“လူနာလေးတွေများလာပြီ။ စိတ်ချမ်းသာစရာကောင်းတယ်။” လို့ ပြောပြန်ရင်လည်း ဆရာဝန်ဆိုတာ သူများနေထိုင်မကောင်းရှိရင် ဝမ်းသာတတ်တဲ့အမျိုး လို့ ဆိုကြပါလိမ့်မယ်။ ဒါပေမယ့်လည်း သားဖွားဆရာမတောင် ရှာမရတဲ့အရပ်မှာ ဆရာဝန်တွေ ဆေးလာကုနေတာဆိုတော့ နာရေးဖျားရေးဆို သူတို့လည်း အားရဝမ်းသာ လာပြကြတာပဲလေ။ များများလာ များများကုပေးနိုင်တာ ဝမ်းသာရမှာပေါ့။ သို့သော် အလိုလိုနေရင်းတော့ မလာပါဘူးဗျ။ တရွာလုံး မျက်စိဒေါက်ထောက်ကြည့် အရိပ်အကဲခတ်ပြီးမှ လာတာ။ တစ်ယောက် နမူနာ လာပြကြည့်။ ကောင်းတယ်ဆိုမှ နောက်ထပ်အလားတူ လူနာတွေ အဖွဲ့လိုက်ရောက်လာတာ။ မန္တလေးမှာ ထိုးမုန့်ရောင်းသလိုပါပဲ။ အမြည်းအရင်စားကြည့်ပြီး ကြိုက်မှဝယ်မယ့်သဘော။ ဒါပေသိ ဒီက အလကားကျွေးနေတာပါကွယ်။ ပိုက်ဆံလည်း မယူရပါဘူး။ “အလှူငွေ ထည့်ချင်ထည့်သွားကြ။” ဆိုရင် တစ်ထောင်တန် အလိပ်ကလေး ပေးလာတယ်။ ကိုယ်ကတော့ သဘောကျပါတယ်။ ထိုင်းမှာ ဘတ် ၃၀ ဆေးရုံကလေးတွေလိုပေါ့။ ထောင်ပေးလို့ဆုတ် ရာပေးလို့ချုပ် ဒေါက်တာပေါက်ကျိုင်း ကလင်းနစ်ပဲ ထားပါတော့။ သတိုးနဂါးနိုင် ပေါက်ကျိုင်းပါဗျ။ သရေစည်သူဘွဲ့ မလိုချင်ဘူး။ အလကားကျော်စွာဘွဲ့ပဲ လိုချင်တာ။
“ကျွန်တော်လည်း အလကားပဲ။ ခင်ဗျားလည်း အလကားပဲ။ အလကားလည်း အလကားပဲ။” ဆိုတဲ့ ကာတွန်းကလေး ဖတ်မိကြမလား မသိပါဘူး။ အလကားပေးတိုင်း အလကားရထားတွေ မဟုတ်ပါဘူး။ စကတည်းက ခွဲလူနာလွှဲရင် သိန်း ၂၀-၃၀ ပါမှ ဆေးရုံတက်လို့ရတယ်ဆိုလို့ မခံချင်စိတ်နဲ့ ဆေးရုံထောင်သော်ငြားလည်း အဲ့သလို ဆေးရုံထောင်ဖို့ရော စဉ်ဆက်မပြတ် ကုသဖို့ရာအတွက်ပါ ဘယ်အရာကမှ အလကားမရပါဘူး။ ကိုယ့်ပညာနဲ့ လုပ်အားကို အလကားပေးနိုင်တယ်ဆိုသော်ငြား ကျန်တာအားလုံး ပိုက်ဆံပေးဝယ်ရတာ မဟုတ်လား။ အဲ့ဒီတော့ အလကားကို နည်းနည်းလောက် ဈေးဆစ်ပြီး အလကားမတ်တင်း ကုနိုင်ဖို့ စေတနာထက်သန်သော ကိုယ့်အပေါ် ယုံကြည်မှုရှိသော အရင်းအမြစ်အားလုံးကို မှီခိုအားကိုးရပါတယ်။
