ချန်ဂင်တို့စခန်း (၂၇)

“ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” တဲ့။ နှစ်တစ်နှစ်ရဲ့ အပူဆုံးအချိန်ကို ရောက်ခါမှပဲ မီးတွေကလည်း မတရားပြတ်နေပြန်ပြီ မဟုတ်လား။ အမြဲတမ်း ဒီအချိန်ဆို တနေကုန် အဲကွန်းလေးနဲ့ နေနေကျ ရန်ကုန်၊ မန်းလေးက လူတွေ အဖို့တော့ ငရဲမီးဟပ်သလိုများ ပူလောင်နေကြပလား မပြောတတ်ပါဘူး။ ငရဲခွေးဟပ်တဲ့ ဒုက္ခကလည်း မသေး။ သေသာသေလိုက်ချင်တော့တယ် လို့ ညည်းတွားကြမယ် ထင်ပါတယ်။ ဒီမှာလည်း နေ့ခင်းဘက်ဆို ပူတာတော့ တော်တော်ပူပါတယ်။ အရိပ်ကောင်းတဲ့သစ်ပင်အောက်ထိုင်၊ လေလေးဘာလေး လာရင်တော့ မဆိုးဘူးပေါ့။ ခွဲခန်းထဲမှာ ပူလွန်းလောင်လွန်းလို့ elective operations တွေကို မနက်ပိုင်း စောစောပဲခွဲကြတယ်။ ဒီနေ့ခွဲတဲ့လူနာက သနားသွားလို့ အဲကွန်းနဲ့ မီးစက်တစ်လုံး ဝယ်လှူမယ်တဲ့။ ဝမ်းသာစရာကြီးနော်။

အပြင်ကအပူက သည်လောက်မဆိုးပါဘူး။ ညနေစောင်းလို့ ချောင်းထဲဆင်းရင် ရေနွေးနွေးလေးနဲ့ လန်းဆန်းသွားရော။ ညဘက်ကျတော့ အိမ်ပြင်မှာ တန်းလျားကလေးနဲ့ထိုင်ရင် လေတဖြူးဖြူးနဲ့ အေးပါတယ်။ ပြူတင်းတံခါးဖွင့်အိပ်ရင်လည်း သိပ်မအိုက်ဘူး။ မနက်ခင်းလေးတွေဆို စောင်ကလေးပြန်ဆွဲရတယ်။ “ထနောင်းပင်ထက်က ရွှေချိုးဖြူ၊ သံချိုနှော ဥဩလေးပါကူ” ဆိုတဲ့အတိုင်း ငှက်ကလေးတွေ တေးဆိုတာကို တနေကုန်ကြားနေရတယ်။ ဘုတ်ကလေးတွေကတော့ အိမ်ဘေးပတ်လည်က ခြုံပုတ်ထဲမယ် တအီအီအော်ပြီး လှစ်ကနဲ လှစ်ကနဲ ပြေးသွားကြတယ်။

