၂.၂.၂၀၂၂ မှာ ဘာတွေ ထူးခြားသလဲ မေးရင် မွေးလူနာ နှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး အပြိုင်အဆိုင် ဗိုက်နာလို့ ဂိုးဖမ်းပြိုင်ပွဲကြီး ကျင်းပရတာပါပဲ။ မထင်မိဘူးလေ။ တောထဲတောင်ထဲလာပြီး ဗိုက်ချင်းပြိုင်နာလိမ့်မယ်လို့။ မွေးခန်းလည်း ၂ နေရာပြင်ရတယ်။ ပစ္စည်းကိရိယာတွေလည်း ၂ စုံစာ ပြင်ရတယ်။ ဆရာဝန် ဆရာမတွေလည်း ဟိုဘက်ပြေး သည်ဘက်ပြေးပေါ့။ ဖြူဖြူထွားထွား သမီးဦးလေးနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ပဲ မွေးတာ။
ဒီနေ့မှပဲ လူနာတွေကလည်း စည်လိုက်တာလေ။ မနိုင်လို့ လွှဲရတာချည့် နှစ်ယောက်ရှိတယ်။ လမ်းလေးပွင့်တုန်း သွားကြပါနော်။ ဟိုရောက်တဲ့အခါ အဆင်ပြေဖို့လည်း အများကြီး ဆုတောင်းပေးလိုက်ပါတယ်။ အဖွားက ပေါင်ထိပ်ကျိုးတာ၊ ဦးလေးကြီးက ဆိုင်ကယ်ပေါ်က ကျွမ်းပစ်ပြီး ဂယောင်ခြောက်ခြား နားထဲကသွေးထွက်နေတာ။ ဓါတ်မှန်မရှိတော့ အထင်နဲ့ပဲ မှန်းကုရတယ်။ အပ်နဲ့ထွင်းရမလား ပုဆိန်နဲ့ထွင်းရမလား မသဲကွဲသေးဘူး။
ဒီလိုအခါကျတော့လည်း ငါတို့ နန်းတွေဆီပဲ ပြန်အားကိုးရတာ မဟုတ်လား လို့ စကားနာထိုးပြီး ကိုယ့်ဆီကိုပုတ်ခတ်ဆဲရေးတာက ကိစ္စမရှိပါဘူး။ လူနာကို ငေါက်ငမ်းဆူဆောင့်ပြီး ဟိုပုတ်သည်ပုတ်နဲ့ ရွာလည်ပြီး ဒီအတိုင်းပြန်ရောက်လာမှာသာ စိုးရိမ်တာပါ။ “နင် သိပ်တတ်နေတယ် မှလား။ နင့်ဘာသာကုလေ။” ဆိုတာမျိုးပေါ့။ လူတကာကို သွေးခွဲရန်တိုက်တဲ့ စစ်သားကြီးတွေရဲ့ ဗျူဟာကြောင့် ကိုယ်တို့ဆေးလောကမှာလည်း ပဲဆီ နဲ့ နှမ်းဆီ ရောလို့ မရဘူး ဖြစ်ကုန်ပြီဗျ။ သူတို့ဘက်မှာက လူမရှိဘူး။ ကိုယ်တို့ဘက်မှာက ပစ္စည်းကိရိယာ မရှိဘူး။ ဓါတ်မှန်မရိုက်ပဲ ဘယ်နားကအရိုး ကျိုးမှန်း သိပေမယ့်လည်း တရုတ်ဆရာ ဆေးစည်းသလို ဆေးမြစ်စုံတွေ အုံလွှတ်လိုက်လို့ မဖြစ်သေးဘူး မဟုတ်လား။
