ချန်ဂင်တို့စခန်း (၂၂)

ဟိုတနေ့က လေတွေမိုးတွေကျတဲ့အကြောင်းလည်း ရေးပြီးရော လေပြင်းတိုက်လို့ ချောင်းစပ်ကသစ်ပင်လဲတာ လူနာသုံးယောက် ရောက်လာတယ်။ နှစ်ယောက်ကတော့ ကိစ္စပြီးပြီမို့ သယ်မလာတော့ဘူးတဲ့။ စစ်ဘေးမကင်းရတဲ့အထဲ သဘာဝဘေးကလည်း နှိပ်စက်ပြန်သေးတာ။ တောမှာနေတာကြာတော့ X’ray, Ultrasound မရှိပဲ အတတ်ဟောပြီးကုတာ ကျွမ်းကျင်လာပါပြီ။ ရမ်းကုမဟုတ်ပေမယ့် မှန်းကုပေါ့။ သင်ကြားရေးမလုပ်နိုင်ပေမယ့် ကိုယ့်ဘာသာ သင်ယူရေးကိုတော့ လက်မလွှတ်နိုင်ပါဘူး။ သင်ခန်းစာတွေမှ မပြတ်ပဲကိုး။ အတွေ့အကြုံက ဆရာပဲ။ သမားအိုကြီး ဖြစ်မှန်းမသိ ဖြစ်လာတာပေါ့။

ဆေးရုံမှာတုန်းကတော့ စာသင်ရင် ကလေးတွေကို လူနာမေးမြန်း စမ်းသပ်ခိုင်းပြီးမှ ဘာတွေ့တုန်း၊ ဘာထင်တုန်း၊ဘယ်လိုကုမတုန်း၊ ဘာဖြစ်လို့ အဲ့သလိုတွေးသတုံး သူတို့ လက်စလက်နကလေးကို တည့်တည့်ပေးပြီးမှ နည်းပေးလမ်းပြလုပ်တယ်။ ကိုယ့်ရဲ့အတွေ့အကြုံလေးတွေကို မျှဝေတယ်။ ကျောင်းသားရဲ့ အားစိုက်မှုမပါပဲ လူနာမပါပဲ စာအုပ်ထဲကစာသားတွေ အမြီးပြန်ခေါင်းပြန် ရွတ်သင်တာမျိုး ကိုယ်မသင်တတ်ဘူး။ သီအိုရီက ကိုယ့်ဘာသာဖတ်လာ။ နားမလည်ရင် ရှင်းပြမယ်။ ဆယ်တန်းဂိုက်တွေလို “ကဲ လိုက်ဆို။” ဒီလိုမေး ဒီလိုဖြေတွေလည်း ဇာတ်မတိုက်တတ်ဘူး။

ပုဏ္ဏား ၆ ယောက်ကမှ မျက်စိမမြင်ပေမယ့် ဆင်ကို ကိုယ်တိုင်စမ်းမိခဲ့သေးတယ်။ လူနာစမ်းစရာမရှိပဲ ရောဂါတပ် ပါးစပ်နဲ့ကုတာကတော့ စစ်တပ်ထဲ ပဌါန်းပွဲလုပ်သလို အသံမစဲတာသက်သက်ပဲ ရှိမှာပေါ့။ ၈၈ တုန်းက ကျောင်းမဖွင့်ပေမယ့် ဆေးရုံမှာ လူနာတွေရှိတယ်။ စီနီယာဆရာဝန်တွေလည်း အဆင့်ဆင့်ရှိကြလို့ ဆေးကျောင်းသားတွေလာရင် စာသင်ပေးကြတယ်။ ဒါပေမယ့် စာမေးပွဲစစ်တာ အတန်းတက်တာ ဘွဲ့ပေးတာတော့ မလုပ်ခဲ့ကြဘူး။ အခု ၂၁-၂၂ ကာလမှာ အမိန့်အရ ကျောင်းတွေဖွင့် လာသမျှလူ နှုတ်တိုက်သင် ဆရာဝန်တွေဖြစ်စေသတည်းလို့ ဟာနုမန် ကျောကိုသပ်သလို တစ်ခါသပ် ၃ ဂါဝုတ် ကြီးလာစေတဲ့ ဆရာကြီးသမားကြီးများရဲ့ သင်ကြားရေး နည်းနာနိဿယတွေကတော့ “Wow!” တို့၊ “Amazing!” တို့၊ “Miracles!” တို့ ပေးရမယ် ထင်ပါတယ်။ ကိုယ်ဆို မသင်တတ်ပါဘူး။