ပူလို့ထင်ပါရဲ့။ အဲ့ဒီခြုံပုတ်တွေထဲက မြွေလည်း ထွက်ထွက်လာတတ်တယ်။ ရောက်စတုန်းက မုန်ညင်းသွားခူးရင်း အခင်းထဲမှာ စပါးကြီးမြွေကြီး ခွေနေတာတွေ့လို့ ပြန်ပြေးလာရဖူးတယ်။ မကြာသေးခင်ကတော့ မိန်းကလေးအဆောင်ရှေ့မှာ ငန်းတော်ကျားတစ်ကောင် တရွေ့ရွေ့သွားနေတာ ညဘက်ကြီး ဓါတ်မီးတွေနဲ့ ထိုးကြည့်ကြတယ်။ နောက်တနေ့ အဲ့ဒီကောင်ပဲ ထပ်တွေ့ပြန်တော့ ရွာကလာတဲ့ကလေးက သတ်ပလိုက်တယ်။ “အိုက်မြွေက မြွေဘုရင်ခေါ်တယ်လေ။ ပေါက်ခံရပြီး ပက်လက်လန်လဲရင် ကောင်းကင်ကို မော့ကြည့်လို့တောင် မမီဘူး။ သေရော။” တဲ့။ ညရေးညတာ အပြင်ထွက်ရရင် မမြင်မစမ်းနဲ့ နင်းမိရင် ပေါက်မှာကိုး။ စိတ်တော့ မကောင်းပါဘူး။ သူက ကိုယ့်ဆီ လာကျူးတာ မဟုတ်ဘူးလေ။ ကိုယ်တွေက သူ့ဆီ လာကျူးနေတာ မဟုတ်လား။ အိမ်ပတ်ပတ်လည်က ဂျာမနီခြုံကြီးတွေဟာ မြွေခိုအောင်းရာ အသိုက်ကောင်းကောင်းကြီး ဖြစ်မယ်ထင်ပေမယ့် ပြောင်နေအောင်လည်း မရှင်းရဲဘူး။ သွပ်တောင် အသစ်မိုးရတာ ခပ်လန့်လန့်။ သူတို့က ညဘက်ဆို ဒရုန်းနဲ့ လာလာကြည့်တယ်လေ။ လူနာအတွက် တခုခုလုပ်စရာမရှိရင် မီးစက်တောင် အကြာကြီးမမောင်းဘူး။ မှောင်မှောင်ပဲနေတာ။ အရေးထဲ ကိုရွှေကြောင်က မြွေပေါက်စလေးတွေ အိမ်ထဲချီချီလာတတ်သေး။ ဆရာဝန်လေးတို့အိပ်ခန်းထဲထိ ချီလာတာ နှစ်ကောင်ရှိပြီ။ ကြမ်းပေါက်ကလေးထဲ လျှိုဝင်သွားပြီး မမအိုဂျီအခန်းထဲက ရှောကနဲပြန်ထွက်လာလို့။ အကောင်သေးတော့ မကြောက်ပါဘူး။ ဂေါ်ပြားနဲ့ တံမျက်စည်းနဲ့ မောင်းထုတ်ရင် အပြင်ထွက်သွားပါတယ်။ သတ်တော့ မသတ်လိုက်ဘူး။ နေပါစေလေ။ သူ့မေမေ ဒီနားလေးတင် ရှိမယ် ထင်ပါရဲ့။ ဒီမှာနေရင်တော့ သူတို့နဲ့လည်း အဆင်ပြေအောင် ပေါင်းရလိမ့်မယ်ဗျ။ မြင်တာနဲ့ သတ်ချင်နေရင် မေတ္တာပျက်တယ်။ ကိုယ်တို့ဆီမှာ မြွေဆိပ်ဖြေဆေးတွေလည်း အလုံအလောက်ရှိပါတယ်။ ရောက်အောင်လှူပေးထားတာ။

တောထဲမှာ တောရိုင်းတိရိစ္ဆာန်တွေနေတာ သဘာဝပဲ။ စားဖို့အတွက်သတ်ရ၊ ကြောက်စိတ်အတွက်သတ်ရ ဆို သူတို့လည်း မျိုးပြုတ်သွားလိမ့်မယ်။ တောတွေက တနေ့တခြား ပြုန်းလာကြမှကို။ အ ခုဆို ကျားတွေဆင်တွေ​တောင် ကြောက်စရာ ရှာမရတော့ဘူး။ တနိုင်ငံလုံးမှာ ကျားကောင်ရေက ဆယ်ဂဏန်းလောက်ပဲ ကျန်တော့သတဲ့။ ဆင်တွေအကုန်လုံးကတော့ ခိုင်းစားခံနေရပြီလေ။ တောဝက်သားတွေ ခဏခဏ စားနေရတော့ သူတို့လည်း ဘယ်တော့ မျိုးပြုန်းမယ် မသိဘူး။ မျောက်လွှဲကျော်တွေတော့ လူကြိုက်နည်းသလား မသိဘူး။ မနက်မနက်ဆို အော်နေကြတာ ကြွက်ကြွက်ကိုညံလို့။ ဒါတောင်မှ တခါတလေ မျောက်ချေးခါး ချက်ပြီး လာပေးသေးတယ်။ ကိုယ်တွေက မစားရဲလို့။

