လူနာတွေကို ဆေးကုပေးတဲ့ အကျိုးအားကြောင့် ယာထဲအခင်းထဲကထွက်တဲ့ ကောက်ပဲသီးနှံကလေးတွေ လာလာပေးကြပါတယ်။ အရင်လကမှ ကောက်သစ်စားပွဲ လုပ်ထားကြတာ မဟုတ်လား။ ကောက်ညှင်းဆန်တွေဟာ ထမင်းချက်သလိုချက်စားလို့ မရမှန်း ခုမှပဲ သိတော့တယ်။ ကောက်ညှင်းကျည်တောက်ကတော့ လုပ်စားစရာမလို။ လုပ်ပြီးသားလေးတွေ ပေါလွန်းလို့။ ရွာကလူကြုံလာရင် ပေါင်းချောင်ယူခဲ့ပါ လို့ မှာရတယ်။ ပေါင်းစားကြမယ်။ ပေါင်းစားကြမယ်လေ။ သူတို့အရပ် သူတို့ဇာတ်ကတော့ ပေါင်းရုံနဲ့ အားမရလို့ ထောင်းကိုစားကြတာ။ ခေါပုတ်ထောင်း၊ ခေါပုတ်ကင်၊ ခေါပုတ်ကြော်၊ ခေါဆီ။ ဝါးရသက်သာတယ်ဗျ။ ဒီက မနက်စာဆိုတာ ခေါပုတ်တလှည့် ခေါက်ဆွဲတလှည့်ပဲ။ ဆရာဝန်ဆိုတာ ကောက်သစ်ပေါ်ဦးနှင့် အထူးတလည် ဧည့်ခံထိုက်သော ဧည့်ကောင်းစောင်ကောင်းလို့ သဘောထားကြတယ်နော်။ သာဓုပါဗျာ။ သာဓု သာဓု။
တဘက်မှာ စာရေးတဲ့ အကျိုးကျေးဇူးကိုလည်း ကိုယ်တို့ ခံစားရပါတယ်။ တနေ့တနေ့ “လှူချင်နေပါပြီနော်။ ဘာနဲ့ ယူမလဲ ပြောပါ။” ဆိုတဲ့ စေတနာရှင် မိတ်ဆွေသူငယ်ချင်းများစွာကြောင့် လိုရာပြည့်စုံပြီး စိတ်ချမ်းသာရပါတယ်။ ပို့သသောမေတ္တာများကိုလည်း အေးချမ်းစွာ ခံစားရရှိပါတယ်။ လူအားနဲ့ပါ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကူညီ အားဖြည့်လိုပါတယ် ဆိုတဲ့စကားတွေ ကြားရတာ အတိုင်းထက်အလွန်ပါပဲ။ ထောက်ပို့ပစ္စည်းတွေရောက်မယ်၊ စစ်ကူလာမယ်ဆို အားတက်သွားရတာပေါ့။
တကယ်လည်း လာကြတော့မှာပါ။ ဒီအခါမှာ ကိုယ့်ဘက်က ကြိုကြိုတင်တင် အသိပေး ရှင်းပြစရာကလေးတွေ ရှိပါတယ်။ ရောက်လာပြီးမှ အထင်နဲ့အမြင် ကွာရင် ဂျင်းထည့်တယ် ထင်မှာစိုးလို့ပါ။ ကိုယ့်ရဲ့ ချန်ဂင်ကလေးကို ချင်းတောင်ကဂျင်းကောင် လို့ အပြောမခံနိုင်ဘူးလေ။ မလာခင်မှာ သေချာစဉ်းစားခဲ့ကြပါနော်။ ပျော်မယ်ထင်ထားလား။ လွယ်မယ်ထင်လို့လား။ တချိန်ချိန်မှာတော့ မင်းငိုမှာစိုးတယ်။ အယ်လယ်။
