ရာသီဥတုကတော့ သင်္ကြန်ပြီးရင် ပူနေကျဆိုတော့ ထူးထူးထွေထွေ မရှိပါဘူး။ တအောင့်နေရင် တိမ်တွေဖုံးပြီး လေတွေမိုးတွေ လာချင်လည်း လာတာ။ အစိုးမရဘူး။ ကိုယ့်အဖို့ကတော့ ဘာလာလာ ဒေါင်းတယ်လေ။ နေသာတော့လည်း ဆိုလာတွေ အားပြည့်တော့ ဆေးလှောင်တဲ့ ရေခဲသေတ္တာလေး အေးတယ်။ မိုးရွာတော့လည်း နွေခေါင်ခေါင် အဲကွန်းမလိုပဲ အေးစိမ့်စိမ့်လေး။ နေလို့ကောင်းတယ်။ ရောက်စကဆို ချမ်းလွန်းလို့ ရေတောင်ချောင်းထဲဆင်း မချိုးနိုင်ဘူး။ ရေနွေးစက်ကလေးတပ်ထားတဲ့ဆီ မှုန်မွှားမွှားလေး ချိုးရတယ်။ ခုချိန်ကတော့ ရေချိုးလို့ အကောင်းဆုံးအချိန်ပဲ။ ကြည်တယ်။ အေးတယ်။ မချမ်းဘူး။ ရေနည်းနည်းတိမ်သွားတာပဲ ရှိမယ်။
မိုးတွင်းရောက်ရင်တော့ ရေတွေပြန်များလာပြီး ချိုးလို့ပိုကောင်းလာမှာပဲ လို့ ပြောတော့ ရွာကကလေးက ရယ်တယ်။ မိုးတွင်းမှာ ဘယ်သူမှ ချောင်းထဲရေမချိုးတော့ဘူးတဲ့။ ရေတွေနောက်တယ်။ ရေစီးလည်းသန်တယ်။ တောင်ကျရေနဲ့ သစ်ပင်တွေ သစ်ကိုင်းတွေ မျောပါလာတတ်တယ်တဲ့။ ချောင်းရေက အနက်ကြီး ဖြစ်သွားပြီး ဟို့အပေါ်က ကမ်းပါးစွန်းအထိရောက်တယ်။ အိုက်နားက အခင်းတွေ အကုန်မြုတ်ကုန်တာတဲ့။ အေးလေ။ ဒါဆိုလည်း ကိုယ့်ဘာကိုယ် ရေချိုးခန်းထဲမယ် ရေနွေးစက်ကလေးနဲ့ ပြန်ချိူးတာပေါ့ ဆိုတော့ “အာ့မျိုးလည်း ချိုးလို့ မရဘူးလေ။ မိုးတွင်းမှာ အခုလုပ်သလို ချောင်းရေထဲ ရေစုပ်မော်တာ တန်းလန်းချထားလို့မရ။ ရေကျရင် မျောပါသွားမှာ။” တဲ့။ အိမ်း။ အဲ့ဒါဆိုရင်တော့ မိုးမကျခင် အဝီစိတွင်းလေးတစ်တွင်း တူးဦးမှ ဖြစ်တော့မယ်။ အခု မိုးထားတဲ့ သွပ်မိုးတွေကရော လုံပါ့မလား။ ဘယ်နားမှာ မိုးယိုနေတာ ရှိသလဲ လိုက်ကြည့်ရတော့တယ်။