ဒီကိုရောက်ပြီးမှ မြွေမကြောက် ကင်းမကြောက်။ ကျားတွေဆင်တွေ မကြောက် ဆိုပေမယ့် ကိုယ်ကြောက်တဲ့အကောင်တစ်ကေင်တော့ ရှိပါတယ်။ သေးသေးလေးရယ်။ ဖြုတ်လို့ပြောရမလား သန်းလို့ပြောရမလား မသိပါဘူး။ လက်နဲ့ရမ်းလို့လည်း မရဘူး။ ကြောင်သန်းလောက်အကောင်လေး။ ကိုက်မိရင် အင်မတန်ယားတယ်။ အပိန့်တွေလည်း ထွက်လာတတ်တယ်။ လက်ချောင်းလေးတွေမှာ အရည်ကြည်ဖုလေးတွေထွက်လာပြီး ပေါက်အောင်ပြဲအောင် ကုတ်ရတယ်။ ပြီးရင် အမည်းစက်ကလေးတွေ ကျန်ခဲ့ရော။ နောက်ဆုံးတော့ ခြေတွေရောလက်တွေရော ကုတ်ရာဖဲ့ရာ အမာရွတ် အစက်အပျောက်တွေ ဖြစ်ကုန်တယ်။ အစတုန်းကတော့ ဝဲထင်လို့ ဝဲဆေးတွေမှာလိမ်းသေးတယ်။ မပျောက်ပါဘူး။ သောက်လိုက်ရတဲ့ Bermeton တွေ Cetrine တွေဆိုတာလည်း အဆက်မပြတ်။ ရွာမှာနေတုန်းက ပျောက်သွားပြီး အခု တောထဲရောက်မှ ပြန်ပေါ်တာ။ အဲ့ဒီအကောင်တော့ ကျားတွေဆင်တွေထက် ကြောက်ပါတယ်။

ညဘက် မီးစက်ပိတ်ရင်လည်း တိတ်တိတ်ကလေး ဖုန်းသုံးနေလို့မရဘူး။ အလင်းရောင်ရှိရင် အင်းဆက်ပေါင်းစုံ အနားမှာ လာအုံတာ။ ကုတင်တိုင်ပေါ်ကို ပုရွက်ဆိတ်တွေ အုံလိုက်ကြီး အသိုက်ဖွဲ့လာရင် ဆေးရွက်ကြီးအဖတ်တွေ ချေပြီး သွားထားရတယ်။ သူတို့လည်း အနံ့မခံနိုင်ဘူးထင်တယ်။ ရွှေ့သွားရော။ မိုးတွင်းကျလည်း ကျွတ်မတွယ်အောင် ခြေအိပ်ထဲ ဆေးရွက်ကြီးထည့်ဝတ်ရသတဲ့။ ညနေ ထမင်းစားချိန် ခြင်တွေလာတတ်လို့ အုန်းဆံခွံပေါ် ဆနွင်းမှုန့်ဖြူး၊ မီးခဲတစ်ခဲတင်ပြီး မကုန်မချင်း ကာလီမယ်တော် ပူဇော်သလို မီးခိုးတလူလူနဲ့ စားပွဲပတ် နှင်တာပဲ။ ဝမ်းရှနားမှာ နေတဲ့ ကုန်းကုန်းကြီးတွေ လက်ဝါးလေးတစ်ခြမ်းထောင်ပြီး မြင်းမြီးတံကြီး လက်ပေါ်တင် ခစားရတာ ဘာလုပ်ဖို့လဲ အခုမှ သဘောပေါက်တော့တယ်။ တောစပ်တောခြေမှာတင် အကောင်ပလောင် အင်းဆက်ပိုးမွှားဆိုတာ သိန်းသန်းချီပြီး နေထိုင်ကျက်စားကြတာလေ။ သူတို့က အိမ်ရှင်၊ ကိုယ်က ဧည့်သည်။ တတ်နိုင်သလောက်​တော့ သည်းညည်းခံရမှာပ။

ဘာသာတရားအရဆိုရင် တောထဲမှာ နောက်ထပ် မြင်အပ် မမြင်အပ်သော တောစောင့်နတ် တောင်စောင့်နတ် ဘုမ္မစိုး ရုက္ခစိုးတွေလည်း ရှိဦးမှာမှလား။ ဘုရားလက်ထက်ကဆိုရင် တောမှီယောဂီ ရဟန်းတွေကို မေတ္တာကမ္မဌာန်း စီးဖြန်းဖို့တောင် ဟောတော်မူထားတာ။ ကိုယ်တို့လည်း သတ္တဝါဝေနေယျများအပေါ် မေတ္တာစိတ်နဲ့ နေကြထိုင်ကြတာ ကောင်းပါတယ်။ ဟိုသတ္တဝါတွေမှလွဲ၍ပေါ့။ ၃၁ ဘုံမှာ မေတ္တာနှင့် မထိုက်တန်သော အကုသိုလ်တုံးများဆိုတာလည်း ရှိသေးတာဗျ။ ဘုရားလက်ထက်က မာရ်နတ်မင်းရဲ့ နောက်ပါဗိုလ်ခြေတွေ မဟာအဝီစိက ခဏခေါင်းပြူလာကြတာ နေပါလိမ့်မယ်။ မမြုတ်ခင်ကလေးတော့ ပေါ်ပစေဦးပေါ့။ သူတို့နဲ့ ကင်းကင်းနေချင်လို့ သူတို့မရှိတဲ့အရပ် လာနေတာလေ။ မင်း လာမရှုပ်နဲ့ လာမရှုပ်နဲ့။ မင်းလာမရှုပ်နဲ့။ ကိုယ့်မှာတစ်ဃောက်တည်း မေတ္တာတရားတွေ ပွါးများချင်သေးတယ်။

နောက်တစ်ခု အဆန်းတကြယ်ဖြစ်ရတာကတော့ ဒီအရပ်က ခိုင်းနွားတွေပါပဲ။ ခိုင်းစရာရှိရင် မနက်စောစော နေမပူခင် သဲတိုက် ကျောက်တိုက် ရေခပ် ထင်းသယ် ခိုင်းထားလိုက်တယ်။ ပြီးရင် ထမ်းပိုးဖြုတ် ကြိုးဖြည်လွှတ်လိုက်တာပဲ။ အစာလည်းမကျွေး ရေလည်းမတိုက်။ သူတို့ဘာသူတို့ ရွာဘေးပတ်လည် စိမ်းရာစိုရာ ရှာကြံစားကြ၊ ချောင်းထဲဆင်း ရေသောက်ကြ။ ဘယ်သူမှ လိုက်ကြည့်မနေဘူး။ နွားအုပ်ကြီးက စုမိရင် အကောင် ၃-၄၀ ရှိတယ်။ ခွေ့ချင်လည်း ခွေ့လိုက်ကြ။ ပြေးချင်လည်း ပြေးလိုက်ကြ။ အဲ့ဒါကြောင့် ရွာထဲက အိမ်တွေမှာ နွားစာခွက်လည်း မတွေ့ခဲ့မိဘူး။ နွားစာစင်းနေတာလည်း မမြင်ခဲ့မိဘူး။ အချိန်တန် ကိုယ့်နွားကိုယ် ပြန်ကောက်ရုံပဲ။ ပျောက်တယ်လို့လည်းမရှိ။ အညာက ရွာတွေဘက်ဆို နွားခိုးပူလွန်းလို့ နွားကို ညဘက် အိမ်ထဲသွင်းပြီး ခြင်ထောင်နဲ့ သိပ်ကြရတာ။ ပိုးထိလို့ နွားသေရင် “အောင်မယ်လေး ရွှေတောင်ကြီးပြိုပါပြီ။” ဆို ဟစ်ဟစ်ပြီး ငိုကြတာ။ ဒီမှာတော့ နွားခိုး ရှိပုံမရ။ သူတို့နွားတွေက ကြွတ်ကြွတ်အိပ်တွေလည်းစား၊ အဝတ်စုတ်​တွေလည်းစား။ ဘယ်လိုဟာတွေ မှန်းကို မသိဘူး။

