ချန်ဂင်တို့စခန်း (၈)

ခုရက်ပိုင်းအတွင်း ညကြီးသန်းကောင် လူနာလာလာနှိုးလို့ အိပ်ရတယ် မရှိပါဘူး။ လူနာမလာလည်း လေယာဉ်က လာပြန်တယ်။ လာပစေဟာ။ ဗုံးကျသံမကြားလို့ကတော့ ဆက်အိပ်မှာပဲ။ လေယာဉ်သံကြားတိုင်း ဗုံးခိုကျင်းထဲပြေးပုန်းရရင် အိပ်ပျက်တယ်။ ချမ်းကလည်းချမ်းသနဲ့။ ကြာတော့လည်း ရိုးသွားပြီလေ။ သေစရာရှိ အစောကြီးကတည်းက သေနှင့်မှာပဲဟာ။ သေကံမရောက်သ၍ အသက်မပျောက်ဘူး။ ကိုယ့်မှာ အသက်အပိုမပါပေမယ့်လည်း ခုချိန်ထိအောင်တော့ ဂိမ်းအိုဗာ ဖြစ်မသွားသေးဘူး။ သေဖို့ကိစ္စဆိုတာ သူတို့လက်အောက် သက်ဆိုးရှည်ရတာလောက် အဖြစ်မဆိုးဘူး။ ကြောက်စရာမကောင်းဘူး။ တော်လှန်ရေးအတွင်းမှာ အသက်နဲ့ရင်းပြီး စွန့်စားသူမှန်သမျှ အဲ့သလို သဘောပေါက်ထားပြီးသား။ ပြန်စဉ်းစားကြည့်တော့ ကိုယ့်ဇာတ်လမ်းကလည်း အတော်ကြီး ကိုရီးယားဆန်ပါပေတယ်။ ဒါကြောင့်မို့ ဓါတ်သက်ပါပြီး ချန်ဂင်တို့စခန်း မှည့်မိတာ ထင်ပါရဲ့။

ဇာတ်လမ်းရဲ့အစ နန်းတွင်းကိုလုပ်ကြံသူတွေ ဝင်စီးတဲ့အခန်းဆို ကိုယ်ကိုယ်တိုင် ပြန်တွေးကြည့်ရင်တောင် အသည်းတုန်အူတုန် ရှိလှတယ် မဟုတ်လား။ မီးတွေဖြတ်၊ မှောင်အတိကျ၊ ဖုန်းလိုင်းတွေမရ၊ အင်တာနက်တွေပါဖြတ်။ လောကကြီးတစ်ခုလုံး ဘာတွေဖြစ်ကုန်ပါလိမ့်လို့ သိချင်စိတ်တွေ ပြင်းပြနေဆဲမှာ စစ်ကားတွေက မြို့ထဲလှည့်။ တီဗီလိုင်းတွေတစ်ခုမှမလာပဲ မြဝတီတစ်ခုတည်းက စစ်ချီတေးတွေ အဆက်မပြတ်လွှင့်နေ။ “ငါ အိပ်ပျော်နေတုန်း အိပ်မက်ဆိုးတွေ မက်နေတာလား။” လို့ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်တဲ့ အထိပါပဲ။

ဒါ အိပ်မက် မဟုတ်ဘူး။ လက်တွေ့ကို ငရဲကျတာ ဆိုတာကိုတော့ ဖုန်းလိုင်းတွေ ခနပြန်ပွင့်တဲ့အချိန်မှာ ကိုယ့်ဆီကို စိတ်ပူလို့ ဖုန်းဆက်ကြတဲ့သူတွေဆီက သိရပါတယ်။ “လုံခြုံရဲ့လား။ ဘေးကင်းရဲ့လား။”“ပန်ဆယ်လို အရည်ကြို မောင်မောင်အေးတို့တောင်ဖမ်းသွားပြီ။ ဒီတခါဆွဲစိတာ ဆယ်လီတွေပါပါတယ်။ လစ်တော့ လစ်တော့။” နဲ့ တိမ်းဖို့ရှောင်ဖို့ သတိပေးတာပါ။ ဘယ်တတ်နိုင်မလဲ။ ဖမ်းချင်လည်း လာဖမ်းလှည့်ပေါ့။ ကိုယ့်ကိုဖမ်းချင်ရင် PPE လေးတော့ ဝတ်ခဲ့မှရမယ်။ ကိုယ်နေတာ ကိုဗစ်လူနာဆောင်ထဲမှာလေ။ ဘယ်မှလိုက်ရှာစရာမလိုဘူး။ အပြင်လည်း လျှောက်သွားလို့မရဘူး။ ဧရာဝတီစင်တာမှာ မရှိရင် YGH က ကိုဗစ်ခွဲစိတ်ဆောင်မှာ ရှိတယ်။ ကိုဗစ်ဖြစ်ကတည်းက အိမ်တောင်ပြန်လို့မရ။ နေ့ရောညရော မော်နီတာတွေကြည့်လိုက် မှန်ခန်းထဲကအော်လိုက်နဲ့ နေတာ။ ဒါကြောင့်မို့ သူတို့ ကိုယ့်ကို ရှာမရတာ နေပါလိမ့်မယ်။

