ဇာတိကတော့ ရန်ကုန်ပါ။ မြို့ပြမှာ မွေးဖွားကြီးပြင်းခဲ့တယ် ဆိုပေမယ့် ကျေးလက်ဒေသနဲ့လည်း သိပ်မစိမ်းလှပါဘူး။ မိဘဘိုးဘွား အညာကဆိုတော့ ကလေးဘဝကတည်းက ရပ်ဓလေ့ရွာဓလေ့တွေနဲ့ အကျွမ်းတဝင် ရှိပါတယ်။ သို့သော်လည်း တောဓလေ့ တောစရိုက်တွေကိုတော့ အခုတခါ စခန်းကိုရောက်မှပဲ သေချာ ကျင်လည်လိုက်စားဖူးပေတော့တယ်။ ရှားရှားပါးပါး ကြုံရခဲတဲ့ အတွေ့အကြုံတွေပါပဲ။ ရှေ့လျှောက် ပိုလို့တောင် ခဲယဉ်းဦးမယ်။ တောတွေကသာ ရွာတွေဖြစ်ဖြစ်လာတာ။ ရွာတွေက တောမဖြစ်ဘူးလေ။ (အခုတော့ ပြာပုံပဲဖြစ်တာများပါတယ်။) မြန်မာပြည်အလယ်ပိုင်းမှာ ကြည့်ပါလား။ ရွာချင်းခြားတာ ယာခင်းများသာ ရှိတော့တယ်။ လွင်တီးခေါင်မှာ သစ်ပင်လေးတွေ စိမ်းစိမ်းစုစုမြင်ရင် တောမဟုတ်တော့ဘူး။ အဲ့ဒါရွာ။
အခုအရပ်မှာတော့ ရွာကနေ တောစခန်းရောက်ချင် တစ်နာရီ နှစ်နာရီလောက်တော့ ပျော့ပျော့လေး အတက်အဆင်းရှိတယ်။ ဟောဟိုးကတောင် ဆိုပြီး လက်ညှိုးနဲ့ လှမ်းထိုးပြလို့ ရပေမယ့် တကယ်သွားရင် ၂ ညအိပ်လောက် လမ်းလျှောက်တက်ရတာ။ လမ်းမှာ လင့်စင်ပေါ်ပဲ အိပ်စရာရှိတယ်။ အလာခရီးတုန်းက ဆိုင်ကယ်ကယ်ရီနဲ့ လိုက်ပို့တာတောင် ၂ နာရီခွဲ ကြာတယ်။ ချောင်းကလေးတွေ ခနခန ဆင်းဖြတ်ရတယ်။ ဗွက်အိုင်တွေ့ရင် ဆင်းတွန်းရတယ်။ တောလမ်းခရီးပဲလေ ဆို အာကာထွန်းဘောင်းဘီနဲ့ ကြက်ပေါင်ဘိနပ်အသစ် ဝယ်စီးလာတာ။ အဆင်မပြေပါဘူး။ ရွှံ့ထဲမှာ ဇွပ်ဆို ကပ်သွားရင် ဖိနပ်က ပြန်နှုတ်မရပဲ ကျွတ်ကျန်ခဲ့ရော။ မကပ်ပဲချောနေပြန်ရင်လည်း လိပ်ပက်လက်လှန်လိုက်သလို တဗိုင်းဗိုင်းလဲတာ။ တောစီးစစ်ဘိနပ်နဲ့မှ လမ်းလျှောက်လို့ရသဗျ။ မြို့သားတွေ တောလာရင် လမ်းလျှောက်က အရင်စသင်ရပါသော်ကောဗျာ။
တောမှ ဘယ်လောက်တောသလဲဆို လမ်းမှာတင် လိပ်တစ်ကောင် ကောက်ရလို့ ဆိုင်ကယ်အံဖုံးထဲ ထည့်ယူလာလို့ရတယ်။ ကိုင်း။ အခုလည်း တောထဲမှာ စခန်းချနေတာဆိုတော့ စားစရာသောက်စရာ အသည်လာမှ ဝယ်လို့ရတော့တယ်။ အခြောက်အခြမ်းက အဓိကပဲ။ ဟင်းစိုဆိုတာ နေ့တိုင်း လာရောင်းတာ မဟုတ်ဘူး။ အစကတော့ မြိုင်ရာဇာတွတ်ပီ လုပ်ရတော့မယ်လို့ ထင်ပေမယ့် လက်တွေ့မှာ မြင်သားကြားသားတောင် မြိုမကျဘူး။
အမဲက ကိုယ်တိုင်လိုက်စရာ မလိုပါဘူး။ သူတို့ဆီက ကလေးတွေ တောကောင်ရရင် ကိုယ့်ဆီကို ပေါင်တစ်ပေါင်တော့ လာပေးနေကျ။ ပွဲရှိရင်လည်း အိမ်ရှေ့က ချောင်းစပ်တင် အမဲပေါ်ကြတယ်။ ကိုယ်တွေ ရေချိုးဆင်းရင် အကောင်ပလောင်လေးတွေ မျက်နှာငယ်နဲ့ မြင်ရတော့ ထမင်းဝိုင်းမှာ မျက်စိထဲက ဖျောက်မရဘူး။ ဒီလိုနှလုံးသားနဲ့များ စစ်သားလုပ်မတဲ့ လို့ မရယ်နဲ့နော်။ ကြင်စိုးတို့သားအဖတွေဆိုရင်တော့ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းဘူး။ ကိုယ်တိုင် အမဲပေါ်ပစ်မှာ။ လာပစေဦး။
အဲ့သလိုနဲ့ပဲ ကိုယ်တို့မှာ ဟင်းစိုထက် ဟင်းစိမ်းဘက်ကို အာရုံပြောင်းရပါတယ်။ တောထဲမှာ ဟင်းစိမ်းဆိုတာ ဝယ်စရာမလိုဘူးနော်။ ဘာကိုဘယ်လိုစားလို့ရသလဲ သိရင် အကုန် ဟင်းဖြစ်တယ်။ ပူစီနံတို့ ရှမ်းနံနံတို့ဆိုရင် အဝတ်လှမ်းတဲ့ ဝါးလုံးတန်းအောက်မှာ ပေါက်နေတာ။ ရေချိုးခန်းကာထားတဲ့ မြောင်းဘေးမှာ မြင်းခွါရွက်ကားကားကြီးတွေ စိမ်းနေတာပဲ။ ဆေးရုံက ရေတိုင်ကီနံဘေးမှာ မိုးမျှော်ငရုတ်သီးစိမ်းပင် ရှိတယ်။ နောက်တော့လည်း နေရင်းနေရင်း ဘယ်နေရာ ဘာပင်ရှိလဲ သိသွားတာပဲ။ လွယ်လွယ်ကူကူ လောက်လောက်ငှငှ လိုချင်ရင်တော့ အိမ်ပတ်ပတ်လည် ကိုယ့်ဘာသာကိုယ် စိုက်စားလေ။ မြေလွတ်တွေ လိုချင်သလောက်ရတယ်။
သူတို့ရွာက မိန်းမသူတွေကတော့ မနက်ခင်းနေပွင့်လာရင် ပလိုင်းတစ်လုံးဓါးတစ်ချောင်းနဲ့ တောထဲ ဟင်းရွက်ခူး ထွက်ကြတာပဲ။ ဆေးရုံမှာ ရွာကကလေးတွေ အလုပ်သင်ချင်လို့ လာဆင်းတာရှိတော့ သူတို့ကို ခေါင်းတွဲတင်ပြီး ကိုယ်တွေလည်း တောလည်ထွက်ပါတယ်။ “အမဲလိုက်အက ခွန်အားရှိမှ” ဆိုပေမယ့် တို့တတွေကတော့ အဖြူလိုက်အကခေါ်မလား အစိမ်းလိုက်အကခေါ်မလား မပြောတတ်ပါဘူး။ ချောင်းရိုးတလျှောက် အထက်တက်ပြီး တောထဲကို ဟင်းရွက်ခူးထွက်ကြတာ။ ဓါတ်ပုံတွေကို မနည်းရိုက်လာခဲ့ကြပါရောလား။ ဟေဟေ။
