ဇာတ်ရှိန်တွေတော့ တက်လာပါပြီ။ စောင့်မျှော်ဖတ်ရှုနေကြတဲ့ ပရိသတ်ကြီးရဲ့ စိတ်ပါဝင်စားမှုတွေကလည်း ထက်သန်လာပြီပေါ့။ ဘာတွေများဆက်ဖြစ်ဦးမလဲ ရင်ခုန်စိတ်လှုပ်ရှားနေမှာပေါ့နော်။ ဒီမှာလည်း ပြောပြစရာတွေက တပုံကြီးပါပဲ။ ကိုယ့်အဖြစ်က realty show တစ်ခုကို live လွှင့်ထားမိသလို မျက်စိအောက်ပေါ်လာသမျှကို အချိန်နဲ့တပြေးညီ ထုတ်လွှင့်ရေးသားနေတာ မဟုတ်လား။ ဒီအခန်းဆက်ကလေး တစ်ပါတ်လောက် ဆက်မရေးမိရင် အဆင်မှပြေရဲ့လား စိတ်ပူသူတွေ နည်းမှမနည်းတာ။ အဲ့ဒါကြောင့် ကိုကိုလေပါတီခမျာ အခြေလည်းဖြိုးတယ် အနေလည်းတိုးတယ် မသေပဲကိုး ကွယ် ဆိုတဲ့အကြောင်း ပေတစ်ရာဆီလျှောက် မြင်သလောက်ပြပြနေရတာပေါ့။ “ကိုင်းအခု လုပ်စမ်းပါဦး။ ဘာတွေဆက်ဖြစ်သလဲ။ up date ကလေး၊ breaking news ကလေး။” ဆိုရင်တော့ ပြောရခက်ပါတယ်။ မပြောချင်လို့ အိုက်တင်ခံတာ မဟုတ်ပါဘူး။ ပြောသင့် မပြောသင့် အများကြီး ချင့်ချိန်နေရလို့ပါ။
သိတဲ့အတိုင်းပဲလေ။ စစ်မြေပြင်အခြေပြု ဆေးရုံကလေးတစ်ခုမှာ ဇာတ်ရှိန်တွေတက်လာရင် စစ်ပွဲနဲ့ အရမ်းကို နီးစပ်လာလို့ပဲ ဖြစ်စရာရှိတာ မဟုတ်လား။ စစ်သတင်းဆိုတာ ကိုယ်ကသာ မျက်ခြေမပြတ် သိနေပြီး ရန်သူ့နားမပေါက်အောင် ခြေသံတိတ်နေမှ ကောင်းတာ။ဒါကြောင့်မို့ ဘာလေးပဲ ပြောချင်ပြောချင် လုံခြုရေးသတိ အမြဲရှိ ကိုယ့်ကိုယ်ကိုယ် သံပါတ်တင်းနေရတယ်။ ကိုယ့်တစ်ယောက်တည်းအတွက်ဆို အရေးလား။ ကိုယ့်ကိုယုံလို့ လက်တွဲအလုပ်လုပ်သူ တစ်ဖွဲ့လုံး ဘေးကင်းရန်ကွာ ရှိဖို့ကလည်း ကိုယ့်တာဝန်ပဲမို့လို့သာ။ “သူ ဖေ့စ်ဘုတ်ပေါ် တက်အာချောင်တာနဲ့ ငါတို့စခန်းလေး လာအသိမ်းခံရတယ်။” ဆိုတာမျိုး အဖြစ်မခံနိုင်။ အခုလို အခြေအနေရောက်ဖို့ အများကြီးကြိုးစားခဲ့ရတယ်။ ကိုယ့်ဖာသာ အသိဆုံး။ စိတ်ကူးထဲကအတိုင်း လက်တွေ့ အကောင်အထည်ဖော်ထားတာ။ အတောင်စုံလို့ ပျံသန်းနိုင်ခါမှ လောက်လေးစာမိလို့ ဘယ်ဖြစ်မလဲ။ ဒီဆေးစခန်းကလေးဟာ တော်လှန်ရေးရဲ့ တစိတ်တပိုင်းလည်းဖြစ်တယ်။ အထိခိုက်မခံနိုင်ဘူး။ ရှေ့ဆက် အလုပ်လုပ်စရာတွေ အများကြီး။
