လှထုံတို့ရွာ (၁၆)

မျှော်လင့်ထားတဲ့အရာတွေက ဖြစ်ချင်မှဖြစ်လာတတ်ပေမယ့် မမျှော်လင့်သော အဖြစ်အပျက်တွေက ဖြစ်ချင်ဖြစ်လာတယ်ဆိုတာ သဘာဝပါပဲ။ “ဆရာကလည်း ချဲထိုးတဲ့လူနဲ့ ပေါက်တဲ့လူ ဘယ်သူကများလဲ။ စဉ်းစားကြည့်ပါဦး။ ဆရာ့ဘက်က အကွက်တစ်ရာ မျှော်လင့်ပြီးထိုးလည်း တကယ်ပေါက်မယ့် ဂဏန်းက တစ်ကွက်တည်းရယ်။” တဲ့။ ဟုတ်တာပေါ့။ လှထုံတောင် Probability ဆိုတဲ့ ဖြစ်တတ်တန်ရာ အလားအလာကို မှန်းဆတွက်ချက်တတ်သေးရင် ကိုယ့်ဘက်က ပြိုင်မငြင်းတော့ပါဘူး။ သို့သော် ကိုယ်ပြောချင်တာက မျှော်လင့်ပြီး ဖြစ်မလာတဲ့အရာတွေ အကြောင်း မဟုတ်ပါဘူး။ မမျှော်လင့်ပဲ ဖြစ်လာတဲ့ ဖြစ်ရပ်တွေ။

ဟိုးနေ့တုန်းက ဆေးခန်းကို ရွာလည်ကျောင်းက ကိုရင်လေးတွေ ရောက်လာတယ်။ အားလုံးပေါင်းလေးပါး။ အသက်က ရှစ်နှစ်က ဆယ်နှစ်အရွယ်။ ညကမှစပြီးဖျားတာ အကုန်အတုံးအရုံးပဲ။ အရင်တပါတ်က သူတို့ကျောင်းမှာ COVID vaccine ထိုးပေးတယ်လေ။ ကိုရင်တွေတော့ မပါဘူး။ နှာခေါင်းတို့ပတ်ယူကြည့်တော့လည်း ဘယ်သူမှ ပိုးမတွေ့။ ဖျားတာတော့ ဖျားတယ်။ တစ်ပါးက အန်တယ်။ ကော်ဖီရောင်တော့ မဟုတ်ဘူးတဲ့။ Hess test လည်း လုပ်ကြည့်ပါတယ်။ နက်ဂတစ်ပါ။ ကိုယ်ပူကြီးတဲ့သုံးပါးကို ဂြိုလ်တုလေးတွေ တန်းစီထည့်ပေးလိုက်တယ်။ ကိုရင်တွေကို နံပါတ်တပ်ပြီး ဆေးထုပ်လေးတွေ သပ်သပ်စီပေးလိုက်တယ်။ မှားမှာစိုးလို့။

သောက်ဆေး ငါးရက်စာပေးလိုက်ပေမယ့် နောက်တစ်နေ့မနက်မှာ အကုန်ပြန်ရောက်လာတယ်။ မသက်သာလို့။ သူတို့ချည့်ပဲ မဟုတ်ဘူး။ နောက်ထပ်လေးပါးပါလာတာ။ အကူးမြန်လိုက်တာ။ ခုမှ နှစ်ရက်ရှိသေး။ အဖျားကလည်း ဆေးတွေနဲ့တောင်မကျ။ ငှက်ဖျားပိုးစစ်တော့လည်းမတွေ့။ သင်္ကန်းတွေလှန်လှောရှာလည်း ဘာအစက်အပျောက်မှမတွေ့။ ကျောင်းကကိုရင် ၁၂ ပါးမှာ ၈ ပါးကူးပြီဆိုတော့ ဒါ out break လို့ ပြောရမှာပဲ။ ရွာမှာလည်း အရင်က Chicken Gunnya ဖြစ်ဖူးသတဲ့။

