အင်တာနက်အဆက်အသွယ်တွေဖြတ်တောက်တာကို လူ့အခွင့်အရေးချိုးဖောက်တာပါလို့ ကုလသမဂ္ဂမှာ ကန့်ကွက်ကြတဲ့အခါ တချို့လူတွေက “အကဲပါရန်ကော။ ဖေ့စ်ဘုတ်မသုံးရမှာ အဲ့လောက်တောင် ကြောက်နေကြတာလား။” လို့ ခနဲ့ကြပါတယ်။ အင်းပေါ့လေ။ သူတို့အသိဉာဏ်လောက်နဲ့က အင်တာနက်ဆိုတာ ဖေ့စ်ဘုတ်ပွတ်ဖို့ တစ်တော့ဆော့ဖို့လောက်ပဲ အသုံးချတတ်လို့နေမှာပေါ့။ ဆိုရှယ်မီဒီယာဆိုတာကိုလည်း မုဆိုးဖိုတွေ မယားတရူး စတေးတပ်စ်တင်ပြီး ပြီတီတီ ရိသဲ့သဲ့ ပြောဖို့လောက်သာ သုံးတတ်ကြတာကိုး။ အဲ့လိုအသိုင်းအဝိုင်းကများ ကိုယ့်လာပြီး “ ဖေ့စ်ဘုတ်က ဘဝမဟုတ်ပါဘူး။” လို့ တရားတွေ လာလာချတဲ့အခါ ရယ်ရမှာလား သနားရမှာလားတောင် မသိတော့ပါဘူး။ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့လေ။ ဉာဏ်တိမ်လို့ စစ်ခွေးဖြစ်နေမှတော့ လူစကားလည်း နားမလည်နိုင်လောက်ပါဘူး။ အားလည်းမအားလို့ ငြင်းမနေချင်တော့ဘူး။
အနည်းဆုံးတော့ အဲ့ဒီဆိုရှယ်မီဒီယာဟာ ကိုယ့်အတွေးအမြင်တွေကို လွတ်လွတ်လပ်လပ် ဖြန့်ဝေခွင့်ပြုတဲ့ အများကကိုယ့်ကို မြင်သာထင်သာစေတဲ့ ပလက်ဖောင်းတစ်ခုပါပဲ။ ဒီအပေါ်မှာ တစ်ပါတ်ဆယ်ရက်လောက် ပျောက်သွားရင် အစဉ်သဖြင့် စိုးရိမ်ပူပန် ဆုတောင်းမေတ္တာပို့သနေတဲ့သူတွေရဲ့ စိုးရိမ်ရေမှတ်က မြင့်တက်လာပါတယ်။ အနည်းဆုံးတော့ မာကြောင်းတ်သာကြောင်းကလေးသိရပြီး အကောင့်လေးမီးစိမ်းနေမှ သူတို့လည်း စိတ်အေးချမ်းသာရှိရတာတဲ့။
တကယ်တော့ အင်တာနက်က ဘဝမဟုတ်သော်ငြားလည်း နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာ တော်တော်များများက လိုင်းပေါ်ကနေထောက်ခုန်လိုက်ရင် အင်မတန် လွယ်ကူလျှင်မြန်သွားတာကလား။ ဘဏ်ကနေ ငွေစက္ကူမပါပဲ digital currency နဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ ချောမွေ့စေတယ်။ လေယာဉ်ပျံကြီး စီးမလား။ ဟော်တယ်တွေ ဘွတ်ကင်လုပ်မလား။ နိုင်ငံခြားက တက္ကသိုလ်တွေမှာ စကော်လာလျှောက်မလား။ ပါတီထောင်တဲ့ သမ္မတအကြံပေး ကိုစံအေးကြီးတောင် အွန်လိုင်းပေါ်ကနေ ဘွဲ့အတုကြီး ကောက်တပ်လာရတာ မဟုတ်လား။ ကပ်ရောဂါကာလအတွင်းမှာ ကိုဗစ်ရောဂါစီမံခန့်ခွဲရေးကော်မတီဆိုတာကြီးကလည်း အွန်လိုင်းပွင့်မှ အလုပ်လုပ်လို့ ရပါတယ်။ အဲ့ဒါကြောင့် အခုလိုမျိုး ဘဏ်မှာနေကုန်နေခန်းတန်းစီပြီး ကိုယ့်ပိုက်ဆံကိုယ် တစ်ရက်နှစ်သိန်းသုံးသိန်း တန်းစီထုတ်ယူရတဲ့အခါ၊ “သကြားမုန့်ဖက်ထုပ်ပူပူလေး” ဆိုတဲ့အသံကြားရင် ခိုးကြောင်ခိုးဝှက်နားထောင်နေတဲ့ BBC VOA ကို ချက်ချင်းထပိတ်ရတဲ့အခါ၊ ညဘက်ဧည့်စာရင်းလာစစ်တိုင်း အိမ်သားဦးရေနဲ့ ဖိနပ်ချွတ်က ဖိနပ်ဦးရေ မကိုက်ရင် ပြဿနာအရှာခံရတဲ့အခါ နှစ်ပေါငိး ၃၀ ကျော်လောက် ခေတ်နောက်ပြန်ရောက်ပြီး လူ့အခွင့်အရေးတွေ အကြီးအကျယ် ထိခိုက်စော်ကားခံနေရတယ် ဆိုတာ သိစေချင်ပါတယ်။
တောကြိုအုံကြားမှာ ဆေးကုနေတဲ့ကိုယ့်အတွက်ဆိုရင်တော့ အင်တာနက်ဆိုတာ တစ်သက်ဆိုလည်း ဟုတ်တယ်။ နှစ်သက်ဆိုလည်း ဟုတ်တယ်။ လိုအပ်သမျှ ဆေးဝါး အာဟာရနဲ့ ပစ္စည်းကိရိယာတွေအားလုံး လိုင်းပေါ်ကနေပဲ ဆက်သွယ်မှာကြားရတာ။ ရန်ကုန် မန္တလေးမှာတောင် ဝယ်လို့မရပါဘူးဆိုတဲ့အရာတွေကို ကိုယ်မှာရင် ပိုက်ဆံတောင် ပေးစရာမလိုပဲ မရောက်ရောက်အောင် ပို့ပေးနေကြတာလေ။ Specialist consultation လိုတဲ့အခါတိုင်းလည်း လိုင်းပေါ်ကပဲ လိုတဲ့လူဆီအပူကပ်ရတယ်။ ကိုယ့်အတွက် လိုအပ်သမျှ ငွေကြေးဆေးဝါးတင်မကဘူး။ တယ်လီဖုန်းဘေလ်တွေတောင် အရပ်ရှစ်မျက်နှာက ဝိုင်းဖြည့်ပေးနေကြတာ။ အဲ့ဒါကြောင့် ကိုယ့်အတွက်တော့ အင်တာနက်လိုင်းတွေ အပိတ်ခံထားရတယ်ဆိုတာ ပဒုမပေါင်တိုကို ချည်ပြီးတုပ်ပြီး တောင်းနဲ့အုပ်ထားသလိုပါပဲ။ အသံလေးတောင် တခါတခါမှ ထွက်နိုင်တယ်။
သို့သော်လည်း အင်တာနက်မရရင် မရရတဲ့နည်းနဲ့ ချိတ်ဆက်ရတာပါပဲ။ ပုံလေးတွေ စာလေးတွေ ဖတ်နေမြင်နေရသေးတယ် မဟုတ်လား။ (ဘယ်လိုလုပ်တင်သလဲလို့တော့ မမေးနဲ့နော်။ မပြောပြဘူး။ ပြောလိုက်ရင် လာပိတ်မှာစိုးလို့။ လူများ မအဘူး မှတ်နေ။) လိုင်းမရရင် ဖုန်းနဲ့ချိတ်တယ်။ ဖုန်းမရရင် ဆက်သားလွှတ်တယ်။ လွှတ်မရရင် လူကိုယ်တိုင်သွားတယ်။ အရေးကြီးတာ အချိတ်အဆက်မိဖို့လေ။ အရင်လကဆို လူနာတောင်သွားခွဲနိုင်သေးတာပဲ။ ဖေ့စ်ဘုတ်အကောင့်လေးတစ်ခုတောင် ဖွင့်မရပဲ အောက်ကလူတွေညာသမျှ ယုံချင်ယောင်ဆောင်ပြီး ပြန်ပြန်ညာနေရတဲ့သူတွေထက်တော့ ကိုယ့်ကမ္ဘာကြီးက ပိုကျယ်ပါတယ်။
အကျိုးရှိတာ အသုံးတည့်တာလည်း အမှန်ပဲ။ ဟိုးတနေ့က နေဝင်ရီတရော ဆေးရုံက လိုက်ခေါ်တော့ ကလေးလေးတစ်ယောက် ဆေးစားမှားလို့ပါတဲ့။ အရွယ်က တစ်နှစ်သား သောက်မိတာက မက်သာဒုံးတဲ့။ ဘိန်းဖြတ်တဲ့ ဘိန်းအစားထိုးဆေးလေ။ လူကြီးတွေတောင် overdose ဖြစ်ရင် ချက်ချင်းသေတာ။ တစ်နှစ်သားကလေးဆိုတော့ ဒုန်းစိုင်းပြေးရတာပေါ့။ ရောက်ရင်လည်း ဘာမှလုပ်ပေးလို့မရ။ ကိုယ့်ဆီမှာ ဖြေဆေး naloxone မှ မရှိတာ။ ရန်ကုန်မှာတောင် ဝယ်ချင်တိုင်းဝယ်မရတဲ့ တားမြစ်ဆေး။ ဘိန်းစားပေါတဲ့ ဒီရွာမှာ ဘိန်းဖြတ်ဆေးရှိရင် ဘိန်းဖြေဆေးလည်း ရှိရမှာပဲ။ ဒါကတော့ ပိုင်ရာဆိုင်ရာတွေဆီသွားမေးရင် ရနိုင်တယ်ဆို လမ်းမှာတင် AHRN က နားခိုရာဆေးခန်းဝင်ပြီး အကျိုးအကြောင်းပြော အပူကပ်ရပါတယ်။ အဲ့ဒီက ဆရာဝန်လေးက ဆေးရှာပြီးလိုက်ခဲ့မယ်ဆိုမှ ဆေးရုံမှာ ကလေးကိုပြေးနှာနှပ်ရပါတယ်။ ကလေးက မိန်းမောမှိန်းငိုက်နေတာ အသက်တောင် မှန်မှန်မရှူ။ အပ်နဲ့အကြောရှာဖို့ ဟိုဖောက်သည်ဖောက် ဖောက်တာတောင် မငိုနိုင်တော့ဘူး။ “ဘယ်လောက်တိုက်မိတာလဲ။” ဆိုတော့ လက်ဘက်ရည်ဇွန်းတစ်ဇွန်း။ ပါရာစီတမောမှတ်လို့ တိုက်လိုက်တာတဲ့။ တိုက်ပြီးပြီးချင်းငြိမ်ကျသွားလို့ ကလေးပွေ့ပြီး ပြေးလာတာ။ မဆူနိုင်သေးဘူး။ အကြွေးမှတ်ထားပြီး ကလေးအသက်ကယ်ပစ္စည်းတွေနဲ့ အလုပ်ရှုပ်နေတုန်း ဖြေဆေးပါလာပြီဆိုမှ သက်ပြင်းချနိုင်တယ်။ ဆေးထိုးလိုက်မှ ချွေးစေးတွေပြန်ပြီး ကလေးက ရုန်းလာတယ်။ နောက်နေ့မနက်ကျ ဆော့နေပြီ။ တော်သေးတာပေါ့။ ကိုယ်တော်တာ မဟုတ်ဘူး။ ဆေးတော်တာ။ အရေးအကြောင်းဆို ဘယ်ကိုဘယ်လိုချိတ်ဆက်ရမယ်မှန်းသိရုံတင်။
