ဒီလိုနဲ့ ရက်တွေလတွေ ပြောင်းလာသလောက် ချန်ဂင်တို့ ဆေးရုံကလေးလည်း တစထက်တစ အဆင်ပြေပြေ သွက်သွက်လက်လက်ကလေး လည်ပတ်လုပ်ကိုင်နေပါပြီ။ လူနာတွေ တစ်သုတ်ပြီးတစ်သုတ် အတက်အဆင်း အဆက်မပြတ်သလို တခြားတဘက်မှာလည်း PDF သင်တန်းလာတက်တဲ့ကလေးတွေ ဝင်လာမစဲ တသဲသဲ ရှိကြပါတယ်။ ကိုယ်တို့စခန်းက သင်တန်းပေးနေတာ မဟုတ်ပဲ ဆေးကုတဲ့ ဆေးရုံသက်သက်ပါ။ အဝင်အထွက် ဆုံမိချိန်လေး ဘုန်းကြီးတွေ သိမ်ဆင်းလောင်းသလို လိုမယ်ထင်တာတွေ ဝယ်ဝယ်ထည့်ပေးတာ။ သိပ်မကြာလှပါဘူး။ သူတို့လည်း ရှေ့တန်းစစ်မြေပြင် အသီးသီးကို ကိုယ်စီကိုယ်စီ ထွက်ခွါသွားကြတာ အမြဲတွေ့မြင်နေကျ။ “ဆရာ။ ဘာမှာဦးမလဲ။” လို့ မေးရင်တော့ “ကောင်းကောင်းမွန်မွန် ပြန်လာခဲ့။ ဒဏ်ရာရတဲ့လူရှိလည်း ဒီကိုရောက်အောင် ပြန်ခေါ်ခဲ့။” လို့ မှာပါတယ်။ ကိုယ့်ဆီက ကလေးတွေ ရှေ့တန်းထွက်ရင် ကိုယ်စီကိုယ်စီ လက်နက်ရိက္ခာ အစုံအလင်ပါသလို သူတို့ချည့်ပဲ လွှတ်လိုက်တာ မဟုတ်ပဲ နယ်မြေကျွမ်းကျင်တဲ့ အကွပ်အကဲ ကြီးကြပ်သူတွေ ပါကြပါတယ်။
ကိုယ်တို့အရပ်က EAOs တွေဟာ ဒုက္ခသည်လက်ခံ စစ်သင်တန်းဖွင့်စားပြီး စစ်တပ်နဲ့ အပေးအယူညှိနေတဲ့ ဘိန်းသူပုန်အဖွဲ့အစည်းမျှလောက် မဟုတ်ပါဘူး။ ခုတမျိုး တော်ကြာတမျိုး ပါးစပ်ထဲရှိရာ အမျိုးမျိုးပြောနေတဲ့ မအလရဲ့ လှည့်ကွက်ထဲမှာ ငုတ်တုတ်မေ့နေလောက်သော နလပိန်းတုံးများလည်း မဟုတ်ပါဘူး။ သူတို့အနေနဲ့ မအလစစ်တပ်ဆီမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းပြီး နေစရာ ဘာအကြောင်းမှ မရှိဘူး။ မအလစစ်တပ်ကသာ သူတို့ပြည်နယ်အတွင်းမှာ ပြဿနာမရှာပဲ မြို့ပေါ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို ကိုယ့်ဘာသာအုပ်ချုပ်လုပ်ကိုင်ပြီး နေခွင့်ပြုပါမည့်အကြောင်း ကိုယ်ပိုင်အုပ်ချုပ်ရေးပြန်တောင်းပြီး ရှင်ကြီးဝမ်းခိုသလို ခိုနေကြရတာပါ။
EAOs ထဲက အရာရှိ အရာခံ အကြီးအကဲတွေဟာ မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင်ပဲ အိမ်ကြီးအိမ်ကောင်းများနဲ့ မိသားစုလိုက် နေထိုင်ကာ စီးပွါးရေးလုပ်ငန်းကြီးတွေ လုပ်ကိုင်လျက် ရှိပါတယ်။ အခုချိန်တိုင်အောင် NLD ပါတီဝင်တွေကို နေရာတကာ လိုက်ရှာ ဖမ်းဆီး သတ်ဖြတ် ချိတ်ပိတ်လုပ်နေတဲ့ ဗမာစစ်တပ်ဟာ ဘယ်တိုင်းရင်းသားခေါင်းဆောင်ရဲ့ အိမ်ကိုမှ တံခါးသွားမခေါက်ရဲသေးပါဘူး။ မသိဘူးဆိုရအောင်ကလည်း ဘယ်သူကမှ ပုန်းလျှိုးကွယ်လျှိုးနေနေတာ မဟုတ်။ တောထဲလာလိုက် အိမ်ပြန်လိုက် ကလေးတွေရော ခွေးတွေရော ကူးသန်းသွားလာနေကြတာပဲဟာ။ ယူနီဖောင်းဝတ်ပြီး ဘော်ဒီဂတ်တွေနဲ့ ပါ။ ကြောက်ကြောက်နဲ့ မော်မကြည့်ရဲရုံတင် မဟုတ်ဘူး။ ဘွဲ့တံဆိပ်တွေပေးပြီး ပရောပရည် လုပ်မရမှန်းသိလို့ စကားရောင်းစကားဝယ်တွေကတဆင့် ချော့ပေါင်းနေရတာပေါ့။ နမူနာပြရရင် ဟိုးတလောက မအလကိုယ်တိုင် “ပူတာအိုလေး သွားပါရစေဦး။” ဆိုပြီး ခွင့်တောင်းတာ “ကိုယ့်လုံခြုံရေးကိုယ် တာဝန်ယူနိုင်ရင် သွားပေါ့။” လို့ ဆိုတာနဲ့ ၂ ကြိမ်တိုင်တိုင် ခရီးစဉ်ဖျက်ပြီး ပြန်လာခဲ့ရတယ်လေ။ အဲ့သလောက်ဆိုရင် ဘယ်သူက ဘာဆိုတာ မြင်လောက်ပြီ မဟုတ်လား။
လေကြောင်းပစ်ကူတွေနဲ့ တနိုင်ငံလုံးကို ထောင်းလမောင်းကျေအောင် လက်နက်ကြီးတွေ လိုက်ချနေတဲ့ မအလရဲ့ လေတပ်ကြီးဟာ လိုင်ဆာဌာနချုပ်ကို တစ်ကြိမ်တစ်ခါမျှ ဗုံးသွားကျဲဖူးတယ် မကြားမိပါဘူး။ အာဏာသိမ်းပြီးကတည်းကာသူ့စခန်းတွေသာ တစ်ခုပြီးတစ်ခု ကျသွားတယ်။ သူ့ဘက်က ဘယ်စခန်းကိုမှ တက်သိမ်းနိုင်တာ မရှိဖူးတာလည်း အသေအချာပဲ။ “ရှိကြီးခိုးပါရဲ့နော်။ PDF တွေကို ကူမတိုက်ပေးကြပါနဲ့။” လို့ အကြိမ်ကြိမ် စာပို့တာတောင် စောင်ဖက်အလုပ်မခံရတဲ့ဘဝ။ အဲ့သလို မလှန်နိုင်လောက်တဲ့ အင်အားရှိတာမို့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေဟာ သူတို့အရပ်တွေမှာ မပြင်းထန်ပါဘူး။ ရမလား လို့ ခိုးသွားကြည့်။ မိသွားတော့လည်း ဂိ။ အသံတောင် မထွက်ရဲဘူး။
စစ်သားတွေနှိပ်စက်လို့ စိစိညက်ညက်ကျေရပါတယ် ဆိုတဲ့အရပ်တွေကိုကြည့်ရင် နဂိုက ဘာလက်နက်ကိုင်အဖွဲ့မှ မရှိပဲ ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက်ရတဲ့ နယ်မြေတွေများပါတယ်။ ဒါဖြင့်ရင် ဒီမောဆိုးတို့ ဖရူးဆိုးတို့က ဘာတွေလဲ ဆိုတော့ အဲ့ဒါ ကြံ့ဖွံ့အမာခံနယ်မြေတွေပါ။ စစ်တပ်နဲ့ ဝန်ထမ်းချည့်ပဲ ရှိတဲ့နေရာတွေမို့ ဦးအောင်မင်းတို့ ဦးစိုးသိန်းတို့ သွားအရွေးခံတဲ့နယ်တွေလေ။ အဲ့ဒီနေရာမှာ ဖွတ်ဘောမတွေ ကြီးစိုးတယ်။ နယ်မြေအခြေအနေ မတည်ငြိမ်အောင်လည်း သူတို့ကချည့် ထထမွှေတယ်။