ဘာကိုမှ အလကားမရဘူး ဆိုတဲ့အကြောင်းက လူနာတွေကို တဖွဖွပြောဖို့၊ အလှူရှင်တွေကို စကားခေါ်ဖို့ မဟုတ်ပါဘူး။ ကိုယ်ပိုက်ဆံမပေးရတိုင်း အနှမျောမရှိ ဘုဉ္စာဟိ လုပ်ချင်တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေရတာပါ။ ကိုဗစ်စင်တာဖွင့်တုန်းကဆိုရင် ရန်ကုန်က ဧရာဝတီစင်တာမှာ ဆရာကြီး ဆရာမကြီးများရဲ့ guide line အတိုင်း ကုလာခဲ့တဲ့သူပီပီ ဘာမဆို အကောင်းစားချည့်ပဲ သုံးချင်တာ အကျင့်ပါနေတယ်။ လူနာကောင်းရင်ပြီးရော။ ကုန်ချင်သလောက်ကုန် ဆိုတဲ့စိတ်နဲ့ ဆေးကုခဲ့တယ်။ ဆီးချို နဲ့ ကိုဗစ် တွဲပြီဆိုရင် ရန်ကုန်ကကို ဆေးတွေလှမ်းလှမ်း မှာကုတာ။ လူနာတွေခေါ်တဲ့ ချက်ဆေးတို့ ကုဋေကုဋာဆိုက် တို့ဆို တန်ကြေးတွေက နည်းတာ မဟုတ်ဘူး။ ဆေးကောင်းပေးမှန်းသိတော့ ရွာနီးချုပ်စပ်က ဆီးချိုတွေ အကုန်လာကြတယ်။ ကိုယ်ကလည်း ပေးကောင်းကောင်းနဲ့အကုန် အလကားပေးတာ။ စောစောကပြောတဲ့အတိုင်း ကိုယ်မှ ပိုက်ဆံပေးစရာ မလိုတဲ့ဟာကိုး။ အခုတော့ ကိုယ်ပေးရပြီလေ။ သောင်ဇင်ကျပ်ကလင်းနစ်ကနေ တစ်ကဒ်ကို သုံးသောင်းလောက်တန်သောဆေးတွေကို လာတိုင်းပေးရမယ်ဆိုရင် ဆေးခန်းဆက်လည်ပတ်ဖို့ ခက်လိမ့်မယ်။ အဲ့ဒါကြောင့် “အခုပေးမယ်။ ကုန်ရင်ဝယ်” တရားအရှည်ကြီးကို အာပေါက်အောင် ဟောရပါတယ်။ သို့သော်လည်း ဝက်သားတောင် pre order နဲ့ ကြိုမှာမှ ရတဲ့အရပ်မှာ သမားကိုင်ဆေးဝါးများကို မြို့ကလှမ်းမှာလို့တောင် ဝယ်မရပါဘူး။ မဝယ်နိုင်လို့ မသောက်ပဲနေကြရင်လည်းအခက်။ သူတို့ပြောတဲ့ “ဆေးတွေတော့ ရှိပါတယ်။ ကုန်သွားမှာစိုးလို့ မသောက်တာ။” ဆိုတဲ့စကားကို အခုမှ ဇာတ်ရည်လည်တော့တယ်။ ဒါဖြင့်လည်း ဒိုင်းယက်ဘက်ကို ဦးစားပေးတာပေါ့ကွာ။ အစာလည်းဆေး ဆေးလည်းအစာ တဲ့။ မစားအပ်သောအစာ၊ ချင့်ချိန်စားသောက်ရမည့်အစာ၊ တဝသုံးဆောင်နိုင်သောအစာ လို့ ခွဲခြားပေးလိုက်တယ်။ “ထမင်းတစ်ခါစား