နောက်ထပ်ချိတ်ဆက်စီစဉ်ရတာလည်း ကလေးလူနာပါပဲ။ ကိုယ်တို့ကားဆရာက တောင်ဝှေးလေးတစ်ချောင်းနဲ့ ပေစောင်းပေစောင်းသွားနေတဲ့ သားအဖနှစ်ယောက်ကိုပြပြီး “အဲ့ဒါ သူတို့ရွာက ဆေးယဉ်ပါးတီဘီ သားအဖပါ။” တဲ့။ လင်ရောမယားရော အဲ့ဒီရောဂါနဲ့ မြို့ကိုပို့ပြီး ဆေးကုနေတာ။ ကလေးအမေလည်းသေရော အဖေလုပ်တဲ့လူက ကလေးခေါ်ပြီး ရွာမှာပြန်လာနေတာ။ ဘာကုသမှုမှ မယူတော့ဘူးတဲ့။ တနေ့ကတော့ သူ့သမီးကို ဈေးထဲမှာ ပိုက်ဆံငါးသောင်းနဲ့ လိုက်ရောင်းနေတယ်။ ရောဂါကူးမှာကြောက်လို့ ဘယ်သူမှမဝယ်ရဲဘူး လို့ ပြောတာပဲ။
ဆေးယဉ်ပါးတီဘီတွေ ကိုယ်တွေ့ဖူးပါတယ်။ အင်မတန် ဆေးတိုက်ရခက်တာ။ သူများတွေ ဆေးသောက်ရင် ပျောက်တဲ့ရောဂါကို သူ့ကျမှ သေမှပျောက်မယ်ဖြစ်နေတော့ “မပျောက်ရင်နေပစေ။ ဘာဆေးမှမသောက်ချင်တော့ဘူး။” ဆိုတဲ့စိတ် ဖြစ်ကုန်တာ။ ဆေးဒဏ်ကြောင့် နားတွေလည်းထိုင်း လူလည်းချိနဲ့သွားတာကိုး။ ဒါပေမယ့်လည်း အဖေတစ်ခု သမီးတစ်ခု ဘဝမှာ ကိုယ့်သမီးကိုယ် ရောင်းစားရတယ်ဆိုတာကတော့ ကလေးမလေးကို ပြောမရဆိုမရမို့ ဂရုဏာဒေါသော ဆူတာခြောက်တာနေပါလိမ့်မယ်။ အဲ့ဒီကလေးမလေးမရှိရင် အရင်ဆုံးသေမယ့်သူက သူကိုယ်တိုင်ပဲဟာကို။
ဒါပေမယ့်လည်း သူ့သမီး မညှိုးလုံးကလေးက ကိုယ်တို့အိမ်ရှေ့က ဖြတ်သွားတိုင်း သူများကလေးတွေဆော့ထားတဲ့ ကုလားမစည်း အကွက်ကလေးတွေကို အသွားအပြန် အကွက်စေ့အောင် ခြေတပေါင်ကျိုးနင်းနင်းသွားတတ်တယ်။ ကလေးဆိုတော့ ဆော့ချင်ရှာတာပေါ့လေ။ အဖော်မရှိလည်း တစ်ယောက်တည်းဆော့ရှာတယ်။ မကြာပါဘုး။ သူ့အဖေဆုံးရှာတော့ သူ့ကိုဘယ်လိုလုပ်ပေးရပါ့မလဲ ချိတ်ဆက်ရပြန်တော့တယ်။
မွေးစားချင်တဲ့သူတွေရှိပေမယ့်လည်း ကလေးမှာ သူ့မိဘဆီက ရောဂါအမွေပါနေတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်တုန်းက ကိုသာပိုနဲ့ အတူတူမုန့်သွားကျွေးဖူးတဲ့ သုခရိပ်မြုံကို ပြန်လိုက်ရှာရတာပေါ့။ ရှိရောရှိသေးရဲ့လား။ ကြည့်ရောကြည့်သေးရဲ့လားမသိ။ ဒေါ်သန်းမြင့်အောင်ကြီးတောင် အထဲရောက်နေတဲ့ဟာ။ အသစ်ရော လက်ခံပါဦးမလား။ မရရအောင်လိုက်ချိတ်ရပြန်တယ်။ ကလေးဘက်က