တောထဲမှာနေရတဲ့ဘဝဟာ trekking tour ထွက်သလို ခဏတဖြုတ် ကိစ္စ မဟုတ်ပါဘူး။ နေသားကျတဲ့အထိတော့ သည်းညည်းခံ အကျင့်လုပ်ယူရပါတယ်။ အဲ့ဒါကို ကျော်လွန်ပြီးမှ နေပျော်တယ်ဆိုတဲ့ အဆင့်ကို ရောက်မှာပါ။ ဘာတွေကို အကျင့်လုပ်ရမှာလဲဆိုတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝ အမူအကျင့်အားလုံးကို တောနဲ့တောင်နဲ့ လိုက်ရောညီထွေဖြစ်အောင် ကျင့်ကြံနေထိုင်ရပါမယ်။ ကိုယ်ဆိုအခု အိပ်ယာဝင်ချိန်က ၉ အိပ်ယာနိုးချိန်က ၆ ဖြစ်နေပြီ။ မီးစက်ပိတ် အိပ်၊ အာရုံလင်း ထ။ သဘာဝအတိုင်းပဲ။ မအိပ်ချင်လည်း ပျော်အောင်သာအိပ်။ ဖုန်းပွတ်ဂိမ်းဆော့လို့ မရဘူး။ ပိုးကောင်တွေ လာလိမ့်မယ်။ မနက်ကျလည်း မထပဲနေလို့မရပါဘူး။ လူကမနိုးလည်း ရှူရှူးက အတင်းနှိုးနေလို့ ဆီးကျိတ်များကြီးနေပလားတောင် စိတ်ပူမိသေးတယ်။ လူတင်အကျင့်လုပ်ရတာ မဟုတ်ပါဘူး။ လူနဲ့ပါလာတဲ့ ဖုန်းတွေ လက်တော့တွေလည်း ရောက်ရာဘဝမှာ S ထာကျအောင် အချိုးပြင်ရတော့တယ်။ ယနေ့ညသွင်းနေသော ချာဂျင်သည် မနက်ဖြန်တစ်နေ့ သုံးရန်အတွက်ဖြစ်သည်။ တစ်နေ့ မသွင်းပဲ မေ့သွားရင် နောက်တစ်နေ့ မသုံးပဲနေ။ ပါဝါဘဏ့် ဆိုတာလည်း အားမသွင်းပဲ သုံးလို့ရသော အရာမဟုတ်။ မီးစက်နှိုးချိန် သိပ်နည်းနေရင် သူတို့ခမျာ အပါတ်တောင်မလည်။ ရောက်ကာစ စခန်းမှာတုန်းကဆို ကိုယ်တို့မှာ ဆန်းဒေးကိုပဲ မျှော်ရတယ်။ တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ရင် မနက်ပိုင်း မီးစက်မောင်းပေးတယ်လေ။ အမ်းမှာတုန်းက ပိုတောင်ရယ်ရသေး။ ဆာဂျင်တွေ အိုဂျီတွေ ခွဲခန်းဝင်ရင် ရှိသမျှအလုပ်သမား အကုန် ခွဲခန်းထဲရောက်လာတယ်။ ဖုန်းအားသွင်းဖို့။ လူနာခွဲရင် မီးစက်နှိုးပြီ မဟုတ်လား။ နောက်တော့လည်း ပျော်သွားမှာပါ။ ရန်ကုန်မှာ မီးပျက်လို့ ပေါက်ကွဲနေတဲ့သူတွေကို သနားသွားမယ်။
အစားအသောက်။ အထူးမပြောတော့ပါဘူး။ သဘောပေါက်ကြမှာပါ။ စားတတ်တာကို ရှိအောင်လုပ်တာနဲ့ ရှိတာကို စားတတ်အောင်လုပ်တာ။ ဘယ်ဒင်းက ပိုလွယ်မလဲ။ ကိုယ့်ဖာသာ စဉ်းစား။ ဒီရောက်မှ အိုး… ဖေတို့မေတို့ လာမ တ နဲ့။ မရှိလို့ မစားရတာ။ ရှိရင် စားရတယ်။ သို့သော်လည်း ဝယ်စားတဲ့ အသီးအနှံထက် ချိုသောမြိန်သော သစ်သီးသစ်ဥများ သည်ဘက်မှာ ရှိပါတယ်။ ကိုယ်တို့ ထမင်းဝိုင်းက အစဉ်သဖြင့် တက်တက်ပြောင်တာ။ အပိုအလိုမရှိ။ ကွက်တိ။ ဒေသအစားအစာ၊ ရိုးရာအစားအစာတွေဟာ ရန်ကုန်မှာ ဝယ်စားတာတွေနဲ့တော့ အရသာခြားနားတယ်။ ရှမ်းခေါက်ဆွဲ တစ်မျိုးတည်းကိုပဲ မြို့မတူရင် အရသာချင်း လုံးဝ မတူဘူးဆိုတာ နေရာစုံအောင် ရောက်ဖူးမှသိမယ်။ သို့သော် စိတ်မပူနဲ့နော်။ ချန်ဂင်ဟာ ဆေးကုတာရယ် ဟင်းချက်တာရယ်ပဲ လုပ်နေတယ် လို့ ပြောခဲ့တယ်။ ဒီနေ့ဆို လူနာတွေနဲ့ ချာလပတ်လည်နေတာ ဆရာဝန်ရော ဆရာမရော ထမင်းမချက်နိုင်တော့ဘူး။ အင်ဂျင်နီယာချက်သော ထမင်းတစ်နပ် စားရတော့မှာ။ ဘုရား တရားသာ အောင့်မေ့ပေတော့။ နောက်ဆို စခန်းမှာနေရင်း ဂေါ်ဒန်ရမ်ဆေးဆီ တက်ပြိုင်ကြတော့မလို့။ နွေဦးဟင်းလျာအသစ်တွေ တီထွင်နိုင်တော့မယ်။
ရာသီဥတုကတော့ မဲဇာထက် နှစ်ပြန်လောက်ဝေးသော တောအရပ်မို့ အေးချက်ကတော့ ပက်စက်သမောင်။ သို့သော် နေရောင်ခြည်ရဲ့အရသာ လရောင်ဖြာတဲ့ အလှအပဆိုတာ စာဖွဲ့လို့မကုန်မှန်း ကိုယ်တိုင်ခံစားရလိမ့်မယ်။ ဒီကာလကတော့ နေ့နေ့ညည မီးပုံဘေး လက်ထိုင်ကင်နေရတာ လူတောင် ကြပ်ခိုးတွေစွဲနေပလား မသိ။ စခန်းရောက်ကာစကဆို မီးကိုလုပ်ကျွေးသော ဆာဒူးကြီးအလားပဲ။ အိမ်ပတ်ပတ်လည် ထင်းခြောက်တွေ လိုက်ကောက်ပြီး မီးပုံထဲ မပြတ်ထည့်ပေးနေရတာ။ သွားရင်းလာရင်း သစ်ခြောက်ဝါးခြောက် မြင်မြင်သမျှ ကောက်ကောက်သယ်လာတာ ထင်းဆိုက်ဖို့။ ကိုင်းဖျားကိုင်းနားဆိုတော့ မီးတောက်လွယ်ပေမယ့် ကြာကြာမခံပါဘူး။ တဖြစ်တောက်တောက်ဆို ကုန်ရော။ နောက်တော့ သဘောပေါက်သွားတယ်။ သစ်ငုတ် ထင်းတုံးအကြီးတွေဆို မီးမသေပဲ တငွေ့ငွေ့ ဆက်လောင်နေတာမို့ မီးပြန်ပြန်မွှေးစရာ မလိုဘူး။ ပြောင်းကလေး တစ်ချက်နှစ်ချက်ဆို ပြန်တောက်တယ်။ ဒါလည်း အထာမကျပဲ အတင်းကုန်းမှုတ်ရင် ပြာတွေလွင့်ပြီး ခေါင်းတွေမူးလာရုံပဲ ရှိမှာ။ လူ့လောက သင်ယူစရာတွေ မကုန်နိုင်မခန်းနိုင်ပါကွယ်။ အဆုတ်လူနာတွေကို ဘာကိရိယာမှမပါပဲ သက်လုံစစ်လို့ရတယ်။ မီးဖိုဘေးသာခေါ်လိုက်။
လာပြီးရင်တော့ ကလေးတွေငိုသလို “ဟင့်အင်း ဟင့်အင်း။ အိမ်ပြန်ပို့။” ဆို ငိုလို့ မရဘူးနော်။ အဖမ်းအဆီး အစစ်အဆေး လုံခြုံရေးကြောင့်တင် မဟုတ်ဘူး။ သွားရေးလာရေးကကို သိပ်ခက်တဲ့အရပ်မို့လို့။ နို့မို့ဖြင့် ရွှေကြေးစည်ကားတွေနဲ့ “ဆြာစိုးဆီ သွားလည်မလား။ လှထုံတို့ရွာ၊ ချန်ဂင်တို့စခန်း။ အသွားအပြန် စားရိတ်ငြိမ်း တစ်ယောက် ဘယ်လောက်” ဆို ထရက်ကင်တိုးတွေ မားကက်တင်းဆင်းကုန်မှာပေါ့။ ဒီတခါတော့ ဆြာစိုးကိုယ်တိုင် လက်မှိုင်ချခဲ့ရတဲ့ ဘဲရီးဆောရီး တောကြီးမြိုင်လယ် ဖြစ်ကြောင်းကုန်စင်လေး နတ်သံနှောလိုက်ပါဦးမယ်။