တစ်ပန်းကန်ထက် ပိုမစားရဘူး။ လိုက်ပွဲဟာ မိုက်မဲပါတယ်။”လို့လည်း သင်ပြပေးလိုက်တယ်။ နားထောင်ကြပါတယ်။ ဒါပေမယ့် အလုပ်မဖြစ်ဘူး။ “ဗိုက်မဝလို့ ညကျ ပြန်ဆာတော့ ခေါပုတ်ကလေး၊ တင်းဝါးကလေး စားမိတာပ။” တဲ့။ ဆေးမှန်မှန် မသောက်လို့ စက်ကမဖတ်နိုင်အောင် high ပြနေတာက ကိုယ်ပဲမြင်ရတာ။ သူတို့က ဘယ့်နှယ်မှမနေလို့ စိတ်လည်းမပူဘူး။ “နေလို့အကောင်းသားပါ ဆရာရယ်။ ဆရာ့ဆီမလာခင်ကလည်း အကောင်း၊ ပြန်သွားတော့လည်း အကောင်း၊ အခုလည်းအကောင်းပဲ။ ဆရာက မကောင်းဘူးထင်ရင် ဆရာ့ဘာသာပဲ ဆေးတွေသောက်လိုက်တော့နော်။” ဆိုမှ အခက်။
ဆီးချိုလူနာတွေများသလို သွားကိုက်လူနာတွေလည်း များပါတယ်။ မကောင်းနိုင်တော့တဲ့သွားဆိုရင်တော့ နှုတ်ပေးလိုက်တာပဲ။ အံကပ်ပါ လာလာအပ်ပြန်လို့ ငြင်းရသေး။ လောလောဆယ် အများဆုံးကတော့ မိခင်လောင်းတွေပါ။ မွေးပေးမယ့်သူ ဘယ်မှာမှ ရှာမရတော့ ကိုယ်တို့ဆီပဲ လာပုံနေတာကိုး။ မွေးပေးမှတော့ ကိုယ်ဝန်စောင့်ရှောက်မှုလည်း ပေးမှတော်တော့မယ်လေ။ ဒါနဲ့ ကိုယ်လည်းပဲ နီးစပ်ရာ လက်လှမ်းမီသမျှ ကျန်းမာရေးဌာနတွေကနေ မိခင်နဲ့ကလေး ကာကွယ်ဆေးကိစ္စတွေ လိုက်ဆက်သွယ်ပါတယ်။ သူတို့ဆီကရရင် ဒီက ထိုးပေးမှာပေါ့။ သို့သော် မြို့ပေါ်က ဆေးရုံမှာတောင် မလောက်ပါဘူးတဲ့။ နဂိုက ကာကွယ်ဆေး ၁၃ မျိုးမှာ ၆ မျိုးလောက်သာ အနိုင်နိုင်ရတော့သတဲ့။ Funding တွေမရတော့လို့ ဆေးမပေးနိုင်တာနဲ့ CDM ဝင်သွားလို့ ထိုးပေးမယ့်သူမရှိတာ အသာလေးရောချပြီး အသံမထွက်အောင်နေနေကြတာ။ မရှိ မထိုးပဲနေကြလေ။ ကိုဗစ်တောင် ငုတ်တုတ်ထိုင်ကြည့်နေသေးတာ။ စစ်ဖြစ်ပါတယ်ဆိုမှ ကာကွယ်ဆေးက အရေးပါလို့လား။ ကမ္ဘာမီးလောင်နေတယ်။ ဆီမီးခွက်ထတောက်မနေနဲ့။