ဒီအချိန် ဒီကာလအတွင်းမှာ ကိုယ်တို့လိုပဲ အရညဝါသီ တောမှီအရည်းရဟန်းများ ဖြစ်လာသူတွေ တော်တော်တော့ များလာပါပြီ။ “ချောကလျာ ရွှေစင်သွေးဖြာ လှဟန်တမူခြား နုအသားဝင်းဝါ” ဆိုတဲ့ မော်ဒယ်မင်းသမီးလေးတွေလည်း ရှုတင်မတည်ပဲ တောစခန်းရောက်ကြတယ်။ တီဗီမှာ သတင်းကြေငြာတဲ့ ခန့်ခန့်ချောချော ထောင်ထောင်မောင်းမောင်း အကိုကြီးလည်း မုတ်ဆိပ်ကျင်စွယ်တွေ မရိတ်နိုင်ပဲ ဦးမန်းဝင်းကြီးနဲ့ တူနေပြီ။ တောတွင်းအတွေ့အကြုံ ကိုယ်စီကိုယ်စီနဲ့ သဘာဝဆန်သော အနုပညာဖန်တီးမှုတွေကို ပရိသတ်ဆီအရောက်ပို့ပေးနိုင်တဲ့ အချိန်တချိန်လည်း ရောက်လာတော့မှာပါ။ မြန်မာပြည်ရဲ့အနာဂတ်မှာ စစ်တပ်ဆိုတာ အယုတ်ညံ့ဆုံး အဖွဲ့အစည်း၊ စစ်အသိုင်းအဝိုင်းဆိုတာ သူခိုးကြမ်းပိုး အမျိုးယုတ်တွေချည့် စုတဲ့နေရာ၊ မိအောင်လှိုင်ဟာ မယ်အိမ်လုံး။ အဲ့သလိုမျိုးပဲ နာနာကျည်းကျည်း ရင်ထဲအသည်းထဲ စွဲမှတ်သွားကြတော့မယ်။

ဒါက တောတွင်းဇာတ်လမ်းပဲ ရှိသေးတာ။ ရွာတွေမီးရှို့တဲ့ ဇာတ်ကြမ်းတွေ။ မြို့ပေါ်မှာ အနိုင်ကျင့်နှိပ်စက်တဲ့ ဖြစ်ရပ်မှန်တွေဟာလည်း အောင်ခိုင်တို့ စိုင်းအောင်တင့်တို့တောင် သရုပ်မဆောင်ရဲလောက်အောင် ကြည့်ရှုပြသရန်မသင့်တဲ့ ဇာတ်ကွက်တွေ ပါလိမ့်မယ်။ ကမ္ဘောဒီးယားမှာ ကမ္ဘာလှည့်ခရီးသည်တွေလာရင် “ငါတို့ရွာက ကလေးလေးတွေကို ခြေနှစ်ချောင်းက စုံကိုင်ပြီး ဟောသည်သစ်ပင်ကို လွှဲလွှဲပြီး ရိုက်သတ်သွားတာပေါ့။ ဟိုမှာမြင်လား။ မြေကျင်းကြီး။ အဲ့ဒီထဲက အရိုးစုတွေအပြည့် တူးယူထားရ တာ။” အဲ့သလိုမျိုး ပြောပြောပြီး လိုက်ပြကြသတဲ့။ နောက်ဆို ကိုယ်တို့မြန်မာပြည်မှာလည်း နေရာအနှံ့ “Killing field” ဇာတ်ကားသစ်တွေ ကမ္ဘာကျော်အောင် ရိုက်ပြလို့ရပြီ။

