စစ်ကျွန်ပညာရေး

စစ်ကျွန်ပညာရေးဆိုတာ ဘယ်လိုဟာမျိုးလဲ လို့ မသိတဲ့လူတွေက မေးကြတယ်။ စစ်သားတွေက ပညာရှင်တွေကို သူတို့လက်အောက်မှာ ကျွန်ခံခိုင်းချင်လို့ ဦးနှောက်အသိဉာဏ်တွေကို မဖွံ့ဖြိုးအောင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဖြစ်အောင် လေ့ကျင့်သင်ကြားပေးတဲ့ ပညာရေးစံနစ်ကို စစ်ကျွန်ပညာရေး လို့ ခေါ်ပါတယ်။

ဘဝတစ်သက်တာ ဆည်းပူးသင်ကြားထားခဲ့သမျှ ပညာရပ်ပိုင်းမှာ တဘက်ကမ်းခတ်စေကာမူ စစ်သားတွေ အသုံးချဖို့ထက် ပိုအသုံးမဝင်တဲ့ ဦးနှောက်တွေဟာ စစ်ကျွန်ပညာရေးရဲ့ ထွက်ကုန်တွေပေါ့။ မမြင်ဖူးရင် စစ်ဗိုလ်တွေ ဖိနပ်ဦးကို နဖူးတိုက်ခစားနေရတဲ့ ပါမောက္ခကြီးတွေကို ကြည့်လိုက်။ သူတို့မှာ ယုံကြည်ချက်ဆိုတာ မရှိတော့ဘူး။ အလိုက်သင့် ခစားဝန်းရံဖို့ပဲ တတ်တော့တယ်။ ဟိုက ဩဝါဒပေးရင် ဘုတ်အုပ်ကလေးနဲ့တောင် ထုတ်မှတ်ပြရတာ။ ခိုင်းသမျှလည်း ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့ အစားမျိုး။

စစ်ကျွန်ပညာရေးရဲ့အစဟာ ဦးနေဝင်းကြီး အာဏာသိမ်းလိုက်တဲ့ဆီက စတာပဲ။ သူ့ဩဇာ မနာခံပဲ ကလန်ကဆန်လုပ်တဲ့ ကျောင်းသားဆို တက္ကသိုလ်သမဂ္ဂ အဆောက်အဦထဲမှာတင် ဗုံးခွဲပစ်လိုက်တာ။ သူက ပညာရေးဝန်ကြီးရဲ့ အထက်မှာနေတော့ ပညာရှင်တွေ အားလုံး သူ့လောက် မသိဘူး မတတ်ဘူး ထင်ပြီး နေရာတကာ ဆရာလိုက်လုပ်တော့တယ်။ မြန်မာစာသတ်ပုံရေးထုံးကိုတောင် ဝင်ဝင်ပြင်ချင်သေး။ တစ်ခါတစ်လေ တို့ တစ်ကူးတစ်ကတို့ အစ်ဖေ အစ်မေတွေဟာ သူထွင်ခဲ့တဲ့ အောက်ကလိအာတွေပေါ့။ သူတို့တွေက ကြားဖူးနားဝရှိရင် ဘယ်ပညာရပ်မှာမဆို အထက်စီးက ဝင်ဝင်ပြီး ဆရာလုပ်တော့တာဗျား။ ဒီအခါမှာ တကယ့်ပညာရှင်အစစ်တွေက လုပ်ငန်းခွင်ကို စွန့်ခွါကြပြီး ဒုတိယတန်းစား ပညာရှင်တွေကသာ နေရာရချင်ဇောနဲ့ ပျပ်ဝတ်ကျိုးနွံစွာ ဘာခိုင်းခိုင်း လုပ်တော့တယ်။ သူ အာဏာသိမ်းပြီးတာနဲ့ ရန်ကုန်တက္ကသိုလ်က အနားယူသွားတဲ့ ဆရာသမားတွေ အများကြီး ရှိခဲ့တယ်။

