ဆရာဝန်တွေဟာ ဆေးကုတဲ့ အလုပ်အပြင် နောက်ထပ် အတတ်ပညာတစ်ခုခု တွဲလာတဲ့အခါမှာ (ဥပမာ ဆရာဝန်အဆိုတော်၊ ဆရာဝန်ရုပ်ရှင်မင်းသား၊ ဆရာဝန်စာရေးဆရာတို့လိုမျိုး) ဘယ်အရာကို အဓိကထားမှာလဲ မဖြစ်မနေ ရွေးချယ်ရပါတယ်။ ဆေးမကုတတ်မှာစိုးလို့ တခြားအလုပ် ပေးမလုပ်တာ မဟုတ်ပါဘူး။ ဆေးကုတဲ့အခါမှာ ဆရာဝန်-လူနာ ဆက်ဆံရေးထဲကို မဆိုင်တဲ့သက်ရောက်မှုတွေ အနှောက်အယှက် ဖြစ်မှာစိုးလို့ပါ။ စဉ်းစားကြည့်လေ။ ဦးဦးစိုးသူတို့၊ မမဖြူဖြူကျော်သိန်းတို့ဆို ဆေးရုံကို အမှတ်တမဲ့ ရောက်လာရင်တောင်မှ လူတွေက “ဟိုမှာကြည့်စမ်း။ ဟိုမှာကြည့်စမ်း။” နဲ့ အုတ်အော်သောင်းနင်း နောက်ကလိုက်ကြမှာ မဟုတ်လား။ ဆရာဝန်လုပ်ပြီး ရုပ်အရမ်းကြီးချောနေရင်ကို ဆေးကုရတာ မလွတ်လပ်တော့ဘူး။ အရိပ်တကြည့်ကြည့် အောက်မှာ မွန်းကြပ်တာကိုး။ ဒါသည်ပင် ကိုယ့်အားနည်းချက် ဖြစ်တော့သည်လေ။ ဆရာဝန်လုပ်ပြီး စာရေးတဲ့အခါမှာ လူနာတွေက လုပ်ဖော်ကိုင်ဖက်တွေက “သူရေးတဲ့အထဲများ ပါသွားမှဖြင့်ကွယ်။” ဆို စိတ်တထင့်ထင့် မဖြစ်စေချင်လို့ပါ။ ဖေ့စ်ဘုတ်ပေါ်က ကိုယ်နဲ့ ဆေးရုံပေါ်ကကိုယ်ဟာ အဆုံခန်း တစ်ခန်းမှမပါတဲ့ နှစ်ကိုယ်ခွဲ ဇာတ်ကောင်တွေပဲ ဖြစ်ချင်တာ။ ဒါကြောင့်မို့လို့ အကောင့်ထဲမှာ ခွီချင်သလောက်ခွီ၊ စွာချင်သလောက်စွာ၊ ဆေးရုံမှာတွေ့တဲ့အခါ “သူမဟုတ်တဲ့အတိုင်းပဲ။” လို့ အပြောခံရအောင် နှုတ်ဆိပ်အေးဆေးနေတာပါ။ ဆရာဝန်အလုပ်ကို ဦးစားပေးမိတာကိုး။
အခုတော့ ဆရာဝန်တော်လှန်ရေးသမားဘဝမှာ အင်မတန်မှကို သိုသိပ်စွာ နေနိုင်မှ ဘေးရန်တွင်းပြင် ကင်းစင် ဖြစ်တော့မည်လေ။ လိုင်းပေါ်ကလူတွေက မကြာခဏ “ညောင်ပင်တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ။” လို့ မေးရင်လည်း လိုကေးရှင်းကို အတိအကျ မပြဝံ့ဘူး။ ကိုယ်ဆေးကုနေတဲ့လူနာတွေက “ဖလန်းလကွက်လေး ပို့ထားတယ် ဆာ။ အက်ပေးပါဦး။ ဆိုလည်း “လာထား။ အာဘွား။” မလုပ်နိုင်ပါဘူး။ လှထုံတို့ရွာမှာ ဘာဖြစ်လို့ လှထုံခေါ်သလဲ သိပြီလား။ အမည်မဖော်လိုသူမို့ပေါ့။ ရွာကိုမှ အမည်မဖော်တာ မဟုတ်ဘူး။ ဆရာကိုလည်း အမည်မဖော်ဘူး။ ရွာကလူတွေ ကိုယ့်ကို နံမည်တောင် မသိဘူး။ ဆရာကြီးပဲ ခေါ်ကြတာ။ ဒါနဲ့များ နံမည်ကြီးချင်လို့ ဒီအလုပ်လုပ်တယ် ထင်နေသူတွေကို ဟဟချည့်ပဲ အမြှောက်တစ်သိန်း ပေးပစ်မယ်။ နံမည်ကြီးဖို့နေနေသာသာ ဒီက နံမည်တောင် အသိခံချင်တာ မဟုတ်ဘူး။