အဲ့ဒါကြောင့် သူတို့ကလည်း ထင်းတုံးကြီးတွေကို တောင်လိုပုံနေအောင် လာပို့တာ။ မိုးတွင်းကျရင် ထင်းမရတော့ဘူး။ မီးသွေးလည်း ဘယ်သူကမှ သယ်လာ မရောင်းဘူး။ ထင်းနဲ့ပဲ ချက်ရမှာ။ အဲ့ဒါ တစ်မိုးစာ။ ဒါကြောင့်မို့ အိမ်တိုင်းအိမ်တိုင်းမှာ ထင်းရုံကြီးတွေ ဟည်းနေအောင် စုထားကြတာကိုး။ ဒီမှာက သရက်သီးကြွေလည်း ဆားရည်စိမ် ပုလင်းသွပ် တစ်နှစ်စာ။ မန်ကျီးသီးမှည့်လည်း အခွံခွါ နေလှမ်း ပုလင်းသိပ် တစ်နှစ်စာ။ ခံတက်ချဉ်၊ တမာချဉ်၊ ညောင်ချဉ်၊ သရက်ချဉ်၊ မုန်ညင်းချဉ်။ ကိုယ်စားတတ်တဲ့အရာ ကိုယ်တိုင် ပြင်ဆင်သိုမှီးမှ တစ်နှစ်စာ ဖူလုံတာလေ။ ဈေးထဲသွားဝယ်တဲ့အမျိုး မဟုတ်ဘူး။ ဈေးလည်းမရှိ၊ မိုးတွင်းဆို ဈေးသည်လည်း မလာဘူး။ ဒါပေမယ့် ဆရာဝန် ဆရာမတွေက စားချင်သပ ဆိုရင် အိမ်ရှိတဲ့ဟာထဲက ဝေငှကျွေးမွေးဖို့ ဘယ်သူကမှ ဝန်မလေးပါဘူး။ ဝမ်းတောင်သာကြသေး။
စားရေရိက္ခာကတော့ ဖူလုံတာပလေ။ လိုအပ်မှာ ဆေးဝါးပစ္စည်း ကိရိယာပဲ ရှိမယ်။ “တို့ဆီမှာ အများကြီး ရှိတယ်ဟေ့။” လို့ ကျေနပ်အားရနေတဲ့ ပစ္စည်းတွေဟာ ကိုယ်လိုဆေးပေးကြမ်းပုံနဲ့ဆို “ဟောဗျာ။ ကုန်သွားပြီလား။ မြန်လိုက်တာ။” ဆို ပြိုက်ကနဲ ပြိုက်ကနဲ ကုန်တယ်။ မိုးတွင်းကျရင် မှာလို့မရတော့ဘူး။ အခုကတည်းက မိုးတွင်းစာ စုမှ ဖြစ်တော့မယ်။ logistics လုပ်တာ အကျင့်ပါပြီး ကဲ အခု တစ်လတစ်လကို ဘာတွေ ဘယ်လောက်ကုန်သလဲ။ မိုးတွင်း လေးငါးလစာဆိုရင် ဘယ်လောက်လောက် မှာရမလဲဆို တွက်ကြည့်တာ သူဌေးကြီးဦးကပ်စီးလို ဂစ် ဂစ် နဲ့ တက်ချင်လာတယ်။ ဆယ်ဘီးကားနဲ့ တိုက်ယူရတော့မှာပဲ။
ဒါနဲ့များတောင် မနက်က ဆေးရုံမှာ လူနာတွေပြည့်နေလို့ သားဖွားမီးယပ်လူနာတွေကို အဆောင်တစ်ခုပြင်ပြီး ခွဲထုတ်ပေးမလို့ စဉ်းစားနေသေးတယ်။ အခု ၁၅ ကုတင်ဆန့်ဆေးရုံကနေ ၂၅ ကုတင်ဆန့် ဆေးရုံကလေးဖြစ်အောင် upgrade လုပ်မလို့ စိတ်ကူးယဉ်နေတာ။ ဘာဖြစ်သလဲ။ ကိုယ့်ဘာသာ စဉ်းစားတာ။ ဝန်ကြီးဌာနဆီလည်း စာတင်စရာ မလိုဘူး။ ဆရာတော်ဖျားများဆီလည်း အလှူခံပေးပါ အပူမကပ်ဘူး။ ဆေးရုံဝ ငွေဖလားကြီးချပြီး