ရာသီဥတုက အပြောင်းအလဲ မြန်လိုက်တာ။ နွေခေါင်ခေါင်ကြီး လေဦးမိုးဦးကျနေသလိုပဲ။ လျှပ်စီးမိုးကြိုးတွေနဲ့ သည်းသည်းမည်းမည်း ရွာချပြီး အနွေးထည်တွေဘာတွေ ပြန်ထုတ်ဝတ်ယူရတယ်။ မေလဆန်းကတည်းက နေ့ဆိုနေပူ ညဆိုမိုးရွာ မပြတ်တော့ဘူး။ အပူဒဏ်လေးလျော့သွားတော့ နေလို့တော့ ကောင်းတာပေါ့လေ။ သွားရေးလာရေးတော့ ခက်သွားတယ်။ ဗွက်အိုင်ကြီးတွေ ပေါ်လာတာရယ်၊ လမ်းချောတာရယ်ကြောင့်။ နောက်လလောက်ဆို ကားလမ်းတွေ ပိတ်ကုန်ပြီ။ ဒီပုံနဲ့ဆို စောများပိတ်လေမလား။ ကိုယ့်မှာက “ခေါက်တုန့်လူးလာ ကူးကာသယ်ဖို့ကြုံ” ဆိုသလို ပန်းရည်ဘဏ်တိုက်ဆောက်နေရတဲ့အချိန်မို့ တော်တော်လေး စိတ်ဖိစီးရပါတယ်။
ပူတလှည့် အေးတလှည့် အစိုဓါတ်ကလေးလည်း မပြတ်တဲ့အချိန်ဆိုတော့ မှိုတွေပွင့်လာပြီ။ ရွက်သစ်ရွက်နုတွေက ရင့်ကုန်ပြီ။ ပိုးကောင်မွှားကောင်ကလေးတွေက များလိုက်တာ။ ညဆို မီးစက်နှိုးထားလျက်ကို အမှောင်ချပြီးနေရတယ်။ မီးရောင်မြင်ရင် အုန်းအုန်းထနေအောင် လာအုံကြပြီး မနက်ကျရင် အတောင်ပံလေးတွေ ဖွေးဖွေးလှုပ်ကျန်ခဲ့တယ်။ ခြင်ရောဖြုတ်ရော ပေါလာလို့ တချိန်လုံး ယားလို့ချည့်နေတယ်။ တောင်ပေါ်က လာပြတဲ့လူနာတွေမှာ ငှက်ဖျားပိုးလေးတွေ တွေ့လာပြီ။ ဝမ်းပျက်ဝမ်းလျှော ကလေးလေးတွေ၊ နမိုးနီးယားဝင်တဲ့ ကလေးလေးတွေ ဆေးရုံတင်ရပြီ။ ဆေးခန်းမှာ ကလေးငိုသံ တစီစီကြားရပြီး ကလေးဆေးပုလင်းတွေ ပြိုက်ကနဲပြိုက်ကနဲ ကုန်သွားတဲ့ ကာလပေါ့။ ထုံးစံအတိုင်းပါပဲ။ ၂ ရက်တခါ ၃ ရက်တခါ ဆေးပုံးကြီးတွေ ရောက်ရောက်လာလို့ ဆေးတွေဘယ်နားထားရမှန်းမသိ ဖြစ်လာရင် ပျော်နေရော။ အလှူရှင်များရဲ့ ကျေးဇူးပါပဲ။ “You are the wind beneath my wings.” ပါ။
ဒီရာသီမှာ ဇိမ်အရှိဆုံးအလုပ်ကတော့ စမ်းချောင်းထဲမှာ ရေချိုးတာပါပဲ။ မနေ့ညက ရွာတဲ့မိုးကြောင့် ချောင်းရေတွေပြည့်လာပြီး ရေစီးသန်လာတယ်။ မိုးရွာပြီးပြီးချင်းဆိုရင်တော့ ရေနည်းနည်းနောက်တယ်။ ကျန်တဲ့အချိန်ဆို ကြည်ပါတယ်။ ဆောင်းတွင်းတုန်းကလို မချမ်းတော့ဘူး။ နွေးနွေးလေး။ ရန်ကုန်မှာလို အဲကွန်းလေးနဲ့ မနေရပေမယ့်လည်း ဒီမှာက “မိုးရွာသည်။ ဖြိုင်ဖြိုင်လော။ ဖြိုင်ဖြိုင်။” ဆို အေးသွားတာပဲ။ ယပ်တောင်တောင် ကိုင်စရာမလို။ ဒါက သဘာဝ ရာသီဥတု အခြေအနေလေ။ ဟိုဘက်က နိုင်ငံရေး မိုးလေဝသအရကော။ “တရုတ်လာသည်။ ယိုင်ယိုင်လော။ ယိုင်ယိုင်။” ဆိုတဲ့ဆီမှာ ဘယ်သူတွေ ယိုင်ပြီး ဘယ်သူတွေ မှိုင်ဆင်းသွားသလဲ။ ကြည့်လိုက်ကြဦးစို့နော့။