ဒီအရပ် ဒီဒေသက ပွင့်လင်းရာသီမှာပဲ လမ်းပန်းပွင့်တယ် ဆိုတာ ဘာကြောင့်လို့ ထင်ပါသလဲ။ အမ်းမှာတုန်းကလို တောင်ပြိုပြီး လမ်းတွေပိတ်လို့ တစ်ရက်နှစ်ရက်ကြာတာ မဟုတ်ဘူး။ “ကန္တာရခရီးလမ်း ကြမ်းတမ်းပါစေ မောင်ရေ မောင်ရေ” ဆိုပြီး ကျောက်ခင်းလမ်းမှာ လူးလိမ့်ခုန်ဆောင့်ပြီး ချစ်သူနားခိုရာနေရာကို လိုက်လာလို့မရဘူး။ တောတောင်လျှိုမြောင်တွေကြားမှာ တချို့နေရာတွေက နေပြောက်မထိုးပဲ စိမ့်အေးနေတာ။ မိုးတစ်ခါရွာရင် တစ်ပါတ်လောက် ဗွက်ပေါက်လို့မဆုံး။ လမ်းကလေးပွင့်မယ်ကြံတာနဲ့ ကုန်တင်ကားကြီးတွေ ဝင်ဝင်လာတာဆိုတော့ ကားဘီးရာချိုင်ခွက်ကြီးတွေက တစ်တောင်မကနက်တယ်။ သူတို့ကိုယ်တိုင် ကိုယ့်ချိုင့်ထဲကိုယ်ပြန်ကျရင် ဝင်ရိုးကျိုးပြီး ကားဘီးတွေ ကားထွက်သွားတာ။ တစ်စီးပျက် အကုန်တန်းစီအိပ်ပေတော့။
မနေ့ကတော့ ကိုယ့်မှာ ရွာကထွက်လာတုန်းက ရာသီဥတုကလေး သာသာယာယာပါ။ တစ်နာရီကျော်ကျော်ကလေးပဲ ကြာမယ့်ခရီးလို့ မှန်းပြီး အေးပေးဆေးဆေး မောင်းလာတာ။ စခန်းကို ရောက်ကာနီးကျမှ မိုးလေးဖြိုက်ဖြိုက်ရွာပြီး ဗွက်မပေါက်ရသေးတဲ့ ကုန်းအတက် ရွှံ့ရေပြောင်ပြောင်မှာ ကားကပတ်ချာလည်ပြီး ဘယ်မှမရောက် အမှတ်တရ ဖြစ်သွားတယ်။ ဘီးက မီးခိုးတွေအူပြီး ညှော်တက်လာတယ်။ ကားဖင်ကြီးက ရမ်းတမ်းရမ်းတမ်း။ MRTV မှာ မတ်မတ်ဆောင်း သီချင်းဆိုတာကျနေတာပဲ။ လမ်းမှာ တစ်လစ်ကြီးခံနေတုန်း မျက်နှာချင်းဆိုင်လာတဲ့ ကားသမားကို အကူအညီတောင်းတော့ သူက “မညှာနဲ့။ ရဲရဲသာနင်းမောင်း။” တဲ့။ “ရဲရဲလည်းမရဘူး။ စိုးစိုးလည်း မရဘူး။ ခများမောင်းတတ် ခများကိုယ်တိုင်ပဲ လာမောင်းပါတော့။” ဆို သော့အပ်လိုက်တော့ မောင်မင်းကြီးသား အစွမ်းကုန် ချာလပတ်ယမ်းလိုက်တာ ရေတွေဆူပြီး စက်ပါနှိုးမရတော့ဘူး။ နောက်ကားတွေ တန်းစီလာရော။ ကိုယ်တောင်အခြေအနေမဟန်တော့ သူတို့လည်း