ဆရာမင်းလူရဲ့ ပရိသတ်တိုင်းက လှထုံကို ရင်းနှီးသလိုပဲ ကိုရီးယားဇာတ်လမ်းတွဲ ကြည့်သူတွေကိုလည်း ချန်ဂင်နဲ့ မိတ်ဆက်ပေးစရာ မလိုပါဘူး။ ဆေးကုလိုက် အစားအသောက်တွေ ချက်လိုက် လုပ်နေတဲ့ နန်းတွင်းသမားတော်ကလေးမှန်း လူတိုင်းသိပါတယ်။ အခုလည်း ကိုယ်တို့အဖွဲ့သားတွေ အဲ့ဒီအလုပ်ပဲ လုပ်နေကြတာ မဟုတ်လား။ နန်းတွင်းရေး အရှုပ်အထွေးတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကိုယ့်အသက်မွေးမှုအတတ်ပညာဖြစ်တဲ့ ဆေးကုတဲ့အလုပ်ကို အားသွန်ခွန်စိုက် လုပ်နေတဲ့ ချန်ဂင်ဆိုတာ ဘယ်သူများပါလိမ့် လို့ သိချင်ရင် ကိုယ်တို့စခန်းက ဆရာဝန် ဆရာမ အားလုံးကို လက်ညှိုးထိုးပြလို့ ရပါတယ်။ နောက်ထပ် ချန်ဂင်ဖြစ်ချင်တဲ့သူတွေလည်းပဲ အတူတကွ လာရောက်ပူးပေါင်းလို့ ရသေးတယ်နော်။ အကြီးတွေက အငယ်တွေကို သင်ရင်းပြရင်း လက်တွဲခေါ်မှာပေါ့။ စိတ်တူသဘောတူ ဖြစ်ဖို့သာလိုရင်းပဲ။ ဒါမှလည်း ပျော်စရာကောင်းမှာကိုး။
စခန်းကို ရွာမှာမရွေးပဲ တောထဲဝင်ခိုရတဲ့အကြောင်းကတော့ ကိုယ်တို့အားလုံးရဲ့ အသက်အန္တရာယ် လုံခြုံရေးကြောင့်ပါ။ CDM တွေကို တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းပဲ ဖမ်းဆီးသတ်ဖြတ် စစ်ဆေးစီရင်ခွင့် ပေးထားလိုက်ပြီ ဆိုတဲ့ အမိန့်သက်သက်ကြောင့် မဟုတ်ပါဘူး။ ဟိုးအရင် ဦးသိန်းစိန်လက်ထက်မှာတုန်းက ကောင်းခါးရွာက သူနာပြုဆရာမလေးနှစ်ယောက် မုဒိန်းကျင့်ပြီး အသတ်ခံရတဲ့ အဖြစ်ဆိုးမျိုး ကိုယ့်မျက်စိအောက်မှာ မကြုံချင်လို့ပါ။ ကိုယ်နဲ့အတူတူ အလုပ်လာလုပ်မယ့်သူတွေရဲ့ လုံခြုံရေးအတွက် ကိုယ့်မှာ တာဝန်ရှိတယ်။ မင့်ဟာကလည်း အစိုးရလက်အောက်က ထွက်ပြေးပြီး တောထဲတောင်ထဲ သွားမှ လုံခြုံရမယ်လို့ ပြောင်းပြန်တွေဖြစ်နေပြီ လို့ ပြောစရာပေါ့နော်။ ခေတ်ကိုက ပြောင်းပြန်ဖြစ်နေတဲ့ အခါသမယလေ။ တိုင်းပြည်ကို ကာကွယ်ရမယ့်စစ်တပ်က အာဏာရှင်ကိုကာကွယ်ပြီး ပြည်သူကိုအကြမ်းဖက်သတ်ဖြတ်နေလို့ ဒီဘဝရောက်လာရတဲ့ဟာ။ ကိုယ်တို့အတွက် အန္တရာယ်ပေးမယ့်သူဟာ ဗမာစစ်တပ်ကလွဲလို့ တခြားသူ မရှိဘူး။ ကောင်းခါးက ဆရာမလေးနှစ်ယောက်တောင် တသက်လုံး KIA တွေအောက်နေတုန်းကအကောင်း။ ဗမာစစ်တပ် တစ်ညလာအိပ်တာနဲ့ အဲ့သလိုဖြစ်သွားတာ မဟုတ်လား။ မူကြိုကလေးလေးကိုတောင် တရားမျှတမှုပြန်မပေးနိုင်တဲ့ စစ်သားလူထွက် အုပ်ချုပ်မှုနဲ့ လွတ်အောင်နေမှပဲ ဖြစ်တော့မယ်။ ဒါကြောင့်မို့လို့ ကြက်ဖတိန်ညင် တောကိုဝင်တာ။ မောင်ရင်လာတော့ လေးနဲ့မပစ်အောင်လည်း ဆိုင်ရာပိုင်ရာကို အစောင့်အရှောက် လုံခြုံရေးပေးနိုင်ဖို့ အစစအရာရာလည်း စီမံရသေးတာပေါ့။ Safety first ဆိုတာ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ကိုယ့်တစ်ဖွဲ့သားလုံးအတွက် ဖြစ်လာပြီ။ ခုချိန်ခါမှာ အနယ်နယ်အရပ်ရပ်က ကိုယ့်ဆီကို လာချင်ပါတယ် လည်ချင်ပါသူ ဆိုရင် သေချာလေးတော့ ပြန်စဉ်းစားစေချင်တယ်။ ပိုင်တံခွန်တို့ ထားထက်ထက်တို့လို နုနုနယ်နယ်လေးတွေဆို မခေါ်ရက်ဘူး။ နေများခလို့ မေ့အသားမလှရင် ခက်ရချည်ရဲ့။
အဘက်ဘက်ကို စဉ်းစားရတဲ့အခါ မြို့ပေါ်မှာ ဆေးရုံဆောက်သလိုမျိုး ပိုက်ဆံပေးရုံနဲ့ အရာရာ အဆင်ပြေ လွယ်ကူချောမွေ့ မနေပါဘူး။ အိမ်ဆောက်ပစ္စည်း အုတ် သဲ ကျောက် သွပ် သံ သစ် ကစလို့ ဘယ်လိုရအောင် စုရမလဲ မှာ စခက်ပြီ။ ဒါတွေက အခုလို ပွင့်လင်းရာသီမှာပဲ သယ်လို့ရမယ်။ မိုးလေးတဖြိုက်နှစ်ဖြိုက် ရွာလိုက်တာနဲ့ ကိုယ်တို့စခန်းဟာ ခြေသာလျှင် ယာဉ်အဖြစ် ရှိကုန်သည်ဖြစ်၏ ဆိုတဲ့ အရပ်မျိုး။ အဲ့သလောက် သွားရေးလာရေးခက်နေတာ လူနာတွေ ဘယ်လိုလာကြမလဲလို့ မတွေးပါနဲ့။ လူနာတွေကတော့ သေရေးရှင်ရေးမို့ မိုးတွေဖြိုင်ဖြိုင်ရွာနေတဲ့ကာလကတည်းက ကိုဗစ်စင်တာထိ ရောက်အောင်လာကုဖူးကြသလို ကိုယ့်စင်တာက ဗော်လံတီယာကလေးတွေလည်း ချောင်းထဲမြောင်းထဲ လှေတလှည့် ထွန်စက်တလှည့် ရုန်းပြီး ဒီအရပ်အထိ လူနာလာသယ်ဖူးပါတယ်။ ခေါင်လွန်းတော့ ဆရာဝန်မပြောနဲ့။ သားဖွားဆရာမတောင် လက်လှမ်းမမီပါဘူး။ ကာကွယ်ဆေးလည်း ဘယ်သူမှ ထိုးပေးမယ့်သူ မရှိ။ ပိုဆိုးတာက စစ်မက်မကင်းတဲ့အရပ်ဒေသမို့လို့ လေယာဉ်ကြီးနဲ့ ဗုံးကျဲလာရင် ဘယ်ကိုမှ လွှဲပို့ကုသစရာလည်း မရှိပါဘူး။ ဒါကြောင့်မို့လို့ တောထဲတောင်ထဲမှာပဲ ဆေးစခန်းတည်ရပါတယ်။
ရပ်ထဲရွာထဲ မဟုတ်တဲ့အတွက် ကိုယ်တို့မှာ နေရေးထိုင်ရေးတင်မကဘူး။ စားရေးသောက်ရေးပါ ကိုယ်တိုင်စီစဉ်ရတာပေါ့။ ဆရာဝန်မို့ ဆေးချည့်ထိုင်ကုဖို့ မစဉ်းစားနဲ့။ ခြုံရှင်းမြက်ခုတ်ကစလို့ ထင်းခွေရေခပ်ပါ ကျရာနေရာက တစ်ယောက်တစ်လက် ကူကြရပါတယ်။ အရာရာတိုင်းကို အလှတွေအပြတွေထက် ဘဝကို ဦးစားပေးနေရတယ်လေ။ ခန့်ညားသစ်လွင်တဲ့ ဆေးရုံအကောင်းစားကြီး မလိုချင်ဘူး။ ရှိနေမှန်းမသိရပဲ အလုပ်မျိုးစုံ လုပ်လို့ရတဲ့ camouflaged medical unit ကလေး ဖြစ်ရမှာ။ ခုကာလမှာ ဆရာဝန်တွေလည်း စစ်ရေးအမြင်ရှိဖို့ လိုလာပြီ မဟုတ်လား။
ဒီနေရာ ဒီဒေသမှာ ဒီလိုဆေးစခန်းလေးဖြစ်ဖို့ လူအားရောငွေအားပါ ကူညီဝန်းရံကြတဲ့သူတွေထဲမှာ ကိုဗစ်စင်တာ ဖွင့်တုန်းက ရွာသူရွာသားတွေက အင်တိုက်အားတိုက် ပါဝင်ကြပါတယ်။ လူကိုယ်တိုင်လာနေပြီး အပြင်လူနာလေး စ ကုဖို့ကို တစ်လလောက်ပြင်ဆင်ရတယ်။ ခရီးကြမ်းလမ်းကြမ်းကြီးကို အိမ်ဦးနဲ့ကြမ်းပြင် ကူးသန်းပြီး လုပ်အားပေးကြတာ။ ကိုယ်နဲ့အတူ အင်ဂျင်နီယာလည်းပါ၊ လက်သမားလည်းပါ၊ ရေပိုက်သမား၊ မီးစက်မီးကြိုးသမား၊ အားလုံး အတူတူပါတော့ စိတ်ကူးထဲကအတိုင်း လက်တွေ့ဖြစ်လာတာ သိပ်မြန်ပါတယ်။ လိုအပ်သမျှ ပစ္စည်းကိရိယာတွေ ဝယ်ယူစုဆောင်း ပို့ပေးမယ့်သူ၊ ငွေရေးကြေးရေး လိုသလောက် ပံ့ပိုးပေးမယ့်သူတွေလည်း ရှိတော့ အလိုရှိတိုင်း တောင့်တတိုင်း ပြည့်စုံတာပေါ့ဗျာ။
