ချန်ဂင်တို့စခန်း (၂၀)

တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ကိုယ်စီကိုယ်စီ ရှိခဲ့သမျှ ရည်မှန်းချက်တွေ ရိုက်ချိုးခံခဲ့ရပြီး နေ့စဉ်ဘဝတွေမှာ တေးသံမချို ပန်းတွေငို နွေမကပူ အဖြစ်ဆိုးခဲ့ကြရတာပါ။ ပြည်သူလူထုရဲ့ အသက်ရော အိုးအိမ်ရော စည်းစိမ်ရော မှောက်လိုက်သွန်လိုက်သလို တမဟုတ်ချင်း ပျောက်ခြင်းမလှ ပျောက်ကုန်ကြရတယ်။ စစ်တပ်ကလူတွေ တဖွဖွပြောနေတဲ့ တိုင်းပြည်ကြီး ချောက်ထဲကျတယ်ဆိုတဲ့ အဖြစ်အပျက်ဟာ အခုအဖြစ်အပျက်မှ အစစ်။ သူတို့ကိုယ်တိုင် တွန်းချခဲ့တာလေ။ ခုထက်ထိကျလို့ မဆုံးသေးတာ။ ဒလိန့်ခေါက်ကွေးပဲ။ အင်မတန်ကိုရက်စက်တဲ့ လူယုတ်မာတွေရဲ့ လက်ချက်လို့တောင် သမိုင်းမတင်အားသေးပါဘူး။ သူသူကိုယ်ကိုယ် ကိုယ့်အသက်ကိုယ် မရအရ ကယ်တင်နေရတုန်းမို့လို့။ နို့မို့ သေတဲ့အထဲပါသွားမှာကိုး။

ကိုယ်လည်းပဲ ကိုယ့်အသက်ကိုယ် ရှင်သန်အောင် စောင့်ရှောက်ရင်း ဒီအထိရောက်လာတာပဲ မဟုတ်လား။ ဒီကောင်တွေ အသေရရ အရှင်ရရ သတ်ချင်နေတဲ့စာရင်းထဲမှာ မပါရအောင် ဒလန်မှ မဟုတ်တာ။ လိုင်းပေါ်မှာတောင် စစ်ခွေးတွေ စစ်ခွေးမယားတွေ တရုန်းရုန်း လာလာဟောင်နေကျ။ သို့သော်လည်း စစ်ခွေးကြောက်လို့ ပါးစပ်ပိတ်ပြီး လွတ်ရာကျွတ်ရာ ထွက်ပြေးတဲ့အထဲလည်း မပါတာသေချာပါတယ်။ လုံခြုံရာအရပ်မှာနေပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တော်လှန်နေတာ။ ဆေးကုတတ်တယ်။ ခွဲစိတ်တတ်တယ်။ စာရေးတတ်တယ်။ ဆိုရှယ်မီဒီယာမှာ လူသိများတယ်။ ရှိသမျှ တဲလန့်တွေအကုန် အိပ်သွန်ဖာမှောက် အသုံးချပြီး တော်လှန်ရေးအတွက် အားဖြစ်စေရမယ်။ နေ့စဉ်နေ့တိုင်း စားလည်းသည်စိတ် အိပ်လည်းသည်စိတ်နဲ့ အသက်ရှင်တာ။

ဒီကာလအတွင်းမှာ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း အိပ်ချိန်ထဲကဖဲ့ပြီး စာအရှည်ကြီးတွေ ရေးနေရတဲ့ ရည်ရွယ်ချက်က ၂ ချက် ရှိတယ်။

