အခုလောက်ဆိုရင်တော့ ကိုယ်ရေးနေတဲ့ လှထုံတို့ရွာကို ဘယ်နားလေးမှာပါလိမ့် သိချင်နေကြမယ် ထင်ပါတယ်။ ဟိုးအဝေးကြီးမှာလေ။ သွားရေးလာရေးး အရမ်းခက်တဲ့နေရာ၊ ဆရာဝန်တွေ ရွှေထက်ရှားတဲ့ နေရာမှာပေါ့။ တိုက်နယ်ဆရာဝန်ဆီတောင် မနည်းရောက်အောင် လွှဲနေရတာဆိုတော့ ကိုယ့်အဆင့်ဟာ တဲနယ်ဆရာဝန်လောက်ပဲ ရှိမလား မပြောတတ်ဘူး။ တောနယ်ဆရာဝန်လို့ပဲ ပြောကြပါစို့ကွယ်။ တောထဲမှာ။ တောင်ထဲမှာ။ လူနာတွေက “လှည်းစီး၍ လာကြသည်။ လှေစီး၍လည်း လာကြသည်။” ဆိုတဲ့အရပ်။ အမ်းမှာတုန်းကလို “ဟတ်စကီး စီး၍ လာကြသည်။” တွေလည်း တွေ့ရပ။ စောင်ကို ပုခက်လုပ်ပြီး ဝါးပိုးဝါးနဲ့ လျှိုထမ်းလာတာလေ။ သူဌေးတွေဆိုရင်တော့ ပါဂျဲရိုးစီး၍ လာကြသည်။ လင်ခရုဆာစီး၍ လာကြသည်ဗျ။ တခါတခါမှာတော့ ကိုရီးယားကားထဲကလို ကုန်းပိုးပြီး လူစီး၍ လာကြပါသည် ခင်ဗျာ။
ဆေးခန်းဖွင့်ကာစမှာ ချောင်းတဘက်ကမ်းကနေ အားပုဂျိက ကုန်းပိုးပြီး ရိုမန်းတစ်ဆန်ဆန် လာပြတဲ့ အိုးမိုးညိတစ်ယောက်ကို ကြည့်ရပါတယ်။ ဖျားတယ်ဆိုတော့ ကိုယ့်ဘက်ရောက်လာတာ။ ဒါပေသိ ကိုဗစ်နဲ့ မတူပါဘူး။ နားထဲက ပြည်တရွှဲရွှဲထွက်နေလို့ ဖျားတာ။ ပိုးသတ်ဆေး ကောင်းကောင်းထိုးပေးရင် ပျောက်ပါတယ်။ ပြဿနာက ဆီးချိုတွေ မတရားတက်နေရော။ မှန်မှန် လာပြနိုင်တယ်ဆိုလို့ နေ့တိုင်းခေါ် ဆေးထိုးပြီး ဆီးချိုကို ရအောင်ထိန်းသေးတယ်။ သို့သော် အဖိုးကြီးက စနေ တနင်္ဂနွေ ဆေးခန်းပိတ်တယ် လို့ သူ့ဘာသာသူ နားလည်ပြီး လေးငါးရက်လောက် ပျောက်သွားတာ အဖျားတွေပြန်တက်ပြီး ဆီးချိုတွေမိုးပျံနေမှ ပြန်ရောက်လာပါတယ်။ မဖြစ်တော့ဘူး ဆို ကိုဗစ်ဆောင်နဲ့ ခပ်လှမ်းလှမ်းမှာ Non-COVID fever ခန်းတစ်ခန်းတိုးပြီး ထားရပါတယ်။ တခြား ဘာမှန်းမသိသေးတဲ့ COVID negative လူနာတွေလည်း အဲ့ထဲထားရတာ။ အဖွားကြီးက အောက်ဆီဂျင်မကျသော်ငြား အဖျားမကျတဲ့ ဆီးချိုမကျတဲ့ ပြဿနာကို တပါတ် ဆယ်ရက်လောက် ကုယူရတာကိုး။
အဖွားကြီး အဖျားကျလာပြီး ထိုးဆေးတွေ လွတ်တဲ့အချိန်မှာ ဆီးချိုလည်း ထိန်းလို့ရလာပြီ။ နက်ဖြန် သဘက်ခါ အိမ်ပြန်ရတော့မယ် လို့ ပြောပြီးကာမှ အဖိုးကြီးကတခါ လူမှန်းမသိအောင် ဖျားပါတော့တယ်။ ငှက်ဖျားလား စစ်တော့လည်း မဟုတ်ဘူး။ ကိုဗစ်လား တို့ဖတ်ယူတော့လည်း မတွေ့ဘူး။ လူနာစောင့် သားထောက်သမီးခံကလည်း မရှိ။ အဖျားတက်ပြီး တအင်းအင်း