ကာချုပ်ကြီးကိုယ်တိုင် ခခယယခေါ်ပြီး “ဘေဘီကြိုက်တာပြော။” ဆို တံခါးဖွင့်ပေးထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးဟာ ရှက်စရာကောင်းလောက်အောင်ကို လာမယ့်တက်မယ့်သူ မရှိ။ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်သွားတာဟာ သင်္ကြန်တုန်းက ရေမစိုတဲ့လမ်းမကြီးတွေအတိုင်းပါပဲ။ တရုတ်ကြီးချိုးပေးတဲ့ ဖဲနဲ့ရိုက်မှာဆိုတော့ သူ့မယားပါသားတွေပဲ လာမယ့်သူ ရှိတယ်။ “မလာတဲ့ကောင် ငါက မှတ်ထားပြီး ဆော်ပစ်မှာနော်။” လို့ ဟိန်းဟောက်ခေါ်တာတောင် ဟဟပဲ ရတယ်လေ။ ဒါမျိုးတွေက အရင်ကလည်း သူတို့ပြောနေကျပါ။ “ရွှေလက်နဲ့ခေါ်လို့မရရင် ဘူးလက်နဲ့ ခေါ်မှာပေါ့။” လို့ အာချောင်ရင်း ဘူးလက်လှဆွေ တွင်သွားတဲ့သူတောင် ရှိသေး။ ဟိုတုန်းကတော့ တရားဝင်အစိုးရမျက်နှာ ရှိသေးတော့ ခွေးကိုရိုက်ချင်တောင် ခွေးရှင် ငဲ့ရသေးတယ် မဟုတ်လား။ အခုကတော့ လက်နက်ကိုင်ချင်းတူတာတောင် လူထုထောက်ခံမှုမရှိတဲ့ အကြမ်းဖက်စစ်တပ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘယ်သူကမှ အသိအမှတ်မပြုတဲ့ အာဏာသိမ်းစစ်ကောင်စီ။ အဆင့်အတန်းနိမ့်ကျလွန်းလို့ ဆိုရှယ်မီဒီယာတွေပေါ်ကတောင် ခွေးမောင်းသလို မောင်းထုတ်ထားရတဲ့ စစ်သည်ဗိုလ်ပါများဆိုတော့ ဘာပြောကောင်းမလဲ။ နင်တို့လို အတန်းအစားနဲ့ တစ်စားပွဲတည်း ထိုင်ညှိရအောင် တူသလား တန်သလား လို့ နင်ပဲငဆ အပြောခံရဖို့ ဖြစ်လာတာပေါ့။ အာဏာသိမ်းကာစတုန်းကတော့ “တာဝတိံသာ နတ်ရွာလော။ နတ်ရွာလော။” ဆိုတဲ့အကောင်တွေ အခုလည်းကျရော “ငရဲ တိရိစ္ဆာ တကတည်းမဆိတ်ပါ အသည်းထိပ်စရာ စည်ပင်ကြတော့မှာ။” ဆိုတဲ့ ဘဝမျိုး ရောက်သွားတယ်။
