“ယူတို့တော်လှန်ရေးကြီးက ပြီးရောပြီးဦးမှာလား။ ရှေ့လည်းဆက်မတက်ဘူး။ ဒီနားလေးတင် လည်နေတယ်။ လူတွေ ဒုက္ခရောက်လှပြီ။” လို့ စိတ်စောဝေဖန်တဲ့သူတွေ အများကြီး ရှိပါတယ်။ ကိုယ့်လာပြောရင်တော့ “ဟုတ်တယ်လေ။ အဲ့ဒါ ခင်ဗျားကြောင့်ပေါ့။” လို့ ပြန်ပြောမိမယ် ထင်ပါတယ်။ ကိုယ်တိုင်လည်း ဝင်မရုန်းပဲနဲ့ လှေကြုံစီး လှည်းကြုံစီး ရေသာခိုနေတဲ့သူတွေအတွက်ပါ ဝန်ပိုရုန်းနေရတဲ့အတွက် ခရီးမတွင်တာပါ။ လူစည်ရာပွဲရှာပြီး ဈေးဗန်းခင်းချင်သူတချို့ကြောင့်လည်း ခရီးဖင့်ရပြန်တာပဲ။ ဒီခရီး ဒီပန်းတိုင်ကို ကိုယ်တွေထက်ပိုပြီး မြန်မြန်ရောက်ချင်တဲ့သူ ရှိပါဦးမလား။ ဖြစ်နိုင်ရင် အခုချက်ချင်းတောင် မဟုတ်ဘူး။ မနေ့ကတည်းကကို ရောက်နှင့်နေချင်သူ။ ဘာအကြောင်းကြောင့်ပဲ နှောင့်နှေးသည်ဖြစ်စေ၊ ကိုယ့်အတွက်တော့ ခရီးမဖင့်စေချင်လို့ နေ့စဉ်နေ့တိုင်း မိုးလင်းကမိုးချုပ် အလုပ်နဲ့လက်နဲ့ မပြတ်အောင် လှုပ်ရှားနေတာပါပဲ။ ထိုင်ငိုင်ငေးငူနေတယ်လို့ကို မရှိတာ။ အရောက်နှေးချင်နှေးလိမ့်မယ်။ ရပ်တော့မနေဘူး။ တစ်နေ့ကို တစ်လံပဲရွေ့ရွေ့ ရွှေ့မှာ။
“ဆရာတို့ ချန်ဂင်စခန်းကလည်း အတူတူပါပဲ။ ရှေ့တက်တယ်လို့ကိုမရှိ။ အဲ့နားလေးတင်ပဲ တဝဲလည်လည်။” လို့ ဆိုချင်ဆိုမှာပေါ့။ သို့သော် မရပ်မနားတွန်းရွှေ့နေတဲ့သူမို့ ကိုယ့်အရွေ့ကို ကိုယ့်ဘာသာ မြင်မိပါတယ်။ မြန်မာကားထဲကလိုမျိုး ၃ နှစ်ကြာသော် ဆို စာတမ်းထိုးပြီး အခန်းကူးပြောင်းလို့မှ မရတာ။ လုံခြုံတဲ့ တည်နေရာကလေးဖြစ်ဖို့က စီစဉ်ရွေးချယ်ရသေးတယ်။ နေရာထိုင်ခင်းကလေး သပ်သပ်ယပ်ယပ်ဖြစ်ဖို့ ဖန်တီးရသေးတယ်။ ရေ မီး ရိက္ခာ လိုရာပြည့်စုံဖို့ ကြောင့်ကျစိုက်ရသေးတယ်။ ဆေးဝါး ပစ္စည်းကိရိယာ အလုပ်လုပ်စရာ မှန်သမျှ တတိုင်းရစေဖို့ဆိုတာ ဘယ်လောက်ခက်ခဲသလဲ မပြောပြတော့ပါဘူး။ ဒီအချိန်ကြီး ဒီနေရာမှာ ဒီဆေးရုံလေးဖြစ်လာဖို့ဆိုတာ နတ်သိကြားတို့ အကူအညီမပါပဲ ဖြစ်နိုင်ပါ့မလား လို့ သံသယပွါးစရာ။ စိတ်ကူးယဉ်တဲ့အတိုင်း အပြင်မှာ လက်တွေ့ဖြစ်လာဖို့ ဘယ်လောက်အသည်းအသန် ရုန်းရတယ် မှတ်သလဲ။ ဒါပေသိ မောသလားမေးရင် မမောပေါင်ဗျာ။ တစတစ ပြည့်စုံလာတဲ့ ဆေးရုံကလေး၊ တဖြေးတဖြေး ရုပ်လုံးပေါ်လာတဲ့ ခွဲခန်းကလေး၊ ရွာနီးချုပ်စပ်ကပါ လာပြလေတဲ့ လူနာကလေးများကြောင့် အမောတွေပြေရပါတယ်။ အဲဒါတောင်မှ ခွဲလူနာလာရင် “လာ။ ခုံပေါ်တက်။ ခွဲရအောင်။” လို့ တခါတည်း ခွဲခန်းပြင်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။