ညည်းနေတဲ့အဖိုးကို သူကုန်းပိုးမှ သွားနိုင်လာနိုင်တဲ့အဖွားကြီးက ငုတ်တုတ်လေး ထိုင်ကြည့်နေရတဲ့ဘဝ။ ကဲပါလေ။ ဒုကူလ နဲ့ ပါရိကာ ရှိနေပြီဆိုတော့ ဗော်လံတီယာကလေးတွေကိုပဲ သုဝဏ္ဏသာမ လုပ်ခိုင်းရတော့တယ်။ ကောင်းတဲ့ဘက်ကလှည့်တွေးရင်တော့ ကိုဗစ်လူနာတွေနဲ့ ကျောင်းဝန်းတဝန်းတည်း အတူတူထားပြီး မကူးအောင် တားထားနိုင်သားပဲပေါ့။ သို့သော် အဖျားက မကျ။
မနက်မိုးလင်းရင် အဖိုးကြီးက ဖျားလို့မှိန်းနေရင် နားမကြားတဲ့အဖွားကပဲ ညက သူအဖျားတွေတက်လို့ တစ်ညလုံး အော်နေတယ်လို့ ပြောရှာတယ်။ မတတ်နိုင်တော့ဘူး။ Diclo တွေ ထိုးရတော့တယ်။ တနေကုန် အဖျားတက်လို့ မှိန်းနေရင် အစာကလည်း ကောင်းကောင်း မဝင်တော့ဘူး မဟုတ်လား။ စင်တာက စီစဉ်ပေးတဲ့ ထမင်းဗူးလေးတွေလည်း အရာမယွင်းဘူး။ စပ်လို့မစားနိုင်ကြဘူးတဲ့။ ခနောဆန်ပြုတ်လေး ပြုတ်ပေးပါနော်။ ကြက်ဥထည့်ပါ နွားနို့ထည့်ပါအထိ ဝင်ပါရတယ်။ ၃ ရက်မြောက်တော့ ဗိုက်နာတာ လူးလိမ့်နေပါလေရော။
ငါ ထင်တယ်။ ငါ ထင်တယ်။ အစကတည်းက အစာအိမ် ဒုက္ခပေးတော့မယ်လို့။ အဖျားကလည်း မကျသေး။ ဗိုက်ကလည်း နာလို့တင်းတောင့်နေ။ နှာခေါင်းပိုက်ထည့်တော့ ကာဖီနှစ်တွေနဲ့။ သွေးပေါင်လေးလည်း အောက်ဘက်ရောက်လာပြီ။ မဖြစ်ချေဘူး။ အရင်တပါတ်က သွားတွေ့ထားတဲ့ တိုက်နယ်ဆေးရုံက ဆရာဝန်လေးဆီ ဖုန်းဆက်တော့ သူပြင်ထားမယ် “လာခဲ့ပါ ဆရာ။” ဆိုလို့ လူနာ ကားပေါ်တင်ပြီး သွားခွဲရပါတယ်။ တော်သေးတာပေါ့။ ဟိုတွေးသည်ကြောက်နဲ့ အရင်တပါတ်ကသာ သူတို့ဆီ သွားမတွေ့ဖြစ်ရင် ငုတ်တုတ်ထိုင်ကြည့်နေရတော့မှာ။
ခွဲဖြစ်ပါတယ်။ အဆင်ပြေပါတယ်။ သူဖြစ်တာ အစာအိမ်ရောဂါ။ မှန်တယ်။ အနာကပါးပြီးရဲနေပြီ။ ပေါက်တော့ မပေါက်သေးဘူး။ ပေါက်လုပေါက်ခင်။ အထဲမှာ သွေးထွက်လောက်တယ်။ လုပ်စရာရှိတာ လုပ်ပေးလိုက်တယ်။ လုပ်လို့ရသလောက်။ သို့သော် ဗိုက်ပိတ်အပြီးမှာ ဘဝင်မကျတာက အဖျား ဘယ်ကလာတာလဲ။ အထဲမှာ အဖျားတက်လောက်သော အပုတ်အစပ် ခိုင်ခိုင်လုံလုံ မမြင်ခဲ့ဘူး။ အေပိုးဘီပိုးစီပိုးတွေလည်း စစ်ပြီးပြီ။ မရှိ။ ဒါနဲ့ပဲ ခွဲပြီးကာမှ လူနာကြီးကို ခြေဆုံးခေါင်းဆုံး ဖင်ပြန်ခေါင်းပြန် လှန်ရတယ်။ ပေါင်ခြံမှာ အကျိတ်ခိုတယ်။ တွေ့ပြီဗျာ။ ဒွေးကျိမှာ ဆေးလိပ်မီးပွါးကျထားသလို အနာဖေးလေး။ အဲ့ဒါ မန်းလေးက ဆရာဦးအောင်ကြီး ပြောပြောနေကျ။ ကမျဉ်းနီကောင် ကိုက်တာလေ။ Scrub Typhus ပေါ့။ တရားခံက။ ဖျားဖျားချင်းကတည်းက ဂွေးလှန်မကြည့်မိတာ ကိုယ့်အပြစ်။ ငါ့နှယ်နော်။ ပင်စင်ပဲ ယူကာနီးပြီ။ သင်လို့မကုန်သေးဘူး။ ဟုတ်သေးပါဘူး။ အလုပ်ကဖြင့် ထွက်ပြီးပြီ ပြောရမှာ။