ဂျလောက် ဂျလောက်နဲ့ အသံကုန်အော်စရာ မလိုဘူး။ နိုင်မယ်ထင် လုပ်လိုက်။ မနိုင်လည်း မလုပ်ပဲနေလိုက်။ ရတယ်။ မနိုင်စရာ မရှိပါဘူး။ နွားများဝန်တင်ကျင့်သလို တနေ့ နည်းနည်း နည်းနည်း တိုးသယ်သွား ကျင့်သားရလာမှာပဲ။ အခု ရှေ့ဆက်ထမ်းရမယ့် လေးလဆိုတာ ကုန်ခဲ့တဲ့လေးလကို ပြန်ကြည့်လိုက်။ ဘာမှ မဟုတ်တော့ဘူး။ တော်သေးတာပေါ့။ ဒီရောက်ကတည်းက နေ့စဉ်မှတ်တမ်းရေးသလို တို့တို့ထိထိ ရေးလာခဲ့ပေလို့ပဲ။ လက်ဦးအစကစာတွေ ကိုယ့်ဘာသာပြန်ဖတ်ရင် “ဟင် ဟုတ်လား။ အဲ့တုန်းက ငါ တကယ်ကြီး အဲ့လို လုပ်ခဲ့ပါလား။” ဆို မေ့ချင်ချင် ဖြစ်နေပြီ။
လူ့သက်တမ်း ၅၅ နှစ်မှာ ဆရာဝန်လုပ်သက် ၂၇ နှစ်လောက် ရှိခဲ့တယ်ဆိုရင် အခုဖြတ်သန်းလာခဲ့တဲ့ ၂ နှစ်တာကာလက အထူးခြားဆုံးပါပဲ။ လုံးဝမျှော်လင့်မထားခဲ့တဲ့ အတွေ့အကြုံ အသစ်အဆန်း စိန်ခေါ်မှုတွေထဲမှာ နည်းမျိုးစုံနဲ့ ရပ်တည်ရှင်သန်ခဲ့ရင်း သင်ကြားတတ်မြောက်လာခဲ့တာတွေ အများကြီးပါပဲ။ ၂၀၁၉ တုန်းက ဒေါက်တာစိုး နဲ့ ၂၀၂၂ ဒေါက်တာစိုးဟာ တော်တော်လေးကို ပြောင်းလဲကွာခြားသွားပြီ။ လူနာတွေဆီက သင်ကြားတတ်မြောက်မှုတွေကြောင့် ဖြစ်ပါတယ်။ ဆေးပညာရပ်ဟာ သိပ္ပံပညာတစ်ရပ် လို့ ပြောကြပေမယ့် အဲ့ဒီပညာရပ်မှာ တဘက်ကမ်းခတ်အောင် ကျွမ်းကျွမ်းကျင်ကျင် တတ်သိလာရင် ဝိဇ္ဇာအတတ်များလိုပဲ ပါဝါစွမ်းအားတွေ ရလာတတ်တယ် ထင်ပါရဲ့။ ကုသမှုအားလုံးဟာ အလိုအလျောက် automatic process ဖြစ်လာရော။ ကိုယ့်အကြောင်းကိုယ် ဂုဏ်မဖော်ချင်ပါဘူး။ ဒီ ၂ နှစ်အတွင်း သား တော်တော်ကြီးလာခဲ့ပြီ။ ဘာကြီးတာလဲ မမေးနဲ့။ မပြောပြဘူး။ ကိုယ်ကြီးလာတာ ကိုယ်ပဲသိတယ်။ ဘယ်လိုလုပ်သိသလဲဆိုတော့ အမှားတွေ နည်း နည်းလာလို့။ သောက်တလွဲတွေလည်း မဖြစ်တော့လို့။ တစ်ခုခု လွဲနေပြီဆိုလည်း ချက်ချင်းသိလို့။ တယောက်တည်း ထင်ရာတွေလျှောက်လုပ်နေပြီး ကိုယ်လုပ်သမျှ မှန်တယ် ထင်တာမျိုးလား။ မဟုတ်ရပေါင်ဗျာ။ ကိုယ်လုပ်တဲ့အလုပ် မှန်သလား မှားသလား မှတ်ကျောက်တွေ ရှိတယ်။ စာမေးပွဲတွေရှိတယ်။ လူနာတွေက လာလာစစ်တဲ့ စာမေးပွဲ။ ဦးသက်ခိုင်ဝင်းပေးတဲ့ Doctorate ဘွဲ့လည်း မရပါဘူး။ အင်္ဂလန်က ဘျင်မရီးပေးတဲ့ နောက်တော်ပါးဘွဲ့လည်း မရပါဘူး။ ဒါပေမယ့် ဒီ ၂ နှစ်တာကာလဟာ ကိုယ့်အတွက် ဘွဲ့လွန်တစ်ခု ထပ်တက်လိုက်ရတာနဲ့ အတူတူပဲ။
ဒီသက်တမ်း ၂ နှစ်ရဲ့ နောက်ပိုင်းမှာ ကိုယ့်ဘဝရဲ့ perspectives အတွေးအမြင် အကောက်အယူတွေ ပြောင်းလဲသွားတယ်။ ဆက်ပြီးရှင်သန်ရမယ့် အသက်အပိုင်းအခြားမှာ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်မလဲဆိုတာလည်း သဲသဲကွဲကွဲ သဘောပေါက်လာတယ်။ CDM လုပ်တာကို “နိုင်ငံ့ဝန်ထမ်းဖြစ်လျက်နဲ့ နိုင်ငံရေးတွေ လုပ်တာကိုး။ တောထဲရောက်မှာပေါ့။” လို့ ပြောလာရင် ကိုယ့်ဘက်က ခိုင်လုံတဲ့ အကြောင်းပြချက် ရှိတယ်။
နံပါတ် (၁) က ကိုယ် နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ ဘယ်နိုင်ငံရေးပါတီနဲ့မှ အဆက်အသွယ် မရှိ။ ဘယ်သူ့တိုက်တွန်းချက်မှ မပါသလို ဘယ်သူ့ကိုမှလည်း CDM လုပ်ပါလား လို့ တိုက်တွန်းခဲ့တာ မရှိဘူး။ ဒါပေမယ့် CDM လုပ်ရင်း လခမရလို့ ခက်ခဲနေတဲ့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေကို ကိုယ်တတ်နိုင်သလောက် ကူညီခဲ့တယ်။ ကိုယ်လုပ်ခဲ့သမျှ အလုပ်တွေဟာ ဘယ်ပါတီ အာဏာရဖို့မှ မဟုတ်သလို ကိုယ်ကိုယ်တိုင်လည်း အဲ့ဒီအာဏာစက်ဝန်းအတွင်း ဘယ်တော့မှ ဝင်ပါဖို့ စိတ်ကူး မရှိဘူး။ ကိုယ်လုပ်ခဲ့တာ ဆရာဝန်။ ကိုယ်ဆက်လုပ်မှာလဲ ဆရာဝန်ပဲ။ ဘယ်တုန်းကမှ နိုင်ငံရေးအိပ်မက် မမက်ခဲ့ဖူးဘူး။
