ကိုယ်တွေ့ကြုံသမျှ အဖြစ်အပျက်တွေကို အိပ်သွန်ဖာမှောက် မကြောက်မလန့် ရေးသားနေလိုက်တာ။ “ကာဘူးလေဆိပ်က ပဒူအုံကြီးလို အမေရိကန်ဗီဇာ လိုချင်လို့ နေမှာပေါ့။” လို့ ဟိူဘက်ကလူတွေကတော့ ဟောကိန်းထုတ်ကြပါတယ်။ refuge visa ဘယ်လိုလျှောက်ရတယ် နည်းပေးလမ်းပြ နတ်လမ်းညွှန်တဲ့သူတွေလည်း ရှိသားပဲ။ လေးတောင်ပြည့်ခန်းသာလယ်မှာ ဘယ်ခြောက်ကာ ညာလှမ်းရင် ဒီလမ်းကပဲ ထွက်စရာရှိတော့တယ် လို့ ထင်နေတာကိုး။
အဲ့သလိုတော့ မထင်ပါနဲ့။ ဒီလမ်း ဒီစခန်းကို ရောက်တယ် လာတယ်ဆိုတာ ကျားကြောက်လို့ ရှင်ကြီးလာကိုးတာလည်း မဟုတ်ဘူး။ ကယ်ပါယူပါ တစာစာနဲ့ သူများနိုင်ငံ ထွက်ပြေးဖို့လည်း မဟုတ်ပါဘူး။ သို့သော်လည်း ကိုယ်က ရာဇဝတ်သားမဟုတ်၊ ပြစ်မှုပြစ်ဒဏ် ဘာမှမငြိစွန်းပဲ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း ဖမ်းဆီးသုတ်သင်ခံရမယ့် ရန်ကြောင့် ကျီးလန့်စာစား ဝရမ်းပြေးများလို ပုန်းရှောင်နေရတဲ့အရပ်မှာတော့ မနေလိုပါဘူး။ ကိုယ်တတ်တဲ့ပညာကို အရမ်းလိုအပ်နေသူတွေ မြင်ပါလျက်နဲ့ ကြောင်လက်သည်းဝှက် အနေအစားလေး မပျက်အောင် ဆင်ဝှေ့ရန်ရှောင် လာခိုနေဖို့လည်း စိတ်မကူးဘူး။ ဘယ်လိုပင် ဖမ်းဆီးပိတ်ပင်သော်ငြား မောင်စံဖားလေးကတော့ ဆေးကုမပျက်ပေါင် လို့ အံတုဖက်ပြိုင်လိုတာပါ။ ဆူးကြားမှာနေပေမယ့် ဗူးမခါးဘူး။ အနှစ်အသားတွေ အပြည့်ပဲဆိုတာ ပြချင်တာ။ ဟိုးတုန်းက ပြောခဲ့ပြီးသလို လိပ်ပြာမလုံပဲ ရှက်ရကြောက်ရမယ့်သူက ကိုယ် မဟုတ်ဘူး။
အဖြစ်အပျက်မှန်တွေ မချန်မချွင်းရေးတဲ့အခါ ရှေ့မှာ ဘာဖြစ်မယ်မှန်း ကိုယ်မသိဘူး။ မဖုတ်လောက် မသုပ်လောက် ဟိုမရောက်သည်မရောက် အိမ်ပြေးတစ်ယောက် လက်စဖျောက်ရတာ အမေရိကားကို လူငှါးလွှတ် အသတ်ခိုင်းရတာလောက်လည်း မခက်ဘူး။ ကိုယ့်ကို စိတ်ပူနေကြသလို ဘာမပြောညာမပြော ပျောက်ချက်သားကောင်းရင်း ပြန်မပေါ်လာတော့တာလည်း ဖြစ်နိုင်တယ်လေ။ ဒီနေ့ဒီအခြေအနေနဲ့ဆို အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်တယ် မဟုတ်လား။