မတတ်သာဘူး။ ကိုယ့်ဆရာမဆီ ဖုန်းဆက်တိုင်ပင်ရတယ်။ Common thing is common. လေ။ ရန်ကုန်မှာ Dengue Out break တွေ အရမ်းဖြစ်နေသတဲ့။ ခုရာသီ ဘာဖျားဖျား အဲ့ဒါက အရင်စဉ်းစားရမတဲ့။ အနီစက်တွေက ၅ ရက်လောက်မှပေါ်တာ။ စဖြစ်ကာစမှာ ဘာလက္ခဏာမှ မထင်ရှားသေးဘူး။ သို့သော် တစ်ပါးကတော့ အထင်အရှားပြလာတယ်။ မူးလဲသွားတာ။ သွေးပေါင်တွေ ကျလာပြီကိုး။ ကိုယ်တော်လေးကို လိုင်းတင်ပြီး ကျန်တဲ့ကိုရင်တွေပါ အကုန်ပင့် ဆေးရုံတင်ပြီး မျက်စိအောက်မှာ ထားရတော့တယ်။ မနက် နေ့လည် ည သုံးပန်လှ အဖျားတိုင်း သွေးချိန် ဆေးထိုးဆေးတိုက် လုပ်ရတာပေါ့။ ဘွဲ့နံမည်တွေ မမှတ်နိုင်တော့ဘူး။ တစ်ကုတင်စီပေးပြီး ကိုရင် (၁)၊ ကိုရင် (၂)၊ ဆို နံပါတ်စဉ်တပ်၊ ကိုယ့်စာအုပ်နဲ့ကိုယ်၊ ကိုယ့်ဆေးထုပ်နဲ့ကိုယ်၊ ဓါတ်ဆားရည် တစ်ပုလင်းစီ ဖျော်ပေးထားရတယ်။ ကိုယ်ပူကြီးရင် ဆေးတောင့်ထည့် ရေပတ်တိုက်။ တစ်ပါးနဲ့တစ်ပါး ရောဂါသာတူတာ။ လက္ခဏာချင်း ပြဿနာချင်းက မတူ။

သူတို့ထက်ကြီးတဲ့ ပြဿနာက ရွာထဲကို ကူးစက်သွားရင် မိုးကြိုးပစ်မှာ။ ကိုဗစ်စင်တာတောင် မသိမ်းရသေးဘူး။ နောက်ထပ် ကပ်ဆိုးတစ်ခု ဖြစ်ရင် ဘာကျန်မှာတုန်း။ ဘုန်းကြီးကျောင်းဆီ ချီတက်၊ ကိုရင်တွေအိပ်ဆောင် ရှင်းလင်း၊ ဆေးဖျန်း လုပ်ရတာပေါ့။ သို့သော် ခြင်နှိမ်နှင်းရေးက ကိုယ့်ဘာသာလုပ်လို့မရဘူးလေ။ ကျန်းမာရေးအဖွဲ့တွေရော အုပ်ချုပ်ရေးအဖွဲ့တွေရော ပေါင်းလုပ်ရဖို့ပဲ။ သွေးလွန်တုပ်ကွေးဆိုတာ ဒီလိုမျိုး ပါးစပ်က အလွယ်တကူ ပြောလို့မှ မရတာ။ “ဘယ်မလဲ သက်သေ။ သက်သေပြ။” ဆိုတော့ ပြစရာမှ မရှိပဲ။ test kits တွေက သူတို့ကလည်း ပေးမထား။ အပြင်ကလည်း ဝယ်မရ။ ငါ့နှယ် ဆင်ကောင်ကြီး အမြင်သား။ ဆင်ခြေရာရှာမပေးနိုင်လို့ ကြွက်လုပ်ခဲ့ရတယ်။ အိုကွယ် ကြောင်ဖြူချင်ဖြူ မည်းချင်မည်း အဲ့ဒီကြွက်ခုတ်နိုင်ဖို့သာ ပဓာန။ ကျေးလက်ဆေးပေးခန်းက ဆရာမနဲ့သွားတွေ့ပြီး fogging machine ကြီးတစ်လုံးနဲ့ ကျောင်းလုံးပတ်လည် လှည့်ဖြန်းပေးပါ ပြောခဲ့တယ်။ လိုချင်တာ ရွာလုံးပတ်လည်။ ဖုံးသွန်လဲစစ်တွေက လုပ်ရဦးမယ်။ အိမ်တွေကဖြင့် ချောင်းစပ်ညွံပြင်ပေါ် ကြမ်းခင်းပြီးဆောက်ထားတာ။ ခါတိုင်းနှစ်တွေကတော့ ဒီဇယ်ဖြန်းပြီး ထုံးမှုန့်ဖြူးသတဲ့။ လုပ်ဟာ။ ဘာဖြစ်ဖြစ်။