ကမ္ဘာကြီးက အပြင်မှာ မီးလောင်ချင်လောင်နေမယ်။ ကိုယ် မသိပါဘူး။ ကိုယ်သိတာ ဒီအထဲက ကိုဗစ်လူနာတွေ ဘယ်လိုဆက်လုပ်ကြမလဲ။ ဧရာစင်တာရောက်တော့ ဘောစိလည်း ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ်။ ဖောင်ဒေးရှင်းတွေ အကုန် သူပုန်ဝင်စီးသွားပြီ။ vaccine တောင်မှ 2nd dose ဆိုတာ မရှိတော့ဘူးတဲ့။ သိသိကြီးနဲ့ပဲ တစ်ကြိမ်တော့ ဝင်အောင်ထိုးလိုက်တယ်။ ကူးပြီးသားဆိုလည်း အခုထိုးတာ booster dose ဖြစ်သွားပစေပေါ့။ ဒီလိုနဲ့ တပါတ်လုံး ဆေးရုံထဲမှာနေခဲ့တယ်။ အရမ်းခြောက်ခြားစရာကောင်းပါတယ်။ လူသွားလူလာ တိတ်ဆိတ်ပြီး သရဲကားထဲကလို လူသူကင်းမဲ့တဲ့ စွန့်ပစ်ဆေးရုံအဟောင်းကြီးထဲမှာ တစ်ယောက်တည်း လျှောက်သွားနေခဲ့တာ။ နောက်ထပ် ကိုဗစ်လူနာ မလာနိုင်တော့ဘူးလေ။ စစ်ပေးမယ်လူမှ မရှိတော့တာ။ ဖေဖော်ဝါရီ၂ ရက်ကစလို့ WHO ကို ပို့တဲ့ report ထဲမှာ zero new case ဖြစ်သွားတာ တကမ္ဘာလုံး အသိ။ အဲ့သလိုနဲ့ပဲ ဆေးရုံကြီးမှာ လူနာဆောင်တွေ တစ်ဆောင်ပြီးတစ်ဆောင် မီးမှောင်ကျ သော့ပိတ်ပြီး လုံးဝလူသူကင်းမဲ့လို့ သွားပါတော့တယ်။ အံ့ဩစရာကြီးပဲ။ နေ့နေ့ညည ကြက်ပျံမကျ စည်ကားတဲ့နေရာကြီးက တစပြင်လို ခြောက်ကပ်သွားတယ်။ ဘယ်သူမှ မရှိပေမယ့် ကိုယ့်ရုံးခန်းကလေးမှာ သော့အထပ်ထပ်ခတ်လို့ တစ်ယောက်တည်းနေခဲ့တာ။ ဘယ်သူမှတော့ လာမဖမ်းပါဘူး။ ဆေးရုံတစ်ရုံလုံး မိန်းချသွားတော့ ကိုယ့်အခန်းမှာ မီးဖွင့်လို့မရတဲ့ အချိန်ကျမှ သူငယ်ချင်းကိုပြောပြီး သူ့ဆေးခန်းကို ပြောင်းနေလိုက်တယ်။ အပုန်းကောင်းလို့ လွတ်တယ်မမှတ်ပါဘူး။ အကောင်သေးလို့ မဖမ်းသေးတာ နေမှာပါ။