နံပါတ် (၂) ငြင်းချင်တာက နိုင်ငံရေးလုပ်နေတာ ကိုယ် မဟုတ်ဘူး။တကယ်တမ်း နိုင်ငံရေးလုပ်နေတာ စစ်သားတွေ လုပ်နေတာ။ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာဖောက်ပြီးကို လုပ်နေတာ။ လူလူချင်း ညှာတာထောက်ထားမှုကင်းစွာနဲ့ လက်နက်အားကိုးအနိုင်ကျင့်ပြီး အာဏာလုခဲ့တာ။ စစ်တပ်ရဲ့မတရားသဖြင့် ဖိနှိပ်မှုအောက်မှာ သူတို့ပေးတဲ့အမိန့်နဲ့ ပြည်သူတွေကို မနှိပ်စက်ချင်လို့၊ ကိုယ်ကျိုးစီးပွါး မထိခိုက်အောင် သင်ထားတဲ့ပညာတွေ ဘေးဖယ်ပြီး ပညာမဲ့တွေကို ဦးမညွှတ်ချင်လို့ ကိုယ့်မာနနဲ့ကိုယ် CDM ဝင်တာ။ အလုပ်ထွက်တာထက် ဘာမှ ထူးခြားဆန်းပြားတဲ့အရာ မဟုတ်ဘူး။ ကိုယ့်သဘောနဲ့ကိုယ်။ မလုပ်ချင်ဘူး။ ထွက်တယ်။ ဒါပဲ။ “ထွက်စာသွားတင်ထားပါတယ်။ သူတို့က ထွက်ခွင့်မပေးသေးလို့ပါ။” လို့ ဥပါယ်တမျှင်လည်း မသုံးဘူး။ “နိုင်ငံခြားမှာ ခိုလှုံခွင့် လျှောက်ကြရအောင်လေ။” ဆို မုဒြာခေါ်သံနောက် လိုက်သွားတာလည်း မဟုတ်ဘူး။ ရှင်းရှင်းလေးပဲ။ စစ်တပ်က လုပ်နေတဲ့ နိုင်ငံရေးထဲမှာ ကိုယ်မပါချင်ဘူး။ အဲ့ဒါကြောင့် ထွက်တယ်။ ဒီစစ်တပ်နဲ့ဆို နိုင်ငံရေးမပြောနဲ့ နတ်ရွာနိဗ္ဗာန် သွားရအောင် ဆိုရင်တောင် အတူမလိုက်ဘူး။ နောက်ဘုရားနဲ့မှပဲ ကျွတ်တော့မယ်။ ရှေ့ဆက်ပြီး တစ်ရက် ရှင်ရရှင်ရ၊ တစ်လ ရှင်ရရှင်ရ။ ငါ့ဘဝမှာ စစ်သားတွေ မပါအောင်နေမယ်။ အဲ့ဒါပဲ။ တော်လှန်ရေးမှာတော့ ဆရာဝန်ပီပီ radicalist ဖြစ်တဲ့ အမြင်ပဲ သဘောကျတယ်။ conservative တို့ palliative တို့ နိုး နိုး ပဲ။
နံပါတ် (၃) အချက်ကတော့ လူတွေမှာ အတွင်းသဘော (inner me)နဲ့ အပေါ်ယံ ဟန်ပြ (outer me) ဆိုတာ တထပ်တည်း ကျချင်မှ ကျတာ။ အပေါ်ယံရွှေမှုန်ကြဲပြီး အထဲက နောက်ချေးသရိုးကိုင်ထားတဲ့ ယွန်းယွန်းစံတွေ အများကြီးပဲ။ ရွှေစစ်မစစ်သိချင်ရင် မှတ်ကျောက်တိုက်မှ မီးပေးကြည့်မှ သိသလိုပဲ လူတော်တော်များများရဲ့ အတွင်းစိတ် ဓါတ်ခံတွေဟာ ကျဉ်းထဲကြပ်ထဲ ရေထဲမိုးထဲ ဒုက္ခရောက်တဲ့ အချိန်ကျမှ တကယ့်သရုပ်မှန်ကို သိရတာ။ ကိုယ့်ရဲ့ အတွင်းသဘော နဲ့ စိတ်နေစိတ်ထားကို