တဘက်မှာလည်း ရွာကလူတွေဆီက အတန်ရှည်လိုချင်လို့ တမင်သက်သက် ကိုရင် ၈ ပါးစလုံး ဆေးရုံတင်ထားတာပါ။ ပါးစပ်သတင်းက ပြန့်လွယ်တယ် မဟုတ်လား။ အောင်မယ်လေး။ ကိုရင် ရှစ်ပါးတောင် သွေးလွန်တုပ်ကွေး ဖြစ်ကြသတဲ့ လို့ ကြားရင် ကိုယ့်အိမ်ကကလေးတော့ ခြင်ထောင်လေးနဲ့ သိပ်ကောင်းပါရဲ့။ ရှိရင် ပြောပါတယ်။ နှစ်ရက်လောက်နေတော့ အဲ့ဒီကိုရင်ရှစ်ပါး ဆော့တာမှ လက်လက်ကိုတောက်နေတာပဲ။ အဖျားမပြတ်သေးတဲ့ကိုရင်တွေ ကျွမ်းထိုးမှာစိုးလို့ ဒရစ်ကလေးတန်းလန်းမျှဉ်းထားရတယ်။ ဆော့လိုက် စားလိုက် ပြီးရင်ဗိုက်ကြီးတောင့်တယ်ဆို ဆရာဝန်ခေါ်လိုက်။ ဆော့ပစေကွာ။ နေကောင်းလို့ဆော့တာ။ မဆော့ပဲမှိန်းနေမှာကိုသာ ပူတာ။ ဖာလူဒါတောင် ဝယ်တိုက်ပလိုက်သေး။

ရတနာရှိရာ ရတနာစုတယ်ဆိုတဲ့ စကားမှန်ရင်တော့ လူနာရှိရာ လူနာလာစုတာလည်း အဆန်းမဟုတ်ပါဘူး။ ကိုယ့်ဆီမှာ မနက်မနက် သွေးချိုလာလာဖောက်ပြီး ရက်ချိန်းနဲ့ပြပြနေတဲ့ ဆီးချိုလူနာတွေ သိပ်မနည်းလှဘူး။ ဆေးအလကားပေးနိုင်လို့လည်း ပါပါလိမ့်မယ်။ ဆီးချိုဆိပ်တက်ပြီး DKA ဝင်သွားတဲ့လူနာတစ်ယောက်လည်း တင်ထားရတယ်။ သွေးပေါင်အတက်လွန်ပြီး လမ်းဘေးမှာ သတိလစ်မေ့မြောနေတဲ့ ပေါင် ၂၅၀ ကျော် လူဝကြီးတစ်ယောက်လည်း မနိုင်မနင်းရှိပါတယ်။ ပျော်စရာကြီးနော်။

ဒီပုံစံနဲ့တော့ ပြန်မယ် ပြန်မယ် ဆိုတာ ပါးစပ်ကပဲ ပြောတာပါ။ ဘယ်လိုလုပ် ပြန်နိုင်ပါ့မလဲ။ မောင်ကြီးမပြန်နိုင်တယ် ဖြစ်နေပြီလို့တော့ တစ်ခါမှ မတွေးမိပါဘူး။ မဝေးတော့တဲ့ တစ်နေ့သောအခါမှာတော့ ပြန်ကိုပြန်လာမှာပါ။ သိပ်မလိုတော့ပါဘူး။ နွေဦးမှာ လေရူးလေးနဲ့အတူ လွင့်ပါသွားတဲ့ ရော်ရွက်ဝါကြီးဟာ အခုချိန်ထိတိုင်အောင် တွယ်ရာမရ မျောလွင့်ရုန်းကန်နေသော်ငြားလည်း မဝေးတော့တဲ့ တနေ့နေ့မှာ အိမ်ပြန်လာရမှာ သေချာပါတယ်လေ။

“ကျွန်တော်တို့ CDM လုပ်တာ ၈ လကျော်ပြီဆရာ။ တစ်နှစ်ပြည့်တော့မယ်။ နောက်ထပ်လည်း ကြာချင်ကြာသွားနိုင်တယ်။ အိမ်ကလည်း ပြန်မတောင်းချင်ဘူး။ နောက်ထပ်အလုပ်လည်း ရှာမရဘူး။ နေရေးထိုင်ရေးလည်း မလုံခြုံဘူး။ လူနာတွေအတွက်ရော မစဉ်းစားဘူးလား ဆရာ။ ပိုက်ဆံမရှိတဲ့ တောကလူနာတွေ ဘယ်ကိုမှ လွှဲပို့ကုသလို့မရတာ လတွေနှစ်တွေကြာပြီ။ အခု ဆရာ့မျက်မြင်ပဲ။ ကျွန်တော်တို့လုပ်နေတာ စစ်ကောင်စီကို ဘာမှမထိခိုက်ပါဘူး ဆရာ။ သူတို့က သူတို့ကိုကုမယ့်စစ်ဆရာဝန်တွေ ရှိပါတယ်။ တကယ်တမ်း ထိခိုက်နစ်နာရတာက ပြည်သူတွေပါ ဆရာ။ ဆင်းရဲသား ပြည်သူတွေပါ။” တဲ့။ အယ်လဲ့။ မျက်ရည်တောင် နှစ်စက်လောက် ကျချင်သွားတယ်။

