တော်လှန်ရေးကာလတလျှောက် ကိုယ်ဘယ်လိုရပ်တည်ရှင်သန်ခဲ့သလဲ ပြန်တွေးကြည့်ရင် ဘာမှထွေထွေထူးထူး မရှိပါဘူး။ စစ်အုပ်စုမှအပ သန်း ၅၀ ခန့်သော အရပ်သားပြည်သူထဲက တစ်ယောက် အနေနဲ့ပဲ ခိုင်ခိုင်မာမာ ဆန့်ကျင်တော်လှန်နေတာပါ။ လှုံ့ဆော်သူလည်း မဟုတ်။ ဦးဆောင်သူလည်း မဟုတ်။ ပဲ့ကိုင်လမ်းညွှန် ထိန်းကြောင်းသူလည်း မဟုတ်ပါဘူး။ တော်လှန်ရေး ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းထဲမလည်း စာရင်းမဝင် အင်းမဝင်ပါ။ “ဒါနဲ့များ မင်းက ဘာကိစ္စနဲ့ ဖျာအရှည်ကြီး ဝင်ခင်းရသလဲ” ဆိုရင် ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်သန်ရာစွမ်းရာ ကဏ္ဍကနေ ခေတ်ရဲ့ဝန်ကို ဝင်ထမ်းခြင်း ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက် ဖြစ်တဲ့အတွက် ပြည်သူဘက်က ဆေးကုတယ်။ စာရေးသူ တစ်ယောက် ဖြစ်တဲ့အတွက် လက်တွေ့ဖြတ်သန်းလာရတဲ့ မျက်စိအောက်က တော်လှန်ရေးဖြစ်စဉ်တွေကို မှတ်တမ်းမှတ်ရာ ချန်တယ်။ နောင်တချိန်မှာ သက်သေ အထောက်အထား သမိုင်းဖြစ်ရပ်အနေနဲ့ ခိုင်မာစေချင်လို့ ဂျင်းတွေမရောဘူး။ ဆယ်လီဖြစ်ပြီဟဆိုပြီး ဈေးရောင်းမစားပေမယ့် အလှူငွေတော့ ရအောင်ရှာပြီး ထောက်ပံ့တယ်။
“နံမည်ကြီးချင်တယ် လောက်တော့ လုပ်လိုက်ပါ။ ယူက ပန်ဆယ်လိုတို့ အေငြိမ်းတို့ လုပ်သမျှ ကော်ပီကက်လုပ်ပြီး ပုံတူကူးချနေတာပဲ။” လို့ ဟိုဘက်ကလူတွေက တိုက်ခိုက်ပါလိမ့်မယ်။ ခရက်ဒစ်မပေးပဲ ကော်ပီယူတဲ့ စာရေးဆရာမလေးတွေ ပြောသလို ပြောရမှာဖြင့် “အို မဟုတ်ပါဘူး။ တိုက်ဆိုင်သွားတာပါ။ ဆင်တူသွားတာပါ။” ပေါ့။ ဘာဖြစ်လို့ အဲ့သလိုဖြစ်ရသလဲ ဆိုတော့ သူတို့ရော ကိုယ်ပါ တော်လှန်ရေးရေစီးကြောင်းထဲမှာ အတူတကွ တိုက်စားမျောပါသွားသူတွေ ဖြစ်တဲ့အတွက် တူညီတဲ့ အချိုးအကွေ့တွေမှာ တူညီတဲ့ရပ်တည်ချက် ဓါတ်ခံ ရှိသူတွေချင်း တုန့်ပြန်မှု ဆင်တူနေတာပါ။ ကိုယ့်လိုပဲ ခရီးများအဆုံးထိလျှောက်မယ့် CDM ဆရာဝန်တွေအားလုံး အခု ကိုယ်လုပ်နေတဲ့ အလုပ်တွေ လုပ်ဖူးကြပါတယ်။ လုပ်နေကြပါတယ်။ ခရေစေ့တွင်းကျ အစီရင်ခံမနေတာ တစ်ခုပဲ ကွာတာပါ။ လုပ်ငန်းခွင်က စွန့်ခွါကြတယ်။ သို့သော် လက်လှမ်းမီရာမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးဆက်ကုတယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်တဲ့အခါ ဆေးတပ်ဖွဲ့အနေနဲ့ ပါဝင်ကြတယ်။ နေအိမ်မှာ မလုံခြုံတဲ့အတွက် ပုန်းကွယ်နေထိုင်ရတယ်။ ဇာတိရပ်ရွာမှာ ရှာဖွေဖမ်းဆီးတဲ့အခါ လွတ်မြောက်နယ်မြေကို စွန့်စားထွက်ခွါရတယ်။ ကပ်ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုဗစ်စင်တာတွေမှာ ဝင်ဦးဆောင်ရတယ်။ အဲ့ဒီနောက် လွတ်မြောက်နယ်မြေက ဆေးရုံဆေးခန်းတွေမှာ တတ်တဲ့ပညာနဲ့ ဝင်ဆေးကုကြတယ်။ အဲ့ဒီဆင့်ကဲဖြစ်စဉ် အဆင့်ဆင့်က တနေရာရာမှာ လက်လျှော့ရပ်တန့်မသွားဘူး ဒါမှမဟုတ် ထိခိုက်ပဲ့ကျန်ရစ်ခဲ့တာ မဟုတ်ဘူး ဆိုရင် တချိန်မှာ ဒီဘူတာကိုပဲ လာဆိုက်စရာ ရှိပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ အများကြီးပါ။ အရပ်ဒေသ အသီးသီးမှာ ဆေးတပ်စခန်းလေးတွေဖွင့်ပြီး ခွဲစိတ်ကုသနေကြပါတယ်။