ဆွေနီးမျိုးစပ်တွေကျန်မကျန်လည်း ပြန်လိုက်ရသေး။ စာရွက်စာတမ်းအထောက်အထား ဘာတစ်ခုမှမရှိတဲ့ paperless homeless child ဆိုတာ စစ်ပွဲတွေတသောသောနဲ့ တိုင်းရင်းသားကျေးရွာကလေးတွေမှာ အဆန်းမှ မဟုတ်တာ။ သူ့ကို စစ်ဆေးရေးဂိတ်အထပ်ထပ် ဘယ်လိုကျော်ဖြတ်ပြီး ခေါ်သွားမလဲဆိုတာသာ အဆန်းတကြယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မလုံခြုံပဲ ရေအိုးတစ်လုံး ပိုရွက်ရဦးမယ်။ ဒါတွေအားလုံးကို အင်တာနက်လိုင်းဖြတ်ထားပြီး စစ်သားတွေပတ်လည်ဝိုင်းထားတဲ့ရွာထဲကနေ ထောင့်စေ့အောင် စီစဉ်ရတာ။ ကိုယ်တစ်ယောက်တည်း ဘယ်ဖြစ်နိုင်မှာလဲ။ အများဝိုင်းဝန်းလို့။ အကုန်အချိတ်အဆက်မိဖို့က အခရာ။
အင်တာနက်ဆိုတာ သူတို့အတွက်တော့ မလိုလားအပ်ဘူးလေ။ လူတွေကို မျက်စိရော နားရော ပိတ်မထားရင် သူတို့ပြောနေတဲ့ မုသားစစ်စစ်တွေကို မယုံမှာစိုးတာကိုး။ လူတိုင်းကို မြဝတီသတင်းတစ်ခုတည်းကြည့်စေချင်တာ သူတို့ရဲ့ဆန္ဒ။ ဘယ်သူ့ဆီက ဘာသတင်းစကားမှလည်း သူတို့ကြားချင်တာ မဟုတ်ဘူး။ ငါပြောတာပဲနားထောင်။ ငါ့စကားကသာအမှန်။ ငါခိုင်းတာပဲ လုပ်။ အဲ့ဒီလိုမျိုး သူတို့အုပ်ချုပ်ချင်တယ်။ ဒါကြောင့်မို့လို့ သူများအခွင့်အရေးတွေကို အတင်းလိုက်ပိတ်ပင်တာ။ တနိုင်ငံလုံးရဲ့ စီးပွါးရေး လူမှုရေး ပညာရေး ကျန်းမာရေး၊ သေရေးရှင်ရေးတွေ အင်တာနက်ပေါ်ကနေ ချိတ်ဆက်လုပ်ကိုင်နေတယ်ဆိုတာ သူတို့ သဘောမပေါက်ဘူး။ ဒါမှမဟုတ် သောက်ဂရုမစိုက်ဘူး။ အဲ့လိုစိတ်ပုတ်စိတ်ယုတ်ရှိလို့ သူတို့အားလုံးအကောင့်တု အကောင့်ပုန်းပဲ သုံးနိုင်ကြတာနေမှာ။
ဓါတ်ပုံတွေ မတင်ရတာကြာလို့ စိတ်ဆိုးနေတဲ့ လှထုံကတော့ “နေတိုးတို့ အောင်ရဲလင်းတို့ စိုင်းစိုင်းခမ်းလှိုင်တို့လည်း ကျွန်မတို့လို အင်တာနက်ကွက်ပြီး အဖြတ်ခံထားရသလား မသိပါဘူး။ တိတ်တိတ်လေးဖမ်းပြီး တပ်ထဲက မုဆိုးမအသစ်တွေကိုများ မဲဖောက်ပေးလိုက်ရင် လှထုံ သဘောမတူဘူး ဆိုတဲ့အကြောင်း တွစ်တာမှာတွိပေးပါ။” လို့ ရန်ကုန်သွားမယ့် ကိုကြီးငွေကို မှာနေလေရဲ့။