တခါတုန်းက ဘုရားဖူးရင်း ဆရာတော် နေမကောင်းဘူးဆိုလို့ ဝင်ကြည့်ပေးတယ်။ အဲ့ဒီက TMO အမျိုးသမီးကလည်း ရောက်လာလို့ ဆရာဝန်အချင်းချင်း ရောဂါကိစ္စ ဆေးကိစ္စ ဆွေးနွေးကြတယ်။ ရယ်ရယ်မောမောပါပဲ။ သူက “ဆရာ့ကိုသိတယ်။ ဆရာ့စာတွေလည်း ဖတ်ပါတယ်။” အထိ ပြေလည်တယ်။ မပြေလည်တာက ဘုန်းကြီးရဟန်းရှေ့မို့ ကြမ်းပြင်မှာထိုင်စကားပြောနေတဲ့ ဆရာဝန်တွေကို နောက်နားဆီက ဘုန်းကြီးနဲ့တပြေးတည်း ကုလားထိုင်နဲ့ထိုင်နေတဲ့ အမျိုးသားတစ်ယောက်ဟာ သူနဲ့လည်း မဆိုင်ပဲ စကားဝိုင်းထဲကို အတင်းဝင်ဝင်ပြောနေလို့ ဘယ်သူပါလိမ့်လို့ မေးတဲ့အခါ သူ့ခင်ပွန်းသည်ပါ လို့ အားတုံ့အားနာ ပြန်ဖြေတယ်။ ဒီလိုတော့လည်း မကောင်းဘူးပေါ့လေ။ ကိုယ်လည်း အလိုက်အထိုက် စကားပြန်ပြောတဲ့အခါ အဲ့ဒီလူက ဆရာဝန်လည်း မဟုတ်။ ဆေးအကြောင်းလည်း နားမလည်ပဲ ဗိန္ဓောဆေးညွှန်းတွေ ပေးပေးနေလို့ ဖြစ်တတ်ပါတယ် ဆိုပြီး ပြုံးရုံရှိသေး။ ဒင်းက “ဟိုဆေးရုံက ဆရာဝန်လေ။ နားမလည်ပါးမလည်နဲ့ CDM လုပ်နေလို့ အခု ချော့ခေါ်ထားတယ်။ ဒီကောင် ကောင်းကောင်းမွန်မွန်ခေါ်လို့ ပြန်လာရင်လာ။ မလာရင် ဝရမ်းထုတ်တော့မှာ။” နောက်ထပ် ဘယ်ဆေးရုံ ဘယ်ဆေးရုံက ကောင်တွေ ဘယ်နှစ်ယောက်ရှိတာ။ သူက ဘာလုပ်ပစ်မှာ။ အဲ့ဒီစကားတွေ ကြားရတဲ့အခါ ဆက်ပြီးသည်းမခံနိုင်လို့ ဘုန်းကြီး ဦးချပြီး ထပြန်လာခဲ့ပါတယ်။
သူ့မိန်းမက ဆရာဝန်ဖြစ်တာနဲ့ သူ့မှာ အဲ့သလို လုပ်ပိုင်ခွင့် ရှိသလား။ ဆရာဝန်အချင်းချင်းထဲရောဂါအကြောင်း ဝင်ဆွေးနွေးရအောင် ဉာဏ်ရောမီလို့လား။ သူ့မိန်းမလုပ်ငန်းခွင်က ဆရာဝန်တွေကို သူက အကောင်၊ အကောင်မ တပ်ခေါ်တဲ့အထိ ရိုင်းနေတာ တော်တော်ကို ဒေါသထွက်ပါတယ်။ ကိုယ်က ဘယ်လိုစာမျိုးတွေ ရေးနေမှန်း သိလည်းသိ ဖတ်လည်းဖတ်တယ်ဆိုတဲ့ သူ့မိန်းမခမျာတော့ “ဘယ်နေ့ ငါ့အကြောင်းများ စာထဲပါလာမှာပါလိမ့်။” ဆို တထိတ်ထိတ် ဖြစ်နေရှာရော့မယ်။ စိတ်သာချ ကြီးတော်ရေ။ အခု ရေးလိုက်ပြီ။ အနာသည်းသွားလည်း “ငါမှန်းတော့ ဘယ်သူမှ မသိလောက်သေးပါဘူးလေ။” ဆိုပြီး အောင့်ခံလိုက်ပေတော့။ သူ့ကို အပုတ်ချချင်လို့ ရေးတာ မဟုတ်ပါဘူး။ ဒါဟာ non CDM ဆရာဝန်တစ်ယောက်အနေနဲ့ မလွဲမသွေ ရင်ဆိုင်ရမယ့် အရှိတရားပဲ ဆိုတာ သိစေချင်လို့ပါ။ ဒီအမျိုးသမီးကမှ ကိုယ့်လင်ချေး ကိုယ်ကြုံးရသေး။ အခု အလုပ်ထဲဆက်နေတဲ့သူတွေ ဘယ်သူ့ချေးကြုံးနေရသလဲ ကိုယ့်ဘာသာကိုယ် သဘောပေါက်ပေါ့။ ထပြန်လို့တောင် မရတဲ့ဘဝ။