ဒီလောက်ခက်ခက်ခဲခဲ ရောက်အောင်လာ ရအောင်နေနေရတဲ့ အခြေအနေတစ်ခုမှာ ကိုယ်တိုင်တွေ့ကြုံဖြတ်သန်းလာခဲ့သမျှရော သိခဲ့မြင်ခဲ့ရသမျှရော အမှန်ကိုအမှန်အတိုင်း သက်သေမှတ်တမ်း ချန်ချင်လို့က တစ်ချက်။ ကိုယ်ရေးခဲ့သမျှ အကြောင်းအရာတွေအားလုံးက ဂျင်းမရောဘူး။ အင်မထုဘူး။ အတူဖြတ်သန်းနေသူတိုင်း သက်သေရှိတယ်။ စစ်ခွေးလော်ဘီတွေ လိုင်းပေါ်တက်တက်ဖွနေတဲ့ မြဝတီပါပီမ ဒရာမာတွေကို ကောင်းကောင်းရိုက်ချိုးနိုင်တယ်။ ဘယ်အချိန်ဘယ်ကာလရောက်ရောက် သမိုင်းအမှန်အဖြစ်ပဲ ကျန်ရစ်စေရမယ်။ ဒါကြောင့်မို့ မုသားဆိုရင် လင်္ကာချောလောက်ရုံ လူကြားကောင်းလောက်ရုံတောင် မသုံးဘူး။

နောက်တစ်ချက်ကတော့ အတွေးအမြင်တွေကို ပြောင်းလဲပြီး တော်လှန်ရေးစိတ်ဓါတ်တွေ ပေါက်ဖွားလာအောင် လှုံ့ဆော်ဖို့အတွက်ပါ။

အားလုံးသိတဲ့အတိုင်းပဲ မင်းအောင်လှိုင်ဟာ မဖြစ်မနေ ပင်စင်ယူရမယ့်အချိန်ကိုရောက်လာတာမို့ သူ့ကိုသမ္မတခန့်ပါလို့ မရှက်မကြောက် နှုတ်ကဖွင့်ဟတောင်းဆိုတယ်။ စည်းကျော်ဘောင်ကျော်တဲ့လုပ်ရပ်မို့ အုပ်ချုပ်သူအစိုးရက လက်မခံတဲ့အခါ “မလုပ်ရဲတာ ဘာမှမရှိဘူးနော်။” လို့ ခြိမ်းခြောက်စိန်ခေါ်တယ်။ နောက်ပိတ်ဆုံး ရွေးကောက်ခံကိုယ်စားလှယ်တွေက အစိုးရဖွဲ့ဖို့ လွှတ်တော်ခေါ်ယူမယ့်မနက်မှာ တရားဝင်အာဏာတည်ဆဲဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲတွေကို ဖမ်းဆီးချုပ်နှောင်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်။ အားလုံး သိပြီးသားတွေ ပြန်ရေးပြနေတာနော်။ အခုပြောခဲ့တဲ့အချက်ထဲမှာ ဘယ်အကြောင်းအရာကများ မမှန်ပါဘူး မဟုတ်ပါဘူး ငြင်းချက်ထုတ်လို့ရသလဲ စဉ်းစားကြည့်။ ကိုယ်တိုင် ဝင်မပါရင်သာနေရမယ်။ နှုတ်ကဖွင့်မပြောရင်သာနေရမယ်။ အဲ့ဒါ အမှန်တရားပဲလို့တော့ သိကိုသိတယ်။ လက်မခံလို့ကိုမရဘူး။ မင်းအောင်လှိုင်ကိုယ်တိုင်လည်း ဘူးခံပြီး ဗြောင်လိမ်လို့ပဲရမယ်။ ဘာဖြစ်လို့ လုပ်မိပါတယ်လို့ ဆင်ခြေပေးလျှောက်လဲလို့ပဲ ရချင်ရမယ်။ မဟုတ်ပါဘူး မလုပ်ပါဘူး လို့တော့ လှည့်စားလို့ မရဘူး။ သူ့ကိုယ်သူလည်းသိတယ်။ လူတိုင်းလည်းသိတယ်။ ဘုရားသိတယ် နတ်သိတယ်တွေ မမြင်ရတာ ဆွဲမထည့်ဘူး။ အဲ့ဒီကောင် သူပုန်မှန်း မသိတဲ့သူ ဘယ်သူရှိသလဲ ပြော။