ဒါကြောင့်မို့လို့ ပြောရေးဆိုအပ်တွေကို မေမေနိုင်မှ ပြီးမှာပါ လို့ အန္တရာယ်ကင်း ဘေးရှင်းလောက်သည်အထိ ချန်မထားဘူး။ ရေးတိုင်းရေးတိုင်း သည်အပိုင်းဟာ နောက်ဆုံးဖြစ်သွားနိုင်တယ်လို့ သတိရှိတယ်။ တကယ်လို့များ ရုတ်တရက်ကြီး ပျောက်သွားခဲ့သော် ခြေရာလက်ရာ ဒီထိအောင် ကျန်ခဲ့သေးတာပဲလို့ အများမြင်သာအောင် မှတ်မှတ်သားသား ရေးတယ်။ live လွှင့်နေတဲ့ သတင်းသမားများလိုပဲ ဖြစ်သမျှပျက်သမျှ အများမျက်စိအောက်ကို အရောက်ပို့တာ။ ပိုးစိုးပက်စက်တွေ မြင်ရရင်လည်း ပိုးစိုးပက်စက်ဖြစ်သွားပြီ လို့သာ မှတ်လိုက်တော့။
Like ချူတယ် လူစုတယ် လက်ခုပ်သံရှာတယ်ဆိုတာ ကိုယ်ဝါသနာပါတဲ့အလုပ် မဟုတ်ပါဘူး။ အသက်နဲ့ရင်းရလောက်အောင်လည်း အရေးမပါဘူး။ သို့သော်လည်း ခေတ်ကပေးတဲ့ သမိုင်းပေးတာဝန်ကို ထမ်းရတဲ့အခါ ကိုယ်ဘာတွေ အားသာသလဲ ကိုယ်ပဲသိတယ်။ အားသာချက်ကို အားကိုးအားထားပြုပြီး အစွမ်းကုန်အောင် ရုန်းထွက်မယ်။ ဆေးကုတတ်လို့ ဆေးကုသလိုပဲ စာရေးတတ်တဲ့အတွက် ကိုယ်ပေးချင်တဲ့ message တွေကို ချန်ခဲ့မယ်။ တချို့လူတွေအတွက် အားဖြစ်စေမယ်။ တချို့လူတွေအတွက် နားခါးနိုင်တယ်။ အနာပေါ်တုတ်ကျသလိုလည်း ခံစားရနိုင်တယ်။ ချစ်ခြင်းမုန်းခြင်းကို မျှော်မြင်ပြီး စာမရေးဘူး။ ချန်ရစ်ကျန်ရစ်စေချင်လို့ အကောင်းဆုံးတွေကို ထားခဲ့ဖို့ ကြိုးစားတာ။
လက်ရှိအခြေအနေမှာ အန္တရာယ်မကင်း ရှိနေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ မြန်မာတပြည်လုံးပဲဟာ။ အဲ့ဒါ အားလုံးသိပါတယ်။ လူနာတွေထားခဲ့ပြီး လွတ်ရာကျွတ်ရာ ကိုယ့်ကိုယ်ကိုယ် ဆေးပြန်မကုနိုင်တဲ့ ဆရာဝန်ဟာ မြန်မာပြည်ကို စွန့်ခွါပြီး သူများနိုင်ငံမှာ လွတ်မြောက်ရာ မရှာပါဘူး။ အတူတူလွတ်မြောက်အောင်ပဲ ရုန်းထွက်မယ်။ သေလည်း အတူတူပဲ သေမယ်။ အိမ်ကမိသားစု ဒူဘိုင်းထိပို့ပြီးမှ မော်စကိုမှာ “ဒီမိုးမှောင်တုန်း မောင်ပုန်းပါရစေခင်။” လုပ်မယ့် သတ္တိမျိုး မဟုတ်ဘူး။ မြဲမြဲမှတ်ထားလိုက်။