ဒီ့ထက်ဆိုးတာကတော့ အခု အဲ့ဒီလင်မယားရှိတဲ့အရပ်ဆီမှာ ရွာလေးငါးခြောက်ရွာပြောင်အောင် လူသတ်မီးရှို့ရှင်းလင်းတဲ့သတင်းကိုဖတ်ရတဲ့အခါ အဲသလို ငဆွေးငပွေး အူကြောင်ကျားများ ရှိရာအရပ်ဟာ ပျူတွေဖွတ်တွေ ဒလန်တွေမွှေပြီး အရပ်နာ ရွာနာ ဖြစ်တာ မထူးဆန်းဘူး လို့ သဘောပေါက်မိပါတယ်။ ကပ်ဆေးလို့ တပ်ဘေးမကြုံချင်ရင် ကိုယ့်ရွာကဒလန်ကို မလှန်နိုင်အောင် ရှင်းထားနိုင်မှ စိတ်ချရပါတယ်။ နို့မို့ မီးခြစ်ဆံတစ်ချောင်း ကြံတစ်သောင်း ဆို တခင်းလုံး ပြောင်လိမ့်မယ်။ ဒလန်ကို ဒလန်လိုပဲ မြင်ပါ။ စစ်ခွေးတွေ လူဟစ်သလို အရပ်သားချင်းလို့ မမြင်ပါနဲ့။ ဒလန်တွေ ကတုံးရိတ်ပြီး သင်္ကန်းခြုံလိုက်ရုံနဲ့ “သံဃာကို မပစ်မှားနဲ့။” ဆိုတဲ့ ချေးကိုလည်း ကျွေးတိုင်းစားနိုင်တာ အံ့ဩပါရဲ့။ ဒလန်ဆိုတာ ကိုယ့်နောက်ကျောကိုထိုးမယ့် ဓါးပါ။ ရင်ဘတ်ထဲကဓါး သွားမလုပ်ပါနဲ့။
ယူနီဖောင်းဝတ်လိုက်ရင် စစ်သားပေါ့။ ပုဆိုးကလေးနဲ့နေတော့ အရပ်သားပဲ မဟုတ်ဘူးလား။ သင်္ကန်းဝတ်မှတော့ ဘုန်းကြီးမဖြစ်လို့ ဘာဖြစ်ရမှာလဲ။ ရဲတွေလည်း စစ်ဝတ်စုံဆင်ခိုင်းလို့ရတယ်။ ထုတ်လုပ်ရေးစစ်သည်တွေလည်း လက်ထဲသေနတ်ပေးပြီး စစ်တိုက်ခိုင်းလို့ရတာပဲ။ အဝတ်ကလေးကောက်ကောက်လဲပြရုံနဲ့ “မောင်။ သူက ဘယ်သူလဲ ဟင်။” မမှတ်မိရအောင် လူတွေကိုသူက ဘာထင်နေလို့လဲ။ ဦးသိန်းစိန်အုပ်ချုပ်လို့ အရပ်သားအစိုးရ အဲ့သည်ကစတယ် ထည့်တွက်ချင်ရင် မြန်မာ့အလင်း ကြေးမုံ မြဝတီမှာပဲ ရမယ်။ သူ ဘာလဲဆိုတာကို သူ ဘာဝတ်ထားသလဲနဲ့ မဆုံးဖြတ်ဘူး။ သူ ဘာလုပ်သလဲ၊ သူ ဘာအချိုးချိုးသလဲ နဲ့ အကဲခတ်တယ်။ ကြောင်ကြာကြာ ရေမငုတ်နိုင်တဲ့ နိုင်ငံရေးနယ်ပယ်မှာ ဝါဝါမြင်တိုင်း ရွှေမထင်ဖို့ အရေးကြီးပါတယ်။
ဒီအခါမှာ ကိုယ်တွေ့ဖူးကြုံဖူးထားတဲ့ လူသားနမူနာ နောက်တစ်ဦးကို သာဓက ပုံဆောင်ပြီး ဥပမာပြပါ့မယ်။ ဟိုးတုန်းကလည်း “မနုသီဟ ဖင်နှစ်ခွ” ဆို ရေးခဲ့ဖူးပါတယ်။ စစ်သားတွေ အပြင်ဝတ်ပြောင်းဝတ်လို့ အရပ်သားဖြစ်မသွားဘူး ဆိုရင် ဘယ်သူမဆို ပင်နီတိုက်ပုံလေးကောက်ဝတ်ပြီး မေမေစုအနားကပ်လိုက်ရင် စိန်နားကပ်ရောင်နဲ့ ပါးပြောင်လို့ ရသလား ဆိုတာပေါ့။ ကိုကိုစိုးသူ ပြန်လာခါစ ရုပ်ရှင်ပြန်ရိုက်ရအောင် လို့ အများအပြားလာခေါ်ကြတဲ့အထဲမှာ ပင်နီဝတ် လူငယ်ဒါရိုက်တာတစ်ယောက်လည်း ပါပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်မျက်စိအောက်မှာ ရိုက်ရက်လာတောင်းနေသခိုက် အဇမ်းကို နံမည်တွေကြီး သွက်လက်တက်ကြွနေသူမို့ ပါးစပ်ကလေးအဟောင်းသားနဲ့ နားထောင်နေတာပေါ့။ သူက မေမေ့အတွင်းစည်းထဲကလူလေ။ ဒါပေမယ့် ရေပက်မဝင် စကားတွေဖောင်နေတဲ့ ၄၅ မိနစ်လောက် ကာလအတွင်းမှာ မေမေ့အကြောင်း တစ်ခွန်းမှ အရေးလုပ်မသွားပါဘူး။ ဗိုလ်ချုပ်တွေရှိသမျှ လူကုန်အောင် နံမည်တပ် တ ပြီး ဘယ်သူ နဲ့တော့ ဘယ်လို ရင်းနှီးတာ။ ဘယ်သူ့အတွက် ဘယ်နှစ်ကား ရိုက်ပေးခဲ့ရတာ။ သူ ဘယ်လောက်အလုပ်များတာ။ အဲ့ဒါတွေချည့်ပဲ ပွါးသွားတယ်။ ဝတ်ထားတော့လည်း ပင်နီကြီးကို မချွတ်ဘူး။ ပြောနေတော့လည်း ဗိုလ်ချုပ်အောက်ကို မဆင်းတာ။ မေမေ မာရဲ့လား မေးဖို့တောင် အားနာလာတယ်။ တော်ပါသေးရဲ့။ အဆုံးသတ်တော့ သုဒ္ဓောကလေးတစ်လုံး ပါလာပါတယ်။ အန်တီက အနုပညာနယ်ပယ်မှာ အတံရှည် မရသေးဘူးလေ။ အဲ့ဒါကြောင့် သူလို လူငယ်ခြေတက်ကလေးက တွဲခေါ်ပြီး ပေါ်ပြူလာရတီရအောင် လုပ်ပေးနေတာတဲ့။ သေရောဟယ်။ ဒီစကားတွေ ဟိုဘက်က မကြားဘူးလား။ သွားပြောပြန်ရင်လည်း “အတင်းပြောတဲ့သူတွေကလည်း မနည်းဘူး။ ကဲ။” ဖြစ်ဦးမယ်။
ဒါပေမယ့်လည်း မနေနိုင်ပါဘူး။ ကိုရဲမင်းဦးကြီးလည်း အဲ့ချိန်တုန်းက AGD Bank ကနေ ခွါပြီး မေမေ့အနားရောက်နေတယ်။ သူနဲ့တွေ့တော့ ပြောဖြစ်တယ်လေ။ ကိုမင်းအိုရေ အဲ့ဒီဟာလေးက အဲ့လိုကြီးနော်။ တော်နေကြာ မိုးကြိုးတွေပစ်နေမယ်။ ဘာဖြစ်လို့ဆိုတော့ မင်းသမီးအမ ဟိုမိန်းမကြီးကိုလည်း သူကပဲ ဇမ်းတင် ပွဲထုတ်လာတာကိုး။ အိုက်ချိန်တုန်းကဆို ထက်မြက်တဲ့မိန်းမဆိုတာ မြန်မာပြည်မှာ သူတစ်ယောက် ရှိသလိုကို လော်ကြတာ။ ကိုမင်းအိုကတော့ “စိတ်မပူပါနဲ့။ အန်တီက လူကဲခတ်မညံ့ပါဘူး။” လို့ ပြန်ဖြေတယ်။ “ဒါနဲ့ပဲ မြွေပွေး ခါးပိုက်ပိုက်ရရောလား။” လို့ ဆက်တော့ “”မြွေပွေးလည်း ကိုယ့်အတွက် အသုံးလိုလာလို့ရှိရင် တခြားရွေးစရာမရှိရင် ခါးပိုက်ပိုက်သင့် ပိုက်ရတာပဲ။ သတိရှိရင် ရပါတယ်။” တဲ့။ အဲ့ဒီအချိန် အကျယ်ချုပ်ကလွတ်ကာစ ရွေးကောက်ပွဲမဝင်ရသေးတဲ့ မေမေ့ဆီမှာ ဝန်းရံမယ့် အနုပညာသမားတွေ ဘယ်သူကမှ ထိုးဖောက်ပြီး ထွက်မလာသေးပါဘူး။ ဘူးခင်းလေးက ခုမှ အညွန့်ရှိသေးတာကိုး။ သူခေါ်ရိုက်လို့သာ မင်းသား မင်းသမီးတွေ ဘတ်စကားပေါ်ရောက်ကုန်တာလေ။ ဟိုကလည်း သူ့တွက်ကိန်းနဲ့သူ လာမှန်းလည်းသိတယ်။ ကိုယ်ကလည်း ကိုယ့်တွက်ကိန်းနဲ့ကိုယ် လက်ခံထားလိုက်တာပေါ့။ မှန်းချက် နဲ့ နှမ်းထွက် မကိုက်ရင် ခင်းထားတဲ့ဈေးဗန်း သူ့ဟာသူသိမ်းပြန်ပစေ။ အင်းပေါ့လေ။ “အစက မသိလို့ ခံလိုက်ရပါတယ်။” ဖြစ်မစိုးလို့ပါ။ “သိသားပဲ။ အသုံးလိုလို့။” ဆိုလည်း ပြီးတာပဲ။