သူဟာ ပညာရေးစံနစ်ကြီးကို ကပြောင်းကပြန် ဖြစ်သွားအောင်လည်း မကြာခဏ လုပ်ခဲ့တယ်။ ငါးတန်းရောက်မှ အင်္ဂလိပ်စာ စသင်ရမယ် ဆိုတာလည်း သူပဲ။ သူငယ်တန်းကစပြန်သင် ဆိုတာလည်း သူပဲ။ ဝိဇ္ဇာ နဲ့ သိပ္ပံဘာသာတွဲတွေကို အကြိမ်ကြိမ် အခါခါ ပေါင်းလိုက်ခွဲလိုက် လုပ်တာလည်း သူပဲ။ သူ့ပညာရေးနဲ့ကြီးပြင်းခဲ့ရလို့ ကိုယ်တို့မျိုးဆက်တော်တော်များများဟာ အင်္ဂလိပ်စာကို ခွေးအလှည်းနင်းသာသာပဲ တတ်ကြတယ်။ အဲ့ဒါထက်ပိုတတ်ချင် အပြင်မှာ ကိုယ့်ဘာသာကိုယ် ကျူရှင်တက်မှ ရတာ။ စဉ်းစားကြည့်လေ။ ABCD ကို လေးတန်းအောင်မှ လက်ပေးသင်ရတယ်။ ငါးတန်းအရွယ်ကြီးရောက်မှ Ba Ba Black Sheep တို့ Black eyed Susan တို့ အော်အော်ဆိုရတာ။ အသံထွက်ကလေးမှန်မှ good boy, good boy ခေါင်းပုတ်ခံရတာ။ ဘူတန်ရောက်တော့ သူများကလေးတွေ အဲ့ဒီအရွယ်ရောက်ရင် ကရားရေလွှတ် လည်လည်ပတ်ပတ် ငြင်းခုန်ရေးသားနေတာတွေ့ရတော့ ကိုယ့်မှာ အံ့တွေကိုဩရော။ အတူတူလာတဲ့ ဆရာဝန်တိုင်းတောင် သူတို့လောက် စကားပေါက်အောင် ပြောနိုင်တာ မဟုတ်။ ဒါတောင် မာစတာဘွဲ့ရပြီးသားချည့်ပဲနော်။ အဲ့ဒါ နင်တို့ကမှ သောက်သုံးမကျတာလေ လို့ လာမပြောနဲ့။ ဆယ်တန်းတုန်းက အင်္ဂလိပ်စာ ဂုဏ်ထူးနဲ့ အောင်ခဲ့တာ။ အမှားအမှန်ခြစ်မလား။ ကွက်လပ်ဖြည့်မလား။ အရှေ့အနောက်စီမလား။ တဘက်ကမ်းခတ်တယ်။ ပြောရင်တော့ နားမလည်ဘူး။ ပြန်လည်း မပြောတတ်ဘူး။ အက်ဆေးဆို အလွတ်ကျက်ရေးတာ။ ဒါတောင် ရန်ကုန်ကျောင်းကအောင်ပေလို့။ တောကျောင်းကများထွက်လာရင် ဂဒိတ်အဂိန်း နဲ့ ဒစ်လည်နေမှာ။

စစ်ကျွန်ပညာရေးဆိုတာ ကျောင်းသားတွေကို ဘောင်ခတ်ထားတယ်။ ကြီးပြင်းခွင့်မပေးဘူး။ သူတို့ အသုံးချလို့ ရရုံပဲ ရည်ရွယ်တယ်။ သက်သေသာဓက ပြရရင် မကွေးဆေးကျောင်း ဖွင့်ကာစက အဲ့ဒီကျောင်းကကလေးတွေ ကို နိုင်ငံခြားကျောင်းတွေက အသိအမှတ်မပြုတဲ့အခါ သူတို့က Accreditation ရအောင် လုပ်ပေးရမယ့်အစား “မင်းတို့က export quality မဟုတ်ဘူး။ ပြည်တွင်းသုံးပဲ သုံးလို့ရအောင် ထုတ်ထားတာ။” လို့ သူတို့ကိုယ်တိုင်ပဲ ပြောထွက်ခဲ့ဖူးတာလေ။ ဒီ့ထက်ပိုပြီး ရှင်းတာက စစ်ဆေးတက္ကသိုလ်ကြီးပါပဲ။ MBBS (စစ်/ဆေး) တွေ နိုင်ငံခြားထွက်တိုင်း ဆေး (၁)၊ ဆေး (၂) က ဘွဲ့လက်မှတ်အတု လာထုတ်ယူခဲ့ရတာ သူတို့ကိုယ်တိုင် အသိဆုံး။ ဘာသာရပ်တွေ သင်ရိုးတွေလည်း အတူတူ သင်ကြရတာ။ ဆရာတွေကလည်း အရပ်ဘက်က တော်ပေ့ဆိုတဲ့ ဆရာကြီးတွေ ခေါ်ခေါ်သင်တာ။ ထွက်ကုန်ကျမှ ဘာလို့တခြားစီဖြစ်ရသလဲဆိုတော့ သူတို့လိုသလို အသုံးချနိုင်အောင်လို့ စစ်တန်းလျားထဲ ပုံစံပေးထားတဲ့အတိုင်း အသားကျအောင်နေရတာမို့ ဦးနှောက်အတွက် နေရာမကျန်တော့ဘူး။ အရှင်မွေးရင် နေ့ချင်းကြီးမယ်။ ကျားသနားမှ နွားချမ်းသာမယ်။ အပြင်မှာ မိဘမဲ့ကလေးတွေ ကိုယ့်ဒူးကိုယ်ချွန်နိုင်ပေမယ့် စစ်တပ်ထဲ အဖေမဖော်နိုင်ရင် အသေကလေးမွေးလာတာကမှ ကောင်းဦးမယ်။ တစ်နေ့တစ်နေ့ အလေးပြုရင်း ဘယ်သူ့အဖေခေါ်ရမလဲ ပြူးပြဲနေအောင် ရှာရတာ။ အဲ့ဒါ စစ်ကျွန်ပညာရေးပဲ။