===================

“ဆရာ။ ကျွန်တော်တို့ CDM လုပ်တာ စစ်ကောင်စီကို ထိခိုက်နစ်နာစေချင်လို့ ဆိုတဲ့ အမုန်းတရားနဲ့ လုပ်တာ မဟုတ်ပါဘူး ဆရာ။ ကျွန်တော်တို့ရဲ့ အသက်မွေးမှုနယ်ပယ်မှာ ကျွန်တော်တို့ရဲ့ ကျင့်ဝတ်သိက္ခာနဲ့ မကိုက်ညီတဲ့အလုပ်တွေကို ဘယ်သူဖိအားပေးပေး မလုပ်နိုင်ဘူး ဆိုတဲ့ စိတ်နဲ့ လုပ်တာပါ။ လူသားဆန်တဲ့ ကိုယ်ချင်းစာတရားရှိတဲ့ လူတွေနဲ့ အတူရပ်တည်ပြီး လူမဆန်တဲ့ စာနာမှုကင်းမဲ့တဲ့သူတွေကို ဆန့်ကျင်ဖို့ CDM လုပ်တာပါ။ ဟိုအစိုးရနဲ့ဆို မလုပ်ဘူး။ ဒီအစိုးရနဲ့မှ လုပ်မယ်ဆိုတဲ့ ကလေးဆန်တဲ့ စိတ်လည်း မထားပါဘူး ဆရာ။

ဆရာ့မှာ သားသမီး ရှိမယ်ဆိုရင် အဲ့ဒီသားသမီးကို သူတပါးအနိုင်ကျင့်လာရင် ဆရာတတ်နိုင်သလောက် ကာကွယ်မှာပါပဲ။ ကွှန်တော်လည်း သည်အတိုင်းပဲလေ။ မိဘ မဟုတ်လား။

ဆရာ နဲ့ ကျွန်တော်ရဲ့ သားသမီးတွေ မဟုတ်ပေမယ့် အရပ်သားပြည်သူတော်တော်များများရဲ့ သားသမီးတွေဟာ တရားမဲ့စွာ ဖမ်းဆီးသတ်ဖြတ်အနိုင်ကျင့်ခံနေရတယ် ဆရာ။ ဆရာ မြင်ရဲ့လား။ ကြားရဲ့လား။ ဘယ်လိုမှ မခံစားရဘူးလား။ ငယ်ငယ်လေးတွေပါ ဆရာ။ ၁၂ နှစ် ၁၃ နှစ်လောက် ကလေးလေးတွေ ပါပါတယ်။ ၄-၅-၆ နှစ် ကလေးလေးတွေလည်းပါပါတယ်။ မသိနားမလည်သေးတဲ့ကလေးလေးတွေပါ ဆရာ။ “အဲ့ဒီကောင် ပါးပိတ်ရိုက်လိုက်စမ်း။” “ပစ်သတ်လိုက်စမ်း။” ဆိုတဲ့အမိန့်တွေပေးရင် ဆရာ လုပ်ရဲလား။ လုပ်မှာလား။ ဆရာ မလုပ်ရဲလည်းနေပါဆရာ။ အဲ့ဒီအမိန့်ကို ဝမ်းသာအားရကြီး လုပ်ပြမယ့် စစ်သားကြီးတွေ မြန်မာပြည်အနှံ့မှာ ရှိနေပါတယ်။ ဆရာ့သားသမီးတွေကို သူတို့အုပ်ချုပ်မှုအောက်မှာ ထားချင်သလား။ ကျွန်တော်ကတော့ မထားနိုင်ပါဘူးဆရာ။ အဲ့ဒါကြောင့် ကျွန်တော် CDM လုပ်ပါတယ်။”