ဘာနဲ့မှ ထပ်ပြီး မှတ်ကျောက်တိုက်စရာ မလိုတော့အောင် ဖွင့်လှစ်ခဲ့ပြီးပြီ ထင်တာပဲ။ ဒီလူ ဒီပါးစပ်ဆီက “အဖေကြီးတီးတဲ့ ရွှေကြေးစည်” သီချင်း အတောင်းခိုင်းလို့ မဆိုလောက်မှန်း မကြာခဏ လာရောက် စည်းရုံး စနည်းနာတဲ့သူတွေ သိပြီးကြမှာပါ။ “နှမ်းဖတ်ချဉ် စစ်ရင် ခွေးမစားဘူး။ စားရင် ခွေးမစစ်ဘူး။” ဆိုတာလိုပဲ။ ကျုပ်ကတော့ ခွေးစစ်တယ်ဗျ။ မလုပ်ဘူးဆိုတဲ့ဟာတွေကို သေတောင် မလုပ်ဘူး။ လုပ်မယ် ဆိုတဲ့ဟာတွေလည်း ဘယ်သူတားတား လုပ်ကိုလုပ်မှာပဲ။ ဒီ ၂ နှစ်လုံးလုံး ဆေးကုနေတယ်။ ဘယ်သူတားလို့ရသလဲ။ “အို ဒေါက်စိုးလေးရယ်။ ပင်ပန်းလိုက်ထာ။ သနားလက်ထာ။ လာ လာ နေပြည်တော် ကုတင် ၁၀၀၀ မှာ လာကုလှည့်။” ကန်တော့ပွဲကြီးနဲ့ လာမပင့်နဲ့။ မကုဘူး။ အုန်းသီးတွေ ငှက်ပျောသီးတွေ တစစီကောက်ပြန်ရလိမ့်မယ်။ အဲ့ဒါ ကိုယ့်ရဲ့ chemical property ပဲ။ သူများတကာတွေ ဘာတွေနဲ့တွေ့လို့ ဘယ်လိုတွေတောင် ဓါတ်ပြုပြောင်းလဲသွားတယ်ဆိုပြီး အတွင်းသဘောတွေပေါ်တဲ့အခါ ကိုယ့်မှာတော့ ဓါတ်ခံရော သရုပ်သဏ္ဍာန်ရော အတူတူပဲ။ ရှင်းရဲ့လား မသိဘူး။ မရှင်းလည်းနေ။ သူများသိစရာ မလိုဘူး။ ကွကိုသိ ပြီးရော။
မနှစ်က မိုးဦးကျမှာ ကျောပိုးအိပ်ကလေးတစ်လုံးနဲ့ ကိုယ့်ကို ဘယ်သူမှ မသိတဲ့ သူစိမ်းတွေဆီကို ရောက်လာခဲ့တယ်။ တစ်နှစ်မပြည့်သေးခင်မှာပဲ ဆေးရုံလေးတစ်ရုံ ခွဲခန်းလေးတစ်ခု နဲ့ လူနာတွေတက်လိုက်ဆင်းလိုက် မနားတမ်း ဆေးကုနိုင်ခဲ့တယ်။ အစစအရာရာ ရှားပါးခက်ခဲတဲ့ ကာလဒေသကြီးမှာ လိုလေသေးမရှိ လာလာသမျှ အလကားကုပေးနိုင်ခဲ့တယ်။ ကုသိုလ်ရချင်လို့ မဟုတ်ဘူး။ နံမည်လိုချင်လို့လည်း မဟုတ်ဘူး။ ဆရာဝန်တစ်ယောက်ဖြစ်နေတဲ့အတွက် ကိုယ်တတ်တဲ့ပညာနဲ့ ဆေးကုနေချင်လို့ကို ကုနေတာ။ တကူးတကကြီး ခက်ခက်ခဲခဲကြီး ပင်ပင်ပန်းပန်းကြီးလည်း မဟုတ်ပါဘူး။ မိုးတွင်းသုံးဖို့ ထင်းရှာထားသလိုမျိုး