သူတို့မို့လို့သာ သိတာ။ ချောင်းစပ်ကအပင်လေးတွေ တူးယူလာပြန်ပြီ။ အဲ့ဒါ ဂုံမင်းအူ တဲ့။ ထောင်းစား ဟင်းချိုချက်သောက် ကောင်းသတဲ့။ တော်နေကြာ သဖန်းညွန့် ဆို ခူးလာကြပြန်ရော။ ဟုတ်ပ။ ဟင်းချိုထဲခပ်ရင် မွှေးချိုနေတာပဲ။ ဟင်းပြင်းပင်တွေတွေ့ရင် သူတို့သိပ်ပျော်တယ်။ အရွက်စားစား အသီးစားစား အဖူးလေးတွေတောင် သုပ်စားလို့းတယ်။ ဒီကလေးတွေမြင်သမျှ စားလို့မရတာ ဘာမှမရှိဘူး။ ဟုတ်ရောဟုတ်ရဲ့လား လို့တောင် ထင်မိတယ်။ ပိန်းဥတွေ တူးထားတဲ့နေရာရောက်ရင် သယ်လို့တောင် မနိုင်ချင်ဘူး။ တောင်ပို့မှိုထွက်နေကျ ကုန်းပြောင်ပြောင်ကလေးတွေလည်း သူတို့မှတ်ထားတယ်။ တောဆိုတာ သူတို့အတွက် ပဒေသာပင်ပဲ။ ပိုက်ဆံပေးစရာမလိုဘူး။ ရှာတတ်ဖွေတတ်ဖို့ပဲလိုတာ။ ဇရစ်ရိုး သခွပ်ပွင့် လက်ပံပွင့် မက်လင်သီး ချဉ်စော်ကားသီး စားစရာတွေ ပေါလိုက်တာ။ ဘယ်ဟာ ဘယ်လိုစားတယ် သိရင်ရပြီ။
အဲ့လိုဆိုမှ ဇာတ်ရည်လည်သွားတယ်။ ရွာကလူတွေ နေ့တိုင်း အသားငါး စားမနေဘူး။ တောထဲ ဟင်းရွက်လည်ခူး၊ ရတာလေးနဲ့ အဆင်ပြေသလို ချက်ပြုတ်ပြီး ထမင်းမြိန်ကြရော။ မမြိန်စရာ မရှိပါဘူး။ လတ်လတ်ဆတ်ဆတ်ရတော့ ဘူးသီး ခရမ်းသီးလည်း ချိုလိုက်တာမှ မြို့ကနဲ့ကို မတူဘူး။ အော်ဂဲနစ်စစ်စစ်။ ချောင်းထဲက ကျောက်ပွင့်တွေလို ရေညှိစိမ်းစိမ်းတွေကို နယ်ခံဆရာလေးက ဟင်းချိုချက်ကျွေးမှ စားလို့ရမှန်း သိတော့တယ်။ စွမ်တန်လေး ငရုတ်သီးစိမ်းလေးနဲ့ ချဉ်စပ်မွှေးမွှေးလေး။ ဟင်းချိုဆိုပေမယ့် အပူဟင်းချို မဟုတ်ဘူး။ အအေးဟင်းချို။ ရင်အေးတယ်တဲ့။ ထူးထူးဆန်းဆန်း ချောင်းထဲမှာ ငါးကျည်း ငါးခူခေါင်းလောက်ရှိတဲ့ ဖားလောင်းတွေ မည်းနေအောင် တွေ့ခဲ့တယ်။ အဲ့ဒါလည်း စားလို့ရသတဲ့။ ပေါင်းစားရင် အရမ်းကောင်းဆိုပဲ။ အသည်းယားစရာကြီး။ ချောင်းရှိလို့ ငါးရှိတာတော့ ပြောစရာမလို။ ကျောက်စရစ်ကြမ်းပြင်နဲ့ ကြည်သန့်နေတဲ့ဆီက ရေချိုငါးပဲဟာ မချိုစရာ မရှိပါဘူး။