အရင်တခါ ဦးသိန်းစိန်ကြီးလက်ထက် တိုင်းရင်းသားတွေ NCA ထိုးဖို့လာတုန်းကတော့ “မင်းတို့ကောင်တွေ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းနဲ့။” လို့ သူ့ပါးစပ်ကြီးနဲ့ပဲ သဟောက်သဟာ ပြောခဲ့သေးတာလေ။ ခုကျမှ “ဖက်ဒရယ်ကမှ သင့်တော်တာပါ။ ဆွေးနွေးရအောင်ပါ။” လေပြေလေးထိုးပြီး PDF ကလေးတွေနဲ့ မပူးပေါင်းဖို့ အပေးအယူလုပ်ချင်နေတယ်။ ဘာငြိမ်းချမ်းရေးမှ သူ့ခေါင်းထဲမှာ မရှိဘူး။ ကလေးတွေကိုသတ်နေတာ ကြားလူဝင်ဆွဲမှာစိုးလို့ “မဆိုင်သူ မကပ်နဲ့။” သူခိုးကြိမ်းကြိမ်းပြတာ။ Mandate တို့ legitimacy တို့ဆိုတာ သူတို့အဘိဓါန်မှာ မရှိဖူးဘူး။ နားလည်းမလည်ဘူး။
ကိုင်း။ အခုတော့ ဘယ်သူမှ လက်မခံနိုင်တော့မှန်း တကယ့်ကို သေချာသွားခဲ့ပြီ။ မင်း ဘယ်ပြေးမလဲ မောင်ကြင်စိုး။ ရှုံးမဲမဲပြီး ညစ်တွန်းတွန်းနေတာလည်း ကြာပြီ။ လုပ်လိုက်တော့လေ။ ကမ်းမွန် ကမ်းမွန်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း။ အက္ခရာစဉ်အလိုက် တန်းစီတိုက်မလား။ မြန်မာပြည်မြေပုံကြီးကို လက်ယာရစ် လက်ဝဲရစ် ကြိုက်သလိုရစ်ပြီး အပါတ်လည်အောင် ဆက်တိုက်မလား။ တိုက်လိုက်စမ်းပါ။ မြန်မြန်လာတိုက်တော့ မြန်မြန်ကိစ္စပြီးတာပေါ့။ ကွကိုလာရတာ စားရိတ်ကုန် လူပန်းနဲ့။ သူတို့လာမှ အိုးမကွာအိမ်မကွာ သာသာယာယာလေး ဧည့်ခံပစ်မယ်။ ကျော်ဟိန်းလို လက်ညှိုးလေးနဲ့ တည့်တည့်ချိန်ပြီး ပါးစပ်က “ဒိုင်းညှောင့်” လို့ ပစ်လိုက်ရုံနဲ့ကို လိပ်ပြာလွင့်သွားမှာ။ သွေးကပျက်နှင့်နေပြီဟာကို။
အခုလိုချိန်မျိုးကျတော့ ကိုယ်တွေကလည်း ပြောအားရှိတာပေါ့လေ။ ရာသီဥတုက ကိုယ့်ဘက်ပါနေပြီ မဟုတ်လား။ မိုးနှင့် တိမ်နှင့် လျှပ်စီးနှင့်ဆို လေယာဉ်တွေလည်း ငုတ်တုတ်မေ့ကုန်မှပဲဟာ။ အထဲမှာရှိနှင့်ပြီး အထိုင်တပ်တွေဆီ ထောက်ပို့ပေးရမယ့်သူတွေကရော “အတောင်ပံမရှိဘူး။ ငှက်ကလေးများအတိုင်း အရောက်သွားဖို့ အချစ်ထံ မိုးမြင့်မှ မပျံနိုင်ဘူး။” ဆို ငုတ်တုတ်ကလေး ထိုင်ကြည့် နေရတယ် မှတ်သလား။ သူတို့လည်း ရှေ့တန်းမှာ ရောက်နေရပြီ။ အထည်ချုပ်က စစ်သည်တွေတောင် ရှေ့တန်းမှာချည့်ပဲ။ နောက်တန်းမှာ ကင်းစောင့်ဖို့ လူတောင်မကျန်။ ရှေ့တန်းကပြန်လာတာနဲ့ ရှေ့တန်းပြန်ထွက်နေရတဲ့ စစ်သားတွေက ဒီတစ်ခါ ရှေ့တန်းထပ်လွှတ်လို့ကတော့ CDM ပဲ ဝင်ပလိုက်တော့မယ် ဆို ဘယ်လိုလုပ်မလဲ။ နိုင်ခြေဆိုတာ မဖြစ်နိုင်တော့ရင် ရှင်လမ်းကိုပဲ ရွေးစရာကျန်တယ်။ သူတောင်မှ အခု ပြေးပေါက်ရှာနေပြီ မဟုတ်ဘူးလား။