“အောင်မာ။ ဆေးရုံမှာ လူနာမရှိဘူး လို့ ဒင်း ဘယ်သူက ပြောလဲ။ မသိရင် အသာမနေဘူး။ လေဖမ်းဒါန်းစီးလုပ်တဲ့အကောင်” လို့ ကိုယ့် ဆရာသမားတွေက ဆိုတော့မှာပဲ။ ဟုတ်ပါရဲ့။ ဆေးရုံမှာ လူနာရှိတယ် မရှိတယ် ကိုယ်ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဆေးရုံအရိပ်တောင် နင်းခွင့်မရှိတဲ့သူ မဟုတ်လား။ အလုပ်ထဲက ဆရာဝန်တွေထဲမှာ ပဲဆီ နဲ့ နှမ်းဆီ ဘယ်သူကများသလဲ နည်းနည်းပါးပါး အကဲခတ်ပါရစေဦးလား။ ကိုယ်ကသာ ခုချိန်ထိ CDM လုပ်ထားတဲ့ စာရင်းတွေ နံပါတ်တွေ ဘယ်သူ့ဆီကမှ မရသေးတဲ့ CDM လိုင်စင်မဲ့ without ကြီး လုပ်နေတာ။ ကိုယ့်ထက်ဦးအောင် NUG မှာ ရေစစ္စတြီ ပြုလုပ်ပြီးသော CDM ဘွဲ့လွန်ကျောင်းသားတချို့ဆို ကျောင်းပြန်တက်၊ အောင်လက်မှတ်တွေရ၊ အထူးကုဆရာဝန်များတောင် ဖြစ်ကုန်ပတဲ့နော်။ “ဪ” “တော်တော်ရှည်ရှည် ဪ” “အော်မီတော်ဖော် ပါ ခည။”

ကိုယ့်ကိုယ်ကိုယ် နေရာတကာ သိလှတတ်လှပြီထင်ပြီး တောတွင်းမှတ်စုတွေ ရေးနေတာ ဆေးရုံကြီးမှာ ဘာတွေဖြစ်နေသလဲ ကိုယ် ဘာတစ်ခုမှ မသိရတာ အံ့ဩစရာပါလားနော်။ ဘယ်သူမှလည်း ဖေ့စ်ဘုတ်ပေါ် ရေးမတင်ကြပါလား။ ဖေ့စ်ဘုတ်ရော သုံးသေးရဲ့လား မသိပါဘူး။ react တွေ မန့်တွေမှာ မတွေ့မိတာ ကြာလှပြီ။ News feed လည်း မတက်ပါလား။ အန်များအန်သွားကြပြီလား။ မက်ဆင်ဂျာမှာတော့ active hours ago မြင်မိတယ်။ Timeline ထဲထိ လိုက်ဝင်ကြည့်တော့ Birthday wish တွေ old memories တွေပဲ တွေ့ရတယ်။ ကိုင်း ကြည့်စမ်း။ အရမ်းကို နေနိုင်သွားကြပြီပဲ။ ခါတိုင်းလို ၁၅ မိနစ်တစ်ခါ selfie လေးတွေတောင်မှ မတွေ့ရ။ Chat Box ကနေ “ဟယ်လို ဒါလင်။ မတွေ့ရတာ ကြာပြီ။” သွားလုပ်ဦးမှပါ။ အရင်လို ကြည့်ကောင်းမကောင်းတော့ ကိုယ်လည်းမသိဘူးဗျ။ သူတို့မှ ပုံမတင်တဲ့ဟာ။ ပရိုဖိုင်းမှာတောင် ဓါတ်ပုံမရှိဘူး။ တချို့များဆို နံမည်ပါပြောင်းပစ်လိုက်တော့ ဘယ်သူမှန်းတောင် မသိတော့ပါဘူး။ သေချာတယ်။ ကိုယ်ကတော့ ဧရိယာပြင်ပမှာ ရောက်နေတာပဲ။