လူနာတွေကဖြင့် လာချင်လှပြီ၊ ခွဲချင်လှပြီ။ ဒီကလည်း ခွဲချင်လှပြီ။ ပြင်ဆင်နေတာပဲ။ မပြီးနိုင်မစီးနိုင်။ မွေးလူနာကို နှစ်စင်ပြိုင်မွေးနိုင်ပေမယ့် ခွဲလူနာအတွက် ready မဖြစ်သေးဘူး။ လွယ်လွယ်ကူကူ မထွက်ပဲ မွေးရဖွားရခက်တဲ့လူနာဆို ရင်တမမနဲ့ သိပ်စိတ်ပူရတာ။ လွှဲကတည်းက ဆရာမဆီက မွေးမရလို့ လွှတ်လိုက်တာဆိုတော့ ကိုယ့်ဆီရောက်မှ ကလေးမထွက်ရင် ပြင်စရာခွဲခန်းက အသင့်မဖြစ်သေးလို့ပါ။ vaccum ဆွဲတာ forceps ဆွဲတာ မကြောက်ပေမယ့်လည်း ဆွဲမရရင် ဘာဆက်လုပ်မယ်ဆိုတဲ့ Plan B မရှိတဲ့ဘဝဟာ အတော်ဆိုးတာပဲ။ ဟိုတစ်ရက်ကတော့ အမေကလည်း ညှစ်အားကကျလာ၊ ကလေးကလည်း ညွှတ်ကားမညွှတ် ဆိုတဲ့ ဦးခေါင်းနဲ့။ ထွက်ပြီ ထွက်ပြီ နဲ့ မထွက်နိုင်တော့ ညှပ်ကူထုတ်ပလိုက်တယ်။ ကလေးလေးကို သန့်ရှင်းသုတ်သင်ရင်း “ငါတို့တော်လှန်ရေးကြီးကိုရော တစုံတယောက်က အဲ့သလိုမျိုး မိမိရရ ကိုင်တွယ် ဆွဲထုတ်ပလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။” လို့ တွေးနေမိတယ်။
အခက်အခဲတွေဆိုတာက အများကြီးပဲ။ ဆေးဖာလေးတစ်ဖာ လူနာလေးတစ်ယောက် သည်ဘက်ကနေ ဟိုဘက်ရောက်ဖို့ မသိန်းရှင်တိူ့ခေတ်က ထန်းလျက်ဖာသယ်သလို လူရင်းအသက်ရင်းရတဲ့ခေတ်ကို ပြန်သွားနေရတယ်။ သူ့လမ်းကြောင်းနဲ့သူ ပေးကမ်းဝေငှ သွားတာတောင်မှ ပျူတွေ BGF တွေ ပိုက်ဆံလိုလာရင် “အခုလေးတင် အဘတိုင်းမှူးအမိန့်နဲ့ သိမ်းခိုင်းတာကွ။” ဆို ကွက်ကျော်ဖြတ်စား လုပ်နေကြတယ်။ ခုနောက်ပိုင်း စစ်တပ်က သူ့ဘာသာ မတိုက်တော့ဘူး။ အဲ့ဒါတွေကို လက်နက်ထုတ်ပေးပြီး ချိုကြွအောင် မြှောက်ပေးထားတာ။ ဒီလိုအချိန် ဒီလိုနေရာမျိုးထိအောင်တောင်မှပဲ စစ်တပ်ထောက်ခံသူ လက်ပါးစေတွေက ရှိနေတုန်းပဲလားဆို မအံ့ဩပါနဲ့။ အဲ့ဒါကတော့ ကာဃကံရှင်ရဲ့ ဉာဏ်ရည်အပေါ်မှာမူတည်ပြီး အစွဲတွေက ချွတ်ရခက်ပါတယ်။