“CDM ဟာ ၈ လ ကြာခဲ့ပြီ။ မှန်တာပေါ့ ဆရာ။ ငြင်းလို့မှ မရတာ။ ကျွန်တော်တို့ ၈၈ တုန်းကလည်း CDM လုပ်ခဲ့ပါတယ်လေ။ ဆရာ မီမလား မမီဘူးလားတော့ မသိဘူး။ အဲ့ဒီတုန်းက အစိုးရယန္တရားကြီးတစ်ခုလုံး လုံးဝရပ်တန့်သွားခဲ့တယ် ဆရာ။ ဆရာ သိချင်မှတော့သိမယ်။ ၈ နာရီသတင်းလာရင် သမ္မတတွေ ဝန်ကြီးချုပ်တွေ ကာချုပ်တွေကိုယ်တိုင် မြန်မာ့အသံကနေ “ပြည်သူပြည်သားများခများ” လို့ ချော့တာတောင် ဘယ်သူမှ လက်မခံဘူး။ အဲ့ဒီတုန်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ CDM ဟာ စစ်တပ်က ဒိုင်းညောင့်တွေနဲ့ ဘီလူးဆိုင်းတီးတဲ့အခါ နောက်ထပ် ဘယ်နှစ်ရက်ခံခဲ့သလဲ ဆရာသိလား။ ကျွန်တော်တို့အခု ၈ လ တောင့်ခံနေဆဲပါဆရာ။ ဘာမှ အားငယ်စရာ မရှိပါဘူး။ ဆရာက အလုပ်ပြန်ဝင်ပြီး “အန်တီစုကိုမဲမပေးတော့ပါ ခင်ဗျား” လို့ ခံဝန်လက်မှတ် ထိုးနိုင်သလား။ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေကို ပစ်ပယ်ပြီး မလျော်ဩဇာတွေနဲ့ အတင်းအဓမ္မခိုင်းစေတာ မခံနိုင်တော့မှ အလုပ်ထုတ်ခံမလို့လား။ ကျွန်တော်ကတော့ CDM စလုပ်တဲ့နေ့ကတည်းက အစိုးရအလုပ်ကို သံယောဇဉ်ဖြတ်လိုက်တယ်ဆရာ။ အဲ့ဒီ working condition မှာ ကျွန်တော် မရှင်သန်နိုင်ပါဘူး။

ဒီအလုပ်ကထွက်လိုက်ရင် ထမင်းငတ်သွားမယ်လို့ ဆရာထင်နေတာလား။ ကျွန်တော်တို့က လုပ်ပိုင်ခွင့်ကနေ ရပိုင်ခွင့်ဖြစ်အောင် ခွင်ဖန်စားတဲ့သူ ကုလားထိုင်ကကျွေးတဲ့ထမင်းကို စားတဲ့သူမှ မဟုတ်တာ ဆရာ။ ကိုယ့်ပညာနဲ့ကိုယ် အသက်မွေးဝမ်းကျောင်းတဲ့ ပညာရှင်တွေ မဟုတ်ဘူးလား။ ဆရာ ဆေးကုတတ်တယ်လေ။ ဆရာအလုပ်မရှိလည်း ကုလို့တတ်သေးတာပဲ။ ဆေးကုစားမှာပေါ့။ အပြင်မှာဆို ဆရာ ထိုက်ထိုက်တန်တန်ရမယ်။ ဘယ်သူ့မျက်နှာမှ အောက်မကျို့ရဘူး။”

(ရေလေးသောက်ပြီး ဆက်ပြောဦးမယ်နော်။ မပြီးသေးဘူး။)

“CDM လုပ်တဲ့အခါ ကျွန်တော်တို့ လစာဝင်ငွေ မရတော့ဘူး။ မှန်ပါတယ် ဆရာ။ ကျွန်တော်ဆို CDM မလုပ်ခင် ၂ လ ၃ လလောက်ကတည်းက ကိုဗစ်ကြောင့် ဘဏ်မှာသွားတန်းမစီနိုင်တဲ့အတွက် ကျွန်တော့်လစာတွေ မထုတ်ရသေးပါဘူး။ နောက်ပြီး ကျွန်တော်က အပြင်ဆေးခန်းမထိုင်တဲ့အတွက် ကျွန်တော့မှာ လစာဝင်ငွေမရှိတာ ကိုဗစ်ဒုတိယလှိုင်းကတည်းကပါ။ ဒါပေမယ့် ကျွန်တော် ထမင်းမငတ်ပါဘူး ဆရာ။