အာဏာသိမ်းသက်တမ်း တစ်နှစ်လောက် ရှိတဲ့အခါမှာ ကိုယ်တို့ ဆရာဝန် ဆရာမ ဆေးလောကသားထဲမှာ သေဆုံးသူတွေလည်း အတန်အသင့် ရှိခဲ့ပြီ။ ဖမ်းဆီးထိန်းသိမ်းခံရသူလည်း တော်တော်များများ ရှိလာပြီ။ အလုပ်မှ ထုတ်ပယ်သည်ဆိုပြီး စာလိုက်လိုက်ပို့နေတာတွေ ဘယ်လောက်များလဲ သိကြမှာပါ။ လေလှိုင်းပေါ်က သတင်းစကားအရ မဟုတ်ပဲ ကိုယ်ကိုယ်တိုင် နေရာအနှံ့ ရောက်ရာပေါက်ရာမှာ ကြုံတွေ့ခဲ့ရသမျှအတိုင်းဆို ကျန်းမာရေးဝန်ကြီးဌာနဆိုသည်မှာ နေပြည်တော်အစိုးရကို ဝန်းရံခစားရင်း ရုံးစာလေး ရမယ်ရှာ ရိုက်ထုတ်နေရတဲ့ဘဝ ရောက်နေပါပြီ။ အောက်ခြေမှာ ကုသရော ပကရော ဘာတစ်ခုမှ ပုံမှန်လည်ပတ်လို့ မရတော့ပါဘူး။ အရာရာဟာ မြဝတီသတင်းထဲပါရုံ ဟန်ပြသက်သက်သာ။ ပွဲလန့်တုန်း ဖျာခင်းနိုင်လို့ ပရော်ဖက်ဆာတက်ဖြစ်ဦးတော့။ လူနာတစ်ယောက်မှ လက်မခံတဲ့ ဝါဒ်ထဲလာထိုင် ဇွန်းမီတင်လေးတက်တဲ့ အလုပ်ပဲ ရှိပါမယ်။ စံနစ်ကြီးတစ်ခုလုံး ခေါင်မိုးလေးပဲကျန်ပြီး အောက်ခြေက ပြိုကျသွားတာပါ။
ထိခိုက်ပျက်စီးမှုက ပြုပြင်ဖာထေးနိုင်တဲ့ အတိုင်းအတာ မကတော့ပါဘူး။ စစ်တပ်ကြီးတစ်ခုလုံး အလုံးစုံပျက်သုဉ်းလို့ အာဏာ ၃ ရပ်စလုံး NUG အစိုးရလက်ထဲရောက်သွားရင်တောင် နဂိုအတိုင်းပြန်မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ရှိပါတယ်။ အားအားယားယား အရှက်ပြေ အလုပ်ထုတ်စာတွေသာ ထိုင်ထုတ်နေတာ။ ဘယ်သူက အလုပ်ပြန်ဝင်မယ် ပြောနေလို့လဲ။ နောက်အစိုးရတက်လို့ ကန်တော့ပွဲနဲ့ပင့်တောင် “No. Thank you.” နဲ့ ငြင်းမယ့်သူချည့်ပဲ။ နောက်ကို လက်ထောက်ဆရာဝန်လိုချင်ရင် စစ်သားစုဆောင်းရေးကလိုပဲ အသစ်ဘယ်နှစ်ယောက် ရှာပေးမှ ကွန်ဆားတန့်ဖြစ်မယ်တွေဘာတွေ လာလိမ့်မယ်။ CDM လုပ်ရာကနေ တခါတည်း အပြီးထွက်သွားရင် ထိုင်ငိုရမယ့်သူတွေက ဘယ်သူတွေလဲ စဉ်းစားပါဦး။ ဗိုလ်ခြေမပါ သေနာပတိကြီးတွေ ဘဝ မမြင်ဖူးတာကျလို့။
ကိုယ်တွေကတော့ နောက်ကြောင်းပြန်လှည့်ဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိပါဘူး။ သူတို့ ဘယ်လိုပဲ တားမြစ်ပိတ်ပင်သည်ဖြစ်စေ ဆေးကုတဲ့အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်နေတယ်။ မဲဇာထက်ပို၍ဝေးသောအရပ် လှထုံတို့ရွာမှာ ကိုဗစ်စင်တာဖွင့်ခဲ့တယ်။ အခု အဲ့ဒီရွာထက် ပို၍ခေါင်သော တောအစပ်မှာ ကိုယ်ထူကိုယ်ထ ဆေးရုံတစ်ခု ထောင်ရပြန်ပေါ့။ တော်လှန်သူဆရာဝန်တစ်ယောက်ရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို Season 2 Episode 1 အနေနဲ့ စတင်ဖွင့်လှစ်လိုက်ပါပြီ။ ဒီတခါ ဇာတ်လမ်းတွဲ အမည်လေးကတော့ “ချန်ဂင်တို့စခန်း” လို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။