ဒီနေ့မနက် ရင်တုန်ပန်းတုန်နဲ့ ရောက်လာခဲ့တဲ့ လူနာတစ်ယောက်ဆိုရင် သူ့နှလုံးခုန်နှုန်းတွေက ၂၂၀ ကျော်ပါတယ်။ မနေ့ကမှ ECG စက်ကလေး လက်ထဲရောက်ထားတာ အတော်ပဲ။ ဓါတ်ပုံရိုက်ပြီး cardiologist ဆီ တခါတည်း တန်းပြလို့ရတယ်။ Treatment ရတာနဲ့ Corderone Inj တန်းစတာ အရင်တခါ လူနာအမေကြီးလို 3 hr နဲ့ response မလုပ်ဘူး။ 6 hr ကြာမှ ကျတယ်။ ရောဂါဇစ်မြစ်ကိုလိုက်တော့ မမာနေတာ ၁၀ နှစ်ကျော်ပြီတဲ့။ အဆစ်အမြစ်တွေကိုက်လာရင် အိပ်ယာထဲလဲနေကျတဲ့။ ကိုယ်မှာလဲ သွေးယားကွက်တွေ ပေါ်ဖူးသတဲ့။ လေးဘက်နာရောဂါလို့ ဆရာဝန်တွေကပြောသလား။ ဆေးရုံတွေဘာတွေ တက်ဖူးသလား ဆိုတော့လည်း ရေရေရာရာ မသိဘူး။ ဆေးရုံသွားပြဖူးတယ်။ အဲ့ဒီက ဆရာမက ဆေးပေးလိုက်တယ်။ ဘာမှန်းတော့ သူမသိဘူး။ Prednisolone ဆေးပြားလေးတွေပြပြီး ဒါမျိုးသောက်ဖူးသလား မေးမှ ပါတော့ပါတယ်ဖြေတာ။
သူ့သမီးတုန်းကလည်း အဲ့လိုပါပဲ။ လာပြတာက ကျောကုန်းက ပြည်ဖု။ မျက်လုံးကြီးနဲ့ ရင်ခုန်နှုန်းကြီးကို မကြိုက်လို့ လည်ပင်းကြီးတာ မရမကစမ်းပြီး ရန်ကုန်ကို ဆေးလှမ်းမှာထားတာ သူက ပေါ်မလာဘူး။ ကလေးလူနာလိုက်ပြတာမြင်မှ အတင်းခေါ်ပြီး ဆေးပေးရတယ်။ “ ဪ ဒီဆေးလား။ အိမ်မှာတောင် ရှိသေးတယ်။ ကုန်သွားမှာစိုးလို့ ဆက်မသောက်တာ။” တဲ့။ မယ်မင်းကြီးမက အခုရက် ဆေးလာမယူဘူး။ မင်္ဂလာဆောင်တော့မလို့ ဆိုတော့ ရောက်ကာစ မမအိုဂျီက မျက်လုံးပြူးသွားတယ်။ “ဟဲ့ ကလေး မယူနဲ့ဦးနော်။ ကလေးရှိရင် ဆေးတွေ ပြောင်းသောက်ရတယ်။” ဆို ကြိုကြိုတင်တင် မှာရတာပေါ့။ ဒါနဲ့ နေစမ်းပါဦးလေ။ သမီးဖြစ်သူတောင် ခေါ်ခေါ်ပြီး ဆေးတွေပေးနေတာ ကြာမှပဲဟာ။ အိမ်မှာ မအေမမာတာ ဘာဖြစ်လို့ လာမပြပါလိမ့် လို့ မေးကြည့်မိတယ်။ တိုင်းရင်းဆေးနဲ့ ကုနေတာ အမြစ်မပြတ်သေးလို့ ဒီဘက်လာမပြတာတဲ့ဗျား။ အခု Atrial Flutter ဝင်တော့မှ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ရောက်လာတာ။ လက်မတင်လေးရယ်။ သူတို့ကတော့ အေးဆေးပါ။ သေချင်တာကကိုယ်။ ဘယ့်နှယ်။ Cardiologist consultation နဲ့ YGH guidelines အတိုင်း ကုပါတယ် ဘဝင်တွေ မြင့်နေတာ။ ရွာထဲဖြင့် ရှမ်းပျိုမယ်လောက်တောင် အားမကိုးလောက်ဘူးရယ်။
