ရွာအကြောင်းလေး စီကာပတ်ကုံး ရေးမိတဲ့အခါ စောင့်မျှော်ဖတ်ရှုကြသူတွေ မနည်းဘူးဆိုလို့ ကိုယ်လည်းပဲ အားတက်သရော ဆက်ရေးနေပါတယ်။ စိတ်ဝင်စားစရာကောင်းတာတော့ မပြောနဲ့။ စာရေးတဲ့သူကိုယ်တိုင်တောင် ရှေ့ဆက် ဘာဖြစ်မယ်မှန်းမသိ။ ရေးရင်းရေးရင်းကို ဇာတ်ရှိန်ကတက်လာတာ။ အခုလောလောဆယ်မှာတော့ တောင်ကြီးက မိုဟာမက်ဆီကို မလာရင် မိုဟာမက်က တောင်ကြီးတွေဆီ သွားရမယ် ဆိုတဲ့စကားနဲ့ ပြောင်းပြန်ပဲ။ ဆရာစိုးက စစ်မြေပြင်ကို မသွားရသေးခင် စစ်ပွဲတွေက ဆရာစိုးရှိရာကို ရောက်လာခဲ့ပြီ ထင်ပါရဲ့။ စစ်မှာတမူ နှမလေးမယ့်ထက်ဖြူနဲ့ ယူရမလား။ စစ်မှာယွန်းမ နှမလေးမယ့်ထက်လှကို ရလေမလား တော့ မပြောတတ်။ ကြည့်ကြသေးတာပေါ့နော။
ဟိုတနေ့ညက လက်နက်အပြည့်အစုံနဲ့အဖွဲ့တွေ လာသွားတာ “တံပိုးနဲ့စည်သံညံညံ စစ်ကြောင်းကြီး ချီလာသံကြား” ဆိုတဲ့အတိုင်း ဖြစ်ကုန်တာပေါ့။ မိဂဒါဝုန် ဟာ မိဂဒါဝုန် မဟုတ်တော့ဘူး လို့ ပြောခဲ့တဲ့အတိုင်းပဲလေ။ အရင်တုန်းက “ယောက်ဖရေ။ နေတောင်အတော်စောင်းပြီ။” လို့ အတူဟစ်ကြတဲ့သူတွေ ကိုယ့်တပ်ကိုယ်ပြန်ကြရတော့မယ်။ အပစ်အခတ်ရပ်စဲရေး ကို ရပ််စဲပလိုက်ပြီ ဆိုတဲ့သဘော။ အဖွဲ့အစည်းတွေအားလုံး လက်နက်အသင့်ငြိမ်းချမ်းရေးကာလကို ရောက်ကုန်ကြတယ်။
စစ်ကောင်စီဘက်က မသိမသာတမျိုး သိသိသာသာတမျိုး စစ်အင်အားတွေ တိုးချဲ့ချထားတယ်။ လက်နက်ရိက္ခာ ပြင်ဆင်စုဆောင်းလာတယ်။ အင်တာနက်လိုင်းတွေ အကုန်ပိတ်ချလိုက်ပြီး လှုပ်ရှားမှုတွေကို အရပ်ဝတ်နဲ့ အရပ်ကားတွေ သုံးပြီး သယ်ယူရွှေ့ပြောင်းနေတယ်။ ကိုယ်ဒီရွာ အလာလမ်းမှာတင်ကို လက်နက်ကြီးထိလို့ မီးကျွမ်းပြီး လက်နက်ငယ်တွေမှန်လို့ ဆန်ကာပေါက်ဖြစ်နေတဲ့ ကားတစ်စီးတွေ့ခဲ့သေးတယ်။ အပိုင်းပိုင်းအပြတ်ပြတ်တွေ ဆာလာအိပ်နဲ့ ထည့်မြှုတ်ရတယ် ဆိုတဲ့နေရာပေါ့။ ကားတောင် ခုထက်ထိ မဖယ်ရသေးဘူး။ ကားကတော့ ချောကားပဲ။ ပါလာတာစစ်သား။ မုန့်ဟင်းခါးချည့် ၃ စီးတိုက် ဖြစ်သွားတာလို့ ဆိုတယ်။ ဆင်းကြည့်တော့ မီးလောင်ထားတဲ့ ပုဆိုးစုတ်ကလေးတွေ ထမင်းချိုင့် စတီးဇွန်းနဲ့ ဟန်းဆက်အကွဲလေးတွေ မြင်ခဲ့သေးတယ်။ သိပ်တော့ကြာသေးပုံမရ။