နောက်တစ်ခုကတော့ စစ်ကျွန်ပညာရေးဆိုတာ သူတို့ကို ခုခံတွန်းလှန်ရင် အချိန်မရွေး ရက်လနှစ် အကန့်အသတ်မရှိ ကျောင်းတွေကို ပိတ်ပစ်နိုင်တယ်။ သူတို့ ခြေဖဝါးအောက် ပြားပြားမှောက်နေနိုင်မှ ကျောင်းပြန်ဖွင့်ပေးမယ်။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး ပညာသင်ချင်သပဆို သူတို့ကို ဘယ်တော့မှ ကဏ္ဍကောစ မလုပ်ရဘူးဆိုတဲ့အသိကို ခေါင်းထဲရိုက်သွင်းထားတဲ့ စံနစ်ပါပဲ။ ၈၈ တုန်းက ကိုယ်တို့ကျောင်းတွေ ၃ နှစ်လောက် ပိတ်ထားဖူးတယ်။ ဆရာဝန်တွေ ဘွဲ့မရတော့ဘူး။ ဆေးရုံတွေမှာ လက်ထောက်ဆရာဝန် မရှိတော့ဘူး။ ဘွဲ့လွန်သင်တန်းတက်မယ့်သူတွေလည်း ရှားပါးကုန်တယ်။ လူ ၁၀၀-၂၀၀ ဖြေပြီး ၁၀ ယောက်လောက် ရွေးတဲ့အတန်းတွေမှာ လူ ၂၀ ထဲက ဖြစ်ဖြစ်မြည်အောင် ခေါ်ယူရတယ်။ လုပ်ငန်းလိုအပ်ချက်အရလေ။ ကောက်သင်းကောက်က အနှံကြီးကြိုက်လို့ မရဘူး။ အရေအတွက်မပြည့်ရင် အဆဲခံရမှာ။ အရည်အချင်းဆိုတာ ဘယ်သူသိတာမှတ်လို့။ လူဆိုတာလေ။ ပညာကသာ သုံးစားမရရင်နေမယ်။ နေရာလေးသာရ။ ဘုံးစား ကျုံးစားမယ့်သူချည့်ပဲ။ ဖွတ်တွေ မိကျောင်းဖြစ်တော့ မြစ်တွေစိတ်ဆင်းရဲစရာကောင်းပုံများ ပြောကိုမပြောချင်တော့ပါဘူး။ အဲ့ဒါလည်း စစ်ကျွန်ပညာရေးရဲ့ အသီးအပွင့်ပါပဲ။ ပဒိုင်းသီးဖြစ်နေလို့သာ ဆုပ်လည်းစူး စားလည်းရူး။

အခု လာပြန်ပြီ နောက်တစ်သီးနော်။ ဆေးကျောင်းတွေ ပြန်ဖွင့်တော့မတဲ့။ ဆေးရုံပေါ် လူနာတွေမရှိပဲ နန်းတွေကသင်ကြမှာလေ။ မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းသလိုနေမှာပဲ။ လက်တွေ့မပါ ကျောင်းသင်စာကို အာဂုံရွတ်ပြ ဆောင်ရုံမျှနှင့် တခါတည်း တန်းအအောင်ပေးတော့မှာ။ အတန်းတွေဘာတွေ ကျော်တက်ပေးတော့မှာ။ ဆရာဝန်တွေကို အဘလိုချင်သလောက် များများမြန်မြန် အပ်ချလောင်း ဆို မွေးထုတ်ပေးတော့မှာ။ မတတ်လည်း နောက်မှ သင်ယူကြချေတော့ကွယ်။ လူနာတွေသေဖန်များတော့ တဖြေးဖြေး တတ်တတ်လာမှာပေါ့။ နင်တို့မတတ်ရင် ငါ့ဆီလွှဲလိုက်။ ဟုတ်ပြီလား။ ဆေးခန်းကို ပြောတာနော်။ အဲ့ဒါ စစ်ကျွန်ဆရာသမားများပါ ခင်ဗျ။