သိပင်သိသော်ငြားလည်း နှုတ်ကဖွင့်ဟထုတ်ဖော်ပြောဆိုဖို့ မရဲတဲ့သူတွေ အများကြီးရှိပါတယ်။ လူပုံအလယ်မှာ ပြောရင်ဆိုရင် ဖမ်းတယ်။ “လွမ်းလိုက်တာ အမေရယ်” လို့ ဆိုရှယ်မီဒီယာမှာ ရေးမိတင်မိရင် ထောင် ၂ နှစ်ချတယ်။ နောက်ပိတ်ဆုံး ဘာအသံမှ မထွက်ပဲ နှုတ်ဆိတ်နေလို့ ဆိုရင်လည်းဖမ်းတယ်။ ဖမ်းရုံတောင် မဟုတ်ပါဘူး။ ရိုက်နှက်လုယက် ပစ်ခတ်သတ်ဖြတ်တာတွေကို သက်သေသက္ကာယနဲ့ စုဆောင်းကောက်ယူလို့ မကုန်နိုင်အောင်ရှိတယ်။ ဒါကြောင့်မို့လို့ ဒီအကြောင်းတွေနဲ့ပါတ်သက်လာရင် ဘာမှလည်း မပြောရဲပါဘူး။ ကြမ်းကြားလေကြား။ မင်းနားတစ်ထောင်။ ဘာတစ်ခုမှလည်း ပါဝင်ကူညီသမှု မပြုနိုင်ပါဘူး။ နီးရာဓါး ကြောက်နေရသူပါ။ အဲ့သလိုမျိုးအတွေးနဲ့ နေစိမ့်နိုင်သူကြီးတွေကို ခများတို့ ဘာမှ မလုပ်နိုင် မပြောနိုင်ရင်တောင် သိတာတော့ သိလို့ရပါတယ်။ ဘယ်ဟာအမှန် ဘယ်ဟာအမှားမှန်းတော့ သိတယ် မဟုတ်လား။ စိတ်ထဲကအမှန်အတိုင်း သိရံနဲ့တော့ ဘယ်သူမှ ဘာမှ လာလုပ်လို့မရပါဘူး။ ဒါကြောင့်မို့ အမှန်ကို အမှန်အတိုင်း သိအောင်တော့ ကြိုးစားပါ။ သမ္မာဒိဌိကစမှ သမ္မာဝါယမတို့ သမ္မာသင်္ကပ္ပတို့ နောက်ကလိုက်လာမယ့် အမှန်တရားတွေ ဆင့်ကာဆက်ကာ လမ်းမှန်ပေါ်ရောက်လာမှာ။

