ဒီနှစ် ဒီအရပ်က သင်္ကြန်မိုးရေ တန်ခူးလေ ဆိုသည်မှာလည်း မိုးဦးလေဦးကျသည့်အလားပါပဲ။ လျှပ်စီးတွေတဖြတ်ဖြတ်လက်ကာ အိုး မိုးကြိုးတွေပစ်။ လူတောင်သေပါတယ်ဆို။ အရင်တပတ်က ပုရစ်ဖူးထွက်စ အပင်ခြောက်လေးတွေက ရွက်စိမ်းလေးတွေဝေနေပြီး ရုပ်တစ်မျိုးပြောင်းသွားပြီ။ ဆူးပုပ်နုနုကလေးတွေ၊ မန်ကျည်းရွက်နုနုကလေးတွေ၊ ခံတက်၊ ကင်ပွန်း၊ ညောင်ဖူး၊ ဟင်းပျဉ်း စားလို့မကုန်အောင်ကို ပေါတယ်။ လေတိုက်တိုင်း သရက်သီးကင်းကလေးတွေ ကြွေတာကြွေတာများ ကောက်လို့တောင်မနိုင်။ နောက်လလောက်ဆို အမှည့်စားရတော့မယ်တဲ့။ ရှေးလူကြီးများ စိုက်ပျိုးသွားတော့ အဆင်သင့် စားရတယ်လေ။ ကိုယ်တို့လည်း ရောက်တုန်းရောက်ခိုက် နှစ်ရှည်ပင် မစိုက်နိုင်ပေမယ့် ပန်းခင်းကလေးတွေတော့ စိတ်ကူးရသလို ပျိုးတာပါပဲ။ ရေချိုးသွားတိုင်း စမ်းချောင်းထဲက ကျောက်စရစ်ခဲလေးတွေ တနိုင်သယ်လာပြီး ခွဲခန်းဆီလူနာပို့တဲ့လမ်းတလျှောက် စီထားတယ်။ ခွဲခန်းရှေ့က ပန်းခင်းကလေးတွေနဲ့ ဆက်သွားရော။
လူနာတွေများလာတော့ အိမ်သာမလောက်တော့လို့ အလှူရှင်ပေါ်လာပြီး နောက်ထပ် အိမ်သာ ၃ လုံးဆောက်လှူတယ်။ ဆေးတွေလည်း တရစပ် မှာနေရတာပါပဲ။ သင်္ကြန်တွင်း ကားတွေမထွက်လို့ နည်းနည်းတောင် ကသီသွားသေး။ ဒီအတိုင်းဆိုရင် မိုးတွင်းစာကို တော်တော်များများကြိုမှာထားမှရတော့မယ်။ Drip ပုံးကြီး လေးပုံးလောက်မှာရင် ၂ ပါတ်လောက်ပဲ ခံတယ်။ အဲ့ဒါ ရေပဲ ရှိသေးတာနော်။ ဆေးဖြုန်းအားကတော့ ပြောမနေနဲ့။ ရောဂါအမျိုးအမည်လည်း စုံနေအောင်ကို တွေ့ရတာပေါ့။ သွေးလိုရင် သွေးလှူရှင်ရှာခိုင်းပြီး သွေးထုတ် သွေးသွင်းတဲ့အလုပ်လည်း လုပ်ရသေးတယ်။ Psychiatric case တွေ counseling လုပ်လုပ်နေရတာဆို လေးငါးယောက်မက။ ကဲ လာဟာ။ ပြော ဘာဖြစ်ချင်တာလဲ။ သူလည်းသူ့စိတ်ထဲရှိတာ သူပြော ကိုယ်လည်း ကိုယ့်စိတ်ထဲရှိသလို ဆေးကု။ ကြည့်သေးတာပေါ့။ ဘယ်သူကဖြင့် တစ်မူးသာမလဲ။
ကိုယ့်ဆီမှာ အဝင်အထွက် အတက်အဆင်းများတော့ ကုန်ကျစားရိတ်တွေ တော်တော်တက်ပေမယ့် ခုချိန်ထိအောင် ဘာမဆို လိုလေသေးမရှိ အလကားဆေးကုနိုင်တာ အင်မတန် ကုသိုလ်ထူးလွန်းလို့ပါ။ ဝဝလင်လင် စားနိုင်သောက်နိုင်၊ ဆေးကုနိုင်တဲ့အပြင် လှူတောင်လှူနိုင်သေး။ ရွာမှာကတည်းက လစဉ် ဝတ်မပျက် ရိက္ခာထောက်ပို့ဖြစ်တာ လက်လှမ်းမီရာ PDF ကလေးlတွေဆီပေါ့။ သူတို့လည်း ကိုယ့်ဆေးခန်းက လူနာတွေလိုပဲ အဆက်မပြတ်အောင်ကို အဝင်အထွက် အတက်အဆင်းများပါတယ်။ အသုတ်လိုက် အသုတ်လိုက် သင်တန်းလာတက်တယ်။ သင်တန်းဆင်းပြီးရင် အလုပ်သင်အဖြစ် ရှေ့တန်းလိုက်သွားကြ။ နောက်တော့ ကိုယ်စီကိုယ်စီ တပ်ရင်းတပ်ခွဲတွေဆီပြန်ပြီး တိုက်ပွဲဝင်ကြ။ နည်းမှမနည်းပဲဟာကို။ သူများနိုင်ငံတွေလို စစ်မှုမထမ်းမနေရ ဥပဒေထုတ်စရာတောင် မလိုတော့ဘူး။ သန်သန်စွမ်းစွမ်းမှန်သမျှ PDF ထဲရောက်ကုန်ပြီ။ ကြင်စိုး နဲ့ သားများအဖွဲ့တော့ ကိုယ့်သေတွင်းကိုယ်တူးမိတာပဲ။ အဲ့ဒီ နှစ်ရက်နဲ့တစ်ပိုင်း စစ်သင်တန်းတက်ထားတဲ့ကလေးတွေကို မရှုမလှ အရေးနိမ့်ထားတဲ့ ကြည်း ရေ လေ တပ်မတော်သားတွေဆိုတာ ငယ်သံကိုပါလို့။ လိုင်းပေါ်မှာ တက်တက်အော်နေကြတာ။ မရှက်မကြောက်။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဆိုတာ ဝါမဝင်ခင်တော့ အဆင်ပြေလောက်မယ် ထင်ပါရဲ့။ (ငါလေးလည်း မတ်မတ်ဟိန်တွေ ဆန်နေပြီ)
ခံယူချက် နဲ့ ခံစားချက် နဲ့ ရောက်လာတဲ့ကလေးတွေဆိုတော့ သိပ်ချစ်စရာကောင်းတာပဲ။ လေးစားစရာလည်း ကောင်းတယ်။ စွန့်လွှတ်တယ် အနစ်နာခံတယ် ဆိုတာ စကားထဲထည့်ပြောဖို့ နေနေသာသာ စိတ်ကူးထဲမှာတောင် တွေးဖို့ အချိန်မရှိဘူး။ ဘယ်လို ရှင်သန်အောင်နေကြမလဲ။ မအလတပ်ကို ဘယ်လိုပြန်တိုက်မလဲ။ ဒါပဲ ခေါင်းထဲမှာ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ငါ ဘယ်လောက်လုပ်နိုင်တာပဲ လို့ စိတ်ကြီးဝင်လာရင် သူတို့နဲ့ သွားနေကြည့်။ အားတွေနာပြီး အမြီးကုပ်သွားမယ်။
အိမ်လွမ်းတတ်တဲ့ကလေးတွေလေ။ ဘယ်မိဘမှ စိတ်မချနိုင်သေးတဲ့ အရွယ်လေးတွေ။ အိမ်သာကျင်း အခါခါတူးဖို့လည်း ဝန်မလေးတဲ့ တက္ကသိုလ်ကျောင်းသားလေးတွေ။ ဆရာတို့ မိုးတွင်းသုံးစရာရအောင် ဆို တောင်လိုပုံနေတဲ့ ထင်းပုံကြီးကို တထိုင်တည်း ခွဲခြမ်းစိတ်ဖြာပေးသွားတဲ့ အသားမာတက်စ လက်ဖဝါးနုနုလေးတွေ။ အချိန်အားရင် ခြင်းခတ်တယ်။ ကြက်တောင်ရိုက်ကြတယ်။ ဘောလုံးကန်ကြတယ်။ ရှုံးတဲ့သူက ဒိုက်ထိုးကြေး။ ညဘက်မှောင်ရင် ဂစ်တာလေးတီးပြီး သီချင်းတွေဆိုကြတယ်။ အဟုတ်ကြီးကို တီးတတ်ဆိုတတ်တဲ့ ကလေးတွေပါ။ သင်တန်းကာလမှာ ဖုန်းပေးမသုံးဘူး။ ဖုန်းတွေအကုန် သိမ်းထားတာ။
တခါတလေတော့လည်း ဘီယာလေး ဆိုဂျူးလေး သောက်တဲ့အခါ သောက်ကြပါတယ်။ ကလေးမလေးတစ်ယောက်ကတော့ ဆိုဂျူးတွေမူးပြီး မိုင်းရာ နဲ့ ရန်ဖြစ်ဖူးတယ်။ မိုင်းရာက သူ့ကိုဟောင်လို့တဲ့။ “ဒါ သူ့ကို အရက်မူးနေတယ်ဆိုပြီး သက်သက်လှောင်တာ။” လို့ ပြောပြောပြီး ငိုတယ်။ “ဟျောင့် မင်း ငါ့စိတ်ကို သိတယ်နော်။ ငါ့ကို ဘယ်သူမှ အနိုင်ကျင့်လို့ မရဘူး။ ငါ့ဖေသာသိရင် မင်းတော့ သေပြီသာမှတ်။” တဲ့။ သူ့အသက်က ခုမှ ၂၀ လောက် ရှိသေးတာဆိုတော့ အားပုဂျိကိုလွမ်းတာ မိုင်းရာ နဲ့ ရမယ်ရှာပြီး ငိုနေတာကိုး။ ပုံမှန်အချိန်ဆိုရင်တော့ မာန်ကလေးနဲ့နေနေတာပါ။ ခံတုတ်ကျင်းထဲ ငုတ်တုတ်ကလေးထိုင်နေတဲ့ သူ့ပုံကလေး လိုင်းပေါ်တက်လာဖူးတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူဘယ်ဝါမှန်း မမေးမမြန်းမိပေမယ့် “နောင်တချိန်ကျရင် ပြန်တွေ့ရအောင်နော် ဆရာ။” လို့တော့ နှုတ်ဆက်ရှာတယ်။ ကိုယ်တို့ဆီမှာတော့ အဲ့သလိုမျိုး မိကောင်းဖခင် သားသမီးလေးတွေချည့်ပဲ ဆုံခဲ့တွေ့ခဲ့ရပါတယ်။
ခုကာလ စစ်တပ်ရဲ့ နယ်မြေစိုးမိုးမှုဆိုတာ အရမ်းကို ကျဉ်းမြောင်းလာပါပြီ။ မြို့ပေါ်မှာတောင် နောက်ကျောမလုံတော့ဘူး။ လုံခြုံရေးအထပ်ထပ်ချပြီး ကိုယ့်လူကိုယ်ပက် တို့မရှက် တံခါးပိတ်ရေလောင်း သင်္ကြန်ကျနေရတာ။ ဘာအင်အားနဲ့မှ စစ်တိုက်ဖို့ ရင်မဆိုင်ရဲတာနဲ့ ရေပက်ချင်ယောင်ဆောင်ပြီး လူထူထူထဲ ဝင်ပုန်းရရှာတယ်။ နှစ်မကူးခင် ဘဝကူးသွားမှာကြောက်လို့ နှစ်ကိုအတင်းကူးခိုင်းပြီး ယတြာချေတာနေမှာ။ ဒေဝဒတ်ကို မြေမျိုတာနဲ့ နှိုင်းရမယ်ဆိုရင် မအလကို မြေမျိုထားတာ ခါးလည် ရင်စို့လောက်တော့ ရောက်နေပြီ။ လှုပ်ကိုမလှုပ်နိုင်တော့ဘူး။ မြုတ်ရုံကလေး ကျန်တော့တာ။ ခုချိန်ရောက်ခါမှ ဇေတဝန်ကျောင်းတော်က ဘုရားရှင်ဆီလည်း လှမ်းဖူးမျှော်ကန်တော့လို့ မရတော့ဘူး။ “အမကြီး ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ မင်းအောင်လှိုင် အမိုက်အမဲကလေးကို ခွင့်လွှတ်တော်မူပါ။” လို့ ရှိခိုးဦးတင် တောင်းပန်စေကာမူ တပြည်လုံးက ခွင့်မလွှတ်နိုင်တော့ဘူး။ “ငါ့ခြေသလုံးလာဖက်လို့ကတော့ ဒင်းမျက်ခွက်ကြီး ဆောင့်ကန်မှာ။” ဆိုတဲ့သူတွေချည့်ပဲ။
ကုန်လွန်ခဲ့တဲ့နှစ်ဟောင်းတုန်းက အခင်းအကျင်း အခြေအနေတွေနဲ့ လန်းဆန်းဖူးသစ်စ နှစ်သစ်အခါသမယရဲ့ အလားအလာ အနေအထားတွေဟာ သိသိသာသာကို ပြောင်းလဲသွားပြီ။ တော်လှန်ရေးဟာ တဆင့်တက်သွားပြီ လို့ ပြောရမယ်။ ပြည်သူတရပ်လုံးက စစ်တပ်ကို လုံးဝလက်မခံနိုင်တော့ကြောင်း ကြိမ်ဖန်များစွာ ပြတ်ပြတ်သားသား ပြခဲ့ပြီ။ စစ်တပ်မကောင်းကြောင်းဆိုတာ ပြောစရာမလိုတော့တဲ့ အခြေအနေ။ လူတိုင်းသိတယ်။ တကမ္ဘာလုံးကသိတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အကြမ်းဖက်စစ်တပ်ဟာ ကြိုးစင် နဲ့ ထောင်ထဲမှာပဲ နေရာရှိတော့မှာလေ။ ကြင်စိုးအတွက် ကြိုးကွင်းက လည်ပင်းမှာ တန်းလန်းကလေးရယ်။ ဒေါက်ဖြုတ်ချလိုက်ဖို့ပဲ ကျန်တော့တာ။ ကိုယ်တို့အတွက်က နေဝင်ညတွေ ကူးဖြတ်ခဲ့ပြီးပြီ မဟုတ်လား။ အခုလာမယ့်နှစ်သစ်မှာ ရောင်နီသာတဲ့ နေ့သစ်တွေ စောင့်နေတယ်။ မယုံရင် စစ်ပွဲသတင်းလေးတွေ နားစွင့်ထားစမ်းပါဦး။ ပြည်သူချစ်တဲ့ အမေ့သားသမီးတွေ အောင်ပွဲနဲ့အတူ ပြန်လာနိုင်တော့မှာပါလေ။