ဒါဆိုရင် အခု ကျောင်းတွေပြန်ဖွင့်တော့မှာလေ။ ကလေးတွေရဲ့ ပညာရေးကို နှောင့်နှေးကြန့်ကြာအောင် သွေးထိုးလှုံ့ဆော်နေတာလား။ သားသမီးချင်း မစာနာဘူးလားး လို့ မေးစရာ ရှိပါတယ်။ သားသမီးချင်းစာနာလို့ပဲ ဒီစကားကိုပြောတာပါ။ ကိုယ့်သားသမီးမှ သားသမီးမဟုတ်ဘူး။ ကိုယ်စာသင်နေတဲ့ကျောင်းသား အားလုံးကို သားသမီးလို သဘောထားပါတယ်။ ဒီကာလကို ကိုယ့်ဘဝမှာ ကျောင်းသားလိုရော ဆရာနေရာကပါ နှစ်ကြိမ်ဖြတ်သန်းခဲ့ပြီ။ အတိုရော အရှည်ရော မြင်တယ်။ ကလေးတွေကျောင်းတက်ရင် သူတို့ချင်းစုမိတဲ့အခါ နာစရာတွေ အသစ်ဖြစ်မယ်။ လူစုပြီးသားမို့ တွန်းလှန်ဆန့်ကျင်ဦးမယ်။ ဒါဆိုရင်လည်း သူတို့က ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းပြီး ကျောင်းတွေပြန်ပိတ်ပစ်လိမ့်မယ်။ ဒါအပြင် ဘာမှ လုပ်တတ်တာ မဟုတ်ဘူး။ ကလေးတွေပဲ ထပ်သေစရာရှိတယ်။

အဲ့သလိုမှ မဟုတ်ရင်လည်း စစ်သားဆိုရင် မော်လို့တောင် မကြည်ရဲတဲ့စိတ်နဲ့ ကြိုးကြိုးနွံနွံလေး ကျောင်းတက်၊ တတ်တတ် မတတ်တတ် အတန်းတက်၊ လက်မှတ်ယူ၊ ကိုယ့်ဘဝတသက်တာမှာ စစ်သားသည်သာ အရှင်သခင်အဖြစ် ရာသက်လုံးကျွန်ခံပြီး ကြီးပြင်းရှင်သန်သွားကြမယ်လေ။ သိပ်မခက်ပါဘူး။ Spa သွား club တက်၊ အရက်ကလေးတမြမြနဲ့ သာသာယာယာလေး rave သွားလို့ရပါတယ်။ လူ့အောက်ကြို့လို့ လူမပိဘူးတဲ့။ မအေလိုမအေ၊ နှမလိုနှမ ဆက်သလိုက်။ ကိုယ်ဆွေမျိုးတွေ ကောင်းစားဖို့ပဲဟာကို။ ဒီနည်းနဲ့လည်း အေးချမ်းစွာ ပညာသင်ကြားလို့ရသည်ပနော့။ ကိုယ့်ဆရာကြီးတွေလည်း သည်လိုပဲ လုပ်ကြပါတယ်။ မြင်လျက်သားနဲ့။

လိုရင်းကို ပြောရရင်တော့ကွယ်။ စစ်ကျွန်ပညာရေးဆိုတာ စစ်သားတွေဆီမှာ ကျွန်ခံတတ်စေဖို့ လေ့ကျင့်သင်ကြားပေးတဲ့ ပညာရေးကို ခေါ်တာ။ ကျွန်ဆိုတိုင်း အတင်းအဓမ္မ စေခိုင်းနေတယ်လို့ ဘယ်ပြောရမလဲ။ ဆွေမျိုးမကင်းလို့၊ ပိုက်ဆံရလို့၊ အလားအလာကောင်းလို့၊ အရှင်မွေး နေ့ချင်းကြီးချင်လို့၊ ကိုယ်တိုင် စိတ်တူသဘောတူ ကြည်ဖြူလို့၊ နောက်ပိတ်ဆုံး ဝါသနာပါလို့ ကျွန်ခံတယ်။ ဘာဖြစ်သေးတုန်း။ အဲ့သလိုမျိုး ကျွန်ခံချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာအောင် နည်းပေးလမ်းပြ လေ့ကျင့်သင်ကြားပေးတာကိုက စစ်ကျွန်ပညာရေးလို့ မှတ်သားကြပါကုန်။