ဒီဘက်ပိုင်းမှာ ပါးစပ်က အပစ်အခတ်ရပ်စဲရေး တွင်တွင်အော်ပြီး လက်တွေ့မှာ စစ်ကြောင်းတွေဖြန့်လာတာ မျက်မြင်ကိုယ်တွေ့မို့ ဘယ်သူကမှ သူတို့ကို မယုံကြပါဘူး။ ကလေးကစ အိုက်သီချင်းရတယ်။ “အကုန် မာယာတွေချည့်ပါ။” တဲ့။ တဘက်မှာလည်း ပျူစောထီးနဲ့ တပ်ထောက်ခံသူတွေကို လက်နက်တပ်ဆင်ပေးနေတာ မဟုတ်လား။ ကောင်းပါလေ့။ အိုက်ကောင်တွေ အရင်ရှင်းလိုက်ရင် တစ်ချက်ခုတ်နှစ်ချက်ပြတ် လက်နက်တပ်ဆင်ပြီးသားပါ ဖြစ်သွားမှာ။ ပြေးစမ်း နင်တို့။
ငါတို့လည်း ပြေးမှာပါ။ ပြေးဖို့အထုပ်ပြင်ထားနှင့်ပြီ။ အရေးအကြောင်းဆို မပါမဖြစ်ပစ္စည်းတွေ ကျောပိုးအိပ်တစ်လုံးနဲ့ အဆင်သင့်ထားတယ်။ တောစီးပွိုင့်ဖိနပ်လေးတွေ လျှော်ဖွပ်ဆေးကြောထားတယ်။ ကိုယ့်လူနဲ့ကိုယ် ထွက်ပေါက်တို့ ဆုံမှတ်တို့ မှာထားပြထားတယ်။ ရွာကလူတွေက အိမ်မှာကားတစ်စီး ကျောင်းထဲမှာကားတစ်စီး လာပို့ထားတယ်။ ကားသမားကိုလည်း မှာထားတယ်။ ဘယ်ဘက်ကခေါ်ပြီး ဘယ်ကိုအရောက်ပို့ဖို့။ ညဘက်အိမ်မှာအိပ်တာ စိတ်မချရင် တခြားလုံခြုံတဲ့နေရာမှာ ရွှေ့ပြောင်း အိပ်စရာ စီစဉ်ပေးတယ်။
ကိုယ်တို့လည်း စစ်ပြင်ရတယ်လေ။ ဆရာဝန် ဆရာမတွေ မဟုတ်လား။ ဒဏ်ရာရတဲ့သူတွေ ပြုစုကုသဖို့ ပြင်ထားဆင်ထားရပြီ။ ပတ်တီးလိပ်တွေဖြည်ပြီး အထပ်ထပ်လက်ချုပ်လိုက်ရပြီ။ ပေါင်းရထုပ်ရပြီ။ နို့မို့ဆို ဒဏ်ရာရတော့မှ “ပုလဲမျက်ရည်” ဇာတ်ကားထဲက ခင်ယုမေကြီးလို ထမီအောက်နားလေး ဖြဲဖြဲပြီး ပတ်တီးလုပ်နေရမှာစိုးလို့။ ချုပ်ကြိုးချုပ်ချည်အမျိုးမျိုးလည်း မှာထားရပါတယ် ရန်ကုန်က။ ရင်ခေါင်းထဲထည့်ဖို့ ပိုက်တွေဗူးတွေပါ ဆောင်ထားနှင့်တယ်။ chest tube တွေကိုပြောတာ။ ပစ်လိုက်စမ်းပါ။ နင်တို့ပစ်လို့ မသေရင် ငါကုလို့သေစေရမယ်။ အဲလေ ဟုတ်ပေါင်။ ငါကယ်မယ်။