အဲ့ဒီသင်ခန်းစာတွေကို သည်ကနေ့ လက်တွေ့ဘဝမှာလည်း အသုံးချနေဆဲပါပဲ။ တော်လှန်ရေးကာလအတွင်း သူ့အကြောင်းကိုယ့်အကြောင်း အူမချေးခါးကအစ DNA တိုက်၊ ကိုက်မကိုက် စစ်နေညှိနေစရာ မလိုပါဘူး။ ဘယ်သူဖြစ်ဖြစ် လမ်းတူရက် လူချင်းတွေ့လို့ရတုယ်။ အဆုံးသတ် ရလပ်ကပဲ စကားပြောတယ်။ အမေပန်တို့ အမေပိုးတို့ သူ့ဖန်နဲ့သူ ဘယ်လိုပင်ရှိစေကာမူ ထောက်ပို့တပ်သားအဖြစ် ငွေရှာတဲ့နေရာမှာ ကိုယ့်ထက်အများကြီးသာတာပဲ။ အားကိုးတယ်။ ဂုဏ်ယူတယ်။ ရှာပေးဦး။ ကိုယ်လည်း ကိုယ်သန်ရာသန်ရာ အထုပ်ထမ်းတယ်။ သူတို့လည်း သူတို့သန်ရာသန်ရာ အထုပ်ထမ်းတယ်။ တစ်ယောက်တစ်ယောက် မကူညီရင်နေ အနှောက်အယှက်တော့ မပေးဘူး။ အတိုက်အခိုက်ဆိုတာတော့ သူတို့မှာလည်းရှိတယ်။ ကိုယ့်မှာလည်းရှိတယ်။ ကိုယ့်လူကိုယ်ဆဲကြတာပေါ့နော့။
အေငြိမ်းကလေး ရွှေတွေဝယ်တော့ တပြည်လုံးက စာရင်းစစ်ဝင်လိုက်ကြတာ ပြောမနေနဲ့။ ပြောနေတဲ့သူအားလုံးက အဲ့လောက်အလှူငွေများများစားစား မကိုင်ဖူးလို့ ပြောနိုင်တာပဲ။ အလှူငွေလက်ခံရတဲ့ကိစ္စ ကိုယ့်ဘာသာကိုယ် အသိဆုံး။ ကိုယ့်မှာက တသက်နဲ့တကိုယ် ကိုယ်ပိုင်အကောင့်တောင် ဖွင့်ဖူးတာ မဟုတ်ဘူး။ အလှူငွေလာရင် အံဆွဲထဲမှာ စာအုပ်ကလေးနဲ့ညှပ်ပြီး သိမ်းထားတာ။ ငွေပမာဏအများကြီး ရှိလာတဲ့အခါကျ လက်ထဲမထားရဲ။ ပျောက်မှာစိုးလို့ ဘဏ်ထဲထားတယ်။ ဘဏ်ကငွေတွေ ထုတ်မရတဲ့အချိန်မှာ လောလောဆယ် သုံးစရာမရှိမှာထက် အဲ့ဒီငွေတွေ စစ်တပ်က အကောင့်ပိတ်ပြီး သိမ်းသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ပူရတယ်။ တကယ်လို့များ ကိုယ် သေသွားခဲ့သည်ရှိသော် သံသရာကြွေးပါသွားမှာလည်း ကြောက်တယ်။
လောလောဆယ်မှာ ဒီအရပ်ကနေ ငွေထုတ်လို့လည်းမရ။ ငွေပေးငွေချေလည်း လက်မခံကြ။ ဖုန်းဘေလ်ဖြည့်လို့ပဲ ရတယ်။ ရာခိုင်နှုန်းပေးထုတ်ပြီး လက်ထဲကိုင်ထားရအောင်ကလည်း ခွေးလာဆွဲရင် သယ်မပြေးနိုင်ဘူး။ အိမ်ထဲသိမ်းထားလို့လည်း လုံတဲ့ကိစ္စ မဟုတ်ဘူး။ ဈေးအတက်အကျတွေနဲ့ သူဌေးတွက်တွက်ရင် ငွေအိပ်နေတယ်ဆိုပြီး ရူးတောင်ရူးချင်သွားမယ်။ “ဒါဖြင့် အလှူငွေတွေ ယူပဲယူနေတာပေါ့။ ပြန်မသုံးဘူးလား။” ဆိုရင် သုံးတာပေါ့။ ဘယ်လောက်သုံးသုံး တောထဲမှာ သိန်းတစ်ရာဖိုး နှစ်ရာဖိုး ဘာဝယ်သုံးစရာ ရှိလို့လဲ။ သေနတ်သည် လာပါဦး။ အမြောက်သည် ရောင်းပါဦး။ လုပ်လို့လည်း မရ။ ရွှေဝယ်ပြီးသိမ်းထားတယ်ဆိုရင်တောင် သူမို့လို့ နားလည်တာ။ ကိုယ်ဆို လူကဲသာခတ်တတ်ရင်ခတ်တတ်မယ်။ စိန်ကဲ ကျောက်ကဲ ရွှေကဲ၊ ဘာကဲမှ မခတ်တတ်ဘူး။