အင်မတန်မှ စေတနာ သဒ္ဓါတရား ထက်သန်လှတဲ့ ကိုယ့်ရဲ့ဖေ့စ်ဘုတ်မိတ်ဆွေများက “ဆြာစိုး လိုအပ်တယ်ဆိုရင် ဓါတ်မှန်စက်တင် မဟုတ်ဘူး။ CT scan ပါ ဝယ်ပေးမယ်။” လို့ ရက်ရက်ရောရော ရှိလှပေမယ့်လည်း ကိုယ့်မှာတော့ “ဓူဝံကြယ်စင် ဖမ်းဆွတ်ပေးမတဲ့။ ဘယ်မှာ သွားထားမလဲ။” ဆိုတဲ့ ဆုန်သင်းပါရ် သီချင်းပဲ ဆိုနေရပါတယ်။ ဖြတ်လေးဖြတ်လုပ်နေတဲ့အကောင်တွေ ဖြတ်ဖောက်သိမ်းဆည်း လုပ်လိုက်ရင် “ပေးကားပေး၏။ မရ။” ဖြစ်သွားမှာ စိုးလို့ပါ။ အခုရက်ပိုင်းအတွင်းမှာ “မှာထားတဲ့ ဆေးနဲ့ဆေးပစ္စည်းတွေ ချောချောမောမော ရောက်ဖို့” ဆိုတာကြီးက အင်မတန်မှကို စိတ်ဖိစီးရသော အရာကြီးပါလေ။
အဲ့ဒါကြောင့် ဆေးတွေ ဘီရိုနဲ့အပြည့်ရှိလာရင် စက်ကိရိယာ စုံစုံလင်လင်နဲ့ အဆင်ပြေပြေလေး ကုပေးနိုင်ရင် စိတ်ထဲမှာ ပီတိတွေဖြာပြီး ဥစ္စာရူးကြီး အထုပ်ထွာနေသလို ဟီဟီ ဟီဟီနဲ့ ဖြစ်လာတာပေါ့။ Specialist consultation လိုအပ်လာတဲ့အခါဆိုရင်လည်း ဟောက်ဆာဂျင်လေးအလား case summary လေး ရေပက်မဝင်အောင် ပြောပြီး မရရအောင်ချိတ်ဆက်လို့ specialist treatment ရအောင်တောင်းပါတယ်။ လူနာတွေကတော့ ဘယ်သိမှာလဲ။ ကိုယ့်ဘာသာပဲ တစ်ယောက်တည်း “ငါလေးဟာ YGH treatment guidelines အတိုင်း ကုနေတာပါနော်။ ရန်ကုန်မှာ ဒီလို cardiologist တို့ nephrologist တို့နဲ့ ပြဖို့ဆိုရင် ဘယ်လောက်ကုန်တယ်မှတ်လဲ။” ဆို ဟီဟီ ဟီဟီ ဖြစ်လာပြန်ရော။ ပျော်အောင်လုပ်ယူတာ မဟုတ်ဘူး။ သူ့ဘာသူကို ပျော်လာတာ။ “လှူတာ သူများ ပျော်တာ ငါ” ဖြစ်နေမစိုးလို့ အပျော်ကလေးတွေ မျှဝေတာပါနော်။ အိုင်ပျော်ရင် ယူတို့လည်းပျော်မှန်း သိပါတယ်။ ဝီအာဟက်ပီး။ ဝီအာဟက်ပီး။
မဟက်ပီးနိုင်တဲ့အခါတွေလည်း ရှိတာပေါ့လေ။ တနိုင်ငံလုံး ကြိမ်မီးအုံးမျှ ဒုက္ခပင်လယ်ဝေနေရတဲ့ သည်တစ်နှစ်တာမှာ ပြည်သူနဲ့အတူ ရပ်တည်မယ် ပြည်သူ့ဘက်က ရပ်တည်မယ်ဆိုတဲ့ လမ်းကိုရွေးချယ်ထားတဲ့ ကိုယ်တို့မှာလည်း ပြည်သူတွေခံစားရတဲ့ ဒုက္ခမှန်သမျှ အတူတကွ ခံစားရပါတယ်။ စစ်ဘေးစစ်ဒဏ် တနိုင်ငံလုံးသင့်နေရချိန် ဖလန်းဖလန်းထတဲ့ အလှဓါတ်ပုံတွေ ရိုက်နေနိုင်လိုက်တာလို့ မအောင့်မေ့ပါနဲ့။ ကိုယ့်ရုပ်က ဘယ်နေရာရိုက်ရိုက် ဘယ်ချိန်ရိုက်ရိုက် အဲ့သလောက်တော့ ပြေပြေပြစ်ပြစ် အရိပ်ထင်လို့ပါ။ ချစ်သောမျက်စိနဲ့ကြည့်လိုက်ရင်် သူ့ဘာသာသူ ကျက်သရေရှိသွားတာမို့ ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့တဲ့ ဟိုဘက်ရပ်ကွက်ကလူတွေကို အားတောင်နာရမလားပဲ။ တတ်နိုင်ပါဘူး။ ကိုယ်လည်း ကိုယ့်ကုသိုလ်နဲ့ကိုယ်၊ သူတို့လည်း သူတို့အကုသိုလ်နဲ့ သူတို့။
ကိုယ့်မှာတော့ စောင့်ထိန်းအပ်သော သစ္စာ၊ ပို့သအပ်သောမေတ္တာ အဟုန်တို့ကြောင့် ယခုထက်တိုင် ရန်ဘေးမသန်း ရှိနေတာလည်း မင်္ဂလာတစ်ပါးပါပဲ။ တောင်းဆုတွေ ပြည့်ဝခဲ့တယ် ဆိုရမှာပေါ့။ “မာရ်နတ်မင်းကြီးရဲ့ ဓါးမိုးလှံမိုး မီးကြီးမိုးတွေ ဆန်မန်းပေါက်ပေါက်အဖြစ် ခြေတော်ရင်းမှာ ဝပ်စင်းခယလေတယ်” ဆိုတဲ့ ဘုရားဂုဏ်တော်ကို နှလုံးသွင်းထားလို့ နေပါလိမ့်မယ်။ (အမှောင်တိုက်ကြီးဖုံးစေတာကတော့ ရန်ကုန်ကလူတွေ မလွတ်ကင်းရှာလေဘူးတဲ့။) ခုရက်ပိုင်း သူတို့လည်း လေယာဉ်ကြီးနဲ့ကျဲလိုက် လက်နက်ကြီးနဲ့ပစ်လိုက် တင့်ကားကြီးနဲ့ တက်လာလိုက် မီးကုန်ယမ်းကုန် ဆော်နေသော်ငြား ကိုယ့်နားလေးရောက်ရင် လှလေးစိန်ဖြစ်ကုန်တာ နည်းတဲ့ကုသိုလ်မှတ်လို့။
ဒီဘက် ဒီအရပ်ရဲ့ စစ်ရေးနိုင်ငံရေး အခြေအနေကတော့ လူတိုင်းလည်း အချိန်နဲ့တပြေးညီ မျက်ခြေမပြတ် သိကြပါတယ်။ ဘယ်လိုပဲ အင်တာနက်တွေ ပိတ်ပိတ်။ ဖုန်းလိုင်းတွေ လုံးလုံးမရသည့်တိုင် လူ့သတင်း လူချင်းဆောင်ပြီး ရောက်ရောက်လာတာပေါ့။ အခုရက်ပိုင်းမှာ လက်နက်ကိုင်အချင်းချင်း ထိတွေ့မှုတွေဟာ စတန်းဒတ်အာမီကြီးက ပွင့်လင်းရာသီမှာ မကြောက်မရွံ့ ထိုးစစ်ဆင်လာလို့ မဟုတ်ရပါဘူး။ သူတို့က လေယာဉ်တောင် နိမ့်နိမ့်မပျံရဲလို့ ထိချင်ရာထိ ဝေးဝေးပစ်ပြေးသွား လုပ်နေတာ။ မြေပြင်မှာ မျက်နှာချင်းဆိုင်များတွေ့ရင် အကိုကြီးရယ် ညီလေးရယ် လေးစားပါတယ် နားလည်ပေးပါ နဲ့ လေးဘက်ကိုကုန်းမတတ်။ အခုဖြစ်နေတာတွေက သူတို့မတိုက်ရဲတိုင်း ဗိုက်အငှါးနဲ့ ဓါးထိုးခံခိုင်းဖို့ မြှောက်ပင့်သွေးထိုးထားတဲ့ ပျူစောထီး၊ ပြည်သူ့စစ်တွေနဲ့ BGF တွေလက်ချက်ပါ။ တပ်တွင်းမွင်းငါးတွေက အရောင်းသွက်လွန်းလို့ တပ်ပြင်ထွက် တိုက်ရဲတဲ့သူ မကျန်တော့ဘူး ထင်ပါရဲ့။ “မင်းတို့ လုလို့ယက်လို့ရသမျှ မင်းတို့ဘာသာယူ။ ငါတို့ဘက်က ဝင်တိုက်ပေးရင် တော်ပြီ။” ဆို အောက်ကြေးညှိပြီး စစ်သားငှါးတဲ့သဘော။ မြို့ပေါ်မှာ လက်နက်မရှိတဲ့ အရပ်သားတွေအပေါ် တရားဥပဒေမဲ့ အနိုင်ကျင့်ချင်တိုင်း ကျင့်နေတဲ့သတင်းတွေကြောင့် တောထဲကလူတွေကတောင် မြို့ပေါ်ကို ပြန်ပူနေရသေး။
လက်နက်ရှိတဲ့သူအချင်းချင်းဆို ထိုင်ရှိခိုးမတတ် ကြောက်အားပိုသလောက် အရပ်သားပြည်သူကျတော့ အသက်ကိုဖက်ရွက်လောက်တောင် ပမာမထား နိုင်စားနေပုံ၊ အခြေအနေနှစ်ရပ်စလုံးကို ကိုယ်တွေ့မျက်မြင် ကြုံတွေ့ရတဲ့အခါမှာ ကိုယ်တို့အတွက် လွတ်မြောက်ရေးလမ်းစဉ်ဆိုတာ လက်နက်ကိုင်လမ်းစဉ်ကလွဲလို့ တခြားမရှိဘူးလို့ ဘဝပေးအသိအဖြစ် နားလည်လာရပါတယ်။
ဘယ်သူ့ကိုမှလည်း အားမကိုးဘူး။ ဘယ်သူ့အကူအညီကိုမှလည်း မမျှော်လင့်ဘူး။ ကိုယ့်အသက်ကိုရင်းပြီး ကိုယ်တိုင်တိုက်မယ့် စစ်ပွဲပါ။
ဆေးကုမယ်။ စစ်တိုက်မယ်။ PDF တွေကို ကူညီမယ်။ ဘယ်အထိလဲဆို နင်မသေမချင်း ငါမသေမချင်းပေါ့။ ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ့်သားမြေးမျိုးဆက်တွေအတွက်၊ အမှန်တရားအတွက် မကြောက်မရွံ့ တိုက်မှာ။ တရားသောစစ်က ကိုယ့်ဘက်မှာ ရှိတဲ့အတွက် မုချအောင်မယ့်စစ်ပွဲတစ်ပွဲကို မရပ်မနား ရှေ့ဆက်လှမ်းနေတာပါ။ ပြုပြီး ပြုဆဲ ပြုလတ္တံ့သော ကိုယ်တို့ စစ်မြေပြင်ကျန်းမာရေးစခန်းကလေးရဲ့ ကြိုးစားအားထုတ်မှုအပေါင်းအတွက် အဖွဲ့သူအဖွဲ့သားများအားလုံး ဝမ်းသာဂုဏ်ယူ ပျော်ရွှင်မဆုံး ရှိနေပါကြောင်း အနီးနေ အဝေးနေ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့အား အကြောင်းကြားအပ်ပါသည် ခင်ဗျား။