ဆေးဆရာတွေ စစ်ပြေးတဲ့အဖွဲ့ဆိုတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုပြီးရင် ဆေးသေတ္တာ ဆေးပစ္စည်းတွေ ပါအောင် သယ်ရမှာပဲ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သေနတ်တစ်လက်လောက်ရရင်တော့ အကောင်းသားနော်။ ငယ်ငယ်က စစ်တိုက်တမ်းကစားသလိုနေမှာ။ စောနပြောတဲ့ “ပုလဲမျက်ရည်” ထဲကလို “ဆရာ” တို့ “အမာ” တို့၊ “ထားရစ်ခဲ့ပါ။” “မထားရစ်နိုင်ဘူး။” ဒရာမာတွေ ဝင်လာမှ မျက်ရည်မခိုင်ဖြစ်ကုန်မယ်။ ဖွဟဲ့။ လွဲပါစေ ဖယ်ပါစေ။
အင်တာနက်ပိတ်လိုက်တော့ ပါးစပ်သတင်းပဲ ဖြန့်စရာရှိတော့တယ်။ ကြားလိုက်ရသမျှ မထိတ်သာမလန့်သာချည့်ပဲ။ စကားကို ကားချင်တိုင်းကားပြီးမှ ကိုယ်ကကြားတာကိုး။ လူနာတော်တော်များများ ကောင်းကုန်ပြီဆိုပေမယ့် လာတာတော့ လာတုန်းပဲ။ ကိုယ့်ထက်ပို၍ခေါင်သောအရပ်က လာတယ်။ နေ့ညမရွေးလာတယ်။ ရောဂါမရွေးလည်းလာတယ်။ လုပ်ထားတာ ကိုဗစ်စင်တာ။ Non-COVID တွေပါ ကြည့်ပေးတာမှန်ပေမယ့် ကိုယ်လုပ်ပေးလို့ မရတာတွေရှိတယ်။ အများကြီးကို ရှိတယ်။ တစ်ရက်က သွေးအန်တဲ့လူနာလာတယ်။ ဖွေးဆုတ်ပြီးချွေးစေးတွေပြန်လို့။ ရှော့ခ်ရနေပြီ။ လိုင်းရအောင် မနည်းရှာ ပုလင်းတွေချိတ် နံပါတ်တပ်ပေးပြီး တိုက်နယ်ဆေးရုံကို အမြန်သွားဖို့ လွှဲတယ်။ ထုံးစံအတိုင်း ပေစောင်းစောင်းနဲ့ ငုတ်တုတ်ခံနေတယ်။ “လူနာသွေးထွက်လွန်နေတယ်။ သွေးသွင်းမှရမယ်။ ငါ့ဆီမှာ ရေပဲရှိတယ်။ အဲဒီရေတွေသွင်းပေးပြီး ဟိုကို အချိန်မီရောက်အောင်သွားခိုင်းနေတာ။” လို့ ပြောလည်း မရဘူး။ “တိုက်နယ်ဆေးရုံက လက်မခံဘူးဆရာ။ ဟိုတနေ့က အဘောရှင်းလူနာ လိုက်ပို့တာ “နောက်မပို့ပါနဲ့” ဆို ပြန်လွှတ်လိုက်တယ်။” လို့ ရွာကလူက ပြောတယ်။ ဒီလို တဆင့်စကားတွေ အတည်ယူပြီး လုပ်နေလို့တော့ ပြီးမှာ မဟုတ်ဘူး။ ကိုယ်တိုင်သွားတွေ့ပြီး ပြောခဲ့ဆိုခဲ့ ညှိခဲ့မှ ရတော့မယ်ဆို စနေ နေ့တဝက်ပိတ်တုန်း တိုက်နယ်ဆေးရုံရှိရာ ရွာကြီးဆီ ဒီကဆရာဝန် လာပါမယ် လို့ အကြောင်းကြားခိုင်းရတယ်။