ခုနေခါ ပင်စင်ပဲယူယူ အလုပ်ပဲပြုတ်ပြုတ်၊ ကိုယ်ရောက်ခဲ့တဲ့ရာထူးဟာ အထူးကုဆရာဝန်ကြီး Senior Consultant Surgeon ဆိုပါတော့။ အထူးကုလိုင်စင်အရတော့ အထွေထွေ ခွဲစိတ်ဆရာဝန် General Surgeon လို့ပဲထားပါ။ အဲ့ဒါတွေက တောမှာ ဖုတ်စားလို့လည်း မရဘူး။ သုပ်စားလို့လည်း မရဘူး။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သည်အရပ်မှာ ကိုယ့်ရပ်တည်မှုဟာ ဆရာဝန်သက်သက်မျှသာပါ။ ဒီအချိန်မှာ ကိုယ့်ကိုထမင်းကျွေးတာ ရာထူးတွေ ဘွဲ့တွေ အာဏာတွေ ပါဝါတွေ မဟုတ်ဘူး။ ကိုယ်တသက်လုံး သင်ယူတတ်မြောက်ထားတဲ့ ပညာကပဲ ထမင်းကျွေးပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ဟာ ဒီမှာဆိုရင် ဆရာဝန်တစ်ယောက် လုပ်ရမယ့်အလုပ်တွေဆို အကုန်လုပ်ပါတယ်။ ကိစ္စက ထိပ်ဝမှာ ကျောက်ခဲလေးတစ်နေတယ် ဆိုလည်း “ခနလေး ခနလေး။ ပြီးပြီ ပြီးပြီ။” ဆို အော်ရင်း ဆတ်ကနဲ ဆွဲထုတ်လိုက်တာပဲ။ ဘာလုပ်နိုင်တယ်ဆိုတဲ့ကိစ္စဟာ ဘာလုပ်တတ်တယ် ဘာလုပ်ဖူးတယ် ဆိုတာတွေနဲ့ပဲ ဆိုင်ပါတယ်။ ဘာရာထူးနဲ့ ဘာဘွဲ့ရတယ်ဆိုတာတွေနဲ့ မဆိုင်ပါဘူး။ ဒီကလူတွေကလည်း အဲ့ဒါတွေ မသိပါဘူး။
သို့သော် ဒီအချိန်မှာ ကိုယ်လုပ်ပေးနိုင်သမျှအားလုံးဟာ ဆရာသမားများကျေးဇူး အကုသခံခဲ့သော လူနာများကျေးဇူးပါပဲ။ လူနာမျိုးစုံပြန်ကုရတဲ့အခါ ကိုယ့်စိတ်ထဲမှာ ပြန်ပြန်သတိရမိတာကတော့ ၁၁-၁၂ မှာ ဆရာကြီး ဦးမောင်မောင်ဝင့်လက်အောက် ဟောက်ဆာဂျင် ဆင်းတုန်းက ဘဝပါပဲ။ လက်တွေ့လုပ်တဲ့ အရာအားလုံးဟာ အဲ့ဒီအချိန်မှာ စသင်ရတာပဲ။ ခုထက်ထိသာ မဆုံးသေးတာ။ ခုန fever ခန်းထဲက ဆင်းသွားတဲ့လူနာတစ်ယောက်ဆို ဘာနဲ့မှ မကျတဲ့အဖျား နှလုံးခုန်များနှေးနေသလားကွယ် ဆို relative bradycardia တစ်ခုတည်းကို Typhoid အဖြစ် ပုံပြီးကုမှ happy ending ရတာပါ။ ဘာမှမရှိတဲ့အရပ်မှာ နား မျက်စိ နားကြပ်ကိုပဲ အားကိုးရတယ်။