အခုမှ အဲ့သလိုမျိုး နှပ်ချခံရတာ မဟုတ်ပါဘူး။ လှထုံတို့ရွာမှာတုန်းကလည်း အူအတက်ယောင်တဲ့ ကလေးမလေးကို “အလကားခွဲပေးပါ့မယ်။ လာ ဆေးရုံလိုက်ခဲ့။ ကားနဲ့ပါ ခေါ်တင်သွားပေးမှာ။ ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘူး။” လို့ စည်းရုံးတာ မအောင်မြင်ဘူး။ ကိုယ့်စိတ်ထင် ကလေးမလေးက ခွဲရစိတ်ရမှာ ကြောက်လို့နေမယ် ဆို သောက်ဆေးလေးတွေပေးပြီး နေမှုထိုင်မှုတွေ သင်ပေးလိုက်တယ်။ ၂ ရက်လောက်ကြာတော့ သူ့အဖေလိုက်လာပြီး လွှဲစာရေးပေးပါ လို့ လာတောင်းတယ်။ အေးပါလေ။ သဘောပဲ။ ဘယ်ကိုလွှဲပေးရမှာပါလိမ့်လို့ မေးတော့မှ ဒေါသတွေ အလိပ်လိုက် ထွက်လာတယ်။ သူတို့ရွာက တိုက်နယ်ဆရာဝန်ဆီ ပြန်ခွဲမှာတဲ့။ YGH မှာ Senior Consultant လုပ်နေတဲ့ ခွဲစိတ်ဆရာဝန်ကြီးဆီကနေ တိုက်နယ်ဆရာဝန်လေးဆီကို လိုအပ်သလို ခွဲစိတ်ကုသပေးပါမည့်အကြောင်း မာနမထားပဲ လွှဲစာရေးပေးလိုက်ပါတယ်။ ဒါပေသိ သူတို့ မသိတာ ဖြစ်မှာစိုးလို့ မနေနိုင်မထိုင်နိုင် ပါးစပ်က ပြောမိသေး။ “ကျွန်တော် အလကားခွဲပေးမှာနော်။ ကျွန်တော့အလုပ်က ခွဲစိတ်ဆရာဝန်နော်။” ဆိုတော့ “သိတယ်လေ။ ဒါပေသိ သူက ဟိုမှာပဲ ခွဲချင်တာလေ။ အိမ်က ဟိုမှာဆိုတော့ ဟိုမှာမှ အဆင်ပြေတာလေ။” တဲ့။
လောကကြီးမှာ ပို၍ကောင်းသော ပို၍သင့်တော်သော ဆိုတာနဲ့ လူတိုင်းက နှစ်သက်ချင်မှ နှစ်သက်လိမ့်မယ်။ သူ့ဓါတ်ခံနဲ့သူရွေးချယ်မှာပဲ။ အလကားနေ သူများကို ဘောမလိုက်တာ။ Gen L ကြီးတွေပါ။ ကဲ့ရဲ့မနေနဲ့။ သူ့ပရိသတ်နဲ့သူပဲ။ မြောက်ကိုရီးယားမှာဆို ရွှေအိုးစည်ကေဟာ တော်ဝင်ဖက်ရှင်ပဲ။ ကိုယ်တို့ဆီလည်း ဦးနေဝင်းကြီးသာရှိသေးလို့ကတော့ မင်းသားတိုင်း အကိုအေးဖက်ရှင် ဦးထိပ်တင်နေရမှာ။ ဒီတော့ ကိုယ့်မကြိုက်တာနဲ့ပဲ ဒီသူငယ်မ တစ်သက်လုံး လင်မရတော့ဘူး မှတ်မနေပါနဲ့လေ။ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ဘာကိုယ် တန်ရာတန်ရာရဖို့ ကြိုးစားပါ။ သူများတွေ အတယ်နုံတယ်ဆိုတာ ယူ့လို တောထဲသွား။ ထင်းခွေ ရေခပ် ရာဘာဖိနပ် နောက်မြီးပြတ်နဲ့ မနေရဘူး။ အိုးမကွာ အိမ်မကွာ စိတ်အေးချမ်းသာစွာနဲ့ ဆေးခန်းတကာ ပိုက်ဆံရှာတာ ငွေတွေကို ဒလဟော ဝင်လို့။ “သင်ကိုယ်တိုင် နိးထရမယ့် အချိန်ရောက်လာပြီ ဖြစ်တယ်။” လို့ နားနားကပ်ပြီး ကုန်းအအော်ခံနေရပါဦးမယ်။ ဂယ်ပဲ ဂယ်ပဲ။