လတ်တလော အခြေအနေမှာ စစ်ရိပ်စစ်ငွေ့တွေ သန်းလာပြီလို့ ကိုယ်ပြောခဲ့ပြီးသား။ ခုနေခါမှာ တိုင်းစွန်ပြည်ဖျား တိုင်းရင်းသားတွေကြားကလူမှ မလုံခြုံတာ မဟုတ်ဘူး။ ရန်ကုန် မန်းလေး နေပြည်တော်ကလူတွေက ပိုတောင် မလုံခြုံသေး။ “အန္တရာယ်က လက်တကမ်းမှာ” လို့ ပြောလိုက်ရင် ကိုယ့်အရပ်က သူတို့နဲ့ လက်လှမ်းလို့ မမီ့တမီအရပ်။ ကိုယ်ကတောင် ရန်ကုန်ကလူတွေကို ပြန်စိတ်ပူရတယ်။ သူတို့မှာ ပြေးစရာမြေမရှိဘူး။ တိုက်ပေါ်က ခုန်ချနေရရှာတာ။ ရန်ကုန်မှာ သေနတ်မှန်ရင် ဂရန်းဟန်သာကတောင် ပတ်တီးစည်းပေးရဲတော့မှာ မဟုတ်ဘူး။ ဆေးခန်းကို လာလာပြဿနာရှာတာ အခါခါ မဟုတ်လား။ ပရဟိတကားနဲ့ပို့ရင်တောင် ဆေးရုံကြီးထိ အရောက်မခံဘူးလေ။ ကိုဗစ်ဖြစ်လို့လည်း ဘယ်ပြေးရမှန်းမသိ၊ ကိုစစ် ပစ်လို့လည်း ဘယ်ပြရမှန်းမသိ။ သူတို့ကတောင် ပိုစိတ်ပူစရာကောင်းသေးတယ်။
ဝေးလှခေါင်လှပါတယ်ဆိုတဲ့ လှထုံတို့ရွာမှာ သူတို့ဘက်က တုပ်တုပ်တောင် မလှုပ်ဝံ့ဘူး။ ရန်ကုန် မန္တလေးမှာသာ လက်နက်မရှိတဲ့သူတွေကို နှိပ်စက်ချင်တိုင်း နှိပ်စက်နေတာ။ ဒီမှာတော့ ကြောင်ချေးပြာဖုံး။ အသံမပြောနဲ့။ အနံ့တောင်အထွက်မခံ။ တည့်တည့်သာ တက်မနင်းမိရင် ရှိမှန်းတောင်မသိရ။ လူသတ်တာ မုဒိန်းကျင့်တာ ဆက်ကြေးကောက်တာ ဓါးပြတိုက်တာ EAO ကလူတွေလုပ်နေတာလို့ ထင်ရင် မြန်မာကားတွေကြည့်တာလျှော့။ ဆောင်းခါးရွာ သတင်းလေးဘာလေး ပြန်ရှာဖတ်။
သည်အခြေအနေ သည်အနေအထားဟာ ကိုယ်တို့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေ ပကတိအမှန်တရားပဲ။ စစ်တပ်ဟာ အာဏာရှင်အလိုကျ ပြည်သူကို သတ်ဖြတ်နှိမ်နှင်းနေတယ်။ ၂၀၂၁ မှာ။ ဒါ နောင်အနှစ် ၁၀၀ ကြာကြာ အနှစ် ၁၀၀၀ ကြာကြာ ဖုံးကွယ်ငြင်းဆိုလို့မရတဲ့ သမိုင်းမှတ်တမ်းတစ်ခု။ လူတိုင်းမှာ အိပ်မက်ဆိုးတွေရှိတယ်။ ကိုယ်ကတော့ မေ့ပျောက်မသွားအောင် မှတ်တမ်းချန်ခဲ့တယ်။ သေရင်သေသလို ရှင်ရင်ရှင်သလိုပဲ။ သူတို့ဘက်ကလို only me နဲ့ မသေဘူး။ အုတ်အော်သောင်းနင်း အသိပေးခဲ့မှာ။