တစ်နေ့ထက်တစ်နေ့ ခရီးရောက်လာတာနဲ့အမျှ လုပ်စရာအလုပ်တွေကလည်း များများလာလိုက်တာ။ “ဟော မိုးလင်းခဲ့ပြန်ပြီ။””ဟင် မိုးချုပ်သွားပြန်ပေါ့။” နဲ့ အချိန်တွေ ကုန်လို့ ကုန်သွားမှန်းတောင် မသိနိုင်အောင်ပါပဲ။ စာရေးရင်တောင် ညတရေးနိုးမှ ထထရေးရတယ်။ လိုင်းကလည်း အဲ့ဒီအချိန်ကျမှ ကောင်းတာကိုး။ အဖြစ်အပျက်တွေဟာ ကိုယ့်ဆီမှာကျတော့ နှစ်ပေါက်အောင်လျှောက်နေရပြီး သူများတွေဆီမှာဆို နှစ်ရက်လောက်နဲ့ အဖြေထွက်တာမြင်တော့ အံ့ဩရမလား အားကျရမလားတောင် မသိတော့ပါဘူး။ မမနော်မာ ယူကရိန်းကို ရောက်ဖုးသလား ဟင်။
ရလပ်ချင်းသာ မတူတာ။ ယူကရိန်းတာလည်း အိုင်ကရိန်းခဲ့တာနဲ့ သိပ်တော့ မခြားနားပါဘူး။ အိုင်တို့အဖွားက ငယ်ငယ်ကတည်းက လက်ဆင်ပေးထားလို့ နပ်ပြီးသား။ သူပြောတာ “အိမ်နီးချင်းချေးကို ယုံပြီး ဝက်မမွေးရဘူး။” တဲ့။ “ဒီဝက်ကလေးတော့ ငါမွေးထားရင် အစာဖိုးမကုန်ပါဘူး။ ဘေးအိမ်ပတ်ပတ်လည် ဘယ်ကျင်းထဲဝင်ပက်ပက် ရတယ်။” လို့ ထင်ပေမယ့်လည်း တကယ်တမ်း အိမ်သာအောက်က အွစ်အွစ်နဲ့ အသံပေးရင် ဖင်မလုံလို့ ဝါးကပ်ကာပစ်တာကြောင့် အားမကိုးလောက်ဘူး လို့ ပြောတာ။
သူတို့ဆီမှာ ၂ ရက်နဲ့ အလျှော့ပေးပြီး ကိုယ်တို့ဆီမှာ ၂ နှစ် ထဲ ဝင်လာတဲ့အထိ တောင့်ခံထားနိုင်တာ ဘာဖြစ်လို့ပါလိမ့် လို့ တွေးနေမိတယ်။ သူတို့လည်း သမ္မတကိုယ်တိုင် ထွက်မပြေးပဲ ကြံ့ကြံ့ခံတိုက်တာပါပဲ။ ဘယ်စစ်ကူမှ ကိုယ်ထိလက်ရောက် မလာတဲ့အခါ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဒီ့ထက်ပို မထိခိုက်စေချင်တဲ့အတွက် ပူတင်ကြီးတောင်းဆိုသမျှ လိုက်လျောပြီး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးဖို့ ငြိမ်းချမ်းရေးကို ကမ်းလှမ်းတာပါလို့ ဦးကိုကိုလှိုင်ကြီးက သုံးသပ်မလား မသိပါဘူး။ ငြိမ်းချမ်းရေးတို့ အပစ်အခတ်ရပ်စဲရေးတို့ဆိုတာ ဘယ်လိုအချိန်အခါမျိုးကျမှ ဘယ်သူတွေဘက်က စကားခေါ်ရသလဲ သင်ခန်းစာယူရမလို ဖြစ်နေပြီ။
ကိုယ်တို့ဆီမှာလည်း ဝိရောဓိဖြစ်နေတဲ့ နှစ်ဘက်စလုံး ပြည်သူတွေနဲ့ နိုင်ငံတော်အပေါ်ကို ငဲ့ညှာလို့ ယူကရိန်း နဲ့ ရုရှားလိုပဲ ငြိမ်းချမ်းရေးဆွေးနွေးကြရအောင် လို့ နှပ်ကြောင်းပေးချင်သူတွေ အများကြီး ရှိမှာပဲ။ ဒီကိစ္စကြီးကို ပြီးချင်လှပြီ။ မြန်မြန်ဖြတ်လိုက်ရအောင်လေ။ ကလေးတွေ ကျောင်းတက်ရဦးမှာ။ “ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ကျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြတာပေါ့။” ဆိုတဲ့ ဦးမောင်မောင်စကားကြီးတောင် ကြားယောင်လာတယ်။
ယူကရိန်းပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ အထိခိုက်မခံနိုင်လို့ တန်ဖိုးထားလို့ သူတို့သမ္မတက ရုရှားအလိုကျ လိုက်လျောမယ်ဆိုတာ သူတို့နိုင်ငံအနေအထားနဲ့ မှန်ချင်မှန်ပါလိမ့်မယ်။ မြန်မာပြည်သူတွေနဲ့တော့ အဲ့သလို တွေးလို့ မရပါဘူး။ ကိုယ်တို့အားလုံးဟာ နွေဦးတော်လှန်ရေးမှာ ဝင်ပါခဲ့ကတည်းက နိုင်မယ်ထင်လို့ စွန့်စားကြည့်တဲ့သူ တစ်ယောက်မှ မပါဘူး။ သေနိုင်မှန်း ဘဝပျက်မယ်မှန်း သိသိကြီးနဲ့ လက်ချည့်ပလာ ဝင်တိုက်တာလေ။ လိုချင်တာ အသက် မဟုတ်ဘူး။ အသက်ပြန်မပေးနဲ့။ သေချင်သေပစေ။ အောင်ပွဲကလွဲလို့ ဘာမှ မယူ။ ၁ နှစ် ၂ နှစ် မဟုတ်ဘူး။ ၁၀ နှစ် အနှစ် ၂၀ ကြာချင်လည်းကြာ။ မအောင်မချင်း ဆက်တိုက်မှာ။ အခုချိန်ထိ ကိုယ့်အသက်ကို မရှင်ရှင်အောင်မွေးနေရတာ သေမှာကြောက်လို့ မဟုတ်ဘူး။ ဆက်မတိုက်နိုင်မှာစိုးလို့။
သူထင်တာက လေယာဉ်ပျံပေါ်က ဗုံးတွေကျဲချ၊ မြေပြင်ပေါ်မှာ တင့်ကားတွေနဲ့တက် အမြောက်တွေနဲ့ ပစ်၊ အကာအကွယ် အထောက်အပံ့ပေးမယ့် ရွာတွေကို ပြောင်တလင်းခါအောင် မီးရှို့ပစ်လိုက်ရင် သူ့ကိုဆန့်ကျင်မယ့် မလောက်လေးမလောက်စား PDF ကလေးတွေကို အမြစ်ပါမကျန်အောင် ဆွဲနှုတ်ပလိုက်နိုင်မှာပဲလို့။ ဒါပေမယ့် လက်တွေ့မြေပြင်ပေါ်မှာ သူ့ကို အသက်ထက်ဆုံး လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ထားတဲ့ လူငယ်လူရွယ်ကလေးတွေ တနေ့တခြား တိုးပွါးလာတာ EAOs တွေ လက်ခံနိုင်တဲ့ပမာဏထက် များလို့ တောင်းတောင်းပန်ပန်နဲ့ ငြင်းယူရလောက်အောင်ပါပဲ။ တစ်ယောက်သတ်လိုက်ရင် တစ်ရာထပ်ပွါးလာတဲ့သဘောကို ဒင်းတို့ ဉာဏ်မမီဘူးလေ။ ခုချိန်ထိ စစ်ဘောမတွေက “ကလေးတွေကို နိုင်ငံရေးမှာ အသုံးမချသင့်ပါဘူး။” လို့သာ ကုန်းအော်နေတာ။ အဲ့ဒီကလေးတွေ တောထဲမရောက်ရောက်အောင် သူတို့ကိုယ်တိုင်ကပဲ တွန်းပို့ခဲ့တာမှန်း နားမှမလည်တာ။ နေရပ်မှာကျန်ခဲ့တဲ့ မိသားစုကိုရန်ရှာ၊ နေအိမ်တွေချိတ်ပိတ်၊ ပိုင်ဆိုင်မှုတွေ သိမ်းယူလိုက်ရင် ဒီကောင်တွေ ဘာတတ်နိုင်မှာလဲ။ “ပြောင်ရှင်း မင်းပိုင်သကွာ။” လို့ ပီတိတွေဖြာနေတယ်ပေါ့။ ဟုတ်လား။
မြို့ပေါ်မှာ လူငယ်တွေကို အကြမ်းဖက် နှိပ်စက် ဖမ်းဆီး သတ်ဖြတ်ခဲ့သမျှဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့အရပ်မှာ PDF တပ်သားသစ်တွေ အလုံးအရင်းနဲ့ တိုးပွါးလာစေတယ်။ စစ်သားစုဆောင်းရေးဘက်မှာသာ တစ်ယောက် သိန်း ၂၀ ပွဲခပေးပြီး ဝယ်ယူလို့မရတာ။ ကလေးတွေ PDF ဖြစ်ချင်လွန်းလို့ ကိုယ့်စားရိတ်ကိုယ်ရှာပြီး အဆက်အသွယ်ရှာလို့ တောထဲရောက်ရောက်လာတာ ဘယ်သူကမှ တရားဟောစရာ မလိုဘူး။ အတန်တန် တားတဲ့ကြားက စွန့်စွန့်စားစား အပင်ပန်းခံကြတာ။
သူတို့နယ်မြေရှင်းလင်းရေးလုပ်ထားတဲ့အတွက် သန်သန်စွမ်းစွမ်း ရှိတဲ့ လူငယ်လူရွယ်တွေမှန်သမျှ PDF တွေဖြစ်ကုန်တာက တစ်ကြောင်း၊ စစ်မတိုက်နိုင်တဲ့သူတွေက စစ်ဘေးဒုက္ခသည် ဖြစ်လာတာက တစ်ကြောင်း။ ဒီပြဿနာတွေကို ကူညီကယ်ဆယ်ပေးမယ့် အစိုးရယန္တရား အသက်မဝင်တာက တစ်ကြောင်း။ အကြောင်းကြောင်းတွေ ပေါင်းဆုံလာသမျှဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ခေါင်းပေါ် ပုံကျလာတာပါ။ အကုန်လုံးကို ကိုယ်မသိနိုင်ပေမယ့် ကိုယ့်မျက်စိအောက်မှာ မြင်ခဲ့သမျှပဲ စာရင်းတို့ပြီး မှတ်ပြပါ့မယ်။