ဒီလောက်ဆိုရင် စာရေးရခြင်း ဒုတိယရည်ရွယ်ချက်ဟာ အမှောင်ဖုံးနေတဲ့သူတွေ သတိမမူမိတဲ့သူတွေကို ရှင်းကနဲလင်းကနဲ ဖြစ်သွားအောင် အတွေးအခေါ်တွေကို ပြောင်းလဲပစ်ချင်တာလို့ သဘောပေါက်လောက်ပါပြီ။ သူတို့ဘက်ကလူတွေက စိတ်ဓါတ်စစ်ဆင်ရေးတွေ လုပ်နေတယ်ဆိုရင် ကိုယ်ကတော့ စိတ်ဓါတ်တော်လှန်ရေးတွေ လုပ်ပစ်ခဲ့မှာ။ မုသားနဲ့မှိုင်းတိုက်ခံရတဲ့သူတွေကို သစ္စာနဲ့ အလင်းပြမှာ။ လက်ရည်ဉာဏ်ရည်ချင်းက တခြားစီပဲဟာ။ “ငါလည်းအိပ်ချင်ပြီ။ နင်လည်းအိပ်တော့လေ။” နှစ်ကြောင်းလောက်ရေးတတ်ရုံနဲ့ အလင်္ကာကျော်စွာဘွဲ့ လိုချင်နေတဲ့ကောင်တွေ။ အစီး ၂၀ လောက်တန်းစီထားတဲ့ ယာဉ်တန်းပေါ်ကနေ လမ်းဘေးထိုးရပ်ထားတဲ့ သုံးဘီးဆိုင်ကယ်ပေါ် သွေးရူးသွေးတန်း စက်သေနတ် တရစပ်ဆွဲပြီး ကြောက်သေးဖြန်းဖြန်းပါနေတဲ့ကောင်တွေ။ အဲ့ဒါတွေ မသိသေးတဲ့သူတွေသိသွားအောင် မမြင်ဖူးမကြားဖူးသေးတဲ့သူတွေ မြင်ဖူးကြားဖူးသွားအောင် အဖြူအမည်း သဲသဲကွဲကွဲ ရေးတယ်လေ။ အဲ့ဒါ အသိအမြင်တော်လှန်ရေးပဲ။ သိလိုက်ပါ။ ဒါတွေအမှန်အတိုင်းသိလို့ ဘယ်သူကမှ မဖမ်းပါဘူး။ ကာယကံမပါသည့်တိုင် ဝစီကံမပါသည့်တိုင် မနောကံလေးနဲ့တော့ တော်လှန်ရေးမှာ ပါလို့ရပါတယ်။ ပါလိုက်ပါ။ လူဝင်ကူပါ ပြောတာလည်းမဟုတ်။ ငွေဝင်ထည့်ပါ အလှူခံတာလည်း မဟုတ်။ မအိမ်လုံးတွေက မအိမ်လုံးတွေဆိုတဲ့အကြောင်း သိရင်ရပြီ။ အဲ့ဒီအသိတွေ ခိုင်မာစွဲမြဲလာရင် နောက်တော့ ဘာပြောသင့်တယ် ဘာလုပ်သင့်တယ် ဆိုတာ အလိုလိုသိလာလိမ့်မယ်။

အာဏာသိမ်းတဲ့မနက်ပိုင်း ဆေးရုံမှာ လုပ်စရာကိစ္စတွေ အကုန်ပြီးတဲ့အခါမှာ ကိုယ့်ရဲ့နောက်ထပ်လုပ်ငန်းခွင်တစ်ခုဖြစ်တဲ့ ဧရာဝတီစင်တာကို သွားပြီး အခြေအနေ စနည်းနာမိတယ်။ ဘောစိက အစိခံရတယ် သတင်းတွေထွက်ပြီး ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေတာ။ ဖုန်းလိုင်းတွေက အကုန်ဖြတ်ထားတယ်။ ရှေ့ဘာဆက်လုပ်ရမလဲ။ သူတို့လည်းမသိဘူး။ ကိုယ်လည်း မသိဘူး။ သို့သော် တနိုင်ငံလုံးအတိုင်းအတာနဲ့ တည်ဆောက်ဖွဲ့စည်းထားတဲ့ စီးပွါးရေးလုပ်ငန်းစု အဖွဲ့အစည်းမို့ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားမှု၊ ရပ်တည်ချက်၊ ယုံကြည်ချက်တစ်ခုတည်းနဲ့ အဖြူအမည်း ဆုံးဖြတ်လို့ မရဘူး ဆိုတာတော့ သိခဲ့တယ်။ ကိုယ့်တစ်ယောက်တည်းအတွက်က တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုပေမယ့် သူတို့မှာကျ ငဲ့ညှာစရာတွေ များလွန်းတာကိုး။ ကင်းလို့မရတဲ့အကြောင်းအရာတွေလည်း များလွန်းပါလိမ့်မယ်။