နေ့စဉ်သုံးဖို့ ရေတင်ထားသလိုမျိုး လိုအပ်တာလေးတွေ ရှာဖွေစုဆောင်းထားပြီး လိုအပ်တဲ့ခါ လွယ်လင့်တကူ ကုနေတာ။ အဲ့သလို ကုနေရင်းနဲ့မှ အရင်က မသိခဲ့မတတ်ခဲ့တဲ့ ကိစ္စကြီးငယ် တော်တော်များများကို အလုပ်က သင်ရင်း တတ်ခဲ့တယ်။ ဆရာဝန်သက်တမ်းတလျှောက် မှန်မှန်ကလေး ရွေ့နေတဲ့ ကိုယ့်ရဲ့ learning curve ဟာ အခု ၂ နှစ်အတွင်းမှာ မတ်ကနဲ ထောင်တက်သွားတာ လူနာတွေရဲ့ကျေးဇူး၊ခေတ်ကာလအခြေအနေရဲ့ တွန်းပို့မှု၊ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုဆုံးဖြတ်ချက်ကြောင့်ပါပဲ။ ဂိမ်းကစားသလိုမျိုး အခက်အခဲတွေတွေ့တိုင်း ရင်ဆိုင်ကျော်လွှားပြီး level up ဖြစ်လာ အဆင့်တက်လာခဲ့တာ။
ကိုယ့်ဘဝရဲ့ ငယ်အိပ်မက်ဟာ ကိုယ်တို့ရဲ့ ဆရာကြီး ဆရာမကြီးများလို တဘက်ကမ်းခတ်ကျွမ်းကျင်သော ဆရာဝန်ကြီးတစ်ယောက်အဖြစ် ရပ်တည်ချင်တာပါ။ အဲ့ဒီအခွင့်အရေးဟာ အင်္ဂလန်က ဘွဲ့အကြီးကြီးတွေ ရလာမှ၊ အစိုးရအလုပ်ထဲမှာ ရှိနေမှ၊ ဝန်ကြီးဌာန နဲ့ အစိုးရမင်းများက ချီးမြှင့်မြှောက်စားမှ၊ ဆေးခန်းမှာ ဈေးအကြီးဆုံး နဲ့ လူနာအများဆုံး တန်းစီတိုးနေမှ ဖြစ်လာနိုင်မယ့်အရာမျိုး လို့ စိတ်ထဲမှာ ထင်ခဲ့တယ်။ အခု အဲ့ဒီအရာတွေ အားလုံးကို စွန့်ပစ်ခဲ့လိုက်ပြီ။ လက်လျှော့လိုက်တာ မဟုတ်ဘူး။ မလိုအပ်တော့တာ မလိုချင်တော့တာ။ “တစ်နေ့တော့ မင်းပြန်လာဦးမလား။ ဟိုးတုန်းကလို ချစ်ဦးမလား။ ဘာ့ကြောင့် ငါ့ကို မင်း မုန်းသွားလဲ။ ဖြေ။” လာမမေးနဲ့။ ဆက်ဆိုပြမှာ။ “ဒါ အိပ်မက်တွေ။” အခုချိန်မှာ ဘယ်သူ့ရဲ့ ချီးမြှင့်မြှောက်စားမှုမှလည်း မလိုတော့ဘူး။ ဘယ်သူ့အသိအမှတ်ပြုမှုမျိုးမှလည်း အရေးမပါတော့ဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်နိုင်ဖို့ပဲ စိတ်ဝင်စားတော့တယ်။