တိိမ်းရှောင်လာတဲ့ CDM တွေကို လက်ခံဖို့ပဲဖြစ်ဖြစ်၊ တော်လှန်လိုတဲ့ လူငယ်တွေကို စစ်သင်တန်းပေးဖို့ပဲဖြစ်ဖြစ်၊ အသက်ဘေးကထွက်ပြေးလာသူတွေကို ဒုက္ခသည်စခန်း ဖွင့်ပေးဖို့ပဲ ဖြစ်ဖြစ်၊ ပထမဦးဆုံးလုပ်ပေးရတဲ့ အလုပ်က အမိုးအကာနဲ့ နေရာထိုင်ခင်းကလေးတစ်ခု ဖြစ်အောင် စီစဉ်ရပါတယ်။ တောထဲမှာ လူတစ်ယောက် နေစရာထိုင်စရာရဖို့ သစ်ပင်ဘယ်နှစ်ပင် ကုန်သလဲ တွေးမိသလား။ ပြန့်ပြူးရှင်းလင်းတဲ့ တလင်းမြေညီတစ်ခုရဖို့အတွက် အဲ့ဒီမြေအကျယ်အဝန်းမှာ ရှိရှိသမျှ သစ်ပင်ကြီးငယ် အကုန်ခုတ်ရှင်းပြီး ဆင်နဲ့ညှိယူတာကို ၂ ရက် ၃ ရက် လုပ်ယူရပါတယ်။ ဒါတောင် အခုခေတ်က မော်တာတပ်ထားတဲ့ chain saw တွေ ပေါ်နေပြီမို့ သစ်ပင်လှဲရင် နေကုန်နေခမ်း လွှမဆွဲရတော့လို့။ ပြီးတာနဲ့ တိုင်ထောင် တဲထိုး အမိုးမိုး အကာကာ သစ်ပင်တွေ ကုန်တာကုန်တာဆိုတာ မပြောပါနဲ့။ အေးလွန်းလို့ ထင်းဆိုက်ပြီး မီးလှုံတာနဲ့ကို တော်တော်ကုန်နေပြီ။ နောက်ထပ် လူအသစ်တွေ ရောက်လာလေလေ၊ အဲ့ဒါတွေပိုပိုကုန်လေပါ။
ခုခေတ်က EAO တိုင်းမှာ PDF သင်တန်သားတွေ ရှိတယ်။ စစ်တပ်လက်အောက်ခံ ဝေစားမျှစား လောက်ကောင်အဖွဲ့တွေတောင်မှ မသိနားမလည်တဲ့ ကလေးတွေကို PDF ဖွဲ့ပေးမယ်ဆိုပြီး စစ်သင်တန်းပေးနေကြတာလေ။ ပြီးကျမှသာ သူတို့တပ်သားထဲထည့်လိုထည့်၊ ပျူစောထီးထဲ ပို့လိုပို့လုပ်လို့ ကလေးတွေ ပြန်ထွက်ပြေးလာရဖူးတယ်။ မြို့ပေါ်မှာ စစ်တပ်က အကြမ်းဖက်တဲ့အခါတိုင်း မဆီမဆိုင် တောထဲကသစ်ပင်တွေ အမြောက်အများအခုတ်ခံရထို့ သစ်တောတွေလည်း ပြုန်းတီးရပါတယ်။ တောစောင့်နတ် တောင်စောင့်နတ်၊ ဘုမ္မစိုး ရုက္ခစိုးမင်းကြီးတွေ ကျိန်စာတိုက်ရင် လမ်းချော်နေမှာစိုးလို့ စစ်သားတွေဆီ တည့်တည့်ကျိန်ဆဲနိုင်အောင် လမ်းပြပေးလိုက်ပါတယ်နော်။