အဲ့ဒီဖြစ်ရပ်က သင်ခန်းစာရတဲ့အတွက် ရှေ့ဆက်ရမယ့်တော်လှန်ရေးခရီးမှာ ကိုယ်ဟာ တစ်သီးပုဂ္ဂလအနေနဲ့ပဲ ရပ်တည်ရှင်သန်ခဲ့တယ်။ ကိုယ့်ဆီက တစ်နွယ်ငင်လို့ ဘယ်စင်ကိုမှလည်း အရောက်မခံခဲ့ဘူး။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ။ သည်ကြိုးထုံးက ကိုယ့်ဆီမှာပဲ လမ်းဆုံးရမယ်။ အဲ့ဒါ ကိုယ့်ရဲ့မူဝါဒ။ ဘာပဲပြောပြောလေ။ ကိုယ့်ဆရာသမားကို မောင်ဝိတ်အဖြစ်၊ ဦးခင်ရွှေအဖြစ်၊ ဦးတေဇအဖြစ် ခုထက်ထိ မမြင်ရသေးတာကိုပဲ အများကြီး ဝမ်းသာနေရပါတယ်။ စောစောက ပြောခဲ့သလိုပေါ့။ အဲ့ဒီလူကြီးတွေက သူတို့စိတ်ထဲ ဘယ့်နှယ်ပဲရှိရှိ၊ ဝစီကံတွေ ကာယကံတွေ မြောက်သွားအောင် ကျွံလို့မရဘူး။ ဒီဘက်ကို အလှူငွေထည့်မိလို့ လူဖမ်း ထောင်ချ၊ ပိုင်ဆိုင်မှုတွေ အသိမ်းခံရတဲ့သူတွေ ကိုယ်မမြင်ဖူးပဲနေပါ့မလား။ ဒါပေသိ မနောကံကတော့ ဘယ်ဟာ မှန်တယ် မှားတယ် သိရမှာပေါ့လေ။ ကိုယ်ကျိုးစီးပွါးအတွက် မှားတဲ့ဘက်မှာ မရပ်တည်မိဖို့ပဲ အရေးကြီးတာပေါ့။

ကိုယ့်ဘက်က သည်အလုပ်တွေကို တစိုက်မတ်မတ်လုပ်နေသလိုပဲ သူတို့ဘက်ကလည်း သူတို့ကျွမ်းကျင်ရာ ဖျက်စီးချေမှုန်းရေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်နေဆဲပါပဲ။ ကိုဗစ်တုန်းက အောက်ဆီဂျင်ဖြတ်ထားသလိုပဲ မြို့နေလူထုကို လျှပ်စစ်မီးတွေ အလျင်မမီအောင်ဖြတ်ပြီး ဖုတ်လှိုက်ဖုတ်လှိုက် အသက်ငင်စေတယ်။ ဘာစီးပွါးရေးမှ လည်ပတ်လို့မရအောင် ကြပ်ထားပြီး ကုန်ဈေးနှုန်းတွေကိုတော့ အဆမတန်ကို တက်အောင်လုပ်ထားတယ်။ ပိုက်ဆံရှိတဲ့လူဆို ခေါ်ယူစစ်ဆေးမေးမြန်းမယ်ဆိုပြီး တောင်းသလောက် ပိုက်ဆံရမှ ပြန်လွှတ်ပေးတယ်။ တယ်လီနော လို နိုင်ငံခြားကုမ္ပဏီကြီးတောင် အရိုးထုတ် အရေဆုတ်ပြီးတော့မှ လူချည့်ပဲ အသက်ပါရုံပြန်ထွက်ရတယ်။ စစ်ယူနီဖောင်းတွေဝတ်ပြီး ဘယ်အိမ်မဆို ဧည့်စာရင်းစစ်မယ် ရှာမယ်ဖွေမယ် အကြောင်းပြချက်နဲ့ အိမ်ထဲရှိတဲ့ အဖိုးတန်ပစ္စည်းတွေ လုယက်ယူငင်သွားတာလည်း မဟုတ်ရပါဘူး လို့တောင် ငြင်းမထားဘူး။ “မိုက်လို့လုပ်တယ်။ မှတ်ပလားကွ။” လို့ သူတို့ကတောင် အတိအလင်း စိန်ခေါ်နေသေး။ ဒီအဖွဲ့အစည်းနဲ့ မကင်းရာမကင်းကြောင်း ပတ်သက်စပ်ယှက်မိတဲ့သူတွေဟာ “ကင်းသင့်ကွာသင့်ပါပြီ။ လမ်းခွဲချိန်တန်ပါပြီ။” လို့ သဘောပေါက်လာဖို့အတွက် မတရားတာကို မတရားမှန်း သိဖို့လိုတယ် မဟုတ်ဘူးလား။ မင်္ဂလသုတ် နေ့ပြန်ညပြန် အဖန်ဖန်ရွတ်နေလျက်ကမှ “အသေဝနာစ ဗာလနံ” ကို လက်တွေ့မကျင့်နိုင်ရင် အလကားပဲ။ အလှူခံမဏ္ဍပ်က ကွက်စိတ်ဆရာလောက်သာ အသုံးကျမယ်။ မဂ်ဖိုလ်မနီး အချည်းနှီး။