ကာကွယ်ဆေးဆိုတဲ့ကိစ္စက မဖြစ်သေးတဲ့ရောဂါကို ကြိုကြိုတင်တင် အပ်နဲ့ထွင်းရတာ။ ဒီမှာက ဖြစ်နေလို့ သေရမယ့်ရောဂါကိုတောင် ကုပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။ နေ့နေ့ညည ရွာပေါ်ဗုံးလာကျဲ၊ လူနေအိမ်ပေါ် လက်နက်ကြီးနဲ့ ထု၊ သတ်လေးသတ် ဖြတ်လေးဖြတ် လုပ်နေတာ နှစ်ပေါက်နေပြီမို့ အဲ့ဒီကိစ္စကို နောင်ခါလာ နောင်ခါဈေးလို့ပဲ သဘောထားလိုက်ပါ့မယ်။ UNICEF တို့ Save the Children တို့လည်း စိတ်ပူလက်စနဲ့ ဆက်ပြီး စိတ်ပူကြပါစေဦး။ နူရာမှာဝဲစွဲနေမှ ထူးပြီး မယားတော့ပါဘူး။
လောလောဆယ်တော့ ကာကွယ်ဆေးနေနေသာသာ ကုသဆေးတောင် မနည်းရောက်အောင် မှာယူဖြည့်ဆည်းနေရပါတယ်။ စစ်ဆေး သိမ်းဆည်း ဖမ်းဆီးတွေ ထင်သလိုလုပ်နေလို့။ ငပိကြော်တောင် မှောင်ခိုပစ္စည်း ဖြစ်နေရှာပေါ့။ ဘဏ်တွေကလည်း ငွေကို အဝင်ပဲ လက်ခံတာ။ အထွက်မရဘူး။ ကိုယ့်ပိုက်ဆံကိုယ် ထုတ်ချင်တောင် လာထား အာဘွားနဲ့မှ အဆင်ပြေတယ်။ ဘာဝယ်ဝယ် အွန်လိုင်းနဲ့ငွေချေလို့ မရတော့ဘူး။ လက်ထဲရှိတဲ့ပိုက်ဆံဆိုတာ ဒေါ်လာဈေးတွေ တက်သွားလို့ တန်ဖိုးကျတာအပြင်မှာ ရာခိုင်နှုန်းတွေပေး ထုတ်ရလွှဲရလို့ ဆယ်သိန်း သိန်းနှစ်ဆယ်ဖိုး ဝယ်ရတဲ့ ဆေးတစ်ဖာဟာ ဂျပ်ဖာတစ်ပုံး မပြည့်ဘူး။ အဲ့ဒါလည်း သိမ်းတယ်ကွာ ဆိုရင် အချစ်မှာ အကြောင်းပြချက်များ မလိုဘူး။ ဒီလို ယုတ်မာမှုအရပ်ရပ်ကြားကနေ ကိုယ့်ဆေးရုံကိုယ်ဆောက်ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ပေးနေနိုင်တယ်ဆိုတာ လူသူတော်ကောင်း နတ်သူတော်ကောင်းအပေါင်းတို့က ကူညီညာဝိုင်း မှိုင်းမကြပေလို့သာပဲ။ လူကယ်ပြန်အလုပ်ဆိုတာ ကိုယ်မေကိုယ် ဟိုဥစ္စာပြုသလောက်တော့ ဘယ်လွယ်ပါ့မလဲ။ ထောက်ပံ့ကြေးပေးတာ ပြောပါတယ်။
“မလွယ်တာတွေ့ရင် ပိုခက်တဲ့ တခြားဘဝတွေကို ငဲ့ကြည့်ပါဦး။” တဲ့။ ဟုတ်ပါတယ်။ ချစ်သူခင်သူ ဆုံးရှုံးသွားရသူတွေ၊ အိုးအိမ်စည်းစိမ်တွေ အခြေမဲ့သွားတဲ့သူတွေ၊ အနေဆင်းရဲ အစားဆင်းရဲနဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့စာရင် ကိုယ်တို့ဒုက္ခက မပြောပလောက်ပါဘူး။ ကိုယ်တို့ ဘယ်လောက်ပဲ ရုန်းကန်ရပါစေ။ ရုပ်ကလေးတောင် အချောမပျက်ဘူး။ မြင်တဲ့အတိုင်းပဲ။ မအိပ်နိုင်မစားနိုင် မျောက်အိုမီးမြှိုက်ထားတဲ့မျက်ခွက်နဲ့ မသေသေးကြောင်း ပြဖို့ ထွက်ထွက် အဆဲခံနေရတဲ့သူတွေထက်တော့ သာတယ် မဟုတ်ဘူးလား။