ဆောက်လက်စမှာ နံဘေးရွာကလူတွေက မလာရဲကြဘူး။ တစ်ယောက်စ နှစ်ယောက်စလာ။ ဆေးဖိုးလည်း မယူဘူးဆိုပြီး နောက်နေ့ကျ ကောက်ညှင်းဆန်လေး ကြက်ဥလေး ယူလာကြ။ ပိန်းဥတွေ မုန်ညင်းတွေ လာပေးကြနဲ့ စားစရာတွေ သိပ်မဝယ်ရတော့ဘူး။ ရွာထဲကလူတွေက ပိုက်ဆံမတတ်နိုင်လို့ မလာရဲကြဘူး ဆိုလို့ အတင်းခေါ်ရတယ်။ လာမယ့်လာတော့ ဗိုက်နာနေတဲ့ ကိုယ်ဝန်ဆောင်၊ ရောက်တယ်ဆိုမကြာဘူး။ ရေမြွှာပေါက်ပြီး ကလေးထွက်လာလို့ ပြာယာကိုခတ်သွားတာပဲ။ သူငယ်ချင်း အိုဂျီမမ လှူပေးထားတဲ့ပစ္စည်းတွေနဲ့ ဆေးခန်းလေး မျက်နှာပန်းလှသွားတော့ နောက်နေ့ တရွာလုံးက ဗိုက်ကြီးသည်တွေ တန်းစီလာကြရော။ မထင်ရဘူးနော်။ အဲ့လောက်များမယ်လို့။ တစ်ယောက်မှလည်း ကာကွယ်ဆေးထိုးမထားရသေးဘူးတဲ့။ ကြက်ခြေနီကသာ ခရီးမပေါက်ခဲ့တာ။ CDM ကြီးက ခရီးပေါက်နှင့်ပြီ။ ကျေးရွာအရောက်။ စစ်ဘေးပါ ထပ်ရှောင်ကြတော့ ဘယ်သူမှ မရှိတော့ဘူးလေ။
ဆေးတွေဝါးတွေကလည်း ဝယ်မရ။ ဆီးချိုတအားတက်နေတဲ့ အမေကြီးကို “ဘာဆေးတွေသောက်ခဲ့လဲ။” လို့ မေးတော့ သူ့ဆေးအိပ်ထဲက ဆေးကဒ်ကလေးတွေ ထုတ်ပြတယ်။ gliclazide က မနက်တစ်ကြိမ်သောက်ရန်၊ Metformin က တစ်နေ့သုံးကြိမ်သောက်ရန် လို့ ရေးပေးထားတယ်။ “ဟင် အဲ့ဒီဆေးတွေ သောက်နေတာတောင် ဆီးချိုတွေက တက်လှချည့်လား။” လို့ ဆိုမှ “မဟုတ်ဘူးလေ။ ဆေးက သောက်လိုက်ရင် ကုန်သွားမှာစိုးလို့ မသောက်ပဲထားတာ ကြာပြီ။ ဆီးချိုတွေ အရမ်းတက်လာမှသောက်တာ။” တဲ့။ “ဟောဗျာ။ ဆီးချိုတက်မတက် ဘယ်လိုသိတုန်း။ အိမ်မှာ သွေးဖောက်တဲ့စက် ရှိသလား။” လို့ မေးမှ “မရှိပါဘူး။ ဒီလိုပဲ သိတာပေါ့။ ရေတွေအများကြီးသောက် ရှူးတွေအများကြီးပေါက်လာရင် ဆီးချိုတက်ပြီ။” တဲ့။ တော်သေးတာပေါ့။ ရှူရှူး လျှာနဲ့လျက်ကြည့်လို့ ချိုရင် ဆီးချိုတက်ပြီလို့ မှတ်မထားတာ။ “အခုတိုင်းတာ ၅၇၀ တောင်ပြနေပြီလေ။ အမေကြီးလက္ခဏာတွေက ပြသေးဘူးလား။” ဆိုတော့ “ဘယ့်နှယ်မှ မနေပါဘူး။ လမ်းကြုံလို့ ဝင်ပြတာ။” တဲ့။