အဲ့ဒါတောင်မှ ဒီကကောင်ဟာ မရအရ ချိတ်ဆက်ပြောဆိုပြီး စာတွေ ပုံတွေ ပို့နေတာနော်။ မယုံမရှိနဲ့။ Dermatologist ရော၊ Nephrologist ရော Cardiologist ရော၊ Neurologist ရော၊ Oncologist ပါမကျန် ကိုယ် လှမ်းမပြဖူးတဲ့ specialists မရှိဘူး။ ကိုယ့်ဆီက ဆေးမှာရခက်ရင် ညွှန်းတဲ့ဆေးပါ ဝယ်ပို့ပေးဖို့ မေတ္တာရပ်ခံတယ်။ အဲ့လိုကျလည်း ပို့သားဗျ။ ပိုက်ဆံတောင် မယူဘူး။ ကူကြပါတယ်။ ခွဲခန်းထဲ ခွဲနေရင်းတန်းလန်းက ဗိုက်ကြပ်လာရင် မေ့ဆေးဆရာဝန်နဲ့ video call ခေါ်ပြီး live consultation လုပ်တဲ့အခါ လုပ်တယ်။ မရဘူး။ ဇွတ်ဆိုမှ ဇွတ်။

သူတို့ဆီက ဘာစကားတစ်ခွန်းမှ မကြားရတာလည်း အပြစ်မဆိုသာဘူး။ အခုပဲကြည့်လေ။ သနားလို့ လူနာအတွက် ကူပေးတာကို ဖေ့စ်ဘုတ်ပေါ် တက်ရေးတော့ အိမ်မှာလာဖမ်းရင် သူ တာဝန်ယူမှာကျနေတာပဲ။ သူ့ရှေ့များ လေတောင်ကျယ်ကျယ် မလယ်တာ ကောင်းတယ်။ ဒါမျိုးက အန်ရုံတင်မဟုတ်ဘူး။ block ပါ block ပစ်မှ ဖြစ်တော့မယ်။ သူတို့ရဲ့ friend list ထဲမှာ ကိုယ့်မျက်နှာပါနေတာ ခုချိန်မှာတော့ မင်္ဂလာတစ်ပါး ဟုတ်ဟန်မတူ။ အင်မတိအင်မတန်ကို မေတ္တာမပျက်သူများကသာ “နေကောင်းလား။” “ကျန်းမာပါစေ။” reply လေးတွေ မြင်ရတာလေ။ ငါလေးဟာ sp များအလုပ်ခံနေရတာလား မသိပေါင်ကွယ်။

တခါတခါမှာ သူတို့ ဘာတွေကို အဲ့လောက်ကြောက်နေမှန်း ကိုယ်လည်း နားမလည်ပါဘူး။ “ပြောရဲပေါင်။ ဖေ့စ်ဘုတ်ပေါ် တက်အာချောင်ရင် သူ့ညီလို အင်းစိန်ရောက်နေမှာပေါ့။” လို့ သူတို့အချင်းချင်း ခွီတဲ့မန့်တွေ ဖတ်ဖူးတယ်။ အလုပ်ထဲက ဆရာဝန်တစ်ယောက် စစ်ကြောရေးကိုဖြတ်ပြီး ထောင်ထဲဝင်ရတာ သူတို့အတွက် ရယ်စရာများကောင်းသလားမသိ။ ဘာမှမပြော ဘာမှမရေးပဲ ကျယ်မက နှမ်းဆီပါမောင် ဆိုရင် အဖမ်းမခံရတာ သေချာပြီလား။ ဆရာမော်ဦးဟာ ဖေ့စ်ဘုတ်ပေါ်မှာ ဘာမှ မရေးပါဘူး။ CDM လည်း မလုပ်ပါဘူး။ သူ့ရာထူးဟာ CDM လုပ်လို့မရတဲ့နေရာမို့ပါ။ ရန်ကုန်တမြို့လုံး ဘယ်နေရာမှာ ဘယ်လိုနည်းနဲ့ထိခိုက်ဒဏ်ရာရလာတဲ့လူနာဖြစ်ဖြစ် လက်ခံကုသဖို့ သူရှိမှရမယ်။ စစ်တပ်က သေနတ်နဲ့ပစ်လိုက်လည်း မသေသေးသ၍တော့ သူ့ဆီပဲ ရောက်လာစရာရှိတာလေ။ ဘာအကြောင်းကိစ္စမှ မရှိပဲ ဘာပြစ်မှုမှ မကျူးလွန်ပဲ လုပ်ငန်းခွင်မှာ သူ့ကိုလာဖမ်းတော့ ဆေးလောကကြီးတစ်ခုလုံး တုတ်တုတ်တောင် မလှုပ်ဘူးဗျား။ ကြားကြားချင်း ကိုယ်က “ဒီဟာ မတရားလွန်းပါဘူး။ မဖမ်းသင့်ပါဘူး။” speak out လုပ်တဲ့အခါ ဆရာကြီးတွေနဲ့ ဖုန်းဆက်ပြီး post ကို ပြန်ဖြုတ်ပေးပါ လို့ ပူဆာတယ်။ ကိုယ်ရေးလိုက်မှ သူတို့ဆရာ အပြစ်တွေကြီးလေးသွားမှာစိုးလို့တဲ့။ အခု သူတို့နည်းသူတို့ဟန်နဲ့ လိုက်နေတယ်။ ခနနေ ပြန်လွတ်တော့မှာပါတဲ့။ အခု တစ်နှစ်ပြည့်တော့မယ်နော်။ လွတ်တယ်လည်း မကြားမိသေးဘူး။ ၄၈ နာရီ ဂျင်းတို့ ၇၂ နာရီဂျင်းတို့ သူများတွေမိတာ ဘာမှ မဆန်းဘူး။ ကိုယ်တောင် သူတို့ပြောတာယုံပြီး only me ပေးလိုက်မိတာ စိတ်မကောင်းဘူး။ မော်ဦး ထောင်ထဲမှာ ကိုဗစ်ဖြစ်တယ် ဆေးရုံတက်ရတယ်ကြားလည်း စိတ်မချမ်းသာဘူး။ သူလို ပါမောက္ခတစ်ယောက်ဟာ အလိုအပ်ဆုံးအချိန်မှာ ထောင်ထဲနှစ်ပေါက်အောင်နေရတယ်။ ဘာအပြစ်မှလည်း ရှိတာမဟုတ်။ ဘယ်သူကမှလည်း အကာအကွယ်မပေး။ လူမသိအောင်တောင် လိုက်ဖုံးဖိပေးကြတယ်။