ဝဋ်တွေက လည်ချင်လာပြီဆို ငိုလို့လည်းမရ ရယ်လို့လည်းမရ ဘဝပါ။ တချိန်လုံး ပြည်ပအားကိုး ပုဆိန်ရိုး ထအော်နေတဲ့သူတွေက “တာ့ကောရေ ကယ်ပါဦး။” ဆို ရှယ်ပလန်နဲ့ တိုင်းပြည်ထိုးအပ်နေပြီ။ စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေချည့်ပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတစ်ခု တရုတ်နယ်စပ်မှာ ထူထောင်ချင်ပါတယ် ဆိုလို့ကတော့ ဝါးဟားဟား လို့ အော်ရယ်ပလိုက်မယ်။ သိလား။ နောက်တစ်ခါ လေလံပစ်ဖို့ ခွေးမိန်အိမ်ကို ရာဖြတ်တွေ လွှတ်လိုက်ရတော့မလား ပြော။ တကယ်တော့ ကြင်စိုးကို သေဒဏ်ပေးဖို့ ICJ တောင် မလိုပါဘူး။ သူ့ရှေ့မှာ ကျူးလိပေါင်ရယ် ပန်ဆယ်လိုရယ် ဒေါက်တာစိုးရယ် သုံးယောက်ဆိုင်ပြီး လက်ဘက်ရည်ကြမ်းဝိုင်းတည်ပေးလိုက်ရင် တခါတည်း “ငါသေပျစီတော့။” ဆို လျှာကိုက်သေသွားမယ်။ အတည်းနာနွန်းနွန်းနို့။
အိုင်ကတော့ လူကြီးပီပီ သဘောထားကြီးနိုင်ပါတယ်လေ။ နေချင်သပဆို နေချေကြ။ တစ်ယောက်မှတော့ မထားခဲ့နဲ့။ အကုန်ခေါ်သွား။ သီကိုယ်တော်အား အမှူးထားလျှက် မဘသအပေါင်း သူတော်ကောင်းများပါ ပင့်ဆောင်တော်မူသွားပါ။ ဖေဖေဘူးလက်၊မီမီဝိုင်း၊ ဖိုးဖိုးဦးသိန်းညွန့်၊ ဘဘကျော်ဇေယျ၊ မာမီသက်သက်ခိုင်၊ အို ရှုပ်ပါတယ်။ ညွှန်မှူးညွှန်ချုပ်နှင့်အထက် အစိုးရတစ်ဖွဲ့လုံး အကုန် ထွက်တော်မူကြီးနဲ့ လိုက်ပါတော် မူကြပါစေ။ ဦးလေးကိုမိုးဟိန်း၊ သထုံတင်ထွန်းနှင့် YMBA လူကြီးမင်းများ။ အဖြူရောင်အနုပညာသည်များနှင့်တကွ အန်တီဝါဝါကျော်၊မတ်မတ်စစ်မေဦး၊ ဒေါ်ကြီးလီလီနိုင်ကျော်လည်း ခေါ်သွားပါ။ အငယ်ထဲက မပါမှာစိုးရင် ယုန်လေးကို ဦးထိပ်တင်ပြီး ရွှေရူပါဦး၊ ယင်လက်၊ နေခြည်ဦးပါ ခေါ်သွားပါဗျာ။ မီဂါစတားထဲက ထပ်တောင်းချင်ရင် ကိုကိုနေတိုး နဲ့ ဘဘစိုင်းပါ အဆစ်ပေးလိုက်ပါ့မယ်။ ဒါနဲ့မှ အားမရသေးဘူးဆိုရင် စိတ်ထဲမှ ကြိတ်ကြည်ညိုလျက်ရှိသော တပ်မတော်ထောက်ခံသူ မည်သူမဆို လိုက်သွားနိုင်ပါတယ်။ ကုန်ကုန်ပြောရရင်ကွယ်။ မယ်မယ်ဘုရားကအစ ဖေဖေထူထောင်ခဲ့သော တပ်မတော်ကြီးနှင့် စိတ်ဝမ်းမကွဲလိုပါဘူး ဆိုပါက တားမြစ်ရန် အစီအစဉ်မရှိပါကြောင်း သားလေးမောင်တင် ကန်တော့ပန်းဆင်လိုက်ရပါတယ် ခင်ဗျား။