ကမ္ဘာဦးအစကနေ သည်ကနေ့ထိတိုင်အောင် လူမဆန်စွာ ရက်စက်ယုတ်မာ ကောက်ကျစ်သော အဖွဲ့အစည်း အသင်းအပင်း ဆွေမျိုးသားချင်းတစ်စုကို ဘယ်အရပ်ဒေသ ဘယ်အချိန်အခါတုန်းကမှ လိုက်လျောလက်ခံ ဖြစ်တည် စုစည်းခွင့် ပေးတယ်ဆိုတာ မရှိဖူးဘူး။ လူ့အသိုင်းအဝိုင်းကလည်း လက်မခံဘူး။ ဘယ်လောက်ပဲ လေးဘက်ကုန်း ခစားခစား သူ့အဆင့်က ပူတင် နဲ့ တောင် တွေ့ခွင့်ရတဲ့အစား မဟုတ်။ တာတာစတန်က ပေါက်ယူချန်းလောက်ကို နှမပေး လည်ပင်းဖက် ပလူးရတာ။ ခွေးမိန်မှာ အိမ်ဝယ်လို့ တရုတ်က သူ့လက်ခံမယ်များ မှတ်သလား။ ပေါက်ဖော်က ကိုယ်တိုင်ကြိုးတုပ်ပြီး မေမေ့အတွက် လက်ဆောင် ဆက်မလို့ စောင့်နေတာ။ အစိုးရသစ်တက်လာရင် “ကျင်းစွေ့ ဝမ်းစွေ့” လုပ်ဖို့ အကောင်းဆုံး စစ်ရာဇဝတ်ကောင်လေ။ နိုင်ငံတကာမှာလည်း မျက်နှာပန်းပြ လှမယ်။ ပိုင်ဆိုင်မှုတွေလည်း ကိုယ့်အိပ်ထဲဝင်မယ်။ အလျော်မပါဘူး။ အစားချည့်ပဲ။

သူတို့ဆီက အနုပညာရှင်တွေဟာ ဖန်တီးမှုတွေကို တစ်ခုချင်း ကြည့်လို့လည်း လှ၊ တစ်ခုစီပေါင်းပြီး တစ်စုံလုံး ခံစားတဲ့အခါလည်း ပြောချင်တဲ့အဓိပ္ပါယ်ကို ပြီးပြည့်စုံသွားစေတဲ့ အတွဲလိုက်ကလေးတွေလည်း တင်ဆက်လေ့ရှိပါတယ်။ ပြင်သစ်က “Troi Couleurs” (Blanche, Rouge, Bleu) ရုပ်ရှင် ၃ ကားလိုမျိုး။ Leslie Cheung ရဲ့ (Spring, Summer, Autumn, Winter) သီချင်းခွေ ၄ ခွေ လိုမျိုးလေးတွေ။ ကိုယ်လည်းပဲ “ချန်ဂင်တို့စခန်း” လေးကို ဆောင်းရာသီပုံရိပ်ကလေးတွေရော၊ နွေရာသီရှုခင်းကလေးတွေရော အရောင်အသွေးစုံအောင် အဖြစ်သနစ်ကလေးတွေ နှောလို့ ဆေးရောင်ကလေးတွေ ခြယ်လာခဲ့မိတယ်။ မကြာခင်မှာ မိုးတွင်းရာသီ သဘာဝစရိုက်ကလေးတွေ တွေ့ရမြင်ရဦးမယ် ထင်ပါရဲ့။ အင်မတန်မှကို ချစ်စရာကောင်းတဲ့ နေရာကလေးပါလေ။ တချို့အပိုင်းတွေမှာ စုတ်ချက်ကလေးတွေ ကြမ်းခဲ့ရင် ခွင့်လွှတ်နော်။ သုံးရာသီ စုံမှ ပြည့်စုံတဲ့အလှ ရမှာ မဟုတ်လား။