ဆေးခန်းမှာ နေ့နေ့ညည ဆက်နေဖြစ်တဲ့အခါ CDM လူနာတွေကို ခွဲဖြစ်တာပေါ့ဗျာ။ သို့သော်ငြား အင်မတန်ကို သတိဝီရိယနဲ့ နေရတာပေါ့။ အရေးပေါ်ထွက်ပေါက်နဲ့ လှေကားကို သော့တောင်းထားရတယ်။ အဝင်အထွက် ဂယ်ပေါက်လေးတွေ ရှာရကြည့်ရတယ်။ အစစ်အဆေး လမ်းကြောင်းတွေကို လှစ်လှစ်ကလေးနေအောင် သိရတယ်။ စစ်ကားတွေတားစစ်နေရင် မီးပွိုင့် ၂ ခုစာလောက်ကနေ လှမ်းမြင်တတ်ရတာ။ ဆေးခန်းရှိတဲ့လမ်းထိပ်မှာ light truck တစ်စီးနဲ့ အရပ်ဝတ်တွေ လာရပ်နေရင် တိမ်းရတယ် သူငယ်ချင်းက သော့ပေးထားတဲ့ အခန်းလေးဆီကို။ တစ်နေရာတည်းလည်း ရေရှည်နေလို့မရ။ ကိုယ့်ဆီမှာ အိမ်သော့အပ်ပြီး ပေးနေထားတာ လေးငါးအိမ်ရှိတယ်။ ဧည့်စာရင်းစစ်တာ အဓိကရှောင်ရတာပေါ့။ လူမိရင် မြင်မြင်သမျှသိမ်း အိမ်ပါချိတ်ပိတ်မှာကိုး။

ရန်ကုန်ရဲ့ အရိပ်အခြည်ကို အကဲမရတဲ့အခါ နယ်မှာသွားပြီး လွတ်ရာကျွတ်ရာ ရှောင်ပါတယ်။ မရှောင်နိုင်ရင် ကိုယ့်ညီတောင် ဘာမှမလုပ်ရပဲ စစ်ကြောရေးမှာ အနှိပ်စက်ခံရပြီး ထောင်ထဲရောက်သွားတာ မဟုတ်လား။ အိမ်လိပ်စာနဲ့ လိုက်ဖမ်းတာကို ရှောင်နိုင်ပေမယ့် တယ်လီဖုန်းကနေ location ထောက်ပြီး ရှာရင် မလွယ်မှန်းသိလို့ ဒီတခါတော့ လိုက်မလာနိုင်တဲ့နေရာသွားမှ ဘေးကင်းမယ်ဆို ထွက်ခဲ့တာပါ။ လွတ်ခဲ့တယ်ဆိုလည်း လက်တစ်လုံးလောက်ပဲ ခြားပါလိမ့်မယ်။

ကြောက်တတ်လိုက်တာ။ ဖမ်းမဖမ်းရသေးဘူး။ ထွက်ပြေးတာ တန်းနေတာပဲလို့ ထင်စရာ ရှိပါတယ်။ ထွက်ပြေးဖို့ဆိုရင် အဲ့သလောက် ပင်ပန်းစရာ မလိုဘူးဗျ။ သူငယ်ချင်းတစ်ယောက်က ကိုယ့်အတွက် လေယာဉ်လက်မှတ်လည်းဝယ်ပေးပြီးသား၊ ထိုင်းဗီဇာလည်း လျှောက်ပေးပြီးသား အဆင်သင့်ရှိပါတယ်။ ဟိုရောက်ရင် Q ဝင်ပြီးတာနဲ့ ဆေးရုံမှာ အလုပ်လုပ်လို့ရတယ် လို့လည်း ပြောထားပြီးသားပါ။ refugee visa လျှောက်ဖို့ အဆက်အသွယ်နဲ့ ချိတ်ပေးတဲ့သူလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ။ ဒီက ထွက်ပြေးမယ့်သူ မဟုတ်ပါဘူး။ တော်လှန်မယ့်သူပါ။

သူတို့ဘက်ကလည်း မမိလို့ မဖမ်းတာပါနော်။ မိရင် ပြန်ကိုမလွှတ်တာ သိပ်သေချာတာပေါ့။ လူများ မအဘူး မှတ်နေ။ ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ့် profile link ကြီးနဲ့ “ဒီဆရာဝန်ကို ဘာဖြစ်လို့ မဖမ်းသေးတာလဲ။” ဆို ခနခန တက်တက်ဖမ်းခိုင်းတဲ့ထဲမှာ စကစအကြံပေးကြီးတွေတောင်ပါသေး။ အဲ့ဒါကြောင့် ကိုယ်ပြောတာပေါ့။ “Catch me if you can.” လို့။ အခုဟာက သူတို့ဖမ်းတာ မဖမ်းတာထက် တော်လှန်ရေးကာလအတွင်း ကိုယ်ဘာတွေ လုပ်ပေးနိုင်သလဲဆိုတာ လက်တွေ့ပြဖို့ စိတ်သွားတဲ့အတိုင်း ကိုယ်ပါအောင် လိုက်နေတာ။