ရွာမှာ အမယ်ကြီးအိုတွေများတယ်။ သွေးတိုး နဲ့ ဆီးချို တစ်ခုမဟုတ်တစ်ခုတော့ ရှိကြတယ်။ မနက်မိုးလင်း ၇ နာရီမထိုးခင် ရွာထဲကို ဟင်းချက်စရာသွားဝယ်တဲ့အခါ အိမ်ပေါက်စေ့က သက်ကြီးရွယ်အိုတွေ ထမင်းချိုင့်လေး ကိုယ်စီဆွဲလို့ ထွက်လာကြတယ်။ ပုခုံးပေါ် တဘက်ကလေးတင်လို့။ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပြီး သီလယူဖို့ သွားတာတဲ့။ နေ့တိုင်း သီလယူကြတဲ့ရွာပဲ။ ကိုယ်တွေလည်း ကြံဖန်ပြီး ကုသိုလ်ရဖို့ ဖြစ်လာတာပေါ့။
ကျောကုန်းမှာ ပြည်တည်လို့ ခွဲပေးလိုက်ရတဲ့လူနာကလည်း မျက်လုံးမျက်ဆန် အပြူးသားနဲ့ heart rate တွေ ၁၂၀ ကျော်နေတာ ခွဲပေးတဲ့သူပါ ရင်တွေတုန်ပြီး မျက်လုံးတွေ လိုက်ပြူးလာတယ်။ သူကတော့ ဘယ့်နှယ်မှ မနေဘူး။ “ဒီလိုပဲ တုန်နေတာ ကြာပေါ့။ ဘယ်သူနဲ့မှ မပြပေါင်။” လို့ ဆိုတယ်။ “စိတ်အေးအေးထားပါ ဆရာရယ်။ လူဆိုတာက သေတစ်နေ့ မွေးတစ်နေ့ပဲဟာ။” လို့ ကိုယ့်ကိုပြန်ပြီး နှစ်သိမ့်ပေးမယ့် ရွာသားတွေပါ။ အေးလေ။ တစ်သက်လုံး သည်လိုပဲ စိတ်အေးလက်အေး နေလာခဲ့တယ်။ မနေ့တနေ့ကမှရောက်လာတဲ့ ဆရာဝန်လေး အပူတိုက်မှ အိုက်လာစရာ အကြောင်းမရှိပါဘူး။
“နို့ နေပါဦး အဒေါ်ရယ်။ ဟိုလတုန်းက လေယာဉ်နဲ့ ဗုံးလာကျဲတဲ့အခါရော အကြောက်အလန့်မရှိ။ အေးဆေးနေကြတာပဲလား။” လို့ မေးတော့ “ရော်။ အဲ့ဒါတော့ ကြောက်တာပ ဆရာရယ်။ ဆိုင်တောင် လာမရောင်းတော့ဘူး။ ပိတ်ထားတာ။ ပြန်ဖွင့်တာ ခုမှ ၂ ရက် ရှိသေး။” တဲ့။ ရွာမှာရှိတဲ့ တစ်ခုတည်းသော ကုန်စိမ်းတဲလေးက ပြောတာပါ။ သူတို့က မနက် ၃ နာရီကတည်းက တခြားရွာက ထွက်လာ၊ မိုးအလင်း ဒီကိုအရောက်၊ ရောင်းစရာ ကုန်ရင်ပြန်တယ်။ ရရာ အသားငါးတမယ်မယ်တော့ ပါတယ်။ လိုချင်တာရှိရင် တစ်ရက်ကြိုမှာရတယ်။ တောဝက်သား၊ ဖြူသား၊ ချေသား၊ ဆတ်သားကျတော့ ဒီဘက်က ပေါတယ်။ တောကြောင်သား၊ မျောက်သားတွေ ကိုယ်တို့ မစားရဲကြဘူး။ ပွင့်လင်းရာသီကုန်ရင်တော့ ကိုယ်တိုင်ထွက် အမဲလိုက်ရတော့မယ် ထင်ပါတယ်။ “မြိုင်ရာဇာတွတ်ပီ လာပြီနော်။ တပည့်ကျော်ဗိုက်ကလေးလည်း ပါသဟေ့။” ပေါ့။ အခုကတည်းက စားပင်သောက်ပင်ကလေးများလည်း စိုက်ပျိုးထားဦးမှပါလေ။ ဘာကောင်မှ မရမှာ သေချာတယ် မဟုတ်လား။