အသပြာငွေကြေးဆိုတာကတော့ လက်နဲ့ကိုင်တွယ်လို့ရတဲ့ အရာပေါ့။ တန်ဖိုးအတက်အကျရှိတယ်။ သူများက ကန့်သတ်ပိတ်ပင်လို့ရတယ်။ သို့သော်လည်း ကျွန်တော်တို့က အဲ့ဒီအသပြာငွေကြေးမပါပဲ အပြန်အလှန် တုန့်ပြန်ဆက်ဆံကြပါတယ် ဆရာ။ အဲ့ဒါကို မေတ္တာ စေတနာ လို့ ခေါ်ပါတယ်။ သူက ထိတွေ့ကိုင်တွယ်လို့မရသလို သူတပါးကကန့်သတ်ပိတ်ပင်လို့လည်း မရပါဘူး။ ခံစားသိမြင်လို့တော့ ရပါတယ်။

ကျွန်တော်ကတော့ စေတနာမပါတဲ့ ဝတ်ကျေတန်းကျေ ဝန်ဆောင်မှုမျိုး၊ ကိုယ့်အပေါ် မေတ္တာမရှိတဲ့ ပေါင်းသင်းဆက်ဆံမှုမျိုးကို သကာတွေဘယ်လောက်ဖုံးထားဖုံးထား ထိတွေ့ခံစားလို့ ရပါတယ်။ အဲ့သလိုပဲ ကိုယ့်အပေါ် စေတနာ မေတ္တာထားတဲ့သူတွေကိုလည်း တင်းတိမ် ၇ ထပ်မက ခြားပြီး ဖေ့စ်ဘုတ်ပေါ်မှာ စကားပြောရင်တောင် အသွေးအသားထဲကကို ခံစားလို့ရပါတယ်။ ကျွန်တော်ကျင်လည်ရာပတ်ဝန်းကျင်မှာ ကိုယ်ကိုယ်တိုင်က စေတနာအရင်းခံပြီး မေတ္တာရှေ့ထား ဆက်ဆံတာမို့ ငွေကြေး အပေးအယူနဲ့ ဖလှယ်စရာ မလိုပါဘူး။ ထမင်းဝပါတယ်။ ကျွန်တော် ဘယ်သွားသွား ကျွန်တော့ကို ထမင်းကျွေးမယ့်သူ မရှားပါဘူး။”

“အေးပေါ့လေ။ အာပေါင်အာရင်းသန်သန်နဲ့ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းလေးတွေ ကြော်ငြာဝင်ပြီး အလကားကျွေးတာ လိုက်လိုက်ကုန်းဆင်းနေတယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် စကားတစ်ခွန်း မှတ်ထားဖူးတယ်။ “လောကကြီးမှာ အလကားရတဲ့အရာလောက် ဈေးကြီးတာ ဘာမှ မရှိဘူး။” တဲ့။ သူများဆီက တစုံတရာကို အခမဲ့ရယူနိုင်ဖို့ဆိုရင် အရင်ကတည်းကသော်လည်းကောင်း နောင်ခါနောက်ရေးကျရင်သော်လည်းကောင်း ပြန်လည်ပေးဆပ်ရတာချည့်ပဲ။ သူများက ကိုယ့်အပေါ် အမြဲတစေ စေတနာမေတ္တာတွေ မကုန်မခန်းဖို့ဆိုရင် ကိုယ့်ဘက်ကလည်း ထိုက်တန်တဲ့ ပေးဆပ်မှုတွေ စောင့်ထိန်းမှုတွေ ရှိရပါတယ်။ သိတတ်နားလည်ရတယ်။ ဘာဖြစ်လို့ဆ်ုတော့ မေတ္တာကလည်း ပျက်တတ်သလို စေတနာကလည်း ကုန်တတ်ခမ်းတတ်တယ်။ ကိုယ့်အတွက် သူတပါးဆီက စေတနာမေတ္တာတွေ မကုန်စေစမခန်းစေချင်ရင် ကုန်စေခန်းစေတဲ့ အမှုကိစ္စမှန်သမျှကို ဂရုပြုရှောင်ရှားရတယ်။ စိုသောလက် တစ်သက်လုံးမခြောက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။”