ကြောက်တတ်ရင် ဝန်ကင်းသလား။ ကိုဗစ်တတိယလှိုင်းမှာ ဘယ်လိုတွေဖြတ်သန်းခဲ့ကြသလဲ။ ရန်ကုန်မှာ မကြာခဏ ဖြစ်နေတဲ့ Mass casualties တွေကို ဘယ်လို ကိုင်တွယ်ကြသလဲ။ သိချင်လို့ပါ။ အသံလေးဘာလေး ပေးကြပါဦး။ စာအရှည်ကြီးတွေ ဖတ်ချင်လို့ပါ။ အခုမတင်သေးရင်တောင် only me နဲ့ ရေးထားပြီး မောင်နှင့်မယ် တူယှဉ်တွဲပါလို့ နောင်တင့်တယ် လူမြင်ရဲကာမှ watt pad ကနေ လုံးချင်းစာအုပ်လေးဘာလေး ထုတ်ကြပါ။ တန်းစီပြီး ဝယ်ပါ့မယ်။ နို့မို့ဆို အဖြစ်အပျက်တွေ ပုံဖော်တဲ့အခါကျ ကွက်လပ်ကြီး ဟာနေမှာ စိုးလို့လေ။ ဆရာတို့ ဆရာမတို့မှ မရေးရင် ဒေါ်ခင်ခင်ကြီးတို့ ဒေါ်စုစုဒွေးတို့ မှတ်တမ်းတင်သမျှပဲ ဖတ်စရာရှိပါလိမ့်မယ်။ အကုန်လုံးက Doctorates တွေချည့်ပဲဆိုတော့ စာအရှည်ကြီးရေးခြင်းအနုပညာလောက်က သူငယ်တန်းပါ။ ဖတ်ပါရစီနော့။ ပြောလို့တော့မရပါဘူးလေ။ ကိုယ့်ကို exemption နဲ့ ရေးထားသလားမှ မသိတာ။ အကောင့်သစ်ကလေးနဲ့ ပြန်အက်ဦးမှပါ။ အချစ်နတ်ဆိုးလေး လို့ နံမည်ပေးရမလား မဟာပထဝီမြေကြီးလို့ ကင်ပွန်းတပ်ရမလား ပြောကြပါဦး။ “Your lovely stepdad” လည်း မဆိုးဘူးနော်။ “ချစ်ဖို့ကောင်းတဲ့ နင့်မေလင်” ပေါ့။ ချစ်စရာလေးရယ်။