အင်ဆူလင်ထိုးနေတဲ့ ဆီးချိုသမားချည့် လေးငါးယောက်ရှိတော့ မနိုင်တဲ့လူဆို ဆက်နေကျသမားတော်လေးဆီပဲ ဖုန်းဆက်ပြီး tuning ပြန်ပြန်ချိန်ရပါတယ်။ lab parameters ဘာတစ်ခုမှ မရှိပဲ Dexa နဲ့ Enoxa တွေ ရင်တမမနဲ့ ထိုးပေးနေရတဲ့ ကိုယ့်ဘဝကို တွေးသာကြည့်ပါတော့။ ရမ်းကုတွေက မသိပဲနဲ့ပေးတာဆိုတော့ ဘာအပူမှ မရှိဘူး။ ကိုယ့်မှာက သိသိကြီးနဲ့ အရဲစွန့် ပေးရတာဆိုတော့ ကြောက်လိုက်တာ။ မပေးလို့ကလည်းမဖြစ်။ အဲ့ဒါမပါရင် အောက်ဆီဂျင်သက်သက်နဲ့ ဆွဲတင်လို့ကို မရတာ။ လူနာစောင့်တွေဆို ကိုယ့်မြင်တာနဲ့ လူနာဆွဲမှောက်ပြီး ကျောပြင်ကို ဗြောတင်တော့တာပဲ။ အဆူခံရမှာစိုးလို့။ chest physiotherapy သင်ထားပေးတယ်လေ။ အောက်ဆီဂျင်ကို ပက်လက်တခေါက် မှောက်လျက်တခါ တိုင်းပြပြီး မြင်တယ်နော်။ ဘယ်လောက်တက်လာလဲ တွေ့လား လို့ လက်တွေ့ပြမှ မှောက်ခိုင်းလို့ရတာ။
အမယ် ဒါတောင် Remdesevir လေးဘာလေး တင်ပေးပါလား ဆရာရယ် ဆို လာပြောတဲ့သူ ရှိသေး။ ငါ့နှယ်နော်။ သူတို့က ဆရာပါအေ။ “မောကြပ်နေလို့ အာဖျန်းလေး မှုတ်လာရတယ် ဆရာ။” လို့ ပြောရင် ventolin inhaler ရှိုက်လာတာကို ပြောတာ။ “ခါတိုင်းဆို ချက်ထိုးလေးတစ်ချောင်းနဲ့ဆို အိုကေတယ် ဆရာရဲ့။” ဆို အင်ဆူလင်ကို ဖောင်တိန်ပန်လေးနဲ့ ထိုးနေကျ လို့ ဆိုလိုတာ။ တောကပေမယ့် မြို့ကြီး တက်ပြနေကျ နော်။ ကိုယ်ကသာ ရွာမှာ ခံပန်းခိုင် လာလုပ်နေတာ။
Heart failure ကို ECG မပါပဲ ကုရတယ်။ Heart rate ၃၀ ကျော်နဲ့ လူနာကို မော်နီတာမပါပဲ ခနခနသွေးတိုးစမ်းနေရတယ်။ လူနာတစ်ယောက် အောက်ဆီဂျင်တိုင်းရင် အောက်ဆီမီတာ ၃ လုံးလောက် ကောက်တပ်ပလိုက်တာပဲ။ တစ်ခုနဲ့တစ်ခု တူကိုမတူဘူး။ ရတယ်။ ကိစ္စမရှိဘူး။ ၃ မိနစ်ပဲစောင့်။ တအောင့်နေတော့ ၃ ခုစလုံး တူသွားလိမ့်မယ်။ အဲ့ဒါကို အတည်ယူ။ စောင့်လို့မှ မတူသေးရင် ဓါတ်ခဲကုန်သလိုလို ပ့ါဝါလွတ်နေသလိုလိုဖြစ်ရင် အဲ့ဒါ စက်က ဂကြိုးဂကြောင်ဖြစ်နေတာ မဟုတ်ဘူး။ လူနာက ဖောက်နေတာ။ ငါးဆယ်အောက်ကျနေပြီ။ သွေးပေါင်လည်း ကျနေပြီ။ ပီးပေါ် ပီးပေါ်။ အဲ့သလိုပါဆို။
“ဒါတွေအားလုံး လျှောက်လုပ်ရအောင် ယူက ဆရာကြီးမို့လား။” လို့ မေးလာရင်တော့ ကိုယ့်ကိုယ်ကိုယ် အန်တီဘော်ဒီစစ်တုန်းက ဆလိုက်ပြားကလေး ဓါတ်ပုံရိုက်ပြလိုက်မှနဲ့ တူပါတယ်။ သို့သော် အဲ့ဒါ လှထုံ အမြင်ခံလို့တော့ မဖြစ်လောက်ဘူးဗျ။ “ဟင် အပေါ်က ဆရာကြီးတဲ့။ အောက်မှာလည်း နှစ်ကြောင်းပေါ်လို့။ အောင်မယ်လေး ကိုကျော်ကွန့်ရေ။ မဟုတ်မှလွဲရော။ ဒါ ဆရာကြီးနဲ့ရတဲ့ ကိုယ်ဝန်ပါတော့။” လို့ ဟစ်နေမှ ဒုက္ခနော။