“နောက်တစ်ခုက စေတနာ မေတ္တာကို အလေးထားတယ်ဆိုရင် ငွေကြေးတန်ဖိုးကို လှစ်လျူရှုရတယ်။ အကောင်းအဆိုးကို သည်းခံတတ်ရတယ်။ ချဉ်ပေါင်ကို ကာပြန်ပြီး ဝက်သားထံခြေကန်ရုန်းလို့ မရဘူး။ ရန်ကုန်မှာ ဆီဦးထောပတ် အမွန်အမြတ်တွေ ဘယ်လိုပဲ စားခဲ့စားခဲ့။ တောရောက်ရင် တောစာတောဓလေ့ကို နှာခေါင်းရှုံ့လို့မဖြစ်။ သူတို့လည်း စေတနာအပြည့်နဲ့ ကျွေးတာ။ စားသာစား။ ကိုယ်ဆို ခေတ်မီလိုက်သမှ။ ရှူးရှဲလက်ဘက်နှပ်တစ်ထုပ်ကို ထမင်းပေါ်ပုံပြီး ရေနွေးကြမ်းသောက်ပြီးလည်း စားနိုင်တယ်။ နေခြည်အာလူးကြော်တစ်ထုပ်ကို သွားဖုံး​တွေနာအောင် သုံးလေးနပ်ခွဲစားလို့လည်းရတယ်။ ကျွေးတဲ့သူဘက်က စေတနာကို မြင်နိုင်ရင် အရာဝတ္ထုရဲ့ တန်ဖိုးက ထည့်တွက်စရာ မလိုဘူး။ ဘုန်းကြီးရဟန်းလို စားချင်ရင် ဘုန်းကြီးရဟန်းလို သီလသိက္ခာတော့ ထိမ်းရမှာပဲ။”

(ရေလေးတစ်ခွက်လောက် ပေးပါဦး လှထုံရယ်။)

“ဆရာက မေးတယ်။ ဒါကြီး ဘယ်တော့အဆုံးသတ်မှာလဲ။ ပြီးရောပြီးပါဦးမလား တဲ့။ ကျွန်တော် ကတော့ အဲ့ဒါကြီး ကနေ့

နက်ဖြန် ပြီးတော့မှာ လို့ နေ့တိုင်း ယုံကြည်နေတယ် ဆရာ။ ဒီနေ့ ပြီးမသွားလို့ စိတ်မညစ်ပါဘူး။

မနက်ဖြန် ဆက်တိုက်ဦးမှာပေါ့။ မသေမချင်းလေ။ ကျွန်တော်သေလည်း ကျန်တဲ့ကလေးတွေ ဆက်တိုက်လိမ့်မယ်။ စိတ်ပူစရာ မရှိဘူး။ ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက်လည်းပြတ်သားတယ်။ ယုံကြည်ချက်လည်း ခိုင်မာတယ်။ နောင်တခေတ်ရဲ့ အောင်စစ်သည် ဆိုတာ သူတို့ မဟုတ်တော့ဘူး။ ကျွန်တော်တို့ကလေးတွေကိုပြောတာ။”

“တကယ်လို့များ ထင်တိုင်းမပေါက်ခဲ့လို့ သူတို့ချည့်ပဲ ဆက်အုပ်ချုပ်နေရင်ကော လို့ ဆရာမေးချင်တာ ကျွန်တော် သိပါတယ်။ ဘာခက်တာလိုက်လို့ ဆရာရယ်။ သူတို့မရှိတဲ့အရပ်မှာ အသက်မွေးမှာပေါ့။ အဲ့သလောက်အထိ ကျွန်တော်မတွေးပါဘူး။ နေ့ရက်တိုင်း နေ့ရက်တိုင်းမှာ တော်လှန်ရေးကို အထောက်အကူဖြစ်ဖို့ ကျွန်တော့်ဘက်က ခြေလှမ်းဘယ်နှစ်လှမ်း လှမ်းခဲ့ပြီးပလဲ။ အဲ့ဒါကိုပဲ ကျွန်တော် ဂရုစိုက်ပါတယ်။ အချိန်ရှိသ၍လည်း တွေးတောကြံစည် အားထုတ်ပါတယ်။ အသီးဆိုတာ ကိုယ်တိုင်စိုက်မှ ပိုချိုမြိန်တာ မဟုတ်လား။ သူများတွေ အသေခံပြီး အောင်ပွဲသာမှ ဖျာဝင်ခင်းမယ့်သူ မဟုတ်ပါဘူး။”