သွားမယ့်မနက် မိုးကြီးလေကြီးထဲမှာ ရွာကလည်း မသွားဖို့ တားတဲ့သူတွေက တားကြတယ်။ ဆေးရုံကို စစ်တပ်က သိမ်းလိုက်ပြီ။ ကိုဗစ်စင်တာလည်း ပိတ်လိုက်ပြီလို့ တရားဝင် စာထုတ်သတဲ့။ ဆရာဝန်နှစ်ယောက်တောင် ဖမ်းထားသလိုလို ထွက်ပြေးရသလိုလို။ သူတို့ပြောသလို ဆိုရင်တော့ အဲ့ဒီကပြီးရင် ကိုယ့်ဆေးရုံကို လာတပ်စွဲမှာ အနှေးနဲ့အမြန်ပဲ။ ဒါကတော့ ကြောက်နေလို့ မဖြစ်ဘူးလေ။ တိတိကျကျ သိရမှကို ဖြစ်မယ်။
ဆက်သွယ်ရေးလမ်းတွေ ဖြတ်တောက်ထားပြီဆို အင်တာနက်မှ မဟုတ်ဘူး။ ဖုန်းလိုင်းကလည်း ခေါ်လို့ရလိုက် မရလိုက်ပါပဲ။ ဘာမှန်းမသိ ညာမှန်းမသိ ဆိုတော့ အရမ်းအရမ်းမဝင်ပဲ ဟိုမေးသည်မေး ဟိုကြည့်သည်ကြည့် သတိနဲ့ ဝင်ရထွက်ရတာပေါ့။ အဲ့ဒီက ဆရာဝန်လေးတွေက ကိုယ့်ကိုသိပါတယ်။ စာတွေလည်းစောင့်ဖတ်ကြသတဲ့။ သူတို့ဆီလာမယ့်သူက ကိုယ်ဟုတ်မဟုတ်သာ သူတို့ မသိတာ။ တွေ့လိုက်တော့ သူတို့လည်းဝမ်းသာ ကိုယ်လည်းဝမ်းသာ။ ကြားခဲ့သမျှ ကောလာဟလတွေက ဟုတ်မှမဟုတ်တာလေ။ သတင်းအမှားဆိုတာ သတင်းအမှန်ထွက်လာရင် နေလာနှင်းပျောက်ပဲ။ နိုင်ငံပိုင်မီဒီယာပေါ်မှာ ဝန်ကြီးပါးစပ်ကထွက်တဲ့စကားတောင် ဘယ်သူကမှ ဖင်ကြားမညှပ်ဘူး။
ဒီခရီးကို ခေါင်းမာမာနဲ့ မဖြစ်ဖြစ်အောင်လာတဲ့ အကျိုးကျေးဇူးကတော့ လူနာလွှဲပို့တိုင်း ကိုယ်ကြုံနေရတဲ့ “ဟိုဆေးရုံက လက်မခံဘူး။ ကိုယ့်အောက်ဆီဂျင်အိုးနဲ့ကိုယ် လာမှရတယ်။ လူနာသေတောင် အိုးပြန်မပေးဘူး။” ဆိုတဲ့ အရပ်စကားဆင်ခြေတွေကို မဟုတ်ပါဘူးလို့ တစ်ခါတည်း လက်ဆုပ်လက်ကိုင် ပြနိုင်တယ်။ သူတို့ဆေးရုံက အောက်ဆီဂျင် အိုး ၁၀၀ ရှိတယ်။ ကိုယ့်ထက်တောင်များသေး။ လူနာလွှဲရင် လက်မခံဘူးဆိုတာ မဟုတ်။ ကိုဗစ်ရော နန်းကိုဗစ်ရော လူနာအစုံတင်ထားတာ ဝါဒ်နဲ့အပြည့်ရှိတယ်။ သွေးသွင်းရမယ့်လူနာ ဒီကိုမလွှတ်ပါနဲ့ ဖုန်းဆက်တယ်ဆိုတာ ပိုတောင် မဟုတ်သေး။ သွေးအုပ်စုခွဲတဲ့ reagent ပုလင်းလေးတွေ ကိုယ့်ဆီပို့ပြီး ဆရာမလွှဲခင် လိုတဲ့ သွေးအမျိုးအစားလေးသာ သူတို့ဆီ ဖုန်းဆက်ပါ။ သူတို့ဟိုမှာ သွေးလှူရှင် အသင့်ရှာထားပါ့မယ်တဲ့။ ရောက်တာနဲ့ သွေးသွင်းလို့ရအောင်။ အကောင်းဆုံးကတော့ အရေးပေါ် သုံးလို့ရအောင် ခွဲခန်းလေးကို ပြင်ဆင်ဖြည့်ဆည်းထားပေးမယ်။ လိုတဲ့အခါ ခွဲကြတာပေါ့တဲ့။ ပြီးရော။ ဆရာဝန်အချင်းချင်းလည်း တိုက်ရိုက်ချိတ်ဆက်မိပြီဆိုတော့ ကြားစကားများ မယုံနဲ့ ဘေးဖယ်ထား။ ခပ်မိုက်မိုက် ချစ်ကြစို့။