ကုန်းပေါ်ကို တက်မလာတော့ဘူး။ ဆိုင်ကယ်တွေတောင် မျက်စိအောက်တင် ဘိုင်းကနဲဘိုင်းကနဲ လဲကုန်တာလေ။ လူဆင်းတွန်းလည်း လိပ်ပက်လက်လှန်ထားသလိုကို လဲတယ်။ တခါလဲရုံနဲ့ အပြီးထိုက်လိုက်တော့မှာလား ဆို ကုန်းရုန်းထပြီး ပြန်လျှောက်၊ နောက်တခါထပ်လဲတာ။ ရွှံ့လူးစကိတ်ကွင်းလေးတောင် လုပ်ရမလို။ ကားကို လမ်းဘေးထိ မလွတ်လွတ်အောင် တွန်းရွှေ့ပြီး ကားကြီးတွေ သူတို့ဟာသူတို့ အားကုန်ရုန်းတက်တာတောင် နာရီဝက် တစ်နာရီလောက် မီးခိုးတလူလူထအောင်တက်ယူရတယ်။ ကားဘီးနောက် ဂျမ်းတုံးခု ကားဘီးရှေ့ မြေစာပုံတွေ ပက်ပက်ပြီး တစ်ဘီးချင်း လှိမ့်တက်ရတာ။ သူတို့တောင် အနိုင်နိုင်မို့ ကိုယ့် ဘယ်သူမှ ကူဆွဲမယ့်သူ မရှိဘူး။ ဖြစ်ချင်တော့ ဖုန်းလိုင်းကလည်း မမိ။ လိုင်းမိတဲ့နေရာ ရောက်အောင်လျှောက်ပြီးမှ ရွာလူကြီးဆီ ဖုန်းခေါ် အကူအညီတောင်းရတာပေါ့။ သူ့ဆီက ကားဆွဲမယ့်သူတွေ မလာမချင်း ကိုယ့်ဘာသာ ခရီးများအဆုံးထိလျှောက်ရတာ နောက်ထပ် တစ်နာရီခွဲလောက်ကြာတယ်။ အမယ်။ ရပ်ထားတဲ့ကားကို ထွန်စက်နဲ့ အဆွဲခံရတာ လွယ်မယ်မထင်နဲ့နော်။ ကိုယ့်ဘာသာမောင်းတာထက်တောင် ပင်ပန်းသေးတယ်။ ကားက ပါဝါစတီယာရင်။ သော့ပိတ်ထားရင် လော့ကျသွားလို့ စက်နှိုးမရပဲ ပါဝါဖွင့်ထားရတယ်။ ညမှောင်လာတော့ မီးကလည်းတောက်လျှောက်ထွန်းလာရတာ လမ်းတဝက်တင် ပထဝီကုန်သွားပါလေရော။ ထွန်စက်က မီးနောက်ပြန်ထွန်းရင်လည်း ရေငွေ့တွေရိုက်နေတာနဲ့ ပိုဆိုးတယ်။ မမြင်မကန်းနဲ့ လိုက်သွားရင် ကုန်းဆင်းကျတော့ သေပေရော့ပဲ။ အကွေ့ကျရင် သံကြိုးက ဘီးအောက်ညပ်သေး။ အောင်မယ်မင်း။ ၅ နာရီလောက် ရောက်မယ် ထင်တဲ့ခရီးကို ည ၉ နာရီကျော်မှ အိမ်ပြန်ရောက်ပါတယ်။ ဒါတောင် အရပ်ကူပါ လူဝိုင်းပါနဲ့မို့။ အခုဟာ ဆောင်းတွင်းကြီးမှာ မိုးတွေရွာပြီညို ပဲ ရှိသေးတယ်။ ဝသန်ကာလ မိုးကျတည့်လျှင်ဆို ဘယ်မှသွားဖို့ မစဉ်းစားပါနဲ့တော့။ စိတ်အေးလက်အေးသာနေ။ ၁၁ လပိုင်းလောက်မှ ပြန်လို့ရမှာ သိလား။