တသက်လုံး ဆရာဝန်လုပ်လာတာ အိမ်အကောင်းစားကြီးနဲ့နေ ကားအကောင်းစားကြီးစီး ပိုက်ဆံတွေအများကြီး သုံးနိုင်ဖို့လား။ မလိုချင်ပါဘူး။ “မြမရှား စိန်မရှား အလွန်ပင်များသော်လည်း ယားတယ်လို့ ငြင်းဆန် ဆင်စွယ်မှပန်လိုသတဲ့ဖျာ့။” ဆိုတဲ့ စူဠသုဘဒ္ဒာကြီးလိုပဲ။ ကိုယ်လိုချင်တာက ကိုယ်လိုချင်တာပဲ။ အဖိုးတန်ချင်တန် မတန်ချင်နေ။ လျော့ကြိုးကုန်ချိန်ကျရင် အိုဇာတာမကောင်းရှာတဲ့ ဆရာကြီး ဆရာမကြီးတွေလို ချို့တဲ့ညှိုးငယ်စွာ အိုမင်းမစွမ်း ရှိရမှာကိုလည်း မကြောက်ပါဘူး။ အိုစာမင်းစာ ရှာနေတာမှ မဟုတ်တာ။ လူနာရဲ့ အနာရောဂါကို ခွဲခြမ်းစိတ်ဖြာ ကုသနေရရင် ကိုယ့်အနာတောင် ကိုယ် မေ့မေ့နေတဲ့အမျိုး။ ဆေးကုနေတဲ့အချိန်မှာ ဆရာဝန်ရယ် လူနာရယ် ရောဂါရယ်ကလွဲရင် ဘာကိုမှ ခေါင်းထဲမထည့်ချင်ဘူး။ အဲ့လိုဆရာဝန်မျိုးပဲ ဖြစ်ချင်တယ်။ ဖြစ်လည်းဖြစ်ခွင့်ရတယ်။ တော်ပြီပေါ့။
ဟိုးအရင်တုန်းက ဆိုခဲ့ဖူးတဲ့ ဇော်ခင်းကလေးကို သတိရမိတယ်။
“ဂမုန်းပေါင်း ပန်းပေါင်း စုံသပ စုံသပ ဟေမဝါတောလယ် သာပျံ့ပြောကျယ်။
ဆေးဝိဇ္ဇာတပဿီ ဇော်ဂျီပျော်ရာစခန်းပေမို့ စိမ့်စမ်းရေ သာလှ သာလှ။ စိမ့်စမ်းရေ သာလှ သာလှ။
နန်းသူယောင်မယ်လျ ပေါပါတယ် တောဝနာလယ် ပြောကာရယ် ကုန်နိုင်ပါဘူးကွယ်။” တဲ့။
ကိုယ်တို့ဆီမယ် စိမ့်စမ်းရေကလည်း အလွန်ကို ကြည်လင်အေးမြလှပါတယ်။ ပန်းပေါင်းတစ်ထောင် ဂမုန်းပေါင်းတစ်ထောင်လည်း စုံအောင်ကို ကြွယ်ဝလှပါတယ်။ အဲ့သလို တောထဲတောင်ထဲမယ် အံ့ဩကုန်နိုင်ဖွယ် ဆိုသလို လိုတိုင်းတ ရ နေတဲ့ ဆေးပေါင်းခသော ဆေးရုံအသေးလေးတစ်ခုလည်း ရှိနေပါတယ်။ သူယောင်မယ်ကလေးတွေကလည်း ပျားပန်းခတ်မျှ ကူးကာပျံကာ ပြုစုကုသလျှက်ပါဗျ။ သဘာဝပတ်ဝန်းကျင်အနေနဲ့ ဆိုရင်လည်း ရေတံခွန် စိမ့်စမ်း ပန်းမျိုးစုံစွာနဲ့ သိပ်ကိုသာယာတာ။ ဒီတသက် ဒီဘဝ ဒီအချိန်မှာ ဒီနေရာကို ရောက်ဖို့အကြောင်းကံ ဖန်တီးလာလို့ပဲ နေမှာပါ။ အဲ့သလိုတွေးတော့လည်း အရမ်းကို ကျေနပ်စရာကောင်းတာပါပဲလား။