ရွာအခြေအနေလေး သိချင်တယ်ဆိုရင်တော့ အရင်လိုပါပဲ။ အရင်အတိုင်းပါပဲ။ ကိုဗစ်က ရွာထဲမှာလျော့သွားပေမယ့် ရွာပြင်ပတ်လည်က လာတုန်းပဲ။ Non-COVID တွေတော့ ပိုများလာတယ်။ စစ်ရေးအခြေအနေ တင်းမာလျက်ပဲ။ တိုက်ပွဲတွေ ဟိုနားသည်နား ကြားမိပေမယ့် ဘယ်သူမှ အလုပ်ပျက်အကိုင်ပျက် မရှိဘူး။ အနီးပါးနားက ပြေးတဲ့သူတွေ ပြေးကုန်တာတွေ့ရတယ်။ ကိုယ်တော့ မပြေးရသေးဘူး။ စစ်ဖြစ်တော့မှာကို မြင်နေရပြီလေ။
ကိုယ်ကတော့ စစ်ဖြစ်မှာ မပူပါဘူး။ စစ်မဖြစ်မှာကိုပဲ ပူတာ။ သောင်မတင် ရေမကျနဲ့ ဟစိဟစိ နေရမှာထက်စာရင် တုံးဆိုတိုက် ကျားဆိုကိုက် ရင်ဆိုင်ပလိုက်တာ အေးတယ်။ မြန်မာပြည်မှာ စစ်မဖြစ်ပဲ ငြိမ်းငြိမ်းချမ်းချမ်းပြီးဖို့က တစ်လမ်းပဲရှိတယ်။ စစ်သားတွေကိုယ်တိုင်က စစ်အာဏာရှင်ကို တော်လှန်ပလိုက်။ အဲ့ဒါဆိုပွဲပြီးပြီ။ အမေရိကန် တရုတ် ရုရှား ဘယ်သူမှ ဝင်ပါစရာ မလိုဘူး။ ဖရဲသီးတွေ တပ်ထဲ ပေါလွန်းလို့။ တစ်ယောက်စရင် တစ်ရာပါတယ်။ မေမေနိုင်မှ ကူးမှာပါလို့ စောင့်မနေနဲ့။ ရဲရဲသာကူး။ စိတ်ချလက်ချကူး။ ဘာမှမဖြစ်စေရဘူး။ ကျုပ် သည်မှာ ဆရာဝန် အိုကြီးအိုမ ဟောသလောက် ဇရှိရင် ခင်ဗျားတို့ စစ်သားဗျာ။ ပြတ်သားလိုက်စမ်းပါ။
လှထုံကတော့ ဘာတွေစိတ်ကူးပေါက်တယ် မသိပါဘူး။ “ဆရာရယ်။ နောက်ဆို ကျွန်မတို့ မြန်မာဗီဒီယိုကားတွေရိုက်ရင် ဂျပန်စစ်သားတွေ နိုင်ငံခြားက မှာစရာ မလိုတော့ဘူး။ ကိုယ့်မြန်မာစစ်သားတွေနဲ့တင် အော်ဂလီဆန်အောင် ရိုက်လို့ရပြီတော့။ ကျွန်မဆို ညီနန္ဒ
မြင်တာနဲ့ ယုန်လေးကားထဲက သူ့မျက်ခွက်ကြီး မြင်ယောင်လာပြီး ပါးတွေနားတွေ ရိုက်ချင်လာတာ မပြောပါနဲ့။ ကိုယ့်ဗမာချင်းချင်းဆိုတော့ ဆဲရဆိုရတာလည်း ပြစ်ပြစ်နှစ်နှစ် ရှိတယ်လေ။ ကျွန်မက ဂျပန်လိုမှ မဆဲတတ်တာ။” လို့ ပြောသွားသေးတယ်။