သူအလုပ်လုပ်နေတာ မြင်ရတယ်။ သူဆောက်ထားတဲ့ ဆေးရုံလေးလည်းတွေ့ရတယ်။ သူ့အတွက်နဲ့ သူ့မိသားစုတွေ အဖမ်းခံရမှန်းလည်း သိရတယ်။ သူကိုယ်တိုင်လည်း တောထဲရောက်နေမှန်းသိနေတာပဲ။ ဒါနဲ့မှ ယုံကြည်ဖို့ မလုံလောက်သေးဘူးဆိုလည်း မယုံနဲ့ပေါ့။ ကိုယ့်သဘောနဲ့ကိုယ် မယုံနဲ့လေ။ သူ့ကို အစကတည်းက လူချင်းသိတယ်။ အကျင့်မကောင်းဘူး ဘာညာဘာညာ။ ပွဲတွေရှာချင်သပဆိုလည်း ရှာလိုက်ပါ။ ဒါပေမယ့် ကိုယ့်လုပ်ရပ်က တော်လှန်ရေးအပေါ်မှာ ဖျက်မြင်းဖြစ်မယ် ဆိုရင်တော့ ပါးစပ်ပိတ်ပြီး ထိုင်နေတာက ပိုမကောင်းဘူးလား။ တတပ်တအားကိုတောင် အားကိုးရှာနေရတဲ့အချိန်မှာ လူထုအားကို ပဲ့ကျလာအောင်ဖဲ့တဲ့သူဟာ ဒလန်မဟုတ်သည့်တိုင် ဒလန်လုပ်ငန်း ဆောင်ရွက်သွားတာပဲ။ ပါစင်နယ်ဘောက်ချာတွေက နောက်မှဆုတ်လည်း ရတဲ့ဟာကို။ တကယ်ပဲ အဲ့ကလေးမအကြောင်းကို အူမချေးခါး သိသည့်တိုင်အောင် သူလုပ်နေတဲ့ အလုပ်တွေဟာ အများအတွက် အကျိုးမရှိလို့လား။ အလှူငွေကောက်ပြီး လိမ်စားမယ့် ဒလန်က အဲ့သလောက် သဲကြီးမဲကြီး ဇွဲခတ်မနေပါဘူး။
တချို့သံသယတွေဟာ အတင်းဖန်တီးထားမှန်း သိသာပါတယ်။ ကိုမင်းအိုဆိုလည်း “ဦးတေဇရဲ့ လူယုံကြီးပါ။ နောက်ကျောကို ဓါးနဲ့ထိုးဖို့ သူလျှိုလွှတ်ထားတာပါ။” လုံးဝမယုံကြည်အပ်တဲ့အကြောင်း စာအရှည်ကြီးတွေ ဝိုင်းရေးကြတာ ဖတ်လို့တောင်မကုန်။ သူသာ ဒလန်ဆိုရင် ခုချိန်ထိ ထောင်ထဲနေစရာမလို။ မောင်ဝိတ်လောက် ဖြိုးမင်းသိန်းလောက် မျက်နှာထွက်ပြလိုက်ရင်ကို mission accomplished ဖြစ်နေပြီ။ သူများပြောတဲ့ စကားတစ်ခွန်းဟာ ဟုတ်သည် မဟုတ်သည် ကိုယ့်ဘာသာကိုယ် ချင့်ချိန်တဲ့ဉာဏ် မပါဘူးလား။ ဝင်မရှုပ်ပဲ ဘေးထွက်နေလိုက်တာက ပိုကောင်းပါလိမ့်မယ်။ ပွဲပြီးလို့ မီးသေခါမှ ဟိုလူ့ဘက်က ရှေ့နေလိုက်တယ်။ ဘယ်သူ့ဘက်ကို ကာဗာလုပ်တယ်။ ထင်မနေနဲ့။ ဘယ်သူ့ကိစ္စပဲဖြစ်ဖြစ် ကိုယ့်ကိစ္စလောက် စိတ်မဝင်စားဘူး။ အေငြိမ်းဖြစ်ဖြစ် ဦးရဲဖြစ်ဖြစ် ကိုယ့်အတွက် အသုံးကျလား။ တော်လှန်ရေးမှာ ကိုယ့်ဘက်က အားဖြစ်စေမလား။ လက်တွဲလုပ်ရမှာပဲ။