ဒီတစ်ခါမှာတော့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ မဟုတ်မတရား အတင်းအဓမ္မ ကျင့်ကြံအားထုတ်နေသော စစ်မိစ္ဆာ လူ့ဗာလများနဲ့ မကင်းရာမကင်းကြောင်း ဆက်နွယ်နေသူတွေအတွက် ကင်းအောင်ကွာအောင် ကိုယ့်လွတ်မြောက်ရေး ကိုယ်အားထုတ်ရမယ့်အချိန်ရောက်လို့ နေပါပြီ ဆိုတာ သတိပေးလိုပါတယ်။ မိုးကြိုးပစ်ရင်လည်း စက်ကွင်းမလွတ်ဘူး။ လူမိုက်တွေကိုယ်တိုင်ကလည်း ကိုယ့်ကိုအချိန်မရွေး အန္တရာယ်ပေးသွားနိုင်တယ် မဟုတ်လား။ အခုပြောနေတဲ့စကားဟာ နန်းစီတွေကိုရည်ညွှန်းပြီး “ငါတို့အစိုးရတက်တဲ့အခါ နင်တို့အားလုံး တန်းစီပြီး အလုပ်ဖြုတ်ပစ်မယ်။ သက်လား။” လို့ ခြိမ်းခြောက်တဲ့သဘော မပါဘူးနော်။ ယူတို့ဟာယူတို့ အဲ့ဒီအထဲဆက်နေမယ်ဆိုရင် ငရုပ်သီးနဲ့ပေါင်းပြီး အထောင်းခံရတဲ့ ကြက်သွန်တွေလို ဖြစ်တော့မယ် လို့ သိစေချင်တာပါ။ ခများတို့ကို သေရွာပို့မယ့်သူက နောက်အစိုးရ မဟုတ်ပါဘူး။ ခများတို့ကိုယ်တိုင် မခွဲနိုင်မခွါရက် ဖက်တွယ်ထားတဲ့ စစ်အစိုးရကိုယ်တိုင်ကပဲ အရိုးတွေနင်းပြီး လမ်းခင်းလျှောက်သွားမှာပါ။ စစ်သားတွေကုန်ရင် ဝန်ထမ်းတွေအသက်နဲ့ ရင်းမှာလေ။ သူ့သစ္စာခံလို့ ကိုယ့်သစ္စာရှိမယ်များ မှတ်သလား။ မုသားထဲမှာ သစ္စာမရှာပါနဲ့။ မရှိပါဘူး။ အဲ့သလောက် ပွင့်ပွင့်လင်းလင်း ဟောလို့မှ ကျွတ်တမ်းမဝင်သေးရင်လည်း သေချာပါတယ်။ တကယ်ပဲ သူတို့ဘက်မှာ တစိတ်တည်းတဝမ်းတည်း ညီညွတ်နေလို့ပါ။ သူတို့နဲ့အတူ လိုက်သေလိုက်ပါ။ သေသင့်နေပါပြီ။ ပြုခဲ့ဖူးသမျှကောင်းမှုကို နောင်ဖြစ်လေရာဘဝ အခုလောက် ဉာဏ်ရည်မနိမ့်အောင်သာ ရည်စူးဆုပန်လိုက်ကြပေါ့နော့။