သို့သော်လည်း နံမည်မပါတဲ့ ပုံရိပ်တစ်ခုတော့ မဖြစ်မနေ တည်ဆောက်ရတယ်။ ဒါမှလည်း လူနာတွေရဲ့ ယုံကြည်မှုရမယ် မဟုတ်လား။ ပုံရိပ်ဆိုတာ အလုပ်ကပုံဖော်တာလေ။ ဆိုင်းဘုတ်ပေါ်ရေးထားတဲ့ ဝါစာကမ္မာတွေက လာတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘွဲ့ပြန်ပေးပြီး ကိုယ့်ဆုကိုယ်ယူတာ လိမ်တဲ့ညာတဲ့သူတွေပဲ လုပ်တာ။ ကိုယ် ဘယ်သူဘယ်ဝါမှန်း ရေရေရာရာ မသိတဲ့ ဝေးမြေရပ်ခြားမှာ ယုံယုံကြည်ကြည်နဲ့ အသက်ပုံအပ်ဖို့ ဆိုတာ ပါးစပ်ပြောလေးနဲ့ ကွက်စိပ်ဟောလို့ ရတာ မဟုတ်ဘူး။
ကိုဗစ်ကို ရှင်အောင်ကုနိုင်မှ ကိုဗစ်စင်တာကို လူလာတာ။ ဒီနေ့ အသေအပျောက်များရင် နောက်နေ့ လူနာပါးသွားရော။ ဆီးချိုဆိပ်တွေတက်ပြီး သတိလစ်နေတဲ့လူနာကောင်းသွားရင် မကြာဘူး။ ရွာနီးချုပ်စပ်က ဆီးချိုသမားတွေ ကိုယ့်ဆီမှာ လာပုံရော။ လေဖြတ်သွားတဲ့ သွေးတိုးသမား လမ်းလျှောက်ပြီး အိမ်ပြန်နိုင်ရင် နောက်နေ့ သွေးတိုးလူနာတွေ ကြိတ်ကြိတ်တိုးပဲ။ အခုလည်း Normal labour တစ်ယောက် မွေးပေးလိုက်တဲ့အခါ ဗိုက်တွေတန်းစီပြီး ပုံလာလို့ အိုဂျီခေါ်ဖို့ ပြင်ဆင်နေရတယ်။ ကိုယ်လုပ်တတ်တာ လုပ်တတ်တာတစ်ပိုင်း၊ ကျွမ်းကျင်ရာ လိမ်မာက တစ်ပိုင်းပဲ။ မရှိသုံးဆိုတာ မရှိမှ သုံးတာ။ ရှိလာရင် ရှိတာကိုပဲ သုံးတယ်။
သို့သော် မရှိလို့ မလုပ်ပဲ ထိုင်နေတယ် ဆိုတာလည်း မရှိပါဘူး။ သွားကိုက်လို့ တစ်ညလုံးအိပ်မရပဲ ငုတ်တုတ်ထိုင် ငိုနေရတယ် ဆိုရင် သွားဆရာဝန် မရှိပေမယ့် ပိုးစားနေတဲ့သွားငုတ်တိုကလေး နှုတ်ပေးလိုက်တာပါပဲ။ တော်သေးတာပေါ့။ သွားနှုတ်တဲ့ ပလာယာတွေ ထုံဆေးထိုးတဲ့အပ်တွေ လှူပေးထားတဲ့သူ ရှိလို့။ အဲ့သလိုမျိုး ဒုက္ခပေးနေတဲ့ တစုံတရာကို ကိုယ်ထိလက်ရောက် ဖယ်ထုတ်ပစ်ချင်လို့ ဆာဂျင်လုပ်တာလေ။ သိန်းကျောက်သောင်းကျောက် မအောင်ချင်နေ။ ဆီးတံဝက ထုံးကျောက်ကလေး ဖလွတ်ဆို ဆွဲထုတ်ပေးလိုက်ရတာက အရသာ။ ကလေး နားထဲဝင်သွားတဲ့ ပုလဲပုတီးစေ့ကလေး ချော့ချော့မော့မော့နဲ့ ကလော်ထုတ်ပေးနိုင်မှ သူရောကိုယ်ရော အိပ်လို့ပျော်တာ။ တောဆရာဝန်ဆိုတာ ဘာလာလာဒေါင်းအောင်ဆော့တတ်ဖို့တော့ လိုတယ်။ တောထဲတောင်ထဲမှာ ငါးရိုးမျက်လို့ လက်တိုနေရင် နှိုက်ရမခက်အောင် သုံးတတ်သောပစ္စည်းများ လိုလျှင်ရစေ ကြိုးနွယ်ခွေ ဖြစ်အောင် ကြိုကြိုတင်တင် ဆောင်ထားရတယ်။ ဒါကြောင့်မို့လို့ မြို့ပေါ်က စေတနာရှင်များကို လှမ်းလှမ်းပြီး ပူဆာရတာ များနေတာပါ။ အားလည်းနာပါရဲ့။ သွေးအေးသတ္တဝါတွေ ဆောင်းအောင်းသလို စွတ်စိုတဲ့ရာသီအတွက် မိုးတွင်းစာစုဆောင်းထားမှ ဖြစ်မှာမို့ပါ။ ရွာကလူတွေကိုလည်း လုပ်အား အပူကပ်ရတာပါပဲ။ ကိုယ်လုပ်ရင် တနေကုန်မယ့်အလုပ်တွေ သူတို့လာကူလိုက်ရင် တထိုင်တည်းနဲ့ ပြီးသွားရော။ ဒီလိုပဲ အရပ်ကူပါ လူဝိုင်းပါနဲ့ ကိုယ့်ဆေးရုံကလေးက ရုပ်လုံးပေါ်လာပါပြီ။
ရွာခံလူနာအတွက်တော့ ပူစရာမရှိတော့ဘူး။ တို့ရွာသားတွေအားလုံးကတော့ ဓူဝံအင်ဗာတာပဲ သုံးတယ်။ ရွာနီးချုပ်စပ်နဲ့ ပတ်ဝန်းဘယ်ညာ အားကိုးရာဖြစ်ဖို့တော့ အချိန်ယူရတာပေါ့လေ။ လူအနေနဲ့ နံမည်မသိစေချင်သော်ငြား ဒီရွာမှာ ဒီဆရာတွေ ရှိလေရဲ့ လို့ အလှူခံမဏ္ဍပ်ကနေ “အမည်မဖော်လိုသူ မလှထုံမှ အလှူတော်ငွေ ၁၅ ကျပ်” ဟစ်ရဦးမှာပေါ့။ အခုလောလောဆယ်တော့ အရမ်းအဆင်ပြေတဲ့ နံမည်လေးတစ်ခုနဲ့ ရပ်ရွာက အသိအမှတ်ပြုကြပါတယ်။ CDM ဆရာဝန်တွေကုတဲ့ ဆေးခန်းကလေး တဲ့။ နောင်တချိန်ကျရင် တို့ရွာမှာ CDM လုပ်တဲ့ ဆရာဝန် ဆရာမလေးတွေ ဆေးလာကုသွားကြတဲ့ ဆေးရုံကလေးလို့ ရင်ထဲမှာ အမှတ်ထင်ထင် ရှိသွားကြမှာပေါ့နော်။ ဆရာ ကျေနပ်ပါတယ်။ “ဗိုလ်ကြီးတို့လာမှ ကျွန်မတို့ရွာလည်း ပြာကျသွားရော။” ဆိုတာမျိုးမှ မဟုတ်တာ။ ကိုယ်တို့က လာခြင်းကောင်းတယ်လေ။ အသက်ရှည်ရာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဆိုတာတွေက ဆရာဝန်တွေ ရှိခြင်း မရှိခြင်းနဲ့လည်း ဆိုင်တယ်နော်။ တဘက်မှာအော်နေတဲ့ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး နဲ့ တရားဥပဒေစိုးမိုးရေးဆိုတာဟာလည်း ဟိုအကောင်တွေရှိခြင်းမရှိခြင်းနဲ့ တိုက်ရိုက်ပါတ်သက်နေတယ်ဆိုတာ မြန်မာတပြည်လုံး ကိုယ်တွေ့မျက်မြင် သိကုန်ကြပါပြီလေ။ အဲ့ဒါပြောတာပေါ့။ ပြဒါးတစ်လမ်း သံတစ်လမ်းဆိုတာ။