နောက်တစ်ခုကတော့ အယူသည်းတယ်တော့ မဟုတ်ပါဘူး။ တောထဲတောင်ထဲမှာ နတ်ကြီးတယ် ဆိုတာကို ယုံလား။ စိတ်မပူပါနဲ့။ ကိုယ်တွေကလည်း မူလီကြီးတယ် ဆို လာခဲ့ကြပေါ့ကွယ်။ အရပ်ဒေသက ပထဝီသဘောအရသာ ရပ်ဝေးမြေခြားနေတာ မဟုတ်ဘူး။ ဇီဝစက်ဝန်းအရ flora fauna သက်ရှိသဘာဝတွေကလည်း ခြားနားတယ်။ သစ်ပင်ကြီးတွေ မြင့်တယ်ဆိုတာ ရန်ကုန်မှာ မမြင်ဖူးလောက်တဲ့ ပင်မြင့်ကြီးတွေ။ တာဇံလို လူခိုစီးပြီး စပိုင်ဒါမန်းလုပ်လို့ရတဲ့ နွယ်ဒါန်းရှည်ကြီးတွေ ဆိုင်းနေတယ်။ အဲ့ဒီပေါ်မှာ ပြွတ်ခဲနေအောင်ပွင့်တဲ့ ရောင်စုံသစ်ခွလှလှတွေလည်း မြင်ရမယ်။ ကိုယ်ကတော့ လူတက်ခူးလို့ မရနိုင်လောက်ဘူး ထင်တာ။ သူတို့ဆီကလူတွေကတော့ တက်ကြသတဲ့။
ငှက်ကလေးတွေကတော့ အမျိုးအမည် မပြောပြတတ်အောင် စုံလင်တယ်။ ကိုယ်သိတာဆို ဆေးရုံခေါင်းရင်းမှာ တတောက်တောက် လာခေါက်တဲ့ သစ်တောက်ငှက်တွေ ရှိတယ်။ ဗျိုင်းနဲ့ ကြိုးကြာတွေပေါတယ်။ ကြက်တူရွေးတွေ ညဘက်အိပ်တန်းလာတက်တာ အကောင်ထောင်ချီမလား မပြောတတ်ပါဘူး။ အံ့ဩလွန်းလို့ ကိုယ့်ဓါတ်ဆရာလေး ဓါတ်ဖမ်းထားတာကို ပရင့်ထုတ်ပြီး ခွဲခန်းထဲမှာ ချိတ်ပေးပါ ဆိုတဲ့ အလှူရှင်လည်း ရှိတယ်။ ငှက်ကြီးဝန်ပို ဒီမှာ မြင်ဖုးတယ်။ အောက်ချင်းငှက်တွေ အုပ်လိုက်ကြီး လာနားတာလည်း ရွာထိပ်နတ်စင်နားမှာ မြင်ဖုးခဲ့တယ်။
ဒီမှာက ရွာတိုင်းမှာ နတ်စင်ရှိတယ်။ ဝါဝင် ဝါထွက် ကောက်သစ်ပေါ်ချိန် နတ်တင်ကြတယ်။ တခါတခါ တိုက်ဆိုင်မှုတွေက ယုံရခက်သား။ ပြောမှားဆိုမှား ရှိလို့ ခဲရာခဲဆစ်အဖြစ်တွေကို အခါခါ မြင်ဖူးလာတဲ့အခါ စေတလုံးမောင်ဖုန်းတွေ ဆန်လာရော။ ပထမဦးဆုံးအကြိမ် သက်စွန့်ဆံဖျား တောထဲဝင်တော့ လိပ်တစ်ကောင် ကောက်ရတယ်။ ကိုဗစ်စင်တာဆောက်မလို့ စာသင်ကျောင်းကြီးကို ရှင်းတော့ ကျောင်းအောက်က မြွေနှစ်ကောင် ထွက်လာတယ်။ ဆေးရုံဆောက်ဖို့ ပစ္စည်းတွေရွှေ့လာတဲ့နေ့တုန်းက လူနာဆောင်အဖြစ် ပြုပြင်ယူမယ့်ခန်းမကြီးက ပျားတွေ အစုလိုက်အပြုံလိုက် အသိုက်ရွှေ့ပြီး နေရာဖယ်ပေးတယ်။ အတိတ်ကောင်း နိမိတ်ကောင်းတွေချည့်ပဲ။ ဘယ်သူ့ယတြာမှ မလိုဘူး။ စိတ်ကောင်းလည်းရှိ၊ မိတ်ကောင်းလည်းရှိ၊ အလုပ်ကောင်းလည်း လုပ်တယ်။ တော်ပြီပေါ့။ ကိုယ့်အတွက်ကတော့ ကိုယ်တိုင်ထုဆစ် ၂၂၊ လူချစ်နတ်ချစ် ၂၂ ဖြစ်မှာပါ။ ဟိုဘက်က ကိုယ့်ကြိုးကိုယ်ကျစ် ၂၂ ကောင်တွေကို တောက်ချပစ်လိုက်မယ်။ ကိုင်းဟာ။