစ်ယောက် ဟောတစ်ယောက်။ မောင်ကြီးတို့ ဘယ်ရွာသားမို့လို့ ကျုပ်တို့ဆီ စစ်ချီနိုင်ပါလိမ့်မနော်။ ပြောစမ်းပါဦး။ ပုဂံသားလော။ တကောင်းသားလော။ စစ်ကိုင်းသားနဲ့တင် ပွဲပြတ်တယ်။
တကယ်တမ်းကျတော့ ကြင်စိုးမှာ ဗလလည်းမရှိဘူး။ ဇလည်းမရှိဘူး ဆိုတာ လှထုံတို့ရွာမှာ ကတည်းက သိပါတယ်။ လက်နက်ကိုင်အချင်းချင်းဆို တုတ်တုတ်တောင် မလှုပ်ဝံ့ဘူး။ ရွာထဲကို နှစ်ခါ ယူနီဖောင်းဝတ်ပြီး လမ်းလျှောက်ဖြတ်ပြဖူးတယ်။ “အကိုကြီးရေ။ ညီလေးတို့ အထက်က အမိန့်အရ ဒီဘက်ကနေ ဟိုဘက်ရောက်အောင် ဖြတ်လျှောက်မယ်နော်။ ဘာမှ မဖြစ်စေရပါဘူး။ ဘားမှ မလုပ်ပါဘူး။ ညီလေးတို့ကိုလည်း ဘားမှ မလုပ်ပါနဲ့။ တစ်ရက်တည်းပါ။ တစ်ခေါက်တည်းပါ။” နဲ့ ခွင့်ပြုမိန့်အရင်တောင်းပြီးမှ ခြေလှမ်းစရတာပါ။ ခွင့်ပြုမိန့်မရရင် ကာချုပ်ကြီးတောင် ပူတာအို မရောက်ဘူး။ ၂ ခါလာတာ ၂ ခါလုံး ပြန်လှည့်ရတယ်။ သဘောပေါက်။ ဒီအဆင် နဲ့ ဒီအဆင် “ဒီတစ်ခါလာတာ အပြုတ်တိုက်မလို့။” လို့ ပြောလာရင် “အေး အေး။ ကြက်စွပ်ပြုတ်လား။ ဝက်စွပ်ပြုတ်လား။ ပြော။” လို့ပဲ မေးစရာရှိပါတယ်။
အခုတခေါက် ကိုယ်တို့ဆီ စစ်ချီလာတာ ရွှေစွန်ညို ဘာကိုလိုလို့ ဝဲတယ်မှန်း သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဆင်းတဲ့လမ်းကြောင်းတွေမှာ မဟာပထဝီမြေကြီးက အုန်းကနဲဒိုင်းကနဲ ဧည့်ခံကြိုဆိုတော့ လေကြောင်းပစ်ကူ အလာကိုပဲ စောင့်နေရပုံပေါက်ပါတယ်။ ရာသီဥတုက ကိုယ့်ဘက်မှာဆိုတော့ ပိုင်းလော့တွေလည်း အတောင်ရှိလျက် အပျံခက်နေသလား မသိ။ လေချုပ်ကြီးတောင် ပြုတ်ထွက်သွားတော့ လေဗိုလ်ကြီးတွေလည်း စီကုန်မှာ ကြောက်ရသလေ။ ဆီဈေးတွေခေါင်ခိုက်နေတော့ ဆီကုန်မှာလည်း ကြောက်ရသလေ။ ဒီအချိန်ကြီး မိုးက အဲ့သလောက်ရွာတယ်ဆိုတာ သိကြားမင်းက ကိုယ့်ဘက်က စစ်ကူတိုက်ပေးသလားမှ မသိတာ။ ဒီမှာ သခွပ်တောင် မပွင့်သေးဘူး။ အရေးတော် သီသီမြန်လှတယ်။ လွမ်းရန်ဖွဲ့မိုး ပဲ။