တော်လှန်ရေးဆိုတာ တစ်ဦးကောင်းတစ်ယောက်ကောင်း ဟီးရိုးလုပ်ရတာ မဟုတ်ဘူး။ လူတိုင်းကိုယ်စီ ကျရာနေရာက တာဝန်ကျေအောင် ထောင့်စေ့အောင် ဝင်ရုန်းရတာ။ မပန်တို့ fund ရှာတော်တယ်။ အေငြိမ်းတို့ ထောက်ပို့ကောင်းတယ်။ စလုံးကလူတွေ လက်ကုန်ကလစ်တယ်။ စစ်ကိုင်းက အညာသားတွေ လက်သံပြောင်တယ်။ လေးကေကော်က မီဒီယာသမားတွေ သတင်းဖြန့်တာမြန်တယ်။ Myanmar Now ကလူတွေ သတင်းလိုက်နိုင်လွန်းတယ်။ EAOs တွေအားလုံး ပြည်သူနဲ့အတူ ရပ်တည်တယ်။ အဲ့သလိုမျိုး လူတိုင်းလူတိုင်း နိုင်ရာတာဝန် ထမ်းနိုင်လွန်းလို့ အခုလောက် ရွေ့လျားသွက်လက်လာတာပါ။ ပါစင်နယ်တွေအားလုံး ခဏမေ့ထားတာ အကောင်းဆုံးပဲ။ မြန်မြန်ပွဲပြီးချင်ရင် ပွဲပြီးအောင်လုပ်ဖို့ပဲ အာရုံထားပြီး စောင်ဆရာကြီးအပေါင်းတို့ရဲ့ ဩဝါဒများကို အာရုံအနောက်မခံပါနဲ့။ ထွေပြားရင် ရှည်လျားနေမယ်။
EAOs တွေနဲ့ ပါတ်သက်ရင်လည်း သည်သဘောပါပဲ။ သူတို့နဲ့ကိုယ်နဲ့ကြားမှာ ပုဂ္ဂိုလ်ရေးရာ အထင်အမြင် ခံစားချက် မည်သို့ပင် ရှိစေကာမူ သူတို့အကူအညီမပါရင် ဘာတစ်ခုမှ ဖြစ်လာစရာ မရှိဘူး။ ကိုယ်တွေဘက်ကမပါပဲ သူတို့ဘာသူတို့ မင်းအောင်လှိုင်နဲ့ လက်ဝါးချင်းရိုက်ပြီး သတင်းစာအဟောင်း နဲ့ ဒန်အိုးဒန်ခွက် လဲသလို လဲတဲ့ ငြိမ်းချမ်းရေးဟာမြဝတီသတင်းထဲလွှင့်တဲ့ ငြိမ်းချမ်းရေးလောက်ပဲရမယ်။ လူထုမပါရင် သင်္ကြန်တောင် လမ်းရေမစိုဘူး။ အဲ့ဒါကြောင့် သူတို့ဘက်ကလည်း ကိုယ်တွေနဲ့ပဲ မဖြစ်မနေ ပေါင်းရမယ်။ တည့်တာ မတည့်တာ ကြည့်လို့ရတာ မရတာ၊ ဘာမှ အရေးမကြီးဘူး။ စုံရုန်းမှရမယ်ဆို ဘက်ညီအောင်သာရုန်း။ လွတ်သွားမှ ကိုယ့်လမ်းကိုယ်သွား။ ရတာပဲ မဟုတ်လား။
ကိုယ်တို့ဆီက လူတိုင်းလူတိုင်းဟာ တော်လှန်ရေးပြီးရင် အိမ်ပြန်ဖို့ဆိုတာထက်ပိုပြီး ဘာကိုမှ မစဉ်းစားထားတဲ့သူတွေပါ။ မပြီးသေးပဲ လှည့်ပြန်မယ့်သူလည်း တစ်ယောက်မှ မရှိပါဘူး။ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ ဘာတွေပဲ ရင်းရ ရင်းရ၊ (at any cost) ဆိုတဲ့ ဝန်မင်းမမ ပြောစကားအတိုင်း အဆင်သင့်ရှိနေကြပါပြီ။ နေထွက်က နေဝင် ဆေးရုံမှာ ကျင်လည်ရင်း တော်လှန်ရေးအတွက် အင်အားတစ်ရပ်ဖြစ်အောင် ကိုယ်စီကိုယ်စီ တာဝန်ကျေအောင် ထမ်းနေကြပါတယ်။ တက်လည်းညီပါတယ်။ လက်လည်း ညီပါတယ်။ လှေလည်း ပြေးပါတယ်။ ဘာအကြောင်းနဲ့မှ ပန်းတိုင်မရောက်စရာ မရှိပါဘူး လို့သာ။