သူတို့ရွာမှာ သားကြီးငါးကြီးဆိုတာ အလှူပွဲလမ်း ရှိမှပဲ ဟင်းကောင်းချက်စားတယ် ဆို စားကြတာ။ ရွာမှာ မင်္ဂလာဆောင်ဖိတ်လို့ တစ်ခါသွားစားကြဖူးတယ်။ ထူးဆန်းပါပေ့ ကတွတ်ပီရယ်။ မင်္ဂလာဆောင်က နှစ်အိမ်တပြိုင်တည်းဆောင်တယ်။ သတို့သားလည်း သူ့အိမ်သူနေ သတို့သမီးလည်း ကိုယ့်အိမ်ကိုယ်နေ။ သပ်သပ်စီ မင်္ဂလာဆောင်ကြ။ ကိုယ့်မိတ် ကိုယ့်ဆွေမျိုး ကိုယ်ဧည့်ခံ။ ကိုယ့်ဘက်ကလက်ဖွဲ့ကိုယ်ယူ။ ညနေကျမှ သမက်တက်တက် သမီးလိုက်လိုက် စုံတွဲပေါင်းရတယ်။
အဲ့လိုဆိုတော့ ကိုယ်တို့က ဘယ်ဘက်အိမ်သွားရမှာပါလိမ့်။ သတို့သမီးက ကိုယ့်လူနာလေ။ Grave disease နဲ့ ရန်ကုန်ကို ဆေးမှာကုထားရတဲ့ မရွှေချောပေါ့။ သူ့အမေလည်း ကိုယ့်လူနာပဲ။ SLE နဲ့ နှလုံးခုန်နှုန်း ၂၀၀ ကျော်နေလို့ ဆေးရုံလာတက်ထားတဲ့သူ။ Corderone ပုလင်းတွေချိတ်ပြီး မနည်းနှာနှပ်ထားရတာ။ သတို့သမီးအိမ်ပဲ သွားကြတာပေါ့။ သို့သော်လည်း သတို့သားအိမ်က လမ်းမှာ အရင်ရောက်တော့ သူတို့ကအရင်ထွက်ခေါ်ရော။
မင်္ဂလာဆောင်အိမ်တဲ့ဗျာ။ ဆောင်းဘောက်ကြီးနဲ့ ဒီဂျေတွေဖွင့်ပြီး ကနေတာ ထွန့်ထွန့်ကိုလူးနေတာပဲ။ တွံတေးစိုးအောင်ခေတ် မဟုတ်ဘူးနော်။ ဗမာသီချင်းတွေနဲ့ တက်မလာနဲ့။ ဖီးလ်ကျဲတယ်တဲ့။ ကြည့်ရတာ ပျော်စရာကြီးပါ။ သတို့သားက မွေးနေ့ရှင်ကြီးလို တစ်ယောက်တည်း ဧည့်ခံနေတာ။ အမယ်။ သူလည်း ဘယ်လွတ်လို့လဲ။ တို့ဆေးရုံကလူနာလေ။ ဆိုင်ကယ်မှောက်လို့ ချုပ်ပေးထားတာ အမာရွတ်ကလေးတောင် ရှိသေး။ ကိုင်း ဆိုင်သွားပြီ။ “ဟိုဘက်အိမ်နဲ့ ဟင်းချင်း တူတူပဲမှလား။ ဒီမှာပဲ စားကြရအောင်။” ဆို အိမ်ပေါ်တက်ထိုင်လိုက်ကြတယ်။ “အလိုကွယ်။ ဧည့်ကောင်းစောင်ကောင်းတွေ ဒီလိုမောင်ပိုင်စီးလို့ ဘယ်ရမလဲ။” ဆို သတို့သမီးက လိုက်လာတယ်။ ဒါနဲ့ပဲ သတို့သားအမေက သူ့သားကို လက်ဆွဲလာပြီး “ဆရာဝန်ကြီးတို့။ ဒါ ကျွန်မသား။ မင်္ဂလာဆောင်တဲ့အကောင်။ အခု သူ့မိန်းမရောက်ပြီ။ ကြည့်ကြဦးမလား။ ကြည့်ချင်သေးလား။ ခေါ်လိုက်မယ်။” တဲ့။ ရပါတယ်။ အားနာစရာကြီး။ သိပြီးသားပါ။ နေပါစေတော့။ သတို့သားနဲ့ သတို့သမီးက ဆင်တူလည်း မဝတ်ကြပါဘူး။ သပ်သပ်စီကြီးရယ်။ ရှက်နေကြသေး။ အသက်ကလည်း ဆယ်ကျော်သက်ရှိကြသေးတာ။ သူ့အမေတောင် ၄၀ မပြည့်သေး။ ကိုယ်တို့ကတော့ နှစ်အိမ်လုံး စားရပါတယ်။ သတို့သမီးအိမ်က ချိုင့်နဲ့ပို့တော့ ညစာပါ မီးခိုးတိတ်ရော။ သွားစားတာတောင် လူတစ်ကျိပ်။ နိပ်သကွာ။
အဲ့သလောက်ဆိုရင် သည်တစ်ရွာလုံး ကိုယ့်ဆေးရုံက လူနာ မဖြစ်ဖူးသူမရှိဆိုတာ ခန့်မှန်းမိလောက်ပါပြီ။ မနက်မနက် ဈေးဝယ်ထွက်ဖို့ ရွာရိုးလျှောက်တဲ့အခါတိုင်း ဘုန်းကြီးကျောင်း သီလယူသွားတဲ့ အဒေါ်ကြီးတွေက သွားဖုံးငုတ်တိုကလေးတွေနဲ့ ပြုံးပြုံးပြတုန်း။ တူတူပါပဲ။ သီလပေးမယ့် ရွာဦးဘုန်းဘုန်းလည်း သွားငုတ်တို ၃ ချောင်း နှုတ်ပေးထားပါတယ်။ အံကပ်လုပ်မယ့် သွားစိုက်ဆရာ ကိုယ်တိုင်က “ဆရာဝန်ဆီသွား။ ဒီသွား ဒီသွား နှုတ်ခဲ့။” ဆို တစ်ယောက်ပြီးတစ်ယောက် လွှတ်နေတာ။ နောက်ပိတ်ဆုံး သွားဆရာဝန်တစ်ယောက် အားဖြည့်ထားရတယ်။
ကြွားတယ်လို့ မထင်ပါနဲ့။ ကြွယ်တာလည်း မဟုတ်ရပါ။ ဆြာစိုးလေး ရှိတဲ့အရပ် အိမ်သာလို့ ဧည့်လာတာ အခုမှ မဟုတ်ပါဘူး။ အမ်းမှာနေတုန်းကလည်း ရန်ကုန်ကနေတောင် လိုက်လာခွဲကြဖူးတယ်။ စင်္ကာပူကနေတောင် အလည်လာဖူးတယ်။ စာထဲမှာ ရေးထားတဲ့အတိုင်း ဟုတ်မဟုတ် သိချင်လို့ ထင်ပါ့။ အခုလည်းပဲ တော်လှန်ရေးကာလကြီးမှာ အင်္ဂလန် အမေရိကားကနေ ရံပုံငွေရှာပေးနေကျ အမေပန်တို့ အမေပိုးတို့လို အလှူငွေတွေ ဒလဟောဝင်အောင် tour package လေး ဘာလေး စီစဉ်ဦးမှကောင်းမလား မသိပါဘူး။ ရောက်အောင်သာ လာလည်ကြပါဗျာ။ မပျင်းစေရပါဘူး။ ကလေးတွေနဲ့ တစ်တော့ဆော့နေတယ်။ “မြွေထီး မြွေထီး။ မြွေမ မြွေမ။ မြွေနှစ်ကောင် မြွေနှစ်ကောင်။” အကွက်စုံအောင် ကျင့်ထားပြီးသား။ တစ်ခေါက်လာ နည်းတစ်မျိုးနဲ့ S ဆရာကြီးစိုး ကိုယ်တိုင် ကပြမှာပါ။ ဒါမှမဟုတ်လည်း မစောင်လေးလို စမ်းချောင်းထဲမှာ live လွှင့်ပြီးတော့ ရေချိုးပြလိုက်မှာနော်။ ရေတွေက လွှတ်ကြည်တာပါဆို။ နံမည်တွေ ကုန်အောင် ခေါ်ပေးရမှာလား။ ပြော။