စစ်သားကို စစ်သားချင်း မတိုက်ရဲတဲ့အခါ ရှုံးမဲမဲပြီး အနိုင်ကျင့်ခံရတာကတော့ အရပ်သားတွေ ရွာသားတွေပါပဲ။ ညဘက်ရောက်ရင် ဒလန်တွေ ရှေ့ကတင်ပြီး တစ်အိမ်တက်ဆင်း ရွာကိုမွှေတယ်။ “ကျွန်မတို့က ရွာသားတွေပါ ဗိုလ်ကြီးရယ်။ ပီဒီအက်လည်းမသိ၊ စီပီကြက်လည်း မသိပါဘူး။” ဆိုလို့လည်း မရ။ အရွယ်ကောင်း ယောက်ကျားလေးမြင်ရင် ဖမ်းခေါ်ပြီး နှိပ်စက်တယ်။ “မင်း ပီဒီအက် မဟုတ်ရင် ဘီဂျီအက်ထဲဝင်ကွာ။” ဆို စစ်သားစုဆောင်းရေးကို ပို့တယ်။ သမီးအပျို ချောချောလှလှဆို အဖေအမေရှေ့မှာတင် နသားပါယားလုပ်တာ မြန်မာစစ်သားစစ်စစ်တွေပဲ။ ပြောမယုံ ကြုံတော့သိလိမ့်မယ်။ လုပ်ရဲတာပေါ့။ ဒီလူတွေမှာ လက်နက်မရှိဘူးလေ။ သူတို့ကို ဘာမှ ပြန်မလုပ်ရဲဘူးလေ။ ဒီအဖြစ်အပျက်တွေဟာ စစ်တပ်ကို အမုန်းတရားတွေ ပြန့်ပွါးအောင် မမှန်မကန် လုပ်ကြံလီဆည်ပြီး ဝါဒဖြန့်နေတာ မဟုတ်ဘူး။ ဖြစ်ရပ်တိုင်းမှာ ကာယကံရှင် အရှင်လတ်လတ်ကြီးတွေ ရှိတယ်။ ပြန်ပြောပြတတ်တဲ့ ပါးစပ်ပေါက်ကြီးနဲ့ ။ လက်သည်းဆိတ် လက်ထိပ်နာစရာ ဆွေမျိုးမိသားစုတွေ အကုန်ရှိတယ်။ ဒီရွာသားတွေမှာ နဂိုတုန်းက ပီဒီအက် မဟုတ်လည်း သူတို့ပြန်သွားတဲ့အခါ မဟုတ်လို့မရတော့ဘူး။ အကုန်လုံး စစ်သင်တန်းတက်ဖို့ရောက်လာရော။ လက်နက်မရှိရင်၊ ကြောက်စိတ်နဲ့ ခေါင်းငုံ့ခံနေရင် စိစိညက်ညက်ကျေအောင် အနိုင်ကျင့်ခံရတယ်။ ဓါးဓါးချင်း လှံလှံချင်း လက်နက်ကိုင်ရင်ဆိုင်တိုက်ရင် အမြီးကုပ်ပြီး ထွက်ပြေးတယ်။ ဒီသတ္တဝါတွေနဲ့ ပက်ပင်းတိုးရင် ဘာလုပ်ရမလဲ အဖြေက ရှင်းနေတဲ့ဥစ္စာ။ အဲ့ဒါ မြှောက်ပေးတာ မဟုတ်ဘူး။ အသက်မသေချင်ရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့ ဒီတစ်နည်းပဲ ရှိတော့တယ် လို့ အလင်းပြတာ။ ခံချင်သပဆို ဆက်ခံရစ်။
ဒီက ရွာသားတွေကို နမူနာယူပြီး သတ္တိမွေးစေချင်တာက ပလာတာမြို့သား ထပ်တရာမြို့သား နန်းစိန်မြို့သားတွေကိုပါ။ “စစ်တပ်ကိုကြောက်လို့ စစ်တပ်မကြိုက်တဲ့အရာတွေဆို ဘာတစ်ခုမှ မလုပ်ရဲပါဘူး။ စစ်တပ်မကောင်းကြောင်းဆိုရင် တိုးတိုးကလေးတောင် မပြောရဲပါဘူး။” လို့ဆိုတိုင်းလည်း ကိုယ့်ဘဝကြီးဟာ လုံခြုံဘေးကင်းနေလိမ့်မယ် မထင်ပါနဲ့။ အဲ့ဒီလူတွေကိုလည်း စစ်တပ်ကချမ်းသာမပေးပါဘူး။ စစ်သားမဟုတ်ရင် သူတို့အနိုင်ကျင့်လို့ရတဲ့ အဆင့်နိမ့်သတ္တဝါတွေသာဖြစ်တယ် လို့ စစ်သားတိုင်းက ခံယူထားပါတယ်။ ကြောက်မှန်းသိလေ နိုင်စားလေပါ။ စစ်အာဏာရှင်ကို ဆန့်ကျင်ရတဲ့တော်လှန်ရေး၊ ဒီလိုမှ မပြောချင်ရင်လည်း အာဏာရှင် စစ်ဖိနပ်အောက်က လွတ်မြောက်ရတဲ့ လွတ်လပ်ရေးဟာ လူတစ်ယောက်ချင်း တစ်ယောက်ချင်းစီရဲ့ မတရားမှုကို ငုံ့ခံတတ်တဲ့၊ မတားဆီးရဲတဲ့၊ မဆန့်ကျင်ရဲတဲ့ စိတ်ထဲက အကြောက်တရားကို ရင်ဆိုင်ပြီး ဆန့်ကျင်တိုက်ထုတ်တဲ့ဆီက စရမှာပါ။ လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ၊ ခေတ်အခြေအနေတစ်ခုက ပေးထားချက်အတိုင်း ကိုယ့်ကိုယ်ကိုယ် ရှင်သန်ကျန်ရစ်အောင် မွေးမြူရတဲ့အခါမှာ သတ္တိမမွေးလို့ ရကိုမရပါဘူး။ အဲ့ဒီသတ္တိဟာ တိုင်းပြည်ကို ကယ်တင်ဖို့လည်း မဟုတ်ဘူး။ အရေးတော်ပုံအောင်မြင်ဖို့လည်း မဟုတ်ဘူး။ ကိုယ့်အသက်ကိုယ် ရှင်သန်ဖို့ မဖြစ်မနေ မွေးယူရမယ့်အရာပါ။
ကိုယ့်သတ္တိနဲ့ကိုယ် မရပ်တည်နိုင်တဲ့အခါ လူဆိုတာ သူများလာကယ်မှာကိုပဲ ငုတ်တုတ်ထိုင် စောင့်ပါတော့တယ်။ တပေါင်းစစ်ချီ ဒေါင်းစစ်သည်တွေပဲ လာကယ်နိုးနိုး၊ ကိုဘိုင်ဒင်ရဲ့ တပ်မဟာကြီးက စစ်ကူလာပေးနိုးနိုး၊ မြို့သိမ်းတိုက်ပွဲတွေနဲ့ အိမ်ရှေ့လမ်းပေါ်ရောက်လာတော့မှ သပြေခက်ကလေးနဲ့ ကြိုရနိုးနိုး။ ဘာကိုမျှော်ရမှန်းမသိ မျှော်လင့်ပြီး အချိန်တွေကုန်သွားလိမ့်မယ်။ ကိုယ့်အသက်က အဲ့ဒီအထိခံမယ်လို့ ဘယ်သူကမှ အာမမခံနိုင်ဘူး။ ကိုယ့်ဘာသာ အာမခံမှပဲ ရမယ်။ ဒါကြောင့်မို့ ကြောက်နေလို့ မဖြစ်ဘူး။ သတ္တိမွေးပါ။ အားတင်းပါ။ ရှောင်လွှဲလို့မရပဲ မဖြစ်မနေ ရင်ဆိုင်ရမယ့် အတူတူတော့ ရဲရဲဝံံဝံ့ကြီး ရင်ဆိုင်ပစ်လိုက်စမ်းပါ။ ကြောက်တတ်ရင် နှစ်ခါသေရတယ် မဟုတ်ဘူးလား။ ကိုယ်ကလူကြီးဆိုရင် ကိုယ့်ကလေးတွေရှေ့က မားမားမတ်မတ်ကြီး ရပ်တည်ပေးပါ။ ကိုယ်က လူငယ်ဆိုရင် ကိုယ့်မိအိုဖအိုတွေကို ကာကွယ်ပါ။ သူတို့ရှေ့မှာ “ချမ်းသာပေးပါ။ ရှိခိုးပါရဲ့။” သွား မလုပ်ပြပါနဲ့။ တဆွေလုံးတမျိုးလုံး အညွန့်တုံးကုန်တတ်ပါတယ်လို့ ရဲရဲကြီး မြှောက်ပေးလိုက်ရပါတယ်လေ။