“ကျွန်တော် အသက်ကြီးပြီ ဆရာ။ ငါးဆယ့်ငါးနှစ်ထဲရောက်ပြီ။ နောက် ၅ နှစ်ဆို ပင်စင်ယူမှာ။ ကျွန်တော့်အတွက်က မင်းအောင်လှိုင်တက်တက် ဒေါ်ဒေါ်စု တက်တက် အလိုက်သင့်လေး လက်ညှိုးထောင် ခေါင်းညိတ်ပြီး ကိုယ်ကျိုးစီးပွါး မထိခိုက်အောင် အလိမ်မာသုံးလို့ တတ်ပါတယ်။ ဒါပေမယ့် အဲ့ဒါကျွန်တော် မဟုတ်ဘူးလေ။ “ညယ်မလေးတျောက်ကို အသည်းကွဲရအောင်တို့ ဘာတို့ ကိုကြီးမလုပ်။ လုပ်ရင် ကိုကြီးမဟုတ်။” ဆိုတာ ကြားဖူးတယ် မဟုတ်လား။ လူတိုင်းလူတိုင်းမှာ သူ့ကိုယ်ပိုင်စရိုက်သဘာဝ integrity ဆိုတာ ရှိတယ်။ သောက်ချိုးလေ သောက်ချိုး။ အဲ့ဒီသောက်ချိုးကိုတော့ မပြင်နိုင်ဘူး ဆရာ။ သောက်ကြောတင်းတယ်လို့ ပြောချင်ပြောပေါ့။ ကျွန်တော် ဆားနဲ့လည်း စားနိုင်ပါတယ်။ သူတို့အောက်မှာ ဒူးမထောက်နိုင်ပါဘူး။”

================

“ဒါတော့ ဆရာ လွန်လွန်းပြီ။ ဆရာတို့နှစ်ယောက် စကားပြောနေတာ လှထုံလည်း မလှမ်းမကမ်းမှာ မြင်နေရပါတယ်။ အခု ဆရာ ကွက်စိပ်ဟောနေသလို တော်ကီချည့် ပေတစ်ရာရှည်တဲ့ကပ် မပါပါဘူးတော်။ မေးတစ်ခွန်းဖြေတစ်ခွန်းရယ်ပါ။ ကျွန်မတို့ဆရာများ ရေးလိုက်မှဖြင့် တစ်ဆိပ်တစ်အိပ်။”

“ရော် လှထုံရယ်။ ခက်တော့တာပဲ။ အဘိဓမ္မာ ၇ ကျမ်းတောင် လူဟောနဲ့ နတ်ဟော အကျဉ်းအကျယ် ကွဲသေးတာပဲ။ အဲ့ဒီနေ့တုန်းကတော့ သူ့ကိုအခုအတိုင်း စီကာပတ်ကုံး ပြောဖို့ဟောဖို့ အချိန်မှ မရတာ။ လိုရင်းတော့ အကုန်ပါအောင် ပြောခဲ့ပါတယ်။

သူနဲ့ကိုယ်နဲ့ သဘောချင်းမတိုက်ဆိုင်သော်ငြား သူလည်း CDM လုပ်နေသူ ဆရာဝန်တစ်ယောက်ပဲမို့ ရည်ရွယ်ချက်ချင်းတူ၊ တစ်လမ်းတည်း ခရီးဖော်တွေပါ။ လားရာတူပါတယ်။ ကိုယ့်ကြောင့် သူ့ခရီးလမ်း သွေဖည်သွားမှာ မလိုလားသလို သူ့အတွက် ကိုယ့်ခရီးလမ်း ဖင့်နှေးမယ့် အငြင်းအခုံမျိုး ရှောင်ပါတယ်။ အခက်အခဲတွေ့နေတာမြင်ရင် ကူညီဖေးမသွားဖို့ပဲ ရှိပါတယ်။ မှန်တာပြော သစ္စာ။ တချို့မေးခွန်းနဲ့အဖြေတွေကတော့ သူ့ကိုဖြေပေးတာ မဟုတ်ပဲ ကိုယ့်ဘာသာကိုယ် ရှင်းရှင်းလင်းလင်း နားလည်ချင်လို့ make myself clear လုပ်တာပါ။ ရွာကလူတွေတော့ ကြားဖူးမယ် မထင်ပါဘူး။ ဟိုးအရင်တုန်းက မြန်မာလိုရော အင်္ဂလိပ်လိုပါ အက်ဆေးတစ်ပုဒ်စီ ရေးခဲ့ဖူးတဲ့ သီချင်းကလေး ပြန်ကြားယောင်မိပါတယ်။ “Green green grass of home” တဲ့။

“The old home town

looks the same

as I step down

from the train.

And there to meet me

is my Mama.

And Papa.

Down the road I look

and there’s run Mary.

Hair of gold and lips like cherry

And touch the green green grass of home.”