တိုက်နယ်ဆေးရုံဆိုတာ MBBS ဆရာဝန်တစ်ယောက် သူနာပြုနှစ်ယောက် သုံးယောက်လောက်နဲ့ ၉၆ ပါးထိုင်ကုနေတဲ့ ဆေးရုံကလေးပါ။ ဒါပေမယ့် မွေးခန်း ခွဲခန်း ဓါတ်မှန် ဓါတ်ခွဲလေးတော့ ရှိသပေါ့။ အရပ်ကဝိုင်းလှူထားတာလေ။ သို့သော် CDM မှာ အခွံချည့်ကျန်နေရစ်ခဲ့သော အဆောက်အဦ။ ကိုဗစ်ကပ်ရောဂါဖြစ်တော့ ရပ်ရွာက ဆရာဝန်ရှာပြီး ကိုဗစ်ကုဖို့ ဝိုင်းကြဝန်းကြတယ်လေ။ အတူတူပဲ။ ကိုယ်တို့လိုပဲ။ ဘာမှ မကွဲပြားဘူး။ သို့သော် ဆေးရုံမှာ ဆရာဝန်ရှိပြီ ဆိုတဲ့အတွက် တခြားဘယ်ကိုမှ သွားပြလို့မရသော ကိုဗစ်နဲ့မဆိုင်တဲ့ ရောဂါဝေဒနာများပါ အတင်းကာရော တက်ပြကုန်ကြတာမို့ သူတို့လည်း ကိုယ့်ဒုက္ခနဲ့ တထပ်တည်းရင်ဆိုင် ကြုံတွေ့နေရတဲ့ ဆရာဝန်လေးတွေပါ။
ဆေးရုံလုပ်ငန်းတွေရပ်တန့်သွားတာ ကိုယ်ထွက်လာတဲ့ ရန်ကုန်ဆေးရုံကြီးကနေ အခု ကိုယ်ရောက်နေတဲ့ တိုက်နယ်ဆေးရုံကလေးအထိ မျက်ဝါးထင်ထင်ပဲ။ အဲ့ဒီကမှ မြို့နယ်ဆေးရုံ ပြည်နယ်ဆေးရုံ တိုင်းဆေးရုံ ဘယ်ကိုမှ လွှဲဖို့ မစဉ်းစားနဲ့။ အကုန်လုံးက ဟန်ပြပဲ ဖွင့်ထားတာ။ ဘယ်ဟာမှ အလုပ်မဖြစ်တော့ဘူး။ ကမအဝဆိုတာ တကယ်တော့ နေပြည်တော်ဝန်ကြီးဌာန ဖြစ်နေပြီ။ အခုလို တောကြိုအုံကြား sub center က သားဖွားဆရာမတောင် ဝန်ကြီးလာရင် ပွတ်လွှတ်လိုက်မှာ မျက်နှာသစ်ဆပ်ပြာနဲ့။ သူ့ကို Non-C တွေက နှမ်းဆီဆွတ်ပြီး ဂျင်းထည့်နေတာ သိမှမသိပဲကိုး။ ဆေးရုံကို မျက်နှာလာပြပြီး ဆေးခန်းမှာ ဖင်မြဲမြဲထိုင်ကုနေတဲ့သူတွေချည့်ပဲ။
ကဲ အခု ကိုဗစ်ဖြစ်တယ်နော်။ ရန်ကုန်မှာ ဘယ်လိုတွေကုသလဲ သူမြင်ရဲ့လား။ ဟောဒီတောကြိုအုံကြား ဘယ်လိုတွေကုသလဲ ကိုယ်တောင် ခုမှမြင်တာ။ ဝန်ကြီးဌာနလက်အောက်က ဆေးရုံဆိုတာ အခွံပဲကျန်ပြီ။ ရပ်ရွာက သူ့ဘာသူ ဆရာဝန်ရအောင်ရှာပြီး ဆေးရုံကို သော့ဖျက်ဝင် လူနာတွေတင်ပြီး ကုပေးနေရတာ။ ဘာနဲ့တူသလဲဆိုရင် ရန်ကုန်တက္ကသိုလ် ပထမကျောင်းသားသပိတ်အပြီးမှာ အမျိုးသားကျောင်းတွေ ပေါ်လာတာနဲ့ အတူတူပဲ။ ပြိုလဲကျနေတဲ့ referral system ကြီးကို အောက်ခြေအဖျားအနားကနေ ကိုယ်ထူကိုယ်ထ တည်ဆောက်နေရတာ။-