ဪ ဒါနဲ့ စကားမစပ်။ ဆေးခန်းကို အသက် ၂၀ အရွယ် ကောင်လေးတစ်ယောက် လာပြတယ်။ ဖြူဖျော့မောဟိုက်နေတာပဲ။ ဖျားလည်းဖျားတယ်။ ချောင်းဆိုးတာလည်း ကြာပတဲ့။ ကိုယ်ကတော့ စမ်းကြည့်ပြီး Lung abscess လို့ အတတ်ဟောထားတယ်။ ၅ ရက်လောက် ဆေးထိုးပြီး သက်သာတော့မှ မြို့ကိုလွှတ်ပြီး ဓါတ်မှန်အရိုက်ခိုင်းတာ။ lung abscess တော့ ဟုတ်တယ်။ သို့သော် ရောဂါအခံက Pulmonary TB ကြီးထွက်လာတယ်။ ဘယ့်နှယ်လုပ်မလဲ။ သလိပ်စစ်ပြီး တီဘီဆေးပေးရတော့မှာ။ တိုက်ဖျက်ရေး ဆရာမတွေက ရှာမရ။ မြို့ဆေးရုံလွှတ်ရင်လည်း ဟိုက ဆေးတစ်လစာချင်းပဲပေးမှာ။ ခြောက်လမပြည့်ခင် လမ်းပိတ်ပြီး ဆေးကပြတ်ဦးမယ်။ ဆေးပေးရင်းလည်း သလိပ်က ပြန်စစ်ရဦးမယ်။ ဒီအရွယ်ကလေးတွေ ဒီလမ်းခရီး ကူးလိုက်သန်းလိုက် လုပ်ရင်လည်း အန္တရာယ်ကများပါဘိ။ ဟိုအရင်ကဆို ဒီရောဂါမျိုးက ဘာမှ ခက်တာမဟုတ်ဘူး။ အိမ်အထိတောင် ဆေးလိုက်ပေးကြတာ။ အခုတော့ ဒင်း အာဏာရူးလို့ ခက်ပဲခက်ရချည့်။
“ငါတို့နိုင်ငံ စစ်တပ်မရှိရင် ဘာဖြစ်သွားမယ် ထင်သလဲ။” လို့ မေးလေ့ရှိတဲ့ ရူးသွပ်ပေါ့သွမ်း မှိုင်းမိနေသူတွေအတွက် “ငါတို့နိုင်ငံ အခုရှိနေတဲ့ စစ်တပ်ကြောင့် ဘာတွေဖြစ်ကုန်သလဲ။” ဆိုတာကို ရှင်းရှင်းနဲ့ဘွင်းဘွင်း မြင်ရအောင် ကိုယ့်မျက်စိရှေ့ တွေ့ခဲ့ကြုံခဲ့သမျှကို လိုင်းပေါ်စာရေးတင်တာပါ။ မှတ်ချင်လည်းမှတ် မမှတ်ချင်လည်းနေ။ လူဆိုတာ ကိုယ့်အသိဉာဏ်နဲ့ကိုယ် တူရာတူရာ စုသွားစမြဲပဲ။ စစ်သား နဲ့ အရပ်သားအကြားမှာ ဆွေးနွေးငြင်းခုံ ဖြောင်းဖျနားချလို့ရမယ့် အခြေအနေ ဘာတစ်ခုမှ မရှိတော့ဘူးဆိုတာကို အာဆီယံက မသိချင်နေ။ တကမ္ဘာလုံးက မသိလည်းနေ။ ကိုယ့်ဘာကိုယ် သိနေရင် ပြီးတာပါပဲ။