ကြောက်တယ်ဆိုတာ ကိုယ့်မှာ မရှိတော့ဘူး။ ဘာကိုမှ မကြောက်ဘူး။ အခု စာရေးနေတယ်နော်။ ခေါင်းပေါ်မှာ လေယာဉ်ပျံသံ တဝေါဝေါ ကြားနေတုန်း။ ကိုယ်နေတဲ့အရပ်မှာ လက်နက်ကိုင်က တစ်ဖွဲ့နှစ်ဖွဲ့ မဟုတ်ဘူး။ သို့သော် ဘယ်သူ့ကိုမှ မကြောက်ဘူး။ အမှားမရှိအောင်နေတယ်။ ကိုယ့်စည်းနဲ့ကိုယ်နေတယ်။ အဆုံးစွန်အထိ ယုတ်မာပြလို့ ရက်စက်ပြလို့ ကြောက်လန့်ပြီး ဝပ်စင်းသွားမယ့်ထဲမှာ ကိုယ်မပါဘူး။ တချိန်ချိန်ကျရင် အတိတ်ကဝဋ်ကြွေးပါလို့ သူတို့လက်ချက်နဲ့ သေချင်လည်း သေသွားမှာပေါ့။ ခုထက်ထိတော့ သူတို့မှ ကိုယ့်ကိုသေအောင်မသတ်နိုင်သေးတာ။ ဘာကိစ္စ ကြောက်ရမှာတုန်း။ ယှဉ်နိုင်ရင် လာယှဉ်လေ။ ကံချင်းယှဉ်မလား။ တို့က အဟောင်းစား မဟုတ်ဘူးဟေ့။ အသစ်ဆောင်းကွ။ ကြာလေတိုးလေ အဖိုးတန်လေ။ ဥာဏ်ချင်းယှဉ်မလား။ သနားလိုက်တာ။ ခုဘဝတင်မဟုတ် သံသရာမှာပါ ယှဉ်ဘက်မဟုတ်ဘူး။ ဘဝဆက်တိုင်း ဆုတောင်းချေဦး။ ဝီရိယချင်းရော။ ဒီက အောက်သက်ရော အထက်သက်ရော အလယ်သက်ပါကျေတယ်။ ချေချေပဲ။ ဘာတစ်ခုမှ ယှဉ်မရတဲ့သူတွေကို ဘာအတွက် ကြောက်နေရမှာတုန်း။

ဒီတစ်နှစ်လုံးလုံးမှာ ဘယ်လိုပင် အခက်အခဲ အတားအဆီး ပိတ်ပင်တားမြစ်မှုတွေရှိရှိ၊ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်။ ဖြစ်သမျှပျက်သမျှ အကျိုးအကြောင်း အဆိုးအကောင်း အကုန်လုံး ထောင့်စေ့အောင် မှတ်တမ်းတင်ခဲ့တယ်။ နောက်ကြောင်းလေးပြန်၊ မှတ်ဥာဏ်ထဲက ပြန်ပြန်ခေါ်ပြီး မှတ်တမ်းရေးတာ မဟုတ်ဘူး။ မနက်ဖြန်ကျရင် ဘာဆက်ဖြစ်မလဲ ကိုယ်ကိုယ်တိုင်တောင် သိမထားတဲ့ အဖြစ်အပျက်တွေကို နေ့စဉ်မှတ်တမ်းရေးသလို တစ်ရက်ချင်းတစ်ရက်ချင်း တေးမှတ်လာခဲ့တာ။ ခုချိန်ထိတော့ အလတ်ကြီးအလန်းကြီးရယ်။ အပ်လည်းမတုံးသေး ကလောင်လည်းမကျိုးသေး။ လက်ထဲကဓါးကလည်း ထက်မြဲထက်ဆဲပါလို့ သဲအိပ်နောက်မှာပုန်းပြီး ခြေလျင်တပ်နဲ့ တက်မလာရဲသူတွေကို ပြောပြလိုက်ကြပါဦး။