လူသူမနီး တောကြီးမျက်မည်းထဲကို ပရိသတ်ဗိုလ်ပုံနဲ့ စခန်းချ ရွာတည်တဲ့အခါ အဲ့ဒီဒေသမှာ နဂိုမူလ ရှိနှင့်ပြီးသား တောနေသတ္တဝါကလေးတွေက နေရာဖယ်ပေးရပါတယ်။ ပုရွက်ဆိပ်အုံ ခါချဉ်အုံကလေးတွေက အစပေါ့။ တောထဲမှာ စူပါမားကက်မရှိတာကြောင့် အမဲဟင်းလျာ စားနပ်ရိက္ခာအတွက်လည်း သူတို့ခမျာ သေပေးရပြန်တာပါပဲ။ ချောင်းကလေးတွေမှာ ငါးမိုင်းအခွဲ ခံရမယ်။ မျောက်ကလေးတွေ အရေဆုတ်ခံရမယ်။ တောထဲက အကောင်မြင်ရင် ဘာကောင်ဖြစ်ဖြစ် စားလို့ရသလား ဆိုတဲ့အကြည့်နဲ့ ပဲ ကြည့်ခံရမယ်။
ကိုယ်တို့စခန်းဘေးမှာ မနက်လင်းတိုင်း ညနေအိပ်တန်းတက်တိုင်း အတောင်ပံကားကားကြီးတွေနဲ့ ဝဲလာနေကျ အောက်ချင်းကြီး ၃ ကောင်ရှိတယ်။ ဓါတ်ပုံရိုက်မလို့ ချောင်းချောင်းနေတာ။ မမြင်တာနှစ်ရက်လောက်ရှိပြီလို့ အောင့်မေ့နေတုန်း လယ်တဲတစ်ခုပေါ်မှာ အောက်ချင်းခေါင်း ၃ ခေါင်းတွေ့တယ်ဆိုတော့ စိတ်ဆိုးလိုက်တာလေ။ အဲ့သလောက်တောင် အသိဉဏ်နည်းတဲ့ လူသတ္တဝါတွေ တောထဲရောက်လာတာပဲ။ PDF တွေ လက်ချက်တော့ မဖြစ်နိုင်ဘုး။ သူတို့က သင်တန်းမပြီးမချင်း အပြင်ထွက်ခွင့်မရ။ တာဝန်နဲ့မဟုတ်ရင် သေနတ်ကိုင်လို့မရ။ ဒေသခံလည်း မဟုတ်လောက်။ ဒီငှက်ကလေးတွေဒီမှာနေတာ ကိုယ်မရောက်ခင်ကတည်းက။ ဘယ်သူကမှ ရန်မရှာလို့ ရွာစပ်မှာနေနေတာ။ အေးပါလေ။ အောက်ချင်းအသက်မှ အသက် မဟုတ်ပါဘူး။ သူ့ဘာသာသူ တောထဲနေတဲ့အသက်တွေ လူ့ရပ်လူ့ရွာက တောထဲလာကျူးလို့ သေရပြန်ပြီ။ ထပ်ထပ်လာလို့ ထပ်ထပ်သေရတာ နဂိုကထက် ပိုပြုန်းတီးတာပေါ့။ မဟုတ်ဘူးလား။ အဲ့ဒါ မအလကြောင့်လေ။
ကြင်စိုးတစ်ကောင် မနာလိုစိတ်တွေ ငယ်ထိပ်တက်မွှန်ပြီး အာဏာရူးလိုက်တာ သတ္တဝါဝေနေယျအပေါင်း မကောင်းသောဘေး မကောင်းသောရန် အန္တရာယ်တွေချည့် တွေ့ကုန်တော့တာပဲ။ သဘာဝပတ်ဝန်းကျင် ဩကာသလောကကြီးကိုတောင် ပျက်စီးယုတ်လျော့သွားစေတယ်နော်။ ဒါကြောင့်မို့ ဒင်းမျက်ခွက်ကြီးက တနေ့တခြား ကျက်သရေတုံးလာတာ။ ထီးတင်တော့ ထီးလိုမင်းလိုမှ တင်သတဲ့။ အခု ဒင်းကို ထီးလည်းမလို မင်းလည်းမလို၊ လူရောနတ်ပါ သတ္တဝါမှန်သမျှ ဒုက္ခဖြစ်ခြင်း အရင်းတည်ရာဖြစ်တဲ့အတွက် တလောကလုံးက မလိုချင်တော့ဘူး။ ဩောင်းနမော ဒူရေ ဒူရေ။ သွားဟုန်ဟုန်။