အခြေအနေအရပ်ရပ်ကိုကြည့်ရင် ကိုယ်တို့တိုင်းပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစံနစ်ကြီးဟာ လည်ပတ်လို့မရပဲ ရပ်တန့်သွားတာ အားလုံးကိုယ်တိုင်ခံစားနေကြရပြီမို့ သဘောပေါက်လောက်ပါပြီ။ ဟိုဘက်ကလည်း အရပ်သားတွေ ကုမယ့်သူမရှိလို့ သေချင်သေပေ့စေ။ ငါတို့မှာ စစ်သားတွေကုဖို့ စစ်ဆရာဝန်တွေ ရှိတယ်ဆိုပြီး အိုင်ဒုန့်ကဲ လုပ်နေတာ မဟုတ်လား။ ဘဏ်တွေရပ်တန့်သွားရင်တောင် ငွေစက္ကူအတုတွေကို ကိုယ်တိုင်ရိုက်ထုတ်ခိုင်းမယ့် သူတွေလေ။ ဂျပန်စစ်တပ်က ဂျပန်ပိုက်ဆံတွေ ရိုက်ထုတ်ခဲ့သလိုမျိုးပေါ့။ သူတို့မှ အုပ်ချုပ်မရတဲ့တိုင်းပြည်ကို ဘာတစ်ခုမှ အကောင်းတိုင်း ချန်ထားချင်ပုံမရဘူး။
ကျန်လည်းကျန်မှာ မဟုတ်ပါဘူး။ မကြာခင်မှာ စစ်ကဖြစ်ကိုဖြစ်တော့မှာ။ သူတို့ကိုယ်တိုင် စစ်ပြင်နေတာ မြို့ပေါ်မှာပါ အဖမ်းအဆီး အသတ်အဖြတ်တွေ ကြမ်းနေတာ မြင်တယ် မဟုတ်လား။ ဗုံးပေါက်လို့ တရားခံရှာမရရင် အနားဖမ်းလို့မိတဲ့သူ ဟုတ်ဟုတ်မဟုတ်ဟုတ် လက်သည်ဖော်ပြီး အထက်ကို အမိပြဖို့သာ အဓိကထားတော့တာ။ ပြည်သူတွေမှာ စစ်မှတပါး အခြားရွေးချယ်စရာမရှိ။ လမ်းဆုံးနေပြီ။ NUG က တိုက်တိုက်မတိုက်တိုက် ကိုယ့်အသက်ကို ကိုယ့်ဘာသာတိုက်ခိုက်ကာကွယ်ရမယ့်ဘဝ ရောက်နေပြီ။
အဲ့ဒါကြောင့် နောက်အပိုင်းတွေရောက်ရင် ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ရင်သိမ့်တုန် ဖြစ်ရပ်မှန်တွေ ဆက်ရေးရဦးမယ်ဆိုတာ ကိုယ်လည်း မပြောတတ်သေးဘူး။ ဒီဇာတ်က ကိုယ်သေလို့လည်း သိမ်းသွားမယ့်ဇာတ်လမ်း မဟုတ်ဘူး။ ကျန်တဲ့သူတွေက မနိုင်မချင်း ဆက်တိုက်ကြဦးမှာ။ ဒီမျိုးဆက်ကုန်ရင် နောက်မျိုးဆက် ဆက်တိုက်မှာ။ ဒင်းမသေပဲ ဇာတ်ကသိမ်းကိုမသိမ်းဘူး။ ရုပ်ရှင်ရိုက်ဖို့ နံမည်ရွေးရင်တော့ “နင်သေမှ အေးမယ